————————————————————————–
စက်တင်ဘာ ၃
The Kaladan Post
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂ရက်နေ့တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ တော်လှန်ရေးတပ်များ၏ စိုးမိုးနယ်မြေထဲသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲကြောင်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အမှတ် ၂ စစ်ဆင်ရေးနယ်မြေ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ကြီးမြို့အခြေစိုက်တဲ့ စစ်ကောင်စီတပ်များဖြစ်ပြီး ယမန်နေ့ စက်တင်ဘာလ ၂ရက်နေ့က တပ်အင်အား ၁၀၀ခန့်ဖြင့်စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ ဒီစစ်ကြောင်းကိုတိုက်ခိုက်ရာတွင် ဗိုလ်ကြီးတစ်ဦးအပါအဝင် ၈ဦးထက်မနည်းသေဆုံးသွားပြီး သူတို့ဟာ အထိနာတာကြောင့် ကျောက်ကြီးဘက်ကို ပြန်ဆုတ်သွားပါပြီဟု “ The Kaladan Post သို့ပြောဆိုသည်။ ထိုအပြင် အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ငယ် (၇)လက်၊ RPG (၁)လက် နှင့် ခဲယမ်းများနှင့် အခြားစစ်သုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိကြသည်။ အမှတ် ၂ စစ်ဆင်ရေး နယ်မြေ စိုးမိုးနယ်‌‌မြေအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ နဂါးနီတပ်ရင်း(P-29903)၊ အမှတ်(၃၅၀၂) တပ်ရင်း နှင့် KNLA တပ်ရင်း(၈) ပူးပေါင်းတပ်ဖွဲ့တို့က စက်တင်ဘာလ၊ (၂)ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့သည် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးနယ်မြေမှာ အတုအယောင်ရွေးကောက်ပွဲအောင် မြင်စွာ ကျင့်ပနိုင်ရန်အတွက် တပ်အင်အားအများအပြားအသုံးပြုကာ စစ်ကြောင်းထိုးစစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေသည့်အပြင် စစ်မှုထမ်းအတွက် ပြည်သူများကိုပါ ဆက်လက်ဖမ်းဆီးမှုများ လုပ်ဆောင်နေသောကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အနီးကပ်နေထိုင်ခြင်း သွားလာလှုပ်ရှားခြင်းများ မပြုလုပ်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားကြသည်။