မေးမြန်းသူ – ဆလိုင်းဒိုခါရ်

ဖြေဆိုသူ- Thu Rain၊ ကရင်နီပြည်လူငယ်များသမဂ္ဂ/ လူငယ်နှင့်နိုင်ငံရေးတာဝန်ခံ

 

ဆလိုင်းဒိုခါရ် – အားလုံးမင်္ဂလာပါ။ The Kaladan Post ကို အမြဲတမ်းကြည့်ရှုအားပေးတဲ့ မိဘပြည်သူများ။ အခုဒီတစ်ခါကတော့ ကျွန်တော်တို့ ကရင်နီဖက်က တော်လှန်ရေးရဲဘော် တစ်ဦးကို အင်တာဗျူးလုပ်ဖို့ ဖိတ်ခေါ်ထားပါတယ်။ သူကတော့ ကျွန်တော်တို့ ကိုသူရိန်လို့ခေါ် ပြီးတော့မှ အခုအချိန်မှာ ကရင်နီပြည် လူငယ်များသမဂ္ဂအဖွဲ့ရဲ့ လူငယ်နှင့်နိုင်ငံရေး တာဝန်ခံ တစ်ဦးဖြစ်ပါတယ်။ ဆိုတော့ ကိုသူရိန် အခုကျွန်တော်တို့ ကိုအချိန်ပေးတဲ့အတွက် ဦးစွာ ကျေးဇူးတင်ကြောင်း ပြောပြပါရစေခင်ဗျာ။

Thu Rain – ဟုတ်ကဲ့၊ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်။

 

ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့။ ပထမဦးစွာ ကိုသူရိန်အနေနဲ့ လက်ရှိတော်လှန်ရေးကဏ္ဍမှာ ပြည်သူ တွေနဲ့ အဖွဲ့များစွာ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ အင်အားစုတွေ ရှိနေကြသော်ငြားလည်း ကိုသူရိန်တို့အဖွဲ့အနေနဲ့သော်လည်းကောင်း၊ ကိုသူရိန်ကိုယ်တိုင်သော်လည်းကောင်း ပြည်သူတွေနဲ့အတူ ရပ်တည်ပြီးတော့မှ တော်လှန်ရေးမှာ ပါဝင်လာတဲ့ အကြောင်းအရင်းနဲ့ပေါ့ နော်။ အရင်ကရော ဘယ်လိုပုံစံမျိုး နောက်ခံသမိုင်းကြောင်း ရှိတဲ့သူလဲ ကိုယ့်ကိုယ်ကိုယ် မိဘပြည်သူများ မိတ်ဆက်ပေးပါခင်ဗျာ။

Thu Rain – ဟုတ်ကဲ့၊ ကျွန်တော်ကတော့ ဒီအာဏာမသိမ်းခင်မှာကတော့ ကရင်နီရဲ့ လူမျိုးစု လူငယ်တွေကြားမှာ အဓိကဒီလူမျိုးစုချင်းချင်းကြားမှာ ရင်းနှီးမှုတည်ဆောက်ရေးကိစ္စတွေ၊ ပြီးရင်တော့ ဒီဒေသဖွံ့ဖြိုးရေးကိစ္စတွေမှာ ဒီလူမျိုးစုအခြေမခံဘဲနဲ့ပေါ့နော် လူနည်းစု တိုင်းရင်းသားတွေ ချင်းချင်းကြားမှာ ယုံကြည်မှုတည်ဆောက်တယ်။ ပြီးရင်တော့ ဒီဒေသ ဖွံ့ဖြိုးရေးကိစ္စတွေမှာ ဒီထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့သူတစ်ဦးဖြစ်သလို ဒီကရင်နီမှာ ဂျေးရုပ်ကိစ္စမှာ ဒီဖြစ်တုန်းကလည်း ကျွန်တော်တို့ ထဲထဲဝင်ဝင်ပေါ့နော်။ ဒါက ကျွန်တော်တို့ သမိုင်းအရ ကျွန်တော်တို့ ရပ်တည်သင့်တယ်။ ဒီလက်ရှိ အခင်းအကျင်းပေါ်မှာ ကျွန်တော်တို့ လူငယ် တစ်ယောက်အနေနဲ့ ပါဝင်သင့်ပါဝင်ထိုက်တယ်ဆိုပြီးမှ ကျွန်တော်တို့ ပါဝင်ခဲ့တယ်ပေါ့နော်။ ဆိုတော့ ဒီနွေဦးတော်လှန်ရေး ကာလရောက်လာတဲ့အချိန်မှာလည်း ကျွန်တော်တို့မှာ ပန်းတိုင်ရှိတယ်ပေါ့နော်။ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ဒီလွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ဒီဖွံ့ဖြိုးတိုးတက်သော ဒီတိုင်းပြည်တစ်ခု ကျွန်တော်တို့ တည်ဆောက်ချင်တယ်။ အဲ့ဒါကို ကျွန်တော်တို့ မြင်ချင်ကြတယ်။ အဲ့တော့ အဲ့ဒါကိုမရောက်မချင်းတော့ ကျွန်တော်တို့ တတ်အားသမျှတော့ ကျွန်တော်တို့ လုပ်နေရဦးမှာပဲ။ အဲ့တော့ ဒီနွေဦးတော်လှန်ရေးကလည်း ကျွန်တော်တို့ မျှော်လင့်ချက်တွေကို စစ်အာဏာသိမ်းမှုကြောင့်ပေါ့နော် ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ အချိန်မှာ ကျွန်တော်တို့ ကဲ့သို့သော လူငယ်တွေ၊ ကျွန်တော် တို့ ထက်ငယ်တဲ့ လူငယ်တွေကလည်း ဒီလွတ်လပ်ခွင့်တွေ ဆုံးရှုံးခံပြီးတော့မှ တော်လှန်ရေး လုပ်ကြတယ်ပေါ့နော်။ အဲ့တော့ ကျွန်တော်တို့အနေနဲ့ကရော ဘာလုပ်နိုင်လဲပေါ့နော်။ အဲ့လို စဉ်းစားတဲ့အချိန်မှာ တစ်တောင့်တစ်နေရာအနေနဲ့ပေါ့နော် ကျွန်တော်တို့ ပါဝင်ဖို့ တွန်းအား တစ်ခု ဖြစ်ခဲ့တယ်။ အဲ့တော့ ဒီကာလမှာလည်း လူငယ်တွေကို နိုင်ငံရေးအတွေးခေါ်မြှော်မြင် တွေ၊ ဒီ့ထက်ပိုပြီးတော့မှ လက်လှမ်းမီဖို့ ဘာကြောင့်ဒီပဋိပက္ခဖြစ်ရတာလဲပေါ့နော်။ ဒီပဋိပက္ခ ကို ကျွန်တော်တို့က ဘယ်လို အတူတူရင်ဆိုင်ဖြေရှင်းကြရမလဲဆိုတဲ့ ဒီလူငယ်တွေအတွက် ကျွန်တော်တို့က အတွေးခေါ်တွေ တပ်ဆင်ပေးတဲ့ ဒီလူငယ်နိုင်ငံရေးပေါ့နော်။ ဒီအပိုင်းကို ကျွန်တော်တို့ ကျွန်တော်လုပ်ဖို့အတွက်ကို တွန်းအားတစ်ခုဖြစ်စေခဲ့တာဖြစ်တယ်။ အဲ့ဒါကြောင့်မို့လို့ ဒီနေ့ဒီချိန်ထိပေါ့နော် ဒီတော်လှန်ရေးမှာ တတ်နိုင်တဲ့ဖက်က ခုန လူငယ်စွမ်းရည်၊ နိုင်ငံရေးစွမ်းရည် မြှင့်တင်တဲ့အပိုင်းမှာ ပိုပါဝင်ရခြင်းဖြစ်ပါတယ်ပေါ့နော်။ အဓိကက ဒီခုနလူငယ်စွမ်းရည်မြှင့်တင်တာအပြင်ကို ဒီလက်ရှိပဋိပက္ခကာလအတွင်းမှာ ဖြစ်ပွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေ ကျွန်တော်တို့ မှတ်တမ်းတင်တယ်။ ကျွန်တော် တို့ စာ၊ စာတမ်းတွေထုတ်တယ်။ ပြီးရင်တော့ သက်ဆိုင်ရာကို ကျွန်တော်တို့ advocacy လုပ်တဲ့အပိုင်းတွေ ကျွန်တော်တို့ သွားတယ်ပေါ့နော်။ အဲ့ဒါတွေ လုပ်တာရှိတယ်။ ပြီးရင်တော့ ဒီလက်ရှိ ကျွန်တော်တို့ ဒီကရင်နီမှာလို့ပြောရင် ကြားကာလ အုပ်ချုပ်ရေးတွေ ဖော်ဆောင်တာ တွေ လုပ်တာတွေ ရှိတယ်ပေါ့နော်။ အဲ့ဒီအုပ်ချုပ်ရေး ယန္တရားကောင်းကောင်းမွန်မွန် လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့စွမ်းဆောင်ရည်မြှင့်တင်တဲ့ အပိုင်းတွေလုပ်တယ်။ ပြီးရင် တော့ ဒီလူမှုဝန်ဆောင်မှု ကိစ္စဖြစ်တဲ့ ဒီအစောပိုင်းဆိုရင်တော့ ကျွန်တော်တို့ စစ်ရှောင်တွေ ကူကြတယ်ပေါ့နော်။ အဲ့ဒီအပိုင်းတွေလည်း ကျွန်တော်တို့ ထဲထဲဝင်ဝင်လုပ်တာတွေ ရှိတယ်။ ပြီးရင်တော့ အမျိုးသမီးနိုင်ငံရေးပါဝင်မှု မြင့်မားရေးကိစ္စတွေလည်း ကျွန်တော်တို့ လုပ်ငန်းစဉ် တစ်ခုအနေနဲ့ ကျွန်တော်တို့က ချမှတ်ပြီးတော့မှ ကျွန်တော်တို့ လုပ်ခဲ့ကြတယ်ပေါ့နော်။ ဒါကတော့ ဒီဒီကာလမှာ ကျွန်တော်တို့ အဖွဲ့အစည်းတစ်ခုအနေနဲ့ အဲ့ဒါတွေ လုပ်ခဲ့ပါတယ် ပေါ့နော်။

 

ဆလိုင်းဒိုခါရ် – ဆိုတော့ ကိုသူရိန်ကို ကျွန်တော်မေးချင်တာက ကျွန်တော်တို့ အဝေးမှာရှိတဲ့ သူတွေဆိုတော့ မြန်မာနိုင်ငံထောင့်ပေါင်းစုံမှာ ရှိတဲ့သူတွေက အခုတော်လှန်ရေးကာလမှာ ဟိုကျေးရွာ၊ မြို့၊ လူမျိုးစု စသဖြင့် အခြေခံပြီးတော့မှ လက်နက်ကိုင်အများစုတွေ ဖွဲ့စည်း ကြပြီးတော့မှ တော်လှန်နေကြတာ။ သို့သော် အဲ့ဒီအင်အားစုတွေ ပြန်စုစည်းကြတဲ့အချိန်မှာ စိန်ခေါ်မှုများစွာ ကြုံတွေ့ကြတယ်ပေါ့။ အဲ့ဒီမှာ ဒါကရင်နီက အအောင်မြင်ဆုံးဆိုပြီးတော့မှ ပြောကြတယ်။ ဆရာတို့ဟာ အဲ့ဒီ process မှာ ပါဖြစ်သေးလား။ သို့မဟုတ် ဒါဆရာတို့အနေနဲ့ အဲ့ဒီအခု IEC လို့ ဒါအများက အလွယ်အသိကြတဲ့ ဒီကရင်နီကြားကာလ အုပ်ချုပ်ရေးအဖွဲ့ ထဲမှာရော ဆရာတို့ ပါဝင်ဖြစ်လား။

Thu Rain – အဓိကကတော့ ဒီလိုရှိတယ်ဗျာ။ အခုချိန်မှာ ကျွန်တော်တို့ ဒီတစ်ထဲထဲဝင် ဝင်ပါဝင်မှုမရှိဘူးဆိုပေမယ့်လို့ ဒီလက်ရှိဒီနွေဦးတော်လှန်ရေးမှာ လိုအပ်ချက်ဖြစ်တဲ့ ခုန စုစည်းရေးကိစ္စတွေ၊ ဒီတပ်ပေါင်းစုဖြစ်ရေးကိစ္စတွေအတွက်က ဒီမတိုင်ခင်ပေါ့နော်။ ကျွန်တော်တို့ အခုလုပ်နေတဲ့ KSI ဆိုတဲ့ အဖွဲ့အစည်းကနေပြီးတော့မှ ဒီတာဝန်ယူခဲ့တဲ့ ဒီစီနီယာခေါင်းဆောင်တွေက သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းချင်းချင်းကြားမှာ ရင်းနှီးမှု၊ ယုံကြည်မှုတွေ တည်ဆောက်တဲ့အပိုင်းတွေ၊ ပြီးရင်တော့ သက်ဆိုင်ရာ လူမျိုးစု၊ လူငယ်ကြားမှာပေါ့နော် လူငယ်တွေကြားမှာလည်း ရင်းနှီးမှုတွေ၊ ပြီးရင်တော့ နိုင်ငံရေးအရ ပြန်လည်ယုံကြည်မှုတွေ အများကြီးတည်ဆောက်ခဲ့တယ်ပေါ့နော်။ အဲ့လို တည်ဆောက်ခဲ့တဲ့ ရလဒ်က ဒီနွေဦးတော်လှန်ရေးမှာ လာပြီးတော့မှ ထင်ဟပ်တယ်ပေါ့နော်။ ဆိုတော့ ဒီအချိန်မှာ လိုအပ်ချက်ဖြစ်နေတဲ့ ဒီအုပ်ချုပ်ရေးယန္တရားမှာလို့ပဲ ပြောပြော၊ ခုနတော်လှန်ရေး ဒီစစ်ရေး ကဏ္ဍမှာလို့ပဲ ပြောပြော။ အဲ့ဒီစုစည်းဖို့အတွက် အရမ်းကြီး မခက်တော့ဘူးပေါ့နော်။ ဆိုတော့ အဲ့ဒီကတည်းက ယုံကြည်မှုတွေ ရှိထားခဲ့ကြတယ်။ ဘယ်ခေါင်းဆောင်ကတော့ ဘယ်လိုအနေ အထားဖြစ်ပါတယ်။ သူဘယ်လိုစိတ်ရင်းနဲ့ ဒီစုစည်းဖို့သူဆန္ဒရှိပါတယ်။ စသဖြင့် ဒါတွေက ချင်းချင်းကြားမှာ နားလည်သဘောပေါက်ထားခဲ့ကြပြီးသားပဲပေါ့နော်။ ဆိုတော့ အဲ့တော့ ဒီတော်လှန်ရေးကာလမှာကတော့ လာပြီးတော့မှ သက်ရောက်မှုတွေရှိတယ်။ တစ်ဖက်မှာ လည်း ကျွန်တော်တို့ KSI အနေနဲ့ပေါ့နော်အနေနဲ့ကလည်း လက်ရှိတော်လှန်ရေးကာလမှာ လူထုကနေ တပ်ရင်းတပ်ဖွဲ့ကို ပါးချင်တဲ့ သတင်းစကားတွေ၊ အရပ်ဖက်တွေကနေပြီးတော့မှ လူထုကို ပါးချင်တဲ့ သတင်းစကား၊ လူထုကနေ အရပ်ဖက်ကို စသဖြင့်အပြန်အလှန်ပေါ့နော်။ ဆိုတော့ ဒီလိုသတင်းစကားပါးနိုင်ဖို့၊ မျက်နှာချင်းဆိုင် စကားပြောနိုင်ဖို့အတွက်ကလည်း ကျွန်တော်တို့ အဲ့ဒီအခင်းအကျင်းတွေ ဖန်တီးပေးခဲ့တာရှိတယ်။ State forum လုပ်တယ်။ မြို့နယ်လိုက် forum လုပ်တယ်ပေါ့နော်။ မြို့နယ်လိုက်ကျွန်တော်တို့ အဲ့ဒီ forum တွေလုပ်။ ဒီအလွှာအသီးသီးက၊ ဒီအစုအဖွဲ့အသီးသီးက လူတွေကို ကျွန်တော်တို့ ဖိတ်ပြီးတော့မှ မျက်နှာချင်းဆိုင် စကားပြောခိုင်းတယ်ပေါ့နော်။ ဆိုတော့ အဲ့လို ပွင့်လင်းလင်း ဝေဖန် ထောက်ပြကြတယ်။ အကြံပြုကြတယ်ပေါ့နော်။ ဒီလိုနဲ့ ကျွန်တော်တို့ ဒီကရင်နီရဲ့ နိုင်ငံရေး ကဏ္ဍမှာ ဒီလိုပုံစံနဲ့ ပါဝင်ခဲ့တယ်ပေါ့နော်။

 

ဆလိုင်းဒိုခါရ် – ကျွန်တော်တို့ အစောနက ဆရာဆွေးနွေးချက်ကနေ သင်ယူမိတာကတော့ အခု အင်အားစုတွေ ပြန်စုစည်းတဲ့အချိန်မှာ တော်လှန်ရေးမတိုင်ခင်က နိုင်ငံရေးတက်ကြွ လှုပ်ရှား မှုနဲ့ အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်ခဲ့မှုရဲ့ အကျိုးသက်ရောက်မှုများစွာ ကျွန်တော်တို့ အခုလက်ရှိမှာ မြင်နေရတယ်လို့ ကျွန်တော်နားလည်ထားတယ်ပေါ့နော်။ ဆိုတော့ ဒါတစ်ခု ကျွန်တော်မေးချင်တာက အခုကရင်နီဖက်မှာ ဒါ IEC ရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်စေ။ IEC က ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အားလုံးမပူးပေါင်းသေးနိုင်သော်လည်းပဲ တခြားအဖွဲ့တွေ ကလည်း အတိုက်အခံအများကြီးလုပ်တဲ့ဟာမျိုး မဟုတ်ဘဲနဲ့ ပူးပေါင်းနိုင်တဲ့အဆင့်မှာ ပူးပေါင်းနိုင်ကြတဲ့အနေအထားဖြစ်တယ်။ ဆိုတော့ တခြားတိုင်းရင်းသားလူမျိုးတွေအနေနဲ့ ကရင်နီပြည်နယ်အတွင်းမှာ ဒီလို စည်းရုံး၊ အချင်းချင်းညီညွတ်ရေးတွေ တည်ဆောက်တဲ့ အချိန်မှာ စိန်ခေါ်မှုတွေကြုံတွေ့ကြပြီးမှ ဘယ်လိုဖြေရှင်းကြသလဲဆိုတဲ့ဟာမျိုး တခြား တိုင်းရင်းသားတွေ သိခွင့်ရအောင် လေ့လာလို့ရအောင် ပြောပြလို့ရသလောက် ဆွေးနွေး ပြောပြပေးပါလို့။

 

Thu Rain – ဒီနွေဦးတော်လှန်ရေးက တစ်နိုင်ငံလုံးအာဏာသိမ်းခံရတယ်ဆိုပေမယ့် လို့ပေါ့နော်။ နေရာဒေသတစ်ခုနဲ့တစ်ခု ကြုံတွေ့ရတဲ့ဒီစိန်ခေါ်မှုတွေ၊ အားသာချက်၊ အားနည်းချက်တော့ တူကြမှာမဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် ကရင်နီမှာကလည်း သူ့ရဲ့ ပထဝီအနေအထားအရပေါ့နော်။ သူ့ရဲ့ ခုနလူမျိုးစုချင်းချင်းကြားက ဒီစည်းလုံးညီညွတ်မှု လို့ပဲပြောပြော၊ ဒီအမြင်မတူတာတွေလို့ပဲပြောပြောပေါ့နော်။ ဆိုတော့ အများကြီးရှိခဲ့ကြ တယ်။ သို့သော် ဒီလက်ရှိကာလမှာ စုစည်း၊ ညီညွတ်ရေးအတွက် ခုနဒီတပ်ပိုင်းဆိုင်ရာ လို့ပြော ရင်လည်း တပ်ပေါင်းစုဖြစ်ရေးကိစ္စတော့ အများကြီးကြိုးစားရဦးမယ်။ ဒီအသွင်ကူးပြောင်း မှုမှာ စိန်ခေါ်မှုတွေလည်း အများကြီးရှိနေသေးတယ်ပေါ့နော်။ အဲ့ဒါကလည်း ခုနဒီပြောတဲ့ဒီ ပထဝီအနေအထား၊ ဒီသမိုင်းကြောင်းအရ အာဏာရှင်က သွေးခွဲခဲ့ကြတယ်ပေါ့နော်။ နယ်မြေ ပိုင်းခြားပြီးတော့မှ သွေးခွဲအုပ်ချုပ်ကြတဲ့အချိန်မှာ အဲ့ဒီရဲ့သက်ရောက်မှုတွေက ဒီလက်ရှိဒီနေ့ ဒီချိန်ထိ ကျွန်တော်တို့ အဲ့ဒီစိန်ခေါ်မှုရင်ဆိုင်ကြုံတွေ့နေရတုန်းပဲပေါ့နော်။ ဆိုတော့ ဒါပေမယ့် လို့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်။ ကျွန်တော်တို့ ဒီချိန်မှာ ကျွန်တော်တို့ ဘုံရည်ရွယ်သူကို ကျွန်တော်တို့ တိုက်ပြီးတော့မှ ကျန်တဲ့ကိစ္စကို နောက်မှ ကျွန်တော်တို့ စကားပြောကြမယ်။ ကျွန်တော်တို့ အနီးစပ်ဆုံးပေါ့နော် လူထုတွေကရော ဘယ်လိုအုပ်ချုပ်ရေးယန္တရားမျိုး၊ ဘယ်လိုအစိုးရမျိုးလိုချင်လဲ။ ဘယ်လိုညီညွတ်မှုမျိုးကို လိုချင်ပါတယ်ဆိုတဲ့ အသံတွေပေါ့ နော်။ စစ်တမ်းတွေ၊ လူထုရဲ့အသံကိုလည်း ကျွန်တော်တို့ တစ်ဖက်မှာ တတ်နိုင်တဲ့ဖက်က ဒီအရပ်ဖက်တွေရဲ့အကူအညီနဲ့ပေါ့နော်။ ကျွန်တော်တို့ ဒါတွေလည်း ကျွန်တော်တို့ ဆွေးနွေး ဖော်ထုတ်ခဲ့ကြသလို ဒီသတင်းစကားတွေကိုလည်း သက်ဆိုင်ရာဒီနိုင်ငံရေးစည်းရုံးဦးဆောင် နေတဲ့ ဒီတာဝန်ရှိသူတွေ သိဖို့ပေါ့နော်။ ကျွန်တော်တို့ အဲ့ဒါတွေကို သတင်းစကားပါး တာတွေရှိတယ်။ တစ်ဖက်မှာလည်း အဲ့ဒီခေါင်းဆောင်တွေ ချင်းချင်းကြားမှာလည်း အတိတ် က နိုင်ငံရေးခံယူမှု၊ နိုင်ငံရေးခံယူမှုဒီအစဉ်အဆက်ဖြစ်လာတဲ့ သမိုင်းကြောင်းပေါ်မှာ အခြေခံ ပြီးတော့မှ သူတို့တည်ဆောက်ခဲ့တဲ့ ဒီအုပ်ချုပ်ရေးယန္တရားပေါ့နော်။ လက်နက်ကိုင် အဖွဲ့လို့ပြောရင်လည်း သူတို့ အစုအဖွဲ့လိုက်သူတို့ တည်ဆောက်ခဲ့တဲ့ အုပ်ချုပ်ရေးယန္တရား တွေ ရှိခဲ့တယ်။ ဆိုတော့ ဒီလက်ရှိကာလမှာ အကယ်၍သာ ကျွန်တော်တို့ တပေါင်း တစ်စည်းတည်း၊ တစ်စုတစ်စည်းတည်း တစ်ခါတည်းဖြစ်ပြီဟေ့လို့ပြောရင် ဘယ်လောက်ထိ အာမခံချက်ရှိလဲပေါ့။ ဘယ်သူတွေက ဘယ်အချိန်မှာ ခွဲထွက်သွားပြီးတော့မှ ငါတို့ ပေါင်းလိုက် ပြီရှိသော် ကနဦး ကျွန်တော်တို့ရဲ့မူဝါဒတွေ၊ ကျွန်တော်တို့ရဲ့ ပန်းတိုင်တွေကို ခဏချန်ထား ပြီးတော့မှ တပေါင်းတစ်စည်းတည်းနဲ့အတူသွားကြမယ်ဆိုရင်တောင်မှ ဘာတွေဆက်ဖြစ် လာမလဲဆိုတဲ့ဟာအပေါ်မှာ ယုံကြည်မှုပေါ့နော်။ အဓိကတော့ ယုံကြည်မှုတော့ လိုသေး တယ်လို့တော့ ကျွန်တော်အဲ့လိုတော့ မြင်တယ်ပေါ့နော်။ စိန်ခေါ်မှုကတော့ ခုနပြောတဲ့ လူမျိုးရေးအခြေပြုတဲ့ နိုင်ငံရေးအမြင်မတူမှုတွေ ရှိနေသေးတယ်။ နယ်မြေဒေသပေါ်မှာ အခြေခံတဲ့ အမြင်မတူတာတွေ ရှိနေသေးတယ်ပေါ့နော်။ ဒါတွေကိုလည်း ကျွန်တော်တို့ အများကြီးတော့ လက်တွေ့ကျကျ အဓိကတော့ ဘယ်အနေအထားမျိုးဆိုရင်တော့ ပိုပြီးတော့ ဖြစ်သင့်တယ်။ လူထုတွေကလည်း ဘယ်လိုပုံစံမျိုးဆိုရင်တော့ လက်သင့်ခံတယ်ဆိုတဲ့ အဖြေကတော့ အများကြီးတော့ ကျွန်တော်တို့ ရှာရဦးမယ်လို့တော့ မြင်တယ်ပေါ့နော်။

 

ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့၊ အဲ့လိုဆိုရင် ကျွန်တော် ဒီသတိထားမိတဲ့ဟာ ကျွန်တော်တို့ ချင်းပြည် နယ်ဖက်က အခြေအနေနဲ့ ဒီအစောနက ဆရာဆွေးနွေးတဲ့အချက်ထဲမှာ တော်တော်လေးကို ကင်းကွာတဲ့ခြားနားမှုတချို့ သတိထားမိတယ်။ အဲ့ဒါတော့ ဘာလဲဆိုတော့ အခုလက်ရှိ ကရင်နီလက်နက်ကိုင်တော်လှန်ရေးဦးဆောင်နေတဲ့သူတွေက ထူးသဖြင့် အရပ်ဖက်လှုပ်ရှားမှု ကနေ ပြည်သူ့အသံတွေ ကောက်ခံတဲ့စစ်တမ်းဟာမျိုးကို သူတို့လက်ခံပေးပြီးတော့မှ နားထောင်ပေးတယ်ဆိုတဲ့ဟာမျိုးရယ်။ ပြီးတော့ ဒါဘာခေါ်မလဲ။ ပြည်သူတွေရဲ့အသံတွေ စုစည်းပြီးတော့မှ ဒါတင်ပြဆွေးနွေးကြတာမျိုးတွေ၊ ပြည်သူတွေနဲ့တွေ့ဆုံပြီးတော့မှ ဆွေးနွေး ညှိနှိုင်းတဲ့ဟာမျိုးတွေ လုပ်ငန်းစဉ်ဒီနှစ်ခုက ကရင်နီဖက်မှာ ပါတယ်ဆိုပြီးတော့မှ ဆရာ့ ဆွေးနွေးချက်ထဲမှာပါတဲ့အခါကျတော့ အဲ့ဒီဟာတွေက တော်တော်လေး အားကောင်း စေတယ်။ ဒီကျန်တဲ့အင်အားစုတွေနဲ့ ပိုပြီးတော့မှ အားကောင်းစေတယ်လို့ စုစည်းမှုအပိုင်းမှာ အားကောင်းစေတယ်လို့ မြင်တဲ့အပိုင်းပေါ့။ ဆိုတော့ ဒီ IEC ပေါ်ပေါက်လာဖို့အတွက် ညှိနှိုင်းမှုဖြစ်စေ အခုလက်ရှိအားလုံးပူးပေါင်းနိုင်ဖို့အတွက် ဆက်လက်ညှိနှိုင်းနေတဲ့အချိန်မှာ ဘာညှိနှိုင်းနည်းလမ်းတွေ သုံးပြီးပြောကြသလဲ။ အဲ့ဒါသိချင်ပါတယ်။

 

 

Thu Rain – ကျွန်တော်တို့ ပြောနေကျတစ်ခုရှိတယ်ဗျ။ ဒီလက်ရှိနွေဦးတော်လှန်ရေး မတိုင်ခင်မှာလည်း ဒီနိုင်ငံရေးအမြင်ဖွင့်သင်တန်းတွေပေါ့နော်။ နေရာဒေသတော်တော် များများမှာ ကျွန်တော်တို့က အကြောင်းမရှိ အကြောင်းဖန်ပြီးတော့မှ ကျွန်တော်တို့ မရရအောင် နိုင်ငံရေးသင်တန်းကျွန်တော်တို့ ပေးတယ်ပေါ့နော်။ အဲ့ဒီအချိန်မှာလည်း အများကြီး ကန့်သတ်ခံရတာတွေရှိတယ်။ နိုင်ငံရေးအတွေးခေါ်၊ အဓိကအတွေးခေါ်ပေါ့နော်။ ကျွန်တော်တို့က ဒီစနစ်ကိုသွားမယ်။ ဒီစနစ်ကို ကျွန်တော်တို့က လိုချင်တယ်လို့ ကိုယ်ကသိပြီးကိုယ်ကပြောပြီးတော့မှ သူများကမသိနေဘူးဆိုရင် အဲ့ဒါကချိုလား၊ ခါးလား။ မှန်လား၊ မှားလားဆို မသိနေဘူးပေါ့နော်။ ဆိုတော့ ဒီဟာကို သူကလည်းသိမှာပဲ။ အော်ဒါကတော့ကောင်းတယ်။ အတူတူလုပ်လို့ရတယ်ဆိုတဲ့ သဘောတရားပေါ့နော်။ ဆိုတော့ ပြောချင်တာက အဲ့ကတည်းက ကျွန်တော်တို့ ဒီလူငယ်တွေအချင်းချင်းကြားမှာ ဒီနိုင်ငံရေး အတွေးခေါ်တွေ ကျွန်တော်တို့ မျှဝေခဲ့ကြတယ်ပေါ့နော်။ ပြီးရင်တော့ ဘာလဲဆိုတော့ ကရင်နီက သေးသေးလေးပဲ။ လက်ရှိအရပ်ဖက်တွေက ၂၀ ကျော်၊ ၃၀ ဝန်းကျင်ထားပါတော့။ ဆိုတော့ တစ်ခုခုဖြစ်လာပြီလို့ပြောရင် ကျွန်တော်တို့က အရေးပေါ်အစည်းအဝေး တူတူထိုင် ကြတယ်ပေါ့နော်။ တူတူထိုင်ကြတယ်။ ကျွန်တော်တို့ အဲ့ဒါကိုဘယ်လိုတုံ့ပြန်ကြမလဲ ဆိုတဲ့ဟာကို ပုံမှန်ပေါ့နော်။ ကျွန်တော်တို့ လုပ်ကြတာတွေရှိတယ်။ အဲ့ဒီ့အနေတစ်ဆင့် ကျွန်တော်တို့ တစ်ခုခုဆိုရင်တော့ လှုပ်လှုပ်ခတ်ခတ်ဖြစ်တဲ့ သတင်းပေါ်လာပြီလို့ပြောရင် ဒါကိုကျွန်တော်တို့ ဘယ်လိုကိုင်တွယ်ကြမလဲ။ စသဖြင့်ပေါ့နော်။ ကျွန်တော်တို့ အဲ့ဒီအပြန် အလှန်ပေါ့နော်။ အပြန်အလှန် စုစည်းမှုက အရင်ကတည်းက အားကောင်းခဲ့တယ်။ ပြီးရင်တော့ လူမျိုးစုတွေကြားမှာလည်း ဒီနှီးနှောဖလှယ်ပွဲတွေပေါ့နော်။ ကျွန်တော်တို့ လုပ်ခဲ့ကြတယ်ပေါ့။ အဲ့တော့ ဒီတော်လှန်ရေးမှာ ဒီအခြေအနေအရ IEC ဖွဲ့ဖို့လိုတယ်။ သို့တည်းမဟုတ် KSCC ဖွဲ့ဖို့လိုတယ်။ ဒီလိုပုံစံနဲ့တော့ သွားမယ်လို့ပြောတဲ့အချိန်မှာ တောက် လျှောက်မှာ ဒီနိုင်ငံရေးကဏ္ဍမှာ ဦးဆောင်လာခဲ့တဲ့ ဒီလူငယ်ခေါင်းဆောင်တွေပေါ့နော်။ လူငယ်ခေါင်းဆောင်တွေကိုလည်း ဒီသက်ဆိုင်ရာလူထုတွေကလည်း ယုံကြည်မှုရထား တယ်ပေါ့နော်။ ဒီခေါင်းဆောင်တွေက ဦးဆောင်တဲ့အချိန်မှာ လူထုကလည်း ဒါကိုလည်း သည်းခံတယ်။ ဒါပေမယ့် ဒါကအလုံးစုံကရင်နီမှာ ရှိတဲ့လူထုအယောက် ၁၀၀မှာ အယောက် ၁၀၀ က လက်ခံနိုင်တယ်လို့တော့ ဆိုလိုတာမဟုတ်ဘူး။ ပြီးရင်တော့ ခုနပြောတဲ့ဒီစုစည်း၊ ညီညွတ်ရေးကိစ္စတွေကလည်း လိုချင်တဲ့ ပန်းတိုင်၊ လိုချင်တဲ့အနေအထားမျိုးတစ်ခုထိတော့ မရောက်နေသေးဘူး။ ဒါပေမယ့် လက်ရှိတော်လှန်ရေးရဲ့လိုအပ်ချက်အရ၊ လက်ရှိအနေ အထားရဲ့ လိုအပ်ချက်အရတော့ အစုံတစ်ရာသော စုစည်းနိုင်တဲ့ အနေအထားတစ်ခုထိတော့ ရှိနေတယ်လို့တော့ ကျွန်တော်တော့ အဲ့လိုတော့ မြင်တယ်ပေါ့နော်။ ဆိုတော့ အခုမှ ဒီကာလ ဖြစ်လာမှပဲ ထပ်ပြီးတော့ ခေါင်းချင်းဆိုင်ဆွေးနွေးကြတယ်ဆိုတဲ့ အနေအထားမျိုးတော့ မဟုတ်မဟုတ်ဘူးပေါ့နော်။ ဆိုတော့ ဒီမတိုင်ခင်မှာလည်း ကြိုတင်ပြင်ဆင်မှုပေါ့နော်။ ဆိုတော့ အများကြီးရှိခဲ့လို့ပဲ ဒီလက်ရှိတော်လှန်ရေးကာလမှာ ဒါလုပ်မယ်ဟေ့လို့ပြောရင် အရမ်းကြီး ကျွန်တော်တို့ ဆွေးနွေးစရာမလိုဘူးပေါ့နော်။ ဆိုတော့ ဒီသဘောထားပေါ်မှာ လာပြီးတော့မှ အများစုကလည်း လက်ခံကြလို့ပဲ ဒီလိုအနေအထားတစ်ခု ရောက်လာတယ် လို့တော့ ကျွန်တော်အဲ့လို မြင်တယ်ပေါ့နော်။

 

ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။ ဆိုရင် ဒါ နောက်ထပ် ဒါမြန်မာပြည် တစ်နိုင်ငံလုံးနဲ့ပတ်သက်တဲ့ ဆရာ့ရဲ့အမြင်လေးကို ကျွန်တော်မေးမြန်းလိုတာတစ်ခုရှိပါတယ်။ အဲ့ဒါတော့ ဘာလဲဆိုရင် အခုလက်ရှိကရင်နီရဲ့ အင်အားစုစုစည်းမှုအပိုင်းမှာဆိုနော် အစောန က ဆရာပြောသလို ဒါတစ်ဖက်မှာ လိုအပ်ချက်ရှိနေသေးသော်ငြားလည်း ဒါအပြင်က၊ ဆရာတို့ကတောင်မှ အတွင်းကလူတွေမို့လို့ လိုအပ်ချက်ကသိတာ။ အပြင်ကလူတွေ ဆိုရင်တော့ တော်တော်များများကို ကောင်းနေတယ်လို့ကို မြင်လို့ရတဲ့အနေအထား ဖြစ်နေ ပြီပေါ့။ ဆိုတော့ ဒီကရင်နီရဲ့ အတွေ့အကြုံကို အခြေခံပြီးတော့မှ အခုလက်ရှိ NUG တို့က အင်အားစုတွေ စုစည်းချင်ပါတယ် ဘာညာပြောနေတဲ့ဟာတွေအပေါ်မှာ ဘယ်လိုမြင်သလဲ။ အောင်မြင်မှုကလည်း ရှိသော်ငြားလည်း ဟိုကျွန်တော်တို့မျှော်မှန်းထားသလို မအောင်မြင်တဲ့ အနေအထားပေါ့နော်။ ဆိုတော့ ဒါတွေအပေါ်မှာရော ဆရာ့အနေနဲ့ ဘယ်လိုသုံးသပ်မိသလဲ။

Thu Rain – ကျွန်တော့်အမြင်လို့ပြောရင် အဓိက စိတ်ဆန္ဒပေါ်မှာပဲ မူတည်တယ်။ နိုင်ငံရေးဆန္ဒပေါ့နော်။ အဓိက ဘာဖြစ်ချင်လဲပေါ့။ ဒီအကယ်၍ စစ်အာဏာရှင်လက်အောက် က လွတ်မြောက်ချင်တယ်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အမှန်တကယ် သွားချင်တယ်လို့ပြောရင် အဲ့ဒါကိုလိုချင်တယ်လို့ပြောရင် ကျွန်တော်တို့က ဘာပဲ စွန့်လွှတ်ရ စွန့်လွှတ်ရဲရမယ်ပေါ့နော်။ နိုင်ငံရေးမာနတွေ၊ နိုင်ငံရေးအတ္တတွေပေါ့နော်။ ကျွန်တော်တို့က ဒါတွေ စွန့်လွှတ်ဖို့လိုတယ်။ ဒီကရင်နီမှာကလည်း ဒီအလုံးစုံကို ခုနကောင်းနေတဲ့ အနေအထားမျိုးတစ်ခုထိတော့ မဟုတ်နေသေးဘူး။ သို့သော် အကယ်၍ စုစည်းမယ်၊ ညီညွတ်ရေးကိုသွားချင်တယ်လို့ပြောရင်တော့ အတိတ်ကဖြစ်ခဲ့တဲ့ တချို့သောကိစ္စတွေက ကျွန်တော်တို့ ချန်ထားဖို့လိုတယ်လို့ အဲ့လိုမြင်တယ်ပေါ့နော်။ အဲ့ဒါတွေ ကျွန်တော်တို့ ချန်ထားဖို့လိုတယ်။ ပြီးတော့ တစ်ဖက်မှာကလည်း ဒီတော်လှန်ရေးက လေးနှစ်ကျော်၊ ငါးနှစ်ဆိုတဲ့အတွေ့အကြုံက မနည်းတော့ဘူးပေါ့နော်။ ဘာတွေဖြစ်ခဲ့လဲ။ ကျွန်တော်တို့ ဘယ် အပိုင်းကိုအားနည်းခဲ့လဲ။ ဘယ်အပိုင်းတော့ အားသာခဲ့လဲ။ ဘယ်အရာကိုတော့ ကျွန်တော်တို့ ဒီ့ထက်ပိုပြီးတော့ ကောင်းဖို့လိုအပ်သေးလဲဆိုတဲ့ဟာကတော့ လူတိုင်းသေသေချာချာ သုံးသပ် မယ်ဆိုရင်တော့ သုံးသပ်နိုင်တဲ့ အနေအထားတစ်ခုထိတော့ ရှိမယ်လို့တော့ ကျွန်တော် မြင်တယ်ပေါ့နော်။ ဆိုတော့ အဲ့မှာ စုစည်းရေးလို့ ပြောတဲ့နေရာမှာ ဒီနေ့ဒီချိန်ထိက ဘယ်သူပါရင် ငါမပါဘူး။ ဒီနေရာတော့ မလာနဲ့။ ဟိုနေရာတော့ မသွားနဲ့ဆိုတဲ့ တချို့သော အင်အားစုတွေက ကန့်သတ်ခံနေရတုန်းပဲပေါ့နော်။ ကန့်သတ်ခံနေရတုန်းပဲ။ တစ်ဖက်မှာ လည်း တော်လှန်ရေးက ကြာလာတာနဲ့အမျှ တချို့သောအပိုင်းတွေက စုစည်းမှုအားကောင်း လာသလို တချို့သောအပိုင်းတွေကလည်း ဆုတ်ယုတ်သွားတဲ့ဟာတွေရှိတယ်ပေါ့နော်။ အထူးသဖြင့် ပြန်လည်ယုံကြည်မှုကိစ္စတွေမှာ တချို့သောဟာတွေက ကျဆင်းလာတာတွေ တော့ ကျွန်တော်အဲ့လိုတော့ မြင်တယ်ပေါ့နော်။ ဆိုတော့ စုစည်းရေးလို့ပြောရမယ်ဆို အခြေခံအဖြစ် ခုနကျွန်တော်ပြောတဲ့ ဒီချန်ထားသင့်ခဲ့တဲ့ဟာတွေ ချန်ထားလိုက်။ စွန့်လွှတ်သင့်တဲ့ဟာတော့ ကျွန်တော်တို့က စွန့်လွှတ်ရမယ်ပေါ့နော်။ ပြီးတော့ ဖက်ဒရယ် ပြည်ထောင်စုကိုတော့ လိုချင်တယ်။ ကျွန်တော်တို့က ဖက်ဒရယ်ဒီမိုကရေစီလိုချင်တယ်။ ဒါပေမယ့် ဘယ်အတိုင်းအတာထိဆိုရင်တော့ ယူမယ်။ ဘယ်အတိုင်းအတာထိတော့ မယူဘူး။ ဟိုလူပါရင်တော့ မယူဘူး။ ဟိုဒီလူပါရင်တော့ ယူမယ်ဆိုတဲ့ ပုံစံနဲ့တော့ ကျွန်တော်တို့ သွားလို့ မရဘူးပေါ့နော်။ ပြောချင်တာက ဒီအချိန်မှာ ကျွန်တော်တို့ သွားချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတစ်ခုဖြစ်ဖို့က နံပါတ်တစ် ကျွန်တော်တို့ တပ်ပေါင်းစုပေါ့နော်။ တပ်ပေါင်းစု စုဖွဲ့ရေးကိစ္စကလည်း ကျွန်တော်တို့ မဖြစ်မနေလုပ်ရမယ်။ လူထုကလည်း ဒီကာလမှာ ဒေသတစ်ခုမှဆို အနည်းဆုံး လေးငါးအဖွဲ့မက ထောက်ပံ့ရတယ်ပေါ့နော်။ ပြီးတော့ အဲ့ဒီလေးငါးအဖွဲ့မကသောလူတွေကလည်း ရပ်တည်ချက်တစ်မျိုးစီ လာပြီးတော့မှ ပြောနေတဲ့အချိန်မှာ လူထုက ဘယ်သူ့ကိုယုံလို့ယုံရမလဲမသိဘူး။ ကြာလာတော့ ဒီတော်လှန်ရေးအပေါ်မှာ ယုံကြည်မဲ့လာတယ်။ ပြီးရင်တော့ တော်လှန်ရေးအင်အားစုဖက်က လည်း ဒီအောင်မြင်မှုတွေပေါ့နော်။ ဒီ ၂၀၂၅ နောက်ပိုင်းလို့ပြောရင် အောင်မြင်မှု ကြီးကြီးမားမားတွေ မရတော့တဲ့အချိန်မှာ လူထုကလည်း တဖြည်းဖြည်းဒီ စိတ်ဓာတ်ကျ လာတာတွေတော့ တွေ့ရတယ်ပေါ့နော်။ ဒါပေမယ့်လို့ ဒီအချိန်မှာ စုစည်း၊ ညီညွတ်ရေးကိစ္စ ကိုတော့ ဟိုလုပ်ဖို့တော့ အချိန်ရှိသေးတယ်လို့တော့ ထင်တယ်ဗျ။ အခွင့်အရေးရှိသေး တယ်ပေါ့နော်။ ဆိုတော့ ကျွန်တော့်အနေနဲ့ ကျွန်တော်သုံးသပ်ရင် ဒီတော်လှန်ရေးက လက်ရှိကတော့ ရန်သူကလည်း ၅၀၊ ကိုယ်လည်း ၅၀ ပေါ့နော်။ ဒါပေမယ့် နိုင်ငံရေးအရ တည်ဆောက်တဲ့နေရာမှာ လူထုထောက်ခံမှုပြောတဲ့နေရာမှာ ကျွန်တော်တို့က အားသာ တယ်။ သို့သော် အခုနလက်တွေ့အရ ဒီစစ်ရေးအရရော၊ နိုင်ငံရေးအရရော ကျွန်တော်တို့က မစုစည်းနိုင်သေးဘူးပေါ့နော်။ ဆိုတော့ အဲ့ဒါကိုကျွန်တော်တို့ သေသေချာချာကိုင်တွယ် ဖြေရှင်းနိုင်မယ်။ ကျွန်တော်တို့ရဲ့ အားသာချက်၊ အားနည်းချက်ကို သေသေချာချာ ကျွန်တော်တို့ သုံးသပ်ပြီးတော့မှ အဲ့ဒီအားသာချက်၊ အားနည်းချက်ကို လက်သင့်ခံပြီးတော့မှ ပြုပြင်ပြောင်းလဲသင့်တဲ့ဟာကို ကျွန်တော်တို့က အမှန်တကယ်ပြုပြင်ပြောင်းလဲချင်တဲ့ဆန္ဒနဲ့ လုပ်မယ်လို့ပြောရင်တော့ ဖြစ်နိုင်တယ်လို့တော့ ကျွန်တော်မြင်တယ်ပေါ့နော်။

 

ဆလိုင်းဒိုခါရ် – ကျွန်တော်ဒီ NUG အပေါ် အမြင်သုံးသပ်ချက်ကို အင်တာဗျူးမေးရင်းနဲ့ အရေး ပါတဲ့အချက်သုံးချက် ထုတ်ပြခံရတာ ကျွန်တော်မြင်လေ့ရှိတယ်။ ပထမအချက်ကတော့ ရည်မှန်းချက်မပြတ်သားဘူးဆိုတဲ့ဟာ။ ဘာလို့လဲဆိုတော့ အခုအချိန်မှာ ဟိုလုံးဝသွေး ကြွေးမှာ ဆွေးနွေးစရာမရှိဘူးဆိုပြီးမှ ပြတ်သားတဲ့ရည်မှန်းချက်ရှိကြသလို NUG ကကျတော့ စစ်ကောင်စီကသာ ပြောင်းလဲမယ်ဆိုရင်တော့ ကျွန်တော်တို့ ဆွေးနွေးရလိမ့်မယ်ဆိုတဲ့ အသံပေါ့နော်။ သူတို့ condition တစ်ခုခုလက်ခံတယ်ဆို ဆွေးနွေးမယ်ဆိုတဲ့ဟာမျိုးတွေနဲ့ မပြတ်မသားရည်မှန်းချက်ထားတယ်ဆိုတာ။ ဒုတိယအချက်ကတော့ အစိုးရဆန်ချင် လွန်းတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်။ သူ မနိုင်မနင်းနဲ့ ကျန်တဲ့တစ်နိုင်ငံလုံးကို ကိုယ်စားပြုသလိုနဲ့ လှုပ်ရှားတယ်။ ဒါပေမယ့် အောက်ခြေလွတ်ပြီးတော့မှ သူကိုယ်တိုင်စုစည်းရမယ့် အင်အားစုကို မစုစည်းနိုင်တဲ့အနေအထားဖြစ်သွားတတ်တယ်ဆိုတဲ့ဟာ။ တတိယအချက် ကတော့ ဘာလဲဆိုရင် ဒါအုပ်ချုပ်ရေးဒီဖော်ဆောင်တဲ့နေရာမှာပဲဖြစ်ဖြစ် အင်အားစုတွေ တည်ဆောက်တဲ့နေရာမှာ အောက်ခြေကနေလာတဲ့ဟာ အင်အားစုရှိတဲ့ဟာမျိုး မဟုတ်ဘဲနဲ့ အပေါ်ကနေခံအပ်ပြီးတော့မှ အပေါ်ကနေ အထက် ထက်စီးနဲ့ လုပ်တဲ့ဟာမျိုးက ဟိုပြော ကြတာ။ ဆိုတော့ ဆရာ့အနေနဲ့ အဲ့ဒီထောက်ပြကြတဲ့အပေါ်မှာ ဆရာကရော ဘယ်လိုမြင်လဲ။ NUG က မဖြစ်မနေဘာကိုပြောင်းလဲရမလဲ။ ဘာအားနည်းချက်ရှိနေသလဲ။ ဘာကိုပြောင်းလဲ ရမလဲ။

Thu Rain – ကျွန်တော့်အမြင်အနေနဲ့ပြောရင်တော့ ဒီ ခုနပြောတဲ့ အင်အားစုတစ်ခုတည်းရဲ့ ကြားမှာတောင်မှ ဒီအမြင်သဘောထားမပြတ်သားတဲ့ဟာတွေပေါ့နော်။ အဲ့ဒါတွေ မပြတ်သား တဲ့ဟာတွေ တွေ့ရတယ်။ အဲ့ဒီတချို့သော အခြေအနေတွေက ကျွန်တော်တို့ ကိုယ့်ကိုယ့်ကိုက ကျွန်တော်တို့က ဆွဲချနေတာ။ ကျွန်တော်တို့ ကိုယ့်ကိုယ့်ကိုက ရန်သူဖက်ကို ကျွန်တော်တို့ ပို့နေတာနဲ့ တူတယ်ပေါ့နော်။ အဲ့တော့ ခုနပြောတဲ့ဒီ တော်လှန်ရေးမှာ ဒီရည်မှန်းချက် မပြတ်သားတဲ့ကိစ္စတွေပေါ့နော်။ ကျွန်တော်ကတော့ အဲ့ဒီအဲ့ဒီဟာတွေ လက်သင့်ခံတယ်။ နောက်ထပ်ဘာဘာအကြံပြုချင်လဲလို့ပြောရင်တော့ ဒီလက်ရှိနွေဦးတော်လှန်ရေးမှာ အစောပိုင်း ကျွန်တော်တို့ ကြွေးကြော်သံတွေကလည်း မတူခဲ့ကြဘူး။ တဖြည်းဖြည်းနဲ့တော့ အာဏာရှင် ဖယ်ရှားရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးဆိုတဲ့ ပုံသဘောထား တွေကတော့ တဖြည်းဖြည်းတော့ ကြားလာ ကြားလာရတယ်ပေါ့နော်။ ဒါပေမယ့်လို့ အဲ့ဒီခုနပြောတဲ့ NUG ကြားမှာလည်း သူ့သက်ဆိုင်ရာသူ အခြေစိုက်တဲ့နေရာဒေသ၊ ဆက်စပ် တဲ့ ဒီEROsတွေနဲ့ ဆက်ဆံနေရတဲ့လူတွေကြားမှာလည်း ဒီနိုင်ငံရေးအရ ဒီတော်လှန်ရေး ပေါ်မှာ ယုံကြည်မှုကလည်း မတူဘူးလို့တော့ ကျွန်တော်မြင်တယ်ပေါ့နော်။ ကျွန်တော်တို့ တွေ့ကြုံရတာဘာလဲဆိုရင်တော့ တချို့လူတွေဆိုရင်တော့ ဘာပြောလဲဆိုရင် ပြောသားပဲ။ တော်လှန်ရေးကို ဒီလိုပုံစံနဲ့ ချဉ်းကပ်ရင် ပျက်စီးဆုံးရှုံးမယ်။ လူထုတွေကလည်း ဒီလို အထိနာမယ်ဆိုတာက အစောကတည်းက စဉ်းစားထားတယ်ပေါ့နော်။ အဲ့တော့ အခုတော့ ထင်တာနဲ့တိုင်ဖြစ်လာပြီပေါ့နော်။ ဆိုတော့ ဒီတော်လှန်ရေးပေါ်မှာ တချို့သော ခေါင်းဆောင် တွေက အပြစ်ပုံလာတာတွေ တွေ့ရတယ်ပေါ့နော်။ ဆိုတော့ ဒီဟာတွေရှိနေသမျှ ကာလ ပတ်လုံးကတော့ ဒီတော်လှန်ရေးကို ကျွန်တော်တို့ အားကောင်းကောင်းနဲ့သွားနိုင်ဖို့ဆိုတာ မဖြစ်မဖြစ်နိုင်ဘူး။ အကြံပြုချင်တာက ဘာလဲဆိုရင်တော့ အဲ့ဒီအင်အားစုတစ်ခုလုံးမှာ ကျွန်တော်တို့ရဲ့ဘုံရည်မှန်းချက်ပေါ့နော်။ ဘုံသဘောထားကို ကျွန်တော်တို့က ချမှတ်ပြီး တော့မှ လာမယ့် ဘယ်ကာလထိတော့ ကျွန်တော်တို့ စစ်နိုင်တိုက်ရေး၊ ဘယ်ကနေ ဘယ်ကာလထိတော့ အသွင်ကူးပြောင်းရေး၊ ဘယ်ကနေ ဘယ်ကာလထိ ကျွန်တော်တို့က ထူထောင်ရေးအတွက် လုပ်မယ်ဆိုတဲ့လူထုကို ရှင်းလင်းပြတ်သားတဲ့ ဒီသတင်းစကား ပါးပြီးတော့မှ အဲ့ဒီလူထုယုံကြည်လောက်တဲ့ အနေအထားတစ်ခုထိကို ကျွန်တော်တို့က လက်တွေ့ကျကျ ကောင်ထည်ဖော်ဖို့ လိုတယ်လို့ ထင်တယ်ပေါ့နော်။ ဒီလက်ရှိကာလမှာ ဒီအကျပ်အတည်းကြားမှာ ရှင်သန်နေရတဲ့ ဒီလူထုတွေက အကြားချင်ဆုံး၊ အသိချစ်ဆုံး သတင်းစကားတစ်ခု ဖြစ်လိမ့်မယ်လို့ပဲ ကျွန်တော်မျှော်လင့်နေတယ်ပေါ့နော်။

 

ဆလိုင်းဒိုခါရ် – ဆိုတော့ ဒါကျွန်တော်တို့ ဆွေးနွေးနေတဲ့ကြားထဲမှာ တစ်ဖက်မှာ ကျွန်တော်တို့ နောက်ကားတွေကျော်ကုန်တာပေါ့နော်။ လွန်ခဲ့တဲ့ရက်ပိုင်းမှာ ကျွန်တော်တို့ တော်လှန်ရေး စတင်ပြီးတဲ့နောက်ပိုင်းမှာ ဒါအာဖဂန်တို့ကလည်း တော်လှန်ရေးကနိုင်သွားတယ်။ ပြီးတော့ ဒါဘင်္ဂလားဒေ့ရှ်ဖက်မှာလည်း ကျွန်တော်တို့ လူထုလှုပ်ရှားမှုတွေဖြစ်ပြီးတော့မှ နိုင်ယူသွား တာရှိတယ်။ အခုလောလောလတ်လတ်မှာပဲ နီပေါနိုင်ငံက လှုပ်ရှားမှုဖြစ်ပြီးတော့မှ ကျွန်တော်တို့ ကိုတောင် တော်ကျော်တက်သွားတယ်။ အောင်မြင်မှုရသွားတယ်ပေါ့နော်။ ဆိုတော့ ကျွန်တော်တို့က အဲ့လို အချိန်တိုအတွင်းမှာ မအောင်မြင်လိုက်နိုင်မှုနဲ့ အခု ကျွန်တော်တို့ပါ ကျွန်တော်တို့ ပြောနေသလို အားနည်းချက်တွေ ကျွန်တော်တို့ မပြင်ဆင်နိုင် သေးတဲ့အပေါ်မှာ နိုင်ငံတကာက ဒီတော်လှန်ရေးကို မနိုင်လောက်ဘူးဆိုတဲ့ ရှုထောင့်ပုံစံမျိုးနဲ့ စစ်ကောင်စီကို ပံ့ပိုးလာတဲ့ဟာရှိတယ်။ ဆိုတော့ ဆရာ့ကိုမေးချင်တာ ကျွန်တော်တို့ တော်လှန်ရေးက မနိုင်ဘူးလား။ အချိန်ထပ်ယူဖို့ လိုသေးတာလား။ အခုလက်ရှိနိုင်ငံတကာရဲ့ ရပ်တည်ချက်ကို ဘယ်လိုတုံ့ပြန်ချင်သလဲ။ နိုင်ငံတကာက အဲ့လိုမမြင်သေးဘူး။ ကူညီသင့် သလား။ ဘယ်လိုတုံ့ပြန်ချင်သလဲ။

 

 

Thu Rain – ဆိုတော့ ဒီလိုအနေအထားမျိုးပဲလို့ပြောရင်တော့ နိုင်ငံတကာက ကဲသို့ သော်လည်း ထိုနည်း၎င်းပဲ မြင်ပါတယ်ပေါ့နော်။ ပြောချင်တာက လေးနှစ်ကျော်ကာလ အတွင်းမှာ ဟိုနိုင်ငံတကာကလည်း သူ့အကျိုးစီးပွားရေးအတွက်လို့ပဲပြောပြော၊ သံတမန် ရေးလို့ပဲပြောပြော၊ သူဆက်ဆံဖို့က ဘယ်သူကများ ဒီတစ်နိုင်ငံလုံးကို ကိုယ်စားပြုသလဲပေါ့။ NUG လား။ သူတစ်နိုင်ငံလုံးကိုယ်စားပြုနိုင်လား။ ဒီလူထုတရပ်လုံးကို သူကိုယ်စားပြုတယ်လို့ ကျွန်တော်တို့ ပြောလို့ရသလားပေါ့။ ဒါမှမဟုတ်ရင် KIA လား၊ KNU လား၊ AA လားပေါ့။ မပြောတတ်ဘူးပေါ့နော်။ ဆိုတော့ ရှင်းရှင်းလင်းလင်းမရှိနေဘူးပေါ့နော်။ ဆိုတော့ အဲ့လိုအနေအထားမှာ ဒီလိုနိုင်ငံတကာမြင်ရင်လည်း မြင်ဖြစ်စရာပဲ။ သူ့ရဲ့ဒီအမြင်သဘောထား ပေါ်မှာတော့ ကျွန်တော်ကတော့ လက်သင့်ခံတယ်လို့ပြောချင်တယ်။ လက်ရှိအနေအထား အရကလည်း လက်ရှိစစ်ရေးလို့ပဲပြောပြော၊ နိုင်ငံရေးအရ လူထုရဲ့ယုံကြည်မှု၊ နိုင်ငံတကာရဲ့ ယုံကြည်မှု တည်ဆောက်နိုင်မှုအရလို့ပဲ ပြောပြောပေါ့နော်။ နိုင်ငံတကာဒီလိုမြင်တာကတော့ အမြင်မမှားဘူးလို့တော့ ကျွန်တော်တော့ အဲ့လိုတော့ မြင်တယ်ပေါ့နော်။ ဆိုတော့ ဒီတချို့နိုင်ငံ ဥပမာ ကျွန်တော်တို့ ဆီးရီးယားဟာမျိုးကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့လိုပဲ နှစ်ပေါင်း ဆယ်စုနင့်ချီကြာပြီးတော့မှ တော်လှန်ရေးဆက်တိုက်လုပ်လာခဲ့တာပေါ့နော်။ တကယ့် ပျက်စီးဆုံးရှုံးမှုတွေကလည်း ကြီးမားတယ်။ နိုင်ငံတကာလည်း ဝင်စွက်ဖက်ကြတယ်။ တိုက်ရိုက်ကို။ တချို့နိုင်ငံကတော့ ဆီးရီးယားတော်လှန်ရေးအဖွဲ့ကို နောက်ကနေ ကောင်းကောင်းမွန်မွန်လည်း ဒါပံ့ပိုးပေးတဲ့ဟာတွေရှိတဲ့အခါကျတော့ ဒါတကယ့်ကို အနိုင်ယူ တဲ့ထိလည်း အောင်မြင်မှုရခဲ့သလို အခုချိန်မှာဆို ဆီးရီးယားအာဏာရှင်ကို ဖြုတ်ချခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေက နိုင်ငံတကာယုံကြည်မှုတွေ ရလာသလို ပြန့်ကျဲနေတဲ့ အင်အားစုကိုလည်း ပြန်လည်စုစည်းနိုင်တဲ့ဟာတွေ တွေ့နေရတယ်။ ဆိုတော့ အဲ့လိုပုံစံ မျိုးအနေနဲ့ နိုင်ငံတကာ၊ ကျွန်တော်တို့ အထူးသဖြင့် အိန္ဒိယလိုဟာမျိုး ဒီမိုကရေစီ နိုင်ငံတစ်ခုအနေနဲ့ စတင်ပြီးတော့မှ ကျွန်တော်တို့ မြန်မာနိုင်ငံပြောင်းလဲဖို့အတွက် လိုအပ်တဲ့ ဟာမျိုးကို ကူညီပေးသင့်ပြီလို့ ထင်တာ။ ဘယ်လိုမြင်သလဲ။

 

Thu Rain – အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကို ဘယ်လိုပုံစံမျိုးဒီတော်လှန်ရေးအတွက်ပေါ့နော်။ ကူဖို့ဆိုတဲ့ဟာ ကျွန်တော့်အမြင်လို့ပြောရင်တော့ သူကလည်း ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်တယ်။ ကျွန်တော်တို့ လက်ရှိလူထုတောင်းဆိုတာလည်း ဒီဒီမိုကရေစီပေါ့နော်။ ဒီမိုကရေစီ အတွက် ကျွန်တော်တို့ တောင်းဆိုနေတာဖြစ်တယ်။ အိန္ဒိယနိုင်ငံအပါအဝင် အခြားသော ဒီထိုင်းတို့ စသဖြင့်ပေါ့နော်။ အာဆီယံနိုင်ငံတချို့ကလည်း ဒီငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေးနွေး ဖြေရှာကြဖို့ပေါ့နော်။ ဆိုတဲ့ဟာကို တွန်းအားပေးတယ်ပေါ့နော်။ ဒီလိုနည်းနဲ့ ကျွန်တော်တို့ ခေတ်အဆက်အဆက်မှာလည်း အဖြေရှာခဲ့ကြပြီပေါ့နော်။ ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ ဒီမြန်မာနိုင်ငံရေးအခင်းအကျင်း အဆုံးသတ်မလဲဆိုတဲ့ဟာက လက်ရှိစစ်ကောင်စီက သူဘာလိုချင်လဲဆိုတဲ့ဟာအပေါ်မှာ အများကြီးမူတည်တယ်လို့ထင်တယ်ပေါ့နော်။ ဆိုတော့ သူ့ရဲ့အာဏာတည်မြဲရေးအတွက် ချိုးဖောက်ကျူးလွန် တခြားဟာတွေ သူက ဒီအပြစ်တင်က ကင်းလွတ်ခွင့်ရဖို့အတွက် သူ့အကျိုးစီးပွားအတွက် သူရှေးရှုပြီးတော့မှ အာဏာသိမ်းတာဖြစ် တယ်ပေါ့နော်။ ဆိုတော့ ဒီဟာကိုသဘောပေါက်တယ်ဆိုရင်တော့ ခုနပြောတဲ့ဒီ စေ့စပ် ညှိနှိုင်းရေးကိစ္စတို့၊ ရွေးကောက်ပွဲကိစ္စတွေကတော့ ဒါကတော့ မြန်မာပြည်သူ၊ ပြည်သားတွေ အတွက် ရေရှည်ပြဿနာဖြေရှင်းတဲ့ နည်းလမ်းတော့ မဟုတ်ဘူးလို့တော့ ကျွန်တော် ပြောချင်တယ်ပေါ့နော်။ အဲ့တော့ ဒီဒီမိုကရေစီလိုလားတဲ့ ဒီတရားမျှတမှုလိုလားတဲ့ လူထုနဲ့တူ ရပ်တည်ပြီးတော့မှ လိုအပ်တဲ့အကူအညီထောက်ပံ့မှုတွေပေါ့နော်။ ပြီးရင်တော့ ဒီသူတို့ ကောဒီစစ်ကော်မရှင်ကို ဘာတွေကန့်သတ်ပိတ်ပင်လို့ရလဲပေါ့နော်။ သူတို့ဘာတွေလုပ်နိုင် လဲပေါ့။ သူတို့လုပ်နိုင်တဲ့ကဏ္ဍတွေကို ရှိရင်သူတို့လုပ်ပြီးတော့မှ ဒီလူထုနဲ့တူရပ်တည်သင့် တယ်လို့တော့ ထင်တယ်ပေါ့နော်။ သူတို့မှာလည်း ဒီဒီမိုကရေစီခံစားနေရတဲ့ ဒီပြည်သူ လူထုကဲ့သို့ပေါ့နော်။ သူတို့နိုင်ငံလူမျိုးပဲ ကျွန်တော်တို့လည်း ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေဖြစ်တယ်ဆိုတဲ့ဟာကိုလည်း ပြောချင်တယ်။ ဒီစစ်ရေး၊ စစ်ရာနဲ့ပတ်သက်တဲ့ အပိုင်းတော့ ကျွန်တော်သိပ်မပြောလိုဘူး။ သို့သော် ဒီလက်ရှိမြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုးဆိုးဝါးဝါးကြုံတွေ့နေရတယ်။ ဒီတစ်ဖက်မှာလည်း စာဝတ်နေရေးအတွက် ဒီအငတ်ဘေးကြုံရတဲ့ထိပါပဲပေါ့နော်။ ဆိုတော့ အဲ့ဒါတွေကို ဒီလက်ရှိလူထုနဲ့ပေါ့နော်။ ခုနဒီစစ်ရှောင်နေရတဲ့ပြည်သူတွေနဲ့ အနီးကပ်ဆုံးရှိတဲ့အရပ်ဖက်တွေရှိတယ်။ ဒီအခြား NGO အဖွဲ့အစည်းတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ သူတို့နဲ့တိုက်ရိုက်ဆက်စပ်ပြီးတော့မှ ဒီအကူအညီပေးတဲ့ကိစ္စတွေပေါ့နော်။ အကူအညီပေးတဲ့ကိစ္စတွေတော့ လုပ်သင့်တယ်။ ဒီကာလမှာ မြန်မာနိုင်ငံမှာရှိတဲ့ဒီအရပ်သားပြည်သူတွေက ကျန်းမာရေးလက်လှမ်းမှီမှုတွေ၊ ပြီးရင်တော့ ဒီပညာရေးလက်လှမ်းမှီမှုတွေလို့ပြောရင်လည်း အရမ်းကြီးကို အခက်အခဲ ကျပ်တည်းနဲ့ ရင်ဆိုင်နေရတဲ့ကာလဖြစ်တယ်ဆိုတော့ ဒီဟာတွေကိုကူညီပံ့ပိုးပေးစေ ချင်တယ်ပေါ့နော်။ ပြီးတော့ တစ်ဖက်မှာလည်း ခုနဒီစစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကော်မရှင်ပေါ့နော်။ စစ်ကော်မရှင်ကိုလည်း ဒီစစ်ရေးအရ ဒီစစ်နယ်မြေမှာ တိုက်ကြတာကြောင့် မဟုတ်ဘူးပေါ့နော်။ ဆိုတော့ မလိုလားတဲ့ဒီစစ်အပြစ်မှမဟုတ်တဲ့ နေရာတွေကို ရွေးကောက်ပွဲ မတိုင်ခင်ကာလ ကြိုတင်ပြင်ဆင်ကာလမှာ ပိုပြီးတော့မှတောင် သူတို့က ဟိုဆိုးဆိုးဝါးဝါးဖြစ်လာတာတွေ တွေ့ရတယ်ပေါ့နော်။ ဆိုတော့ ဒီဟာတွေကို ရပ်တန့်ရေးပေါ့နော်။ ဒီဟာတွေကိုလည်း တိုက်တွန်းနိုးဆော်စေချင်တယ်။ ဒီလိုနည်းလမ်းနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့အခက်အခဲကို တစ်စုံတစ်ရာကူညီပေးနိုင်လိမ့်မယ်လို့တော့ ထင်နေပါတယ်ပေါ့နော်။

 

ဆလိုင်းဒိုခါရ် – ဆိုရင် နောက်ဆုံးပိတ်အနေနဲ့ ကျွန်တော်တို့ ဒါပြည်သူတွေကိုရော ဘယ်လိုခွန်အားတွေပေးပြီးတော့မှ တော်လှန်ရေးအောင်မြင်မှုရတဲ့အထိ သူတို့ပါလာနိုင်ဖို့ အတွက် ဘာတွေစိတ်ခွန်အားပေးရေးစကားလေး ပြောချင်တာလဲ။

Thu Rain – နွေဦးတော်လှန်ရေးပေါ့နော်။ ကျွန်တော်တို့ အာဏာသိမ်းမှုကို ကျွန်တော်တို့ လက်မခံလို့ပေါ့နော်။ အာဏာရှင်ဆန့်ကျင်တော်လှန်ခဲ့တာ ဒီလေးနှစ်ကျော်ငါးနှစ်နီးပါးကာလ ထိ တစ်ခုထိရောက်ခဲ့ပြီ။ ဆိုတော့ ဒီကာလမှာ ရင်ဆိုင်ရတဲ့ အကျပ်အတည်းတွေကလည်း အများကြီးပဲပေါ့နော်။ ဆိုတော့ တစ်ဖက်မှာလည်း စစ်ရေးမှာ ဦးဆောင်နေတဲ့သူတွေ၊ နိုင်ငံရေးမှာ ဦးဆောင်နေတဲ့သူတွေရဲ့အခက်အခဲ၊ စိန်ခေါ်မှုတွေကလည်း မနည်းမနောပဲ ပေါ့နော်။ ဆိုတော့ ကျွန်တော်တို့တွေဟာ အကယ်၍ အမှန်တကယ်ကျွန်တော်တို့ ဒီပြုပြင်ပြောင်းလဲရေးအတွက် လိုလားတယ်လို့ပြောရင်တော့ တစ်ဖက်မှာလည်း ဒီတော်လှန် ရေးမှာ ကျွန်တော်တို့ ဆက်တောင့်ခံဖို့လိုသလို တစ်ဖက်မှာလည်း ဒီပြုပြင်ပြောင်းလဲရေး အတွက် တာဝန်ရှိနေတဲ့သူတွေလည်း ကျွန်တော်တို့ မျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုတယ်။ တပ်ပေါင်းစုဖြစ်ရေးကိစ္စလား။ သို့မဟုတ်ရင် နိုင်ငံရေးအရ စုစည်းမှုအားကောင်းရေးကိစ္စလား။ အမြဲတမ်းကျွန်တော်တို့ တိုက်တွန်းဖို့၊ ကျွန်တော်တို့ အကြံပြုဖို့အတွက်လည်း ကျွန်တော် တို့မှာ တာဝန်ရှိတယ်လို့ ပြောချင်တယ်ပေါ့နော်။ လူထုတွေမှာလည်း တာဝန်ရှိတယ်လို့ ပြောချင်တယ်။ ပြီးရင်တော့ မြန်မာနိုင်ငံခေတ်အဆက်အဆက်မှာ ဘယ်တော့မှ ဒီအာဏာရှင်ကို မတွန်းလှန်နိုင်ပါဘူးဆိုတဲ့ အရင်ကတည်းက ဒီအတွေးအခေါ်မျိုးတွေ ရိုက်သွင်းခံရတယ်။ ဒီတချို့ဆီမှာလည်း ဒီယုံကြည်မှုတွေရှိနေတယ်ပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ နိုင်ငံလိုကဲ့သို့သော ဒီအကျပ်အတည်းကြားမှာ ဒီအာဏာရှင်လက်အောက်မှာ နေရပြီးတော့မှ ဒီလွတ်မြောက်သွားတဲ့နိုင်ငံတွေလည်း အများကြီးရှိတယ်။ ဒီဟာကို သာဓက ယူစေချင်တယ်။ ကျွန်တော်တို့တွေ အကယ်၍သာ ခုနပြောတဲ့ဒီ အားနည်းချက်၊ အားသာချက် ကိစ္စတွေ ကျွန်တော်တို့ သေချာသုံးသပ်ပြီးတော့မှ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာဖြစ်ဖြစ်၊ ပြုပြင်ထိုက်တာကို ကျွန်တော်တို့က ပြုပြင်မယ်ဆိုရင်တော့ ဒီတော်လှန်ရေးက အောင်နိုင်တယ်။ အရေးကြီးဆုံးကဘာလဲဆိုရင်တော့ တူညီတဲ့ဘုံရည်မှန်း ချက်တွေ ကျွန်တော်တို့က ချမှတ်ပြီးတော့မှ အပြန်အလှန်ယုံကြည်မှုပေါ့နော်။ အတူတကွ ကျွန်တော်တို့ ကြိုးစားကြမယ်ဆိုရင်တော့ အောင်မြင်မှုရနိုင်တယ်လို့တော့ ကျွန်တော် မျှော်လင့်ပါတယ်ပေါ့နော်။

 

ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့ ကိုသူရိန် အခုကျွန်တော်တို့ ကိုအချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။

Thu Rain – ဟုတ်ကဲ့ပါ၊ ကျွန်တော်လည်း ပါဝင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။