ဇူလိုင် ၂၇
The Kaladan Post
ချင်းတော်လှန်ရေး အင်အားစုများအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများရပ်တန့်ကာ အနာဂတ်ချင်းပြည် သစ် တည်ဆောက်ရေးတွင် အရပ်ဘက်ပြည်သူလူထု၏ အသံကို ထင်ဟပ်စေရန် ရည်ရွယ်၍ Chin Civic Movement (CCM) က #ChinSolidarityNow ကမ်ပိန်းကို စတင်လိုက်ပြီဖြစ်သည်။ ယခု ကမ်ပိန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ထားသည့် နောက်ဆုံးရက် သို့မဟုတ် ပါဝင်ရမည့် လူဦးရေ ရာခိုင်နှုန်း ကန့်သတ်ချက်မရှိကြောင်း CCM မှ တာဝန်ရှိသူတစ်ဦးက The Kaladan Post သို့ ပြောကြားသည်။
“Campaign ဟာ ချင်းလူထုရဲ့အသံနဲ့ ပူးပေါင်းပါဝင်မှုကို တတ်နိုင်သမျှ ဖိတ်ခေါ်တာဖြစ်ပြီး လူထုရဲ့ စိတ်ဝင်စားမှုအပေါ်မှာ မူတည်ပါတယ်။ ချင်းအရေးကို အဓိကရည်ရွယ်ပေမယ့် တခြားတိုင်းရင်းသားတွေကလည်း ချင်းအရေးမှာ ကျွန်တော်တို့နဲ့ သဘောထားထပ်တူကျရင် ပူးပေါင်းပါဝင်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။ ထို့အပြင် ချင်းမီဒီယာများသာမက အခြားတိုင်းရင်းမီဒီယာများနှင့် Mainstream Media များကိုလည်း ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ကြောင်း၊ ကမ်ပိန်းတွင် ပါဝင်ရန် အခက်အခဲရှိသူ များအနေဖြင့် CCM ၏ Chat Box တွင် အကူအညီတောင်းခံနိုင်ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်းလည်း သိရသည်။ ကမ်ပိန်းနှင့် ပတ်သက်၍ ချင်းပြည်သူတစ်ဦးက ပြည်တွင်းပြည်ပရှိ ချင်းလူမျိုးအားလုံး၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးပြီး မရှိမဖြစ်လိုအပ်သည်ဟု သုံးသပ်ပြောဆိုသည်။ “ပြည်ပက ချင်းတွေမှာ စွမ်းရည်နဲ့ အရင်းအမြစ်တွေရှိပြီး ပြည်တွင်းက ချင်းတွေမှာတော့ မြေပြင်အတွေ့အကြုံနဲ့ ခိုင်မာတဲ့စိတ်ဓာတ်တွေ ရှိနေတာကို တွေ့ရပါတယ်။ သူတို့က လက်ရှိအခြေအနေတွေကို တကယ်ရင်ဆိုင်နေရတာမို့ လှုပ်ရှားမှုအတွက် အစစ်အမှန်လိုအပ်တဲ့အသံကို ထုတ်ပေးနိုင်တယ်။ ဒီလို ပြည်တွင်းပြည်ပ ပူးပေါင်းမှုကသာ စစ်မှန်တဲ့ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပြီး ထိရောက်တဲ့ လှုပ်ရှားမှု ဖြစ်လာမှာပါ” ဟု ၎င်းက ဆိုသည်။ ဆက်လက်ပြီး ၎င်းက “ပြည်သူအားလုံးပါဝင်လာအောင် ကမ်ပိန်းဦးဆောင်သူတွေအနေနဲ့ အသံမက်ဆေ့ချ်တွေ၊ ဗီဒီယိုတွေ ဖန်တီးပေးဖို့၊ လူမှုကွန်ရက်မှာ တက်ကြွလှုပ်ရှားသူတွေကို နေရာပေးဖို့ လိုအပ်ပါတယ်” ဟု အကြံပြုခဲ့သည်။ ဤကမ်ပိန်း အောင်မြင်ပါက ချင်းမျိုးနွယ်စုများအကြား ယုံကြည်မှု တိုးပွားလာစေမည်ဖြစ်ပြီး မတူညီသော ဒေသအသီးသီးရှိ ချင်းလူမျိုးအချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုခိုင်မာလာမည် ဖြစ်သည်။ ထို့အပြင် ယဉ်ကျေးမှုထိန်းသိမ်းရေး၊ ပညာရေး၊ ဘာသာရေးနှင့် လူမှုရေးကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာနိုင်သည့်အပြင် နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ချင်းလူမျိုးများ၏ တစ်စုတစ်စည်းတည်းသော အသံကို ထိရောက်စွာ ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။