စက်တင် ၁၇
The Kaladan Post
၂၀၂၅ခုနှစ်၊ ဇူလိုင်လ နှင့် ဩဂုတ်လအတွင်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံး Drone တပ်ဖွဲ့ (Wing of Kalay) ထံသို့ လက်နက် ၇လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများယူဆောင်လာကာ ရဲဘော် (၁၄)ဦး အလင်းဝင်လာကြောင်း Wing of Kalay က ထုတ်ပြန်ထားပါသည်။
အဆိုပါထုတ်ပြန် ချက်နှင့် ပတ်သက်ပြီး ကလေးမြို့ပေါ်ဒေသခံတစ်ဦးက “ ယခုလို စစ်ကောင်စီဘက်ကနေ အလင်းဝင် တယ် ဆိုတဲ့သတင်းဟာ ကျွန်တော်တို့ပြည်သူတွေအတွက်က အင်မတန် ဝမ်းသာစရာ သတင်းပါဘဲဗျ ဒီထက်မကအလင်းဝင်လာသူတွေ တိုးလာအောင် တော်လှန်ရေးတပ်ဖွဲ့တွေ စည်းလုံးမှုက အဓိကကြ ပါတယ် ပြောခြင်တာက တော်လှန်ရေးတပ်ဖွဲ့များ တစ်သံတည်းနဲ့လက်တွဲပြီးတော့ စစ်ရေးဖော်ဆောင် နိုင်တယ်ဆိုရင် စစ်ကောင်စီတွေဟာကြောက်လန့်ပြီး စစ်ရေးလှုပ်ရှားရဲမှာမဟုတ်ဘူး အကုန်လုံးနီးပါးက ထွက်ပြေးနိုင်မည့် နည်းလမ်းကိုဘဲရှာကြမှာ အခုဘဲကြည့်ပါလာ စစ်ကောင်စီတွေက တော်လှန်ရေး တပ်ဖွဲ့တွေ သွေးခွဲနိုင်မည့်နည်းလမ်းကိုဘဲ အဓိကထားပြီး ရှာဖွယ်နေကြတာလည်း ဒီလုပ်ရပ်တွေကို ကြည့်ပြီး စစ်ကောင်စီတပ်တွေက စစ်တိုက်ရဲတဲ့သတ္တိသူတို့မှာမရှိဘူး အထက်အမိန့်ကို မလွန်ဆန် နိုင်လို့သာ စစ်တိုက်ကြတာပါ “ ဟု The Kaladan Post သို့ပြောဆိုသည်။ ကလေးခရိုင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံး Drone တပ်ဖွဲ့ (Wing of Kalay) ထံ အလင်းဝင်လာ သူ လူငယ် ၁၄ ဦး သည် MA-3 လက်နက်ငယ် ၅ လက်၊ MA-1 လက်နက်ငယ် ၂ လက်၊ လက်ပစ် ဗုံး ၉ လုံး၊ ၆၀ မမ လက်နက် ကြီးကျည် ၄ ဖူး၊ အီနာဂါ ၃ လုံး၊ ကျည်ဘောက် ၁၅ ဘောက်နှင့် ၅.၅၆ ကျည် ၁၂၀၀ တောင့်တို့နှင့်အတူ ခိုလှုံလာခဲ့သည်။ ၎င်းတို့အား ပကဖရုံးမှ တစ်ဦးလျှင် ငွေကျပ်သိန်း ၃၀ ဆုတော်ငွေအဖြစ် ချီးမြှင့်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ စစ်အာဏာရှင်များကို ဆက်လက် တိုက်ခိုက်ကြသည်။ ပကဖ Drone တပ်ဖွဲ့သည် ပြည်သူများ၏ ပူးပေါင်းကူညီမှုကို ကျေးဇူးတင်ရှိပြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာရှင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းရန် NUG နှင့် MOD ၏ လမ်းညွှန်မှုဖြင့် အခြားတော်လှန်ရေး တပ်ဖွဲ့များနှင့် ဆက်လက်ပူးပေါင်းတိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) Drone တပ်ဖွဲ့ (Wing of Kalay) သည် ၂၀၂၁ ခုနှစ်မှ စတင်ကာ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် အခြားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အတူ တိုက်ပွဲများစွာ ဆင်နွှဲခဲ့သောတပ်ဖွဲ့ဖြစ်သည်။ ယခုအခါ စစ်ကောင်စီတပ်ဖွဲ့၏ အဓမ္မပေါ်တာဆွဲမှု ကြောင့် တိုင်းရင်းသားလူငယ်များသည် ၎င်းတို့၏ ညွှန်ကြားမှုကို ဆန့်ကျင်ပြီး ပကဖ Drone တပ်ဖွဲ့ထံ အလုံးအရင်းဖြင့် ခိုလှုံလာကြခြင်းဖြစ်သည်။