——————————————————————————-
ဇွန် ၂၀
The Kaladan Post
ကမ္ဘာ့ဒုက္ခသည်များနေ့ဖြစ်သော ယနေ့ ဇွန်လ ၂၀ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ဂျန်တာမန်တာ (Jantar Mantar) ၌ မြန်မာဒုက္ခသည်များက ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ တရားဝင်ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း တိုးပွားလာသော အကြမ်းဖက်မှုများကြောင့် အသက်ဘေးလုံခြုံရေးအတွက် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံလာကြသည့် မြန်မာနိုင်ငံသားများသည် UNHCR ၏ အသိအမှတ်ပြုမှု မရရှိခြင်းကြောင့် အလုပ်အကိုင်၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော အခြေခံအခွင့်အရေးများ ရရှိရန် အခက်အခဲကြီးစွာ ကြုံတွေ့နေကြရသည်။
ယနေ့ဆန္ဒပြပွဲကို ဦးဆောင်သည့် Chin Refugee Committee (CRC) ၏ ဥက္ကဌ ဆရာမစုထွေးအောင်က The Kaladan Post သို့ ပြောကြားရာတွင် “ကမ္ဘာ့ဒုက္ခသည်များနေ့ ဆိုတော့ ဒုက္ခသည်တွေအားလုံးအတွက် တကယ်ကို အရေးပါတဲ့နေ့တစ်နေ့ဖြစ်တယ်။ ကျွန်မတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အခွင့်အရေးတွေကို တောင်းဆိုရမည့် နေ့လည်း ဖြစ်တယ်” ဟု ယခုဆန္ဒပြရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြခဲ့သည်။
CRC အဖွဲ့အနေဖြင့် UNHCR အိန္ဒိယရုံးခွဲနှင့် တစ်နှစ်နီးပါး တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ သော်လည်း ထူးခြားသည့် တိုးတက်မှု မရှိသေးကြောင်း သိရသည်။ ဒုက္ခသည်များအတွက် ဒုက္ခသည်အဆင့်အတန်း သတ်မှတ်စစ်ဆေးခြင်း (Refugee Status Determination – RSD) အင်တာဗျူးများ အမြန်ဆုံးပြုလုပ်ပေးရန်နှင့် တရားဝင်ဒုက္ခသည်ကတ်များ ထုတ်ပေးရန် အဓိကတောင်းဆိုလျက်ရှိသည်။
“ကျွန်မတို့ Chief of Mission နှင့် မနှစ်ကလည်းတွေ့တယ်၊ ဒီနှစ်လည်း တွေ့တယ်၊ တောင်းဆိုမှုတွေ လုပ်ခဲ့တယ်၊ ဒါပေမယ့် UNHCR ကနေ ယခုချိန်ထိ Action ယူတာ လုံးဝ မတွေ့ရဘူး” ဟု ဆရာမစုထွေးအောင်က UNHCR ၏ တုံ့ပြန်မှုအခြေအနေကို ထပ်လောင်းပြောကြားသည်။
သူကဆက်လက်ပြီး “၂၀၂၁ နောက်ပိုင်း အာဏာသိမ်းပြီးတော့မှ အိန္ဒိယကို ကိုယ့်အသက်အန္တရာယ် ရှိနေတဲ့အတွက် အသက်အန္တရာယ်လုံခြုံဖို့အတွက် ရေခြားမြေခြားမှာ လာပြီးတော့ လာခိုလှုံတဲ့ ဒုက္ခသည်တွေကို UNHCR India ကနေပြီးတော့မှ ဒုက္ခသည်အဖြစ် မသတ်မှတ်ဘူး” ဟု စစ်အာဏာသိမ်းမှုနောက်ပိုင်း ရောက်ရှိလာသူများအပေါ် UNHCR ၏ မူဝါဒကို ထောက်ပြဝေဖန်ခဲ့သည်။
ယခုဆန္ဒပြမှုသည် အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ၏ အခက်အခဲများနှင့် သူတို့၏ အခြေခံလူ့အခွင့်အရေးများအတွက် အာရုံစိုက်မှုရရှိရန် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်သည်။ UNHCR အနေဖြင့် မြန်မာဒုက္ခသည်များ၏ တောင်းဆိုချက်များအပေါ် မည်သို့တုံ့ပြန်ဆောင်ရွက်မည်ကို အားလုံးက စောင့်ကြည့်လျက်ရှိသည်။