ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် ၄ နှစ်ပြည့်အခမ်းအနားမှ တော်လှန်ရေးပန်းတိုင်အတွက် စည်းလုံးညီညွတ်ရန်နှင့် အားကောင်းခိုင်မာသော နိုင်ငံရေး၊ စစ်ရေးမူနှင့် တပ်ပေါင်းစုအား ဖွဲ့စည်းတည်ထောင်နိုင်ရေး ကြိုးပမ်းရမည့် ကာလဖြစ်ကြောင်း တိုက်တွန်း
The Kaladan Post
၂၀၂၅ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက် – ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SAF) ၏ ၄ နှစ်ပြည့် တပ်တော်နေ့ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်တွင် ကျင်းပခဲ့ပြီး တော်လှန်ရေးပန်းတိုင်သို့ အမြန်ဆုံးရောက်ရှိရန် နိုင်ငံရေးနှင့် စစ်ရေးစု စည်းညီညွတ်မှု အားကောင်းစွာ ဆောင်ရွက်ရန် ထုတ်ပြန်တိုက်တွန်းခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသား သမဂ္ဂ၏ ဦးဆောင်မှုဖြင့် နိုင်ငံတဝန်းလုံးရှိ ကျောင်းသား လူငယ်များကို အဓိက အခြေပြုလျက် ကျောင်းသားလက်ရုံဂတပ်တော်ကို စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ပိုမိုအရှိန်အဟုန်ပြင်းစွာ စီးဆင်းလာနေသော တော်လှန်ရေး ဒီရေလှိုင်း တံပိုးများအတွင်း လူထုအား ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရေးကို ရည်ရွယ်ကာ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်အား တဆင့်တိုး ထူထောင်လိုက်သည်ဟု ထုတ်ပြန်ထားပါသည်။
ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်သည် လူထု၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အားပေးမြှင့် တင်ပေးကာ နိုင်ငံတော်တည်ဆောက်ရေးနှင့် မိမိကံကြမ္မာကို မိမိဖန်တီးခွင့်ရရန် ကြိုးပမ်းနေသူ အဖိနှိပ်ခံလူသား အားလုံးအတွက် ရပ်တည်သော တပ်ဦးတရပ်ဖြစ်စေရန် ရည်ရွယ်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊、 ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊ လူသားအခွင့်အရေးနှင့် နိုင်ငံတ်ေသစ်ပေါ်ပေါက်ရေးဟူသော အခြေခံမူဝါဒ (၅) ရပ်ချက်ဖြင့် ထူထောင်သော တပ်တော်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ၄ နှစ်တာ ကာလ တော်လှန်ရေး တပ်တော်တရပ်အဖြစ် သန္ဓေတည် ခိုင်မာလာစေရန် လေ့ကျင့်ကူညီထောက်ပံ့ပေးခဲ့သော တော်လှန်မိတ်ဖက်၊ တော်လှန်ရေး မဟာမိတ် အဖွဲ့အစည်းအသီးသီးနှင့် တပ်တော်ကို ရင်နှစ်သားသဖွယ် ထောက်ပံ့ကျွေးမွေးခဲ့သော လူထုကို ကျေးဇူတင်ကြောင်းနှင့် အဖိနှိပ်ခံလူထု လွတ်မြောက်ရေးကို မျက်နှာမူလျက် အသက်ပေးလှူကျဆုံးခဲ့သော ကျောင်းသားပြည်သူ အသီးသီး၊ အဇာာနည်ရဲဘော်အသီးသီးကိုလည်း အောက်မေ့အလေးပြုကြောင်း ဖော်ပြထားပါသည်။
“တော်လှန်ရေးပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိနိုင်ရေး ယခုထက် ပိုမိုပြီး နိုင်ငံရေး၊ စစ်ရေး စုစည်းညီညွတ်စွာ ဆောက်ရွက်နိုင်ရန်အတွက် အင်မတန် အရေးကြီးသည့် ကာလ”
ကျောင်းသားလက်ရုံးတပ်တော် တဆင့်တိုးထူထောင်ခြင်းမှာ တော်လှန်ရေး အင်အားစုများ အားလုံးအနေဖြင့် လူထုတရပ်လုံး အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ဖော်ထုတ်ကာ တော်လှန်ရေးပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိနိုင်ရေး ယခုထက် ပိုမိုပြီး နိုင်ငံရေး၊ စစ်ရေး စုစည်းညီညွတ်စွာ ဆောက်ရွက်နိုင်ရန်အတွက် အင်မတန် အရေးကြီးသည့် ကာလသို့ ရောက်ရှိလာခြင်းကို အဓိက ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။
ထို့အပြင် လက်ရှိကာလတွင် လူထုတရပ်လုံဂအား အကြမ်းဖက်ရက်စက်သတ်ဖြတ်မှုများနှင့် နိုင်ငံတဝန်းလုံးရှိ လူထုတရပ်လုံဂအား စစ်ကျွန်ပြုနေသော စစ်ကောင်စီ အတွင်းရန် နှင့် အင်အားကြီးနိုင်ငံများမှ ၎င်းတို့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ေရေးအတွက် အကြမ်းဖက်စစ်ကောင်စီအား ထောက်ခံအားပေးနေမှု အပြင်ရန်နှစ်လုံးကို တပြိုင်နက် တွန်းလှန်တိုက်ခိုက်နေရသည့် ကာလဖြစ်သည့်အတွက် တော်လှန်ရေး အင်အားစုများအနေဖြင့် နိုင်ငံရေး၊ စစ်ရေးအရ ကျော်ချင်းကပ် ရင်ချင်းအပ်ထားကာ အားကောင်းခိုင်မာသော နိုင်ငံရေး၊ စစ်ရေးမူနှင့် တပ်ပေါင်းစုအား ဖွဲ့စည်းတည်ထောင်နိုင်ရေး ကြိုးပမ်းရမည့် ကာလဖြစ်ကြောင်း ဖော်ပြထားပါသည်။
သို့သော် တော်လှန်ရေးကြီးအတွက် နိုင်ငံတဝန်းလုံးရှိ ကျောင်းသားလူငယ်များသည် နေရာစုံ ကဏ္ဍစုံမှ လူထုရန်သူ စစ်ကောင်စီအား တော်လှန်တိုက်ခိုက်နေသော်လည်း တော်လှန်ရေး၏ ဦးဆောင်မှုတွင် အဆိုပါကျောင်းသားလူထု၏ အခန်းကဏ္ဍသည် ပျောက်ဆုံးနေသည်ဟု သတိပေး ဖော်ပြထားပါသည်။ ကျောင်းသားလက်ရုံးတပ်တော်သည် လက်ရှိ တော်လှန်ရေးကြီးမှာ ပျောက်ဆုံးလျက်ရှိသော လူငယ်ထု၏ ရိုးသားပြတ်သားစွာ လူထုအကျိုးစီးပွားကို ဖော်ဆောင်နိုင်စွမ်းအားကို အတော်လှန်ရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ထည့်ဝင်နိုင်ရေးကို ဒုတိယရည်ရွယ်ချက်အဖြစ် ထားပြီး နိုင်ငံတဝန်းလုံးရှိ ကျောင်းသားလူငယ်ထု တရပ်လုံး၏ တပ်ဦး/ တပ်တော် ဖြစ်တည်လာနိုင်ရေးအား ကြိုးပမ်းနေကြောင်း လူထုအား ထုတ်ပြန်ချက်မှ အသိပေးထားပါသည်။ ထို့အပြင် ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံး တပ်တော် ၄ နှစ်ပြည် တပ်တော်နေ့ အထိမ်းအမှတ်အား စစ်ဒေသအသီးသီးတွင် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းလည်း ယနေ့ ၂၈.၄.၂၀၂၅ ခုနှစ်တွင် ပြည်သူများအား ထပ်လောင်း အသိပေးထုတ်ပြန် ထားပါသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားကြီးတချို့ အပါအဝင် တော်လှန်ရေးအဖွဲ့အသီးသီးမှ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံး တပ်တော်ထံသို့ ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ပါသည်။ ဤအခမ်းအနားနှင့် ပတ်သက်ပြီး အသေးစိတ်ဆောင်ရွက်ချက်များ သိရှိနိုင်ဖို့ The Kaladan Post မှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမည့် သတင်းတင်ဆက်ချိန်အထိ ဆက်သွယ်နိုင်ခြင်မရှိသေးပေ။