မတ် ၄
The Kaladan Post
ကွယ်လွန်သူ အီရန် အဓိပတိဟောင်း အယာတိုလာ အလီ ခါမေနီ ၏သားဖြစ်သူ မော့ဂျ်တာဘာ ခါမေနီ သည် ဖခင်၏ အရိုက်အရာကို ဆက်ခံကာ အီရန် အစိုးရ၏ အဓိပတိအဖြစ် တင်မြှောက်ခံရရန် အလားအလာအမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်လာကြောင်း သတင်းများအရ သိရသည်။
ခါမေနီသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အစ္စရေးနှင့် အမေရိကန်တို့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ၎င်း၏ နေအိမ်ဗုံးကြဲခံရပြီး ကွယ်လွန်ခဲ့ကြောင်း သတင်းများ ဖော်ပြခဲ့သည်။ လက်ရှိအခြေအနေတွင် အီရန်နိုင်ငံသည် စစ်ရေးတင်းမာမှုများကို အာရုံစိုက်ရင်း တစ်ဖက်တွင်လည်း အဓိပတိအရိုက်အရာ ဆက်ခံရေးကိစ္စကို အရေးပေါ် ဆွေးနွေးညှိနှိုင်းနေရသည်။
မတ်လ ၃ ရက်နေ့ ညနေပိုင်းတွင် ခေါင်းဆောင်သစ် ရွေးချယ်တင်မြှောက်ရေးအတွက် အဓိကတာဝန်ရှိသည့် ဘာသာရေးခေါင်းဆောင်များအဖွဲ့မှ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး မော့ဂျ်တာဘာ ခါမေနီကို အလားအလာအကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
အသက် ၅၆ နှစ်အရွယ်ရှိ မော့ဂျ်တာဘာသည် ဖခင်၏ အာဏာအမွေကို ဆက်ခံနိုင်ခြေ မြင့်မားကြောင်း လုပ်ထုံးလုပ်နည်းများနှင့် နီးစပ်သည့် သတင်းရင်းမြစ် သုံးခုက The New York Times သတင်းဌာနသို့ အသိပေးပြောကြားထားသည်။
ထို့ပြင် အီရန်တွင် ဩဇာအကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်သော Islamic Revolutionary Guard Corps (IRGC) ကလည်း မော့ဂျ်တာဘာကို ထောက်ခံရန် ရွေးချယ်ရေးအဖွဲ့ဝင်များအပေါ် ဖိအားပေးမှုများ ရှိခဲ့ကြောင်း ဆိုသည်။ IRGC သည် ယခင်က ခါမေနီကို သစ္စာခံခဲ့သည့် အင်အားတောင့်တင်းသည့် စစ်ရေးအဖွဲ့ဖြစ်သည်။
သတင်းဌာနအချို့တွင် မော့ဂျ်တာဘာကို အီရန်အဓိပတိအဖြစ် တရားဝင် ရွေးချယ်တင်မြှောက်လိုက်ပြီဟု ဖော်ပြခဲ့သော်လည်း အီရန်အစိုးရဘက်မှ တရားဝင်ကြေညာချက် ထွက်ပေါ်လာခြင်း မရှိသေးပါ။
ယခင်က အစ္စရေးနှင့် အမေရိကန်တို့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်ဟု ထွက်ပေါ်ခဲ့သော အီရန် နိုင်ငံရေးနှင့် စစ်ရေး ထိပ်ပိုင်းပုဂ္ဂိုလ် ၄၀ ကျော်ထဲတွင် မော့ဂျ်တာဘာ၏ နာမည်လည်း ပါဝင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ သို့သော် အဓိပတိသစ် ရွေးချယ်မည့်အချိန်တွင် ဆန်ခါတင်စာရင်းထဲ၌ ၎င်း၏နာမည် ပြန်လည်ပါဝင်လာခြင်း ဖြစ်သည်။
မော့ဂျ်တာဘာသည် ဖခင်ကဲ့သို့ သဘောထားတင်းမာသည့် ကွန်ဆာဗေးတစ် အမြင်ရှိသူအဖြစ် လူသိများပြီး IRGC နှင့်လည်း နီးကပ်သည့် ဆက်ဆံရေးရှိကြောင်း သုံးသပ်ချက်များရှိသည်။ ၎င်းသည် အစိုးရအဖွဲ့အတွင်း တရားဝင်ရာထူး တာဝန်ထမ်းဆောင်ထားခြင်း မရှိသော်လည်း ၂၀၁၉ ခုနှစ်ကတည်းက အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများ ခံခဲ့ရသည်။
ခါမေနီ ကွယ်လွန်သွားပြီးနောက် လက်ရှိအချိန်တွင် အီရန်၏ အုပ်ချုပ်ရေးကဏ္ဍကို ခါမေနီ၏ အနီးကပ်ယုံကြည်ရသည့် လက်ရုံးသုံးဦးပါဝင်သည့် ယာယီကောင်စီတစ်ရပ်က ဦးဆောင်လျက်ရှိသည်။ ခါမေနီ၏ သေဆုံးမှုကြောင့် အီရန်နိုင်ငံတွင် အာဏာလေဟာနယ် ကြီးမားစွာ ပေါ်ပေါက်လာပြီး စစ်ပွဲကာလအတွင်း ထိုနေရာကို အမြန်ဆုံး ပြန်လည်ဖြည့်ဆည်းရန် လိုအပ်နေကြောင်း နိုင်ငံရေး သုတေသီများက ထောက်ပြထားသည်။
ကိုးကား – The New York Times
ဓာတ်ပုံ – Associated Press