မေးမြန်းသူ- ဆလိုင်း ဒိုခါရ်၊ အယ်ဒီတာချုပ်၊ The Kaladan Post

ဖြေဆိုသူ- ဆလိုင်းပေါလ်၊ အတွင်းရေးမှူး၊ Chinland Council

ဆလိုင်း ဒိုခါရ် –  ဟုတ်ကဲ့ အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်တို့ ဒီThe Kaladan Post အားပေးနေ ကြတဲ့၊ ကြည့်ရှုနေကြတဲ့ ပြည်သူတွေအားလုံးကို ဒီနေ့မင်္ဂလာပါလို့ ပြန်နှုတ်ဆက်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ တွေ့ဆုံဖို့ ဖိတ်ခေါ်တာကတော့ ချင်းလဲန်းကောင်စီရဲ့ အတွင်းရေးမှူးကို ဖိတ်ခေါ်ပြီးမှ ဒီချင်းနိုင်ငံရေးအခြေအနေ၊ အခုလက်ရှိ ချင်းတော်လှန်ရေးအခြေအနေတွေကို ခြုံငုံသုံးသပ်တဲ့ ဆွေးနွေးမှုကို လုပ်ပေးသွားမှာဖြစ်ပါတယ်။ အစအဆုံး ကြည့်ရှုအားပေးကြ ဖို့လည်း ဖိတ်ခေါ်ပါတယ်။ ဆိုတော့ အခုလို ကျွန်တော်တို့ကို အချိန်ပေးတဲ့အတွက် ပထမဦးဆုံး ကျေးဇူးတင်ကြောင်း ပြောပါရစေ။

ဆလိုင်းပေါလ်ကျေးဇူးတင်ပါတယ်။

ဆလိုင်း ဒိုခါရ် –  ဒါဆိုတော့ တစ်ခါတည်းနဲ့ပဲ အခုချင်းလဲန်းကောင်စီရဲ့ နှစ်နှစ်တာနီးပါး ခရီးစဉ် အတွင်းမှာ ဘာစိန်ခေါ်မှု အဓိကကြုံတွေ့နေသလဲပေါ့နော်။ ဒီကြုံတွေ့တဲ့အပိုင်းမှာဆိုရင် လည်း အစ်ကို့ရဲ့ နောက်ခံရဲ့ အခြေအနေနဲ့လည်း ချိတ်ပြီးတော့မှ ဆွေးနွေးပေးသွားပါ။

ဆလိုင်းပေါလ် ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့ အခုဆိုရင် ဇွန်လကုန်တော့မယ်ပေါ့လေ။ ဆိုတော့ ကျွန်တော်တို့ ချင်းလဲန်းကောင်စီဖွဲ့တာက ၂၀၂၃ မှာ ညီလာခံခေါ်ပြီးတော့ ၂၀၂၄ ကနေ စတယ်ဆိုရင် အခု ၂၅ ဇွန်ဆိုတော့ ကျွန်တော်တို့ တစ်နှစ်ခွဲလောက်ကို ကျွန်တော်တို့ သွားနေပြီ။ ဆိုတော့ ဒီကြားထဲမှာ ကျွန်တော်တို့ အဓိကစိန်ခေါ်မှုကတော့ ကျွန်တော်တို့ရဲ့ စစ်ရေး၊ နိုင်ငံရေးနှစ်ခုလုံးကို ကျွန်တော်တို့က ခြုံပြီးတော့ ပြောရမှာပေါ့လေ။ ကျွန်တော်တို့ရဲ့ ဒီ CC ထိန်းချုပ်နယ်မြေလို့ပဲပြောပြော၊ ကျွန်တော်တို့ ချင်းပြည်လို့ပဲပြောပြောပေါ့၊ ဒီအကြမ်းဖက်စစ်ကောင်စီကို ကျွန်တော်တို့ အပြီးပြတ်တိုက်ထုတ်နိုင်ခြင်းမရှိတဲ့ဟာက ကျွန်တော်တို့အတွက် လုပ်ငန်းဆောင်ရွက်မယ့် ကိစ္စတွေမှာရော၊ ကျွန်တော်တို့ ချင်းပြည်သူလူထုတွေ တစ်စုတစ်စည်းတည်း တွေ့ဆုံဆွေးနွေးနိုင်ဖို့၊ တစ်စုတစ်စည်းတည်း အုပ်ချုပ်ရေးဖော်ဆောင်နိုင်ဖို့ဆိုတဲ့ဟာမှာ ဒီအကြမ်းဖက်စစ်ကောင်စီက အခု ဒီဟားခါးမြို့မှာ ရှိသေးတယ်၊ မြို့တော်မှာ ရှိနေသေးတယ်၊ ထန်တလန်မှာ ရှိတယ်၊ ပြီးတော့ တီးတိန်မှာ ရှိတယ်ပေါ့လေ။ ဆိုတော့ အဲ့လိုဟာမျိုးအခြေအနေလည်း ဖြစ်နေသေးတဲ့အချိန်ကျတော့ ကျွန်တော်တို့ ချင်းပြည်တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ အုပ်ချုပ်ရေးတစ်ခု ဖော်ဆောင်နိုင်ဖို့အတွက် ခက်ခဲရှိတော့ ကျွန်တော်တို့အတွက် အဲ့ဒီဟာလည်း စိန်ခေါ်မှုတစ်ခုဖြစ်တယ်။ နိုင်ငံရေးအရ ကျွန်တော်တို့ ပြောမယ်ဆိုရင်လည်း အခုချင်းရဲ့ နိုင်ငံရေးအရ သိတဲ့အတိုင်းပဲ ဒီကောင်စီနှစ်ခု ဖြစ်နေတယ်ပေါ့နော်။ အဲ့လိုဖြစ်နေတဲ့အခြေအနေမှာ ကျွန်တော်တို့ ကြားထဲမှာ တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့အရာမှာလည်း အကြမ်းဖက်စစ်ကောင်စီကို အပြီးပြတ်ကျွန်တော်တို့ ခြေမှုန်းနိုင်သေးတဲ့ အခြေအနေမဟုတ်တော့ ကျွန်တော်တို့ စစ်ရေးဘက်ကို ပိုပြီးတော့ အားပေးပြီး ဆောင်ရွက်ရတဲ့အချိန်မှာ နိုင်ငံရေးဘက်မှာ ကျွန်တော်တို့ စုစည်းမှုကို နည်းနည်းပိုပြီးတော့ မြှင့်တင်လို့မရနိုင်သေးဘူးလို့ ကျွန်တော်တို့ ပြောရမှာပေါ့လေ။ ဆိုတော့ အဲ့ဒီအခြေအနေလေးတော့ ကျွန်တော်တို့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒါ ယေဘုယျအားဖြင့် ကျွန်တော် ဒီလောက်ပဲပြောချင်ပါတယ်။

ဆလိုင်း ဒိုခါရ် –  ဟုတ်ကဲ့ အဲ့ဒီမှာ ဒီစိတ်ဝင်စားစရာကောင်းတာက ဒါစစ်ရေးကဏ္ဍမှာဆိုရင် စီစီဘက်ကော၊ စီဘီဘက်ကော အောင်မြင်မှု တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စဉ်းစားမယ်ဆိုရင် အများကြီးရတယ်လို့ ဆိုလို့ရတာပေါ့နော်။ သို့သော်တစ်ဖက်မှာ နိုင်ငံရေးကဏ္ဍပိုင်းမှာ နှစ်ဖက်ပုံစံမျိုးဖြစ်သွားတဲ့အခါကျတော့ စိန်ခေါ်မှုရှိတယ်။ ဆိုတော့ ဒီထဲမှာ ကျွန်တော်တို့ သတိထားမိတာက လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ချင်းလဲန်းကောင်စီက ဖွဲ့စည်းပုံအပေါ်မှာ ပိုမိုအားဖြည့်မှုကဏ္ဍတစ်ချို့ကို ပြုပြင်ပြောင်းလဲလာတာရှိတယ်။ ဘာရည်ရွယ်ချက်က အဓိက ဘယ်လိုအခြေအနေကြောင့် ဒီဖွဲ့စည်းပုံပြင်ဆင်မှုတချို့ကို လုပ်ဆောင်ရသလဲဆိုတဲ့ ဟာလေး ကို အများပြည်သူသိအောင် ဆွေးနွေးပေးလို့ရမလားခင်ဗျ။

ဆလိုင်းပေါလ်ကျွန်တော်တို့ ဒီဖွဲ့စည်းပုံအခြေခံပြင်ဖို့က သိတဲ့အတိုင်းပဲ ဒီကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့ကာလရော၊ ဒီတော်လှန်ရေးကာလဖွဲ့စည်းပုံလည်း ဖြစ်နေ တယ်ပေါ့လေ။ ကျွန်တော်တို့ရဲ့ ဒီ CC ရဲ့ ဖွဲ့စည်းပုံလို့ပဲပြောပြော၊ ကျွန်တော်တို့ ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်တော်တို့ ကြည့်တဲ့အချိန်မှာ ကျွန်တော်တို့က ဒီဟာပြင်ဆင်တဲ့အချိန်မှာ တချို့ကတော့ စာသားပြင်တဲ့ဟာတွေ ဥပဒေရဲ့ လုပ်ထုံးရေး ထုံးလေးတွေ ကျွန်တော်တို့ ပြင်တဲ့ဟာတွေရှိပါတယ်။ ဒါပေမဲ့ တချို့ပုဒ်မတွေမှာကျတော့ ဥပမာအားဖြင့် ပြောမယ်ဆိုရင်တော့ ဒီကိုယ်စားလှယ်အပိုင်းတွေမှာ တိုးလျှော့လုပ်တဲ့ အပိုင်းတွေ ကျွန်တော်တို့ ရှိတယ်ပေါ့လေ။ ဆိုတော့ အဲ့ဒီအပိုင်းတွေလည်း ကျွန်တော်တို့ ပြင်ခဲ့တာဖြစ်တယ်။ ဒါက ကျွန်တော်တို့ ဒီတော်လှန်ရေးကာလမှာ ဖြစ်သင့်တယ်၊ ကျွန်တော်တို့က သွားရင်းနဲ့ လုပ်ရင်းနဲ့ ဒီဟာတွေကို ပေါ်လာတယ်ပေါ့လေ၊ ဒီ issue တွေ၊ constitution ရဲ့ အားနည်းချက်လို့ ပြောမလား၊ ကျွန်တော်တို့ အစမှာ ဒီဟာလေးတော့ ဒီလိုလေးသွားကြည့်မယ်ပေါ့။ သွားကြည့်ရင်းနဲ့ လိုအပ်တဲ့ဟာတွေ ရှိတဲ့အချိန်ကျရင် ကျွန်တော်တို့ ပြင်ဆင်ဖို့အတွက်ကတော့ အမြဲတမ်းအဆင်သင့်ရှိနေပြီးသားပဲ။ ကျွန်တော်တို့ ဒီဖွဲ့စည်းပုံကို အတည်ပြုတဲ့အချိန်ကစပြီးတော့။ ဒါပေမဲ့ ကျွန်တော်တို့ ဒီပြင်ဆင်လိုက်တဲ့ ဟာက ကျွန်တော်တို့ ချင်းတွေအားလုံး စုစည်းဖို့ ရည်ရွယ်ချက်နဲ့ ပြင်တယ်လို့ပဲ ပြောပြော ပေါ့လေ။ ဒါပေမဲ့လည်း ကျွန်တော်တို့ အဲ့လိုပြောရင်လည်း ပြည့်စုံကောင်း ပြည့်စုံနိုင်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေလို့ပြောတဲ့အချိန်မှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်ပတ်သက်တဲ့ ဒီချင်းရပ်ဝန်းပေါ့လေ၊ ကျွန်တော်တို့ ဥပမာအားဖြင့် အစုအဖွဲ့သုံးခုရှိတယ်၊ ဆီးနိတ်ရှိတယ်၊ မြို့နယ်ဒေသရှိတယ်၊ MP ရှိတယ်။ လိုအပ်ချက်တွေရှိတဲ့ ပုဒ်မတွေမှာကတော့ ကျွန်တော်တို့ ဘယ်အစုအဖွဲ့အတွက်ဆိုတဲ့ ဟာမျိုးကတော့ ကျွန်တော်တို့ ရည်ရွယ်ပြီးတော့ ပြင်တာတော့ မဟုတ်ဘူး။ ဒါကတော့ ကျွန်တော်တို့ ချင်းတွေရဲ့ လက်ရှိတော်လှန်ရေးမှာ ဒီကဏ္ဍကတော့ ဒီလောက်ဖြစ်သင့်တယ်၊ ဒီအစုအဖွဲ့ကတော့ ဒီလောက်ဖြစ်သင့်တယ်၊ ဥပမာ လွှတ်တော်ပိုင်းဆိုရင်တော့ MP အစုအဖွဲ့ကတော့ လွှတ်တော်ပိုင်းမှာ ဖြစ်သင့်တယ်ဆိုတဲ့ဟာလိုမျိုး ကျွန်တော်တို့က ဒီတော်လှန်ရေးကာလမှာ ဖြစ်သင့်ပါတယ်ဆိုတဲ့ဟာလိုမျိုးကိုတော့ အမြဲတမ်းပြင်ဆင်ဖို့ အဆင်သင့်ရှိတယ်၊ ဘယ်ပုဒ်မကိုမဆိုပေါ့လေ။ ဒါကတော့ ကျွန်တော်တို့ အတိအလင်း ပြောလို့ရတယ်။

ဆလိုင်း ဒိုခါရ် –  ဆိုတော့ ဆရာတို့ ဒီတစ်နှစ်ခွဲကျော်လုပ်လာတဲ့အချိန်မှာ ဒါပြည်သူ့ဝန်ဆောင်မှု ပိုင်း၊ ကိုယ်ပြောမယ်ဆိုရင်တော့ ဒါဒီမတိုင်ခင်မှာ ICNCC၊ CJDC ဆိုပြီးမှ ရှိလာခဲ့တယ်။ ဒါပေမဲ့ ဒီအားနည်းချက်တွေ ရှိလာလို့ ချင်းလဲန်းကောင်စီဆိုတဲ့ဟာမျိုးလည်း ဖွဲ့လာကြတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အားလုံးသဘောမတူညီတဲ့အခါကျတော့ ပြန်ကွဲတာမျိုးတွေရှိတယ်။ သို့သော် အဲ့ဒီမှာ ကျွန်တော် key point အနေနဲ့ မေးချင်တာ ဖွဲ့စည်းပုံအနေနဲ့ သွားရခြင်းရဲ့ ကောင်းကျိုးနဲ့ နည်းနည်းအားနည်းချက်ပုံစံလိုမြင်တဲ့အပိုင်းလေး တစ်နှစ်ကျော်အထိ ခရီးစဉ် ကို အခြေခံပြီးတော့မှ ကောင်းကျိုးဆိုးကျိုးလေး နှိုင်းယှဉ်ပေးပြီးတော့မှ ပြည်သူတွေ ပိုနားလည်အောင် ဆွေးနွေးပေးလို့ရမလား။

ဆလိုင်းပေါလ်ကျွန်တော်တို့ ဒီ ICNCC ကတည်းက စပြီးပြောရရင်တော့ တော်တော်လေးတော့ ရှည်သွားမှာပေါ့။ ပြီးတော့ ဒီကျွန်တော်တို့ ICNCC၊ CJDC ကနေစပြီးတော့ ဒီချင်းရဲ့ ဒီ charter လို့ပဲပြောပြော၊ ကျွန်တော်တို့ပြောရရင်တော့ ဒီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းလို့ပဲ ကျွန်တော်တို့ ပြောမလား၊ ဆိုတော့ ပဋိညာဉ်လို့ ကျွန်တော်တို့သုံးကြတာပေါ့။ ဆိုတော့ အမျိုးမျိုး ကျွန်တော်တို့ ဒီတော်လှန်ရေးကာလမှာ ဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ချင်းပြည်အဆင့် စုပေါင်းပြီးတော့ အုပ်ချုပ်ရေးစနစ်တစ်ခုဟာလိုမျိုး ဖော်ဆောင်မယ် ဆိုရင်ပေါ့။ ဆိုတော့ ကျွန်တော်တို့က ဒီ constitution ဆိုတဲ့ဟာကိုလည်း အစမှာ တော်တော်များများ ကျွန်တော်တို့ကြားထဲမှာ ဆွေးနွေးဖြစ်ကြပါတယ်။ သို့သော် ကျွန်တော်တို့ ဆွေးနွေးရင်းနဲ့ ဒီ constitution ဆိုတဲ့ဟာက cover ပေါ့လေ၊ ဒီဖုံးစာမျက်နှာမှာပဲ constitution လို့ ကျွန်တော်တို့ တပ်ထားတာဖြစ်တယ်။ ပြီးတော့ တော်တော်များများ အခြေခံမူတို့ ဘာတို့ကတော့ အနှစ်သာရအားဖြင့် တော်တော်လေး ပြည့်စုံတယ်။ သို့သော် အထဲမှာ ကျွန်တော်တို့ ရေးထားတဲ့ တော်တော်များများရဲ့ ပုဒ်မတွေက ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင်တော့ charter အဆင့်လောက်ရှိတဲ့ဟာများတယ်။ ပြီးတော့ ကျွန်တော်တို့က အဲ့ဒီရေးထုံးတွေကို ကျွန်တော်တို့ကြည့်တဲ့အချိန်မှာ ဒါက ဖွဲ့စည်းပုံလို့လည်း ကျွန်တော်တို့ ပြောလို့ရတယ်၊ တစ်ဖက်မှာလည်း charter အဆင့်ပဲလို့လည်း ကျွန်တော်တို့ သတ်မှတ်လို့ ရတဲ့ပုံစံမျိုး ဖြစ်နေတယ်ပေါ့လေ။ ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေလို့ ကျွန်တော်တို့ သုံးလိုက်ရင် သုံးလိုက်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်တဲ့အချိန်မှာ တော်လှန်ရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေလို့ ကျွန်တော်တို့လုပ်ရအောင်။ ဘာလို့ဆိုရင်တော့ ကျွန်တော်တို့ ဒီပြုလွယ်ပြင်လွယ်အောင်ဆိုတဲ့ ပုံစံမျိုးတော့ ကျွန်တော်တို့အနေနဲ့ ကြားထဲမှာ ဒီသဘောထားလေးတွေ ယူကြတာပေါ့။ ဆိုတော့ ဖွဲ့စည်းပုံနဲ့သွားလို့ ကျွန်တော်တို့ အားသာချက်ဘယ်လောက်ရှိလဲ၊ ဖွဲ့စည်းပုံနဲ့သွားလို့ ဘယ်လောက်အထိ ဒီအားနည်းချက်တွေ ရှိသလဲဆိုရင်တော့ ဖွဲ့စည်းပုံမှာ ပြဌာန်းထားတဲ့ ဒီပုဒ်မတွေအပေါ်အခြေခံပြီးတော့ ကျွန်တော်ကတော့ အများကြီးအားနည်းတယ်၊ အားသာတယ်ဆိုတဲ့ဟာမျိုး မငြင်းခုံချင်ဘူး။ တကယ့်တကယ်ဒီဖွဲ့စည်းပုံထဲမှာရှိတဲ့ ပုဒ်မအလိုက်၊ အပိုဒ်အလိုက် ဘယ်လောက်အထိ ကျွန်တော်တို့က အကောင်အထည်ဖော်နိုင်သလဲ၊ ပြီးတော့ ဒီဟာတွေအပေါ်မှာ အကောင်အထည်ဖော်တဲ့အချိန်မှာ ပြည်သူလူထုတွေနဲ့ ဘယ်လောက်အထိ လိုက်လျော ညီထွေမှုရှိသလဲ၊ ကျွန်တော်တို့ ချင်းတွေရဲ့ ဒီအနေအထားနဲ့ ဒီဖွဲ့စည်းပုံနဲ့ ဘယ်လောက်အထိ ကိုက်ညီသလဲဆိုတဲ့ဟာအပေါ်မှာပဲ ကျွန်တော်ကတော့ သုံးသပ်ချင်တယ်။ ဆိုတော့ ကျွန်တော်တို့မှာ အများကြီးကောင်းတဲ့ constitution ကို ဘယ်လောက်ပဲရေးရေး ကျွန်တော်တို့ လက်တွေ့ဒီချင်းရဲ့ အနေအထားနဲ့ ကျွန်တော်တို့ ကာလလိုက်လျောညီထွေ အောင် မကျင့်သုံးနိုင်ဘူး၊ မဆောင်ရွက်နိုင်ဘူးဆိုရင်တော့ အဲ့ဒီ constitution ကလည်း ကျွန်တော်တို့အတွက်ကတော့ အားနည်းချက်ဖြစ်သွားမှာပေါ့။ ဆိုတော့ ခုနကလိုပဲ constitution မရှိဘဲနဲ့ ကျွန်တော်တို့ ဒီစည်းမျဉ်းလောက်၊ ဒီ charter လို့ပြောမလား၊ အဲ့လောက်ကျွန်တော်တို့ ကျင့်သုံးပြီးတော့ ဒါကိုကောင်းကောင်းမွန်မွန် ကျစ်ကျစ်လျစ်လျစ်နဲ့ ကျွန်တော်တို့ ကျင့်သုံးနိုင်တယ်ဆိုရင်တော့ လက်ရှိချင်းမှာ၊ ချင်းပြည်မှာ အုပ်ချုပ်ရေး၊ ပြီးတော့မှ public service ပဲရှိတာကိုး။ ဆိုတော့ ဒီဟာတွေကို အကောင်အထည်ဖော်တဲ့ အချိန်တော့ အများကြီး လက်တွေ့အကောင်အထည်ဖော်တဲ့အပိုင်းမှာပဲ ဘယ်လောက်အထိ အဲ့ဒီပုဒ်မ ဥပဒေမှာပါတဲ့အတိုင်း ကျွန်တော်တို့က ပြည်သူလူထုတွေကို ဦးဆောင်လမ်းညွှန် နိုင်တယ်ဆိုတဲ့အပေါ်ကိုပဲ သုံးသပ်မိပါတယ်။

ဆလိုင်း ဒိုခါရ် –  ဟုတ်ကဲ့ ဆိုတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သွားတဲ့နေရာမှာ စောနကခြုံငုံပြီး တော့မှ အားနည်းချက်၊ အားသာချက်တော့ ပြောပြီးပြီ။ ဆိုတော့ ပိုမိုတိကျအောင် ဌာန အလိုက် အကောင်အထည်ဖော်မှုအပိုင်းမှာ တစ်ခုခုလုပ်တော့မယ်ဆိုရင် ပိုမိုထိရောက်အောင် နဲ့ တိကျသေချာအောင် ပံ့ပိုးကူညီမှုပေးသလားပေါ့ အဲ့ဒီအပိုင်း။ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ပေးပါဦး။

ဆလိုင်းပေါလ်ဟုတ်ကဲ့၊ ကျွန်တော်တို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်တော်တို့ ချင်းလဲန်း ကောင်စီဆိုတာက နိုင်ငံရေးအရ ဦးဆောင်တဲ့အဖွဲ့အစည်းဖြစ်တယ်ပေါ့လေ။ ပြီးတော့ ကျွန်တော်တို့ ဒီ policy making လုပ်တဲ့နေရာလည်းဖြစ်တယ်၊ decision လုပ်ရတဲ့နေရာ လည်းဖြစ်တယ်။ နိုင်ငံရေးအရ မူဝါဒတွေချမှတ်တဲ့နေရာဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ မူဝါဒချမှတ်တဲ့ဟာကို ဥပမာအားဖြင့် အစိုးရဌာနဆိုင်ရာအလိုက် ကျွန်တော်တို့က ဥပမာ ပညာရေးနဲ့သက်ဆိုင်တဲ့ ဒီ policy တို့၊ ဥပမာ တခြား humanitarian နဲ့ ပတ်သက်တဲ့ဟာ တွေတို့၊ ဒီဟာတွေနဲ့ပတ်သက်တဲ့ဟာတွေက ကောင်စီက ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ ကျွန်တော်တို့ သက်ရောက်မှုက အောက်ခြေထိလို့ ကျွန်တော်တို့ပြောမလား၊ ဒီဝန်ထမ်းအထိ ကျွန်တော်တို့ သက်ရောက်မှုရှိတယ်။ အလားတူပဲ ကျွန်တော်တို့ ချင်းလဲန်းကောင်စီကတော့ ခုနကဖွဲ့စည်းပုံအရ ကျွန်တော်တို့မှာက ကောင်စီကတော့ ဦးဆောင်လမ်းညွှန်ရတာကိုး ဒီမဏ္ဍိုင်ကြီးသုံးရပ်ကို။ လွှတ်တော်ကော၊ အစိုးရကော၊ ဒီတရားလွှတ်တော်ချုပ်ကော ဆိုတော့ ဦးဆောင်လမ်းညွှန်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ ဥပမာအားဖြင့် negotiation တစ်ခုခုကို သွားပြီးတော့မှ ဆွေးနွေးရတာမျိုးမှာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ ဒီနိုင်ငံတကာဆက်သွယ်ဆောင်ရွက်တဲ့နေရာမှာပဲဖြစ်ဖြစ်ပေါ့၊ ဒီ INGO, NGO နဲ့ ဆက်သွယ်ဆောင်ရွက်တဲ့နေရာတွေမှာဆိုရင်လည်း mandate အရ ကျွန်တော်တို့မှာ ပေးထားတဲ့ ကော်မတီပဲပြောပြော၊ ပုဂ္ဂိုလ်တစ်ဦးချင်းစီသော်လည်းကောင်း mandate ရှိတယ်ပေါ့ ကျွန်တော်တို့က။ အဲ့ဒီပြောလိုက်တဲ့ဟာက ကျွန်တော်တို့အဖွဲ့ကို ကိုယ်စားပြု တယ်။ ဆိုတော့ အဲ့ဒီဟာလေးတော့ ကျွန်တော်တို့အတွက် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာရတာပေါ့၊ ဒီစောင့်ထိန်းလိုက်နာရတဲ့အတွက်ကြောင့်မို့လို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ရှိထားတာတော့ ကျွန်တော်တို့အတွက် အဖွဲ့ဝင်ထဲမှာ ပိုပြီးတော့ ကျစ်လျစ်မှုတော့ရှိတာ ပေါ့လေ ကျွန်တော်တို့ အလုပ်လုပ်တဲ့ဒီမှာ၊ ပူးပေါင်းဆောင်ရွက်မှုပိုင်းမှာ ဒီအားသာချက် တွေတော့ များပါတယ်။

ဆလိုင်း ဒိုခါရ် –  ဟုတ်ကဲ့ ဒါဆိုရင် ကျွန်တော်တို့က စနစ်တစ်ခုကို သွားနေတဲ့အခါကျတော့ အခုချင်းလဲန်းကောင်စီက ချင်းပြည်တစ်ခုလုံးကို လွှမ်းခြုံမှုပိုင်းမှာ ဘယ်လိုပဲစိန်ခေါ်မှုရှိရှိ စနစ်တစ်ခုကို စမ်းလုပ်ကြည့်တဲ့ပုံစံမျိုးဖြစ်နေတဲ့အခါကျတော့ ဒီစနစ်တစ်ခုစမ်းလုပ်ကြည့်မှု ရဲ့ စိန်ခေါ်မှုကဘယ်လိုလဲ။ ဥပမာ ကျွန်တော်တို့ အခု CC နဲ့ CB ဟာမျိုးတွေပြန်ပေါင်းပြီး တော့မှ စနစ်တစ်ခုကို အားလုံးလက်ခံပြီးတော့မှ စမ်းလုပ်ကြည့်မယ်ဆိုရင် အချိန်ယူဖို့လိုမ လား။ အဲ့ဒီအပေါ်မှာ ဘာတွေကြိုတင်ပြင်ဆင်ဖို့လိုသလဲ။

ဆလိုင်းပေါလ်ကျွန်တော်ရှေ့မှာလည်း ပြောထားသလိုပဲ စိန်ခေါ်မှုတွေပြောရရင်တော့ အများကြီးပဲ။ စနစ်တစ်ခုကို ကျွန်တော်တို့က စပြီးတော့ ကိုယ့်ဟာကိုယ် အကောင်အထည် ဖော်နေရတာဖြစ်နေတာကိုး။ ဆိုတော့ ဒါကတော့ ကျွန်တော်တို့ ချင်းတွေရဲ့ ပကတိပါပဲ။ ဆိုတော့ အဲ့ဒီဟာကို CB နဲ့ CC ပေါင်းပြီးတော့ ကျွန်တော်တို့ ယန္တရားတစ်ခု၊ ဥပမာအားဖြင့် အစိုးရတစ်ခုဖြစ်ဖြစ်၊ အုပ်ချုပ်ရေးကောင်စီတစ်ခုပဲဖြစ်ဖြစ် ကျွန်တော်တို့ ဖွဲ့ပြီးတော့လုပ်မယ် ဆိုရင်တော့ အတွေ့အကြုံလို့ပြောမလား၊ ပြီးတော့ ဒီလုပ်ထားပြီးတဲ့ CB ဘက်မှာလည်း အုပ်ချုပ်ရေးတွေ၊ စစ်ရေးနိုင်ငံရေးအများကြီး သူတို့လည်း ဆောင်ရွက်နေတာဆိုတော့ တစ်ဖက်မှာလည်း ဒီတော်လှန်ရေးကာလအစိုးရကိုလည်း ဒီ CC ကတော့ ဖွဲ့စည်းပြီးတော့ run နေတဲ့ဟာတွေရှိတယ်။ တော်တော်လေးတော့ အဲ့ဒီမှာလည်း သင်ယူရတဲ့ဟာတွေ၊ ပြီးတော့မှ စိန်ခေါ်မှုတွေအများကြီးကြုံရတယ်။ ဆိုတော့ အချိန်ယူရမလားဆိုတော့ ကျွန်တော်ကတော့ အချိန်ယူရပါလိမ့်မယ်။ ဘာလို့ဆိုရင်တော့ ကျွန်တော်တို့ရဲ့ human resource၊ ကျွန်တော်တို့မရှိဘူး၊ ပြီးတော့ ဒီ financial resource မရှိဘူး၊ ကျွန်တော်တို့မှာ တကယ် ပြောမယ်ဆိုရင်တော့ အဲ့ဒီဟာတွေက ကျွန်တော်တို့အတွက် တကယ်အခက်အခဲဆုံးပဲ။ ကျွန်တော်တကယ်ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့မှာ လူ့အရင်းအမြစ်နဲ့ ဒီဘဏ္ဍာရေး အရင်းအမြစ်မရှိဘူးဆိုရင် တော်တော်လေးတော့ အခက်အခဲရှိတယ်။ ပြီးတော့ အစုအဖွဲ့မှု တစ်ခုကို လုပ်လိုက်၊ လုပ်လိုက်တိုင်း၊ လုပ်လိုက်တိုင်းမှာ စိန်ခေါ်မှုကတော့ ကျွန်တော်တို့ အမြဲတမ်း နှစ်မျိုးပုံစံနဲ့ ကျွန်တော်တို့က မြင်ကြုံတွေ့ရတယ်။ ပထမတစ်ချက်ကတော့ ဒီကျွန်တော်တို့ စုဖွဲ့လိုက်တဲ့ အစုအဖွဲ့ထဲမှာ စိန်ခေါ်မှုရှိလာမှာပဲ။ ဒါကတော့ အစုအဖွဲ့တစ်ခုဖြစ်လာတဲ့အတိုင်းမှာ။ ကျွန်တော်တို့ ချင်းပြည်တစ်ခုလုံးကို တကယ်လို့ CB CC ပေါင်းစည်းပြီးနောက်ပိုင်းမှာတောင်မှ အဲ့ဒီထဲမှာ ကျွန်တော်တို့ ယန္တရားတည်ဆောက်တဲ့ အချိန်မှာ စနစ်တစ်ခုကို လည်ပတ်တဲ့အချိန်မှာ အဲ့ဒီစုဖွဲ့မှုကောင်စီတစ်ခုပဲဖြစ်ဖြစ်၊ အဖွဲ့တစ်ခု ပဲဖြစ်ဖြစ် အဲ့ဒီစုဖွဲ့မှုအောက်မှာတော့ ဒါအတွင်းဘက်စိန်ခေါ်မှုပေါ့လေ။ အဲ့ဒီဟာကိုလည်း ကျွန်တော်တို့က ကျော်လွှားနိုင်ရမယ်။ ပြီးတော့ ပြင်ပစိန်ခေါ်မှုလို့ပြောတဲ့အချိန်မှာလည်း ကျွန်တော်တို့ ချင်းရဲ့ ပြင်ပစိန်ခေါ်မှုတွေကိုလည်း ကျွန်တော်တို့က ထပ်ပြီးတော့ ကြုံရမှာပေါ့။ ပြည်နယ်တစ်ခုဖြစ်တယ်၊ federal state တစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ပြောရင်လည်း တခြားပြင်ပတွေနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့အချိန်မှာဖြစ်ဖြစ်၊ ကျွန်တော်တို့ alliance လုပ်တဲ့နေရာမှာဖြစ်ဖြစ်၊ ပြီးတော့ နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့နေရာမှာဖြစ်ဖြစ် ဒီဟာတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို၊ ဖိအားတွေကိုလည်း ကျွန်တော်တို့က အများကြီးစိန်ခေါ်ရဦးမှာဆိုတော့ ကျွန်တော်တို့အနေနဲ့ ဒီစနစ်တစ်ခုအောက်မှာ အပြောင်း အလဲတစ်ခုလုပ်တိုင်းလုပ်တိုင်းမှာတော့ ချက်ချင်းကြီးတော့ အသားကျမှာမဟုတ်ဘူးဆိုတဲ့ ဟာတော့ ကျွန်တော်တို့ ကြုံတွေ့ရတဲ့အတွေ့အကြုံအရ ပြောလိုတယ်။ အချိန်ယူပြီးတော့ ကျွန်တော်တို့ နားလည်မှု၊ ယုံကြည်မှု၊ ပြီးတော့ ဒီထက်ကောင်းနိုင်တဲ့စနစ်တစ်ခုကို ဖော်ဆောင်နိုင်ဖို့အတွက်ဆိုရင်တော့ အချိန်တော့ယူရပါလိမ့်မယ်။

ဆလိုင်း ဒိုခါရ် –  ဆိုတော့ အခုဒီစနစ်တစ်ခု၊ အသစ်တစ်ခု ကျွန်တော်တို့ ဖော်ဆောင်တဲ့အချိန်မှာ လောလောဆယ်ချင်းပြည်အဆင့်ကို ဗဟိုလို့သတ်မှတ်မယ်ပေါ့။ ဗဟိုအဆင့်ရှိမယ်၊ ဒီဖက်ဒရယ် unit အလိုက်ရှိမယ်။ မြို့နယ်ပဲခေါ်ခေါ်၊ မျိုးနွယ်စုပဲခေါ်ခေါ်၊ ပြီးတော့ အောက်ခြေတကယ့်ကျေးလက်ဒေသအဆင့်တွေက အဆင့်ဆင့်သော အုပ်ချုပ်ရေးကြီးတွေ ရှိတယ်။ ဆိုတော့ ဒီအပေါ်မှာ ဆရာတို့တစ်နှစ်ကျော်ခွဲအထိကို မူဝါဒတွေလည်း အကောင် အထည်ဖော်ကြည့်တယ်၊ စမ်းကြည့်တယ်၊ အဲ့လိုမှာ စိန်ခေါ်မှုများစွာ ကြုံနေတဲ့နေရာမှာ တောင်မှ ဒီလောက်ခက်ခဲတယ်ပေါ့နော်။ ချင်းတစ်ခုလုံးကိုတောင် လွှမ်းမခြုံသေးဘူး၊ ဒီလောက်ခက်ခဲတယ်။ ချင်းပြည်အားလုံးကို လွှမ်းခြုံဖို့ ပိုပြီးတော့ ခက်ခဲမယ်။ ဆိုတော့ ကျွန်တော်တို့ စစ်ရေးရလဒ်က မနက်ဖြန်ပြီးပါစေ၊ ဒီစနစ်အုပ်ချုပ်ရေးရလဒ်မှာ များစွာ စိန်ခေါ်မှုကြုံနိုင်သေးတယ်ဆိုတဲ့သဘောလား။

ဆလိုင်းပေါလ်လက်ရှိကျွန်တော်တို့ ချင်းမှာ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင်တော့ ဒေသန္တရ အုပ်ချုပ်ရေးကောင်စီတွေ ကျွန်တော်တို့ ရှိလာကြတာကိုး။ ဒါကတော့ ကျွန်တော်အုပ်ချုပ်ရေး လို့ပြောပြော၊ နိုင်ငံရေးအရ သူတို့ကတော့ ဒီအကျုံးဝင်မှုတစ်ခုဖြစ်သွားတာကိုး။ ဆိုတော့ ဒီလိုမျိုးအောက်ခြေကနေ အုပ်ချုပ်ရေးအဆင့်လိုက် ကျွန်တော်တို့ ဒီမျိုးနွယ်စုကို ဘယ်အခြေခံလည်းပဲပြောပြော၊ ဒါကတော့ ကျွန်တော်တို့ရဲ့ ဒီမျိုးနွယ်စု ဒေသန္တရပေါ့။ ဆိုတော့ အဲ့လိုမျိုးလေးတွေ ဒီချင်းပြည်အဆင့်အထိ ကျွန်တော်တို့ စုစည်းလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ CC အနေနဲ့ ပြောမယ်ဆိုရင်တော့ မူဝါဒကျွန်တော်တို့ ချမှတ်တယ်မှန်တယ်၊ ပြီးတော့ အုပ်ချုပ်ရေးဥပဒေပေါ့လေ၊ ဒီအုပ်ချုပ်ရေးဥပဒေလည်း ဒေသန္တရအုပ်ချုပ်ရေးဥပဒေ လည်း ကျွန်တော်တို့ အတည်ပြုနိုင်ခဲ့တယ်။ သို့သော် ကျွန်တော်တို့ တော်တော်လေး ဒီချင်းပြည်အဆင့်နဲ့ ဒေသန္တရအဆင့်နဲ့ ဒီအုပ်ချုပ်ရေးလင့်ခ်ချိတ်တဲ့ဟာက တော်တော်လည်း ခက်ခဲဖြစ်တယ်။ ဘာလို့ခက်ခဲဖြစ်လဲဆိုတော့ တကယ့်တကယ်လက်ရှိဒီမြေပြင်မှာလည်း ပြည်သူတစ်ဦးချင်းစီကနေပြီးတော့မှ မဲပေးပြီးတော့မှ ဒီရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးမှူး ဆိုတာ ကျေးရွာလောက်မှာပဲ ကျွန်တော်တို့လုပ်နိုင်တာကိုး။ ဆိုတော့ ဒီဒေသန္တရအဆင့် ကျေးရွာသုံးလေးငါးဆယ်လောက်အဆင့်တောင်မှ ဒီအုပ်ချုပ်ရေးကိုယ်စားလှယ်တွေ ကျွန်တော်တို့ မရွေးချယ်နိုင်ဘူး။ အုပ်ချုပ်ရေးဆိုတာ ကျွန်တော်တို့ နိုင်ငံရေးအရ အကျုံးဝင်တဲ့ ကိုယ်စားလှယ်ဖြစ်သွားမှာပေါ့။ ဆိုတော့ ဒီဒေသန္တရရဲ့ ကိုယ်စားလှယ်လိုဟာမျိုး အဲ့လိုဟာ မျိုးတွေကို ကျွန်တော်တို့က လက်ရှိမှာ ရုပ်လုံးဖော်နိုင်ဖို့အတွက် နည်းနည်းတော့ အခက်အခဲရှိ တယ်။ အဲ့ဒါကြောင့်မို့လို့ လက်ရှိမှာလည်း ကျွန်တော်တို့ စီစီမှာလည်း ဒေသန္တရမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ချင်းပြည်အစိုးရမှာရှိတဲ့ ပြည်ထဲရေးနဲ့ချိတ်ဆက်တဲ့အချိန်မှာတောင်မှ တော်တော်လေးကို ဒီအခက်အခဲရှိတယ်။ ပြီးတော့ အုပ်ချုပ်ရေး system တွေလည်း ကျွန်တော်တို့ မတူကြဘူး။ ဥပမာ လောင်တူးမှာ ကျင့်သုံးတဲ့ အုပ်ချုပ်ရေး system နဲ့ ကျွန်တော်တို့ ပလက်ဝရဲ့ system နဲ့မတူဘူး၊ ဒီ structure အပိုင်းမှာလည်း မတူဘူး။ ဆိုတော့ ဒီဟာတွေကို ခုနကပြောတဲ့ ကျေးရွာဒေသန္တရအဆင့်ကနေပြီးတော့ အကုန်လုံးစုပြီးတော့ ဒီချင်းပြည်အဆင့်မှာ အုပ်ချုပ်ရေးတစ်ခုကို ကျွန်တော်တို့ စုစုစည်းစည်းနဲ့ လုပ်နိုင်ဖို့ဆိုတဲ့ ဟာတော့ ဒီဟာတွေကို ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်လဲဆိုတဲ့ မူဝါဒတွေလို့ ပြောမလား၊ အဲ့ဒီဟာတွေတော့ ကောင်းကောင်းလေး ချမှတ်ဖို့လိုမယ်ထင်ပါတယ်။

ဆလိုင်း ဒိုခါရ် –  ဆိုရင် ဒါကျွန်တော်တို့ ဒီစနစ်တစ်ခုကို သွားဖို့အတွက် ဒီလောက်ခက်ခဲတဲ့ နေရာမှာ ဒီချင်းပြည်ရဲ့ အကွဲအပြဲကလည်း ဖြေရှင်းဖို့အတွက် နောက်ထပ်ခက်ခဲဦးမယ် ဆိုတဲ့ပုံစံမျိုးဖြစ်တဲ့အခါကျတော့ ချင်းလဲန်းကောင်စီနဲ့ ဒီ ICNCC CB ကြားက ညှိနှိုင်းမှုအလား အလာ က ဒီပြည်သူတွေရဲ့ မျှော်လင့်ချက်ထားသေးတဲ့ဟာမျိုးလား။ CC နဲ့ CB တွေ့ဆုံ ဆွေးနွေးမှု အခြေအနေက ဘယ်လို သုံးသပ်လို့ရမလဲ၊ မျှော်လင့်ချက်ကောင်းလား။

ဆလိုင်းပေါလ်ကျွန်တော်တို့ တွေ့ဆုံမှုကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီ CB နဲ့ CC ကျွန်တော်တို့ နှစ်ဖွဲ့ထဲ မျက်နှာချင်းဆိုင် စားပွဲပေါ်မှာထိုင်ပြီးတော့ ဆွေးနွေးရမယ့်အခင်း အကျင်းက အခုချိန်ထိကို မရှိသေးဘူးလို့ ကျွန်တော်တို့ ပြောလို့ရတာပေါ့။ ဒါကတော့ တော်လှန်ရေးက နေ့ညပြောင်းလဲများတာကိုး။ အဲ့လိုပဲ နိုင်ငံရေးလည်း အပြောင်းအလဲများ တာကိုး။ ဆိုတော့ အရင်က ဘာလိုချင်လဲဆိုတဲ့ဟာနဲ့ ဒီနေ့ဘာဖြစ်ချင်လဲဆိုတဲ့ဟာက မတူဘူး။ ဆိုတော့ အမြဲတမ်းပြောင်းလဲတယ်။ တိုက်ပွဲနိုင်တော့လည်း အပြောင်းအလဲတွေ ရှိလာနိုင်တယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ နိုင်ငံရေးအရ အပြောင်းအလဲများတာလည်း ဖြစ်လာနိုင်တယ်။ ဆိုတော့ ဒီလိုမျိုးဒီအချိန်မှာ ကျွန်တော်တို့ CC နဲ့ CB ဆိုတဲ့ ပုံစံနဲ့ ကျွန်တော် တို့က စားပွဲပေါ်မှာ ဘယ်လိုမျိုးညှိနှိုင်းမလဲဆိုတဲ့ဟာက လက်ရှိမှာတော့ Third party လို့ပြောမလား၊ ဆိုတော့ အဲ့ဒီဟာလေးနဲ့တော့ ကျွန်တော်တို့ကို ကြားထဲမှာ ကူညီပြီးတော့ ဆောင်ရွက်ပေးတဲ့ဟာတွေတော့ ရှိနေတယ်။ ကျွန်တော်တို့ ဘယ်လောက်အထိ ခရီးပေါက်ပြီ လဲဆိုတော့ ကျွန်တော်တို့ ပြောနေတဲ့ Chin National Council ဆိုတော့ အဲ့ဒီဟာကို အစပြု ဆွေးနွေးနိုင်ဖို့အတွက် လုပ်နေတယ်။ သို့သော် ကျွန်တော်တို့ ကြားထဲမှာ ကျွန်တော်တို့ရဲ့ ပေါင်းစည်းနိုင်ရေးအတွက်ကို တစ်ဖက်က ဖြေလျှော့ဖို့ လိုအပ်သလဲ၊ တစ်ဖက်မှာလည်း ဘာတွေကို သဘောတူညီဖို့၊ ဘယ်အရာတွေအပေါ်မှာ ကျွန်တော်တို့က အခြေခံပြီးတော့ လမ်းတည့်နိုင်ဖို့၊ ဘယ်အပေါ်မှာအခြေခံပြီးတော့ ကျွန်တော်တို့ စကားပြောဖို့၊ ဘယ်အဆင့်အထိတော့ ကျွန်တော်တို့ အရင်ဦးဆုံး ပေါင်းကြမယ်၊ ဘယ်အဆင့်ကိုတော့ ကျွန်တော်တို့ ဒီ process တစ်ခုနဲ့ ကျွန်တော်တို့သွားကြမယ်ဆိုတဲ့ဟာတွေကို လက်ရှိမှာ ကျွန်တော်တို့ ကြားထဲမှာ အဲ့ဒီဟာလေးတော့ မရောက်သေးဘူးဖြစ်နေတယ်။ ဆိုတော့ ကျွန်တော်ဆိုလိုတဲ့ ဆိုလိုရင်းသဘောက ဒီ CC နဲ့ CB ဆိုတဲ့အထိုင်မှာပဲ ကျွန်တော်တို့ ရှိနေသေးတာကိုး။ ဆိုတော့ ကျွန်တော်တို့ ကြားထဲမှာ အမြဲတမ်းပြောသလိုမျိုး ဒီ CB နဲ့ CC ကတော့ ပေါင်းစည်းနိုင်ရေးအတွက် နာမည်တစ်ခုပေါ့ အခုကျွန်တော်တို့သုံးတာကတော့ Chin National Council ပေါ့။ အဲ့ဒီဟာအတွက်ကို ကိုယ်စားပြုကော်မတီလေးတွေ ကျွန်တော်တို့ ဖွဲ့ကြမယ်။ အဲ့ဒီထဲမှာပဲ ဖွဲ့ပြီးတော့ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ဥပမာ စစ်ရေးလား၊ ဒီဥပမာ public service ပိုင်းလား၊ ဆိုတော့ ဒီဟာတွေကိုတော့ ကျွန်တော်တို့ လုပ်ကြမယ်။ ဒါပေမဲ့ ဒီမူဝါဒပိုင်းတွေ၊ ပြီးတော့မှ ဒီဥပဒေပိုင်းတွေ၊ ဒီဟာတွေအပိုင်းမှာတော့ ကျွန်တော်တို့ ဖွဲ့လေးတွေဖွဲ့ပြီးတော့ ဒီ process တစ်ခုနဲ့ ကျွန်တော်တို့ ဆက်ပြီးတော့ သွားမယ်ဆိုတဲ့ ဟာလိုမျိုးတော့ third party က ညှိနှိုင်းပေးတဲ့ထဲမှာ အဲ့ဒီဟာတွေအဆင့်တော့ ကျွန်တော်တို့ ပါနေတယ်ပေါ့လေ။ ဒါပေမဲ့ ဒီဟာတွေကို အခုလာမယ့် မကြာခင်မှာ ဒီဟာတွေကို အကောင်အထည်ဖော်သွားဖို့တော့ ရှိမယ်လို့ ယုံကြည်ပါတယ်။

ဆလိုင်း ဒိုခါရ် –  ဟုတ်ကဲ့ ဒီဆလိုင်းပေါနဲ့ ကျွန်တော် interview မထိုင်ခင်မှာ ပြည်သူတွေအပေါ် မှာ ဘယ်လောက်အထိ ဒီနှစ်ဖက်အငြင်းပွားမှုကနေ သက်ရောက်မှုရှိသလဲဆိုတဲ့ဟာလည်း လက်လှမ်းမှီသလောက် ကျွန်တော်လေ့လာကြည့်တယ်။ အဲ့ဒီအချိန်မှာ သိလိုက်ရတာက ဒါမြေပြင်မှာဆိုရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့မတည့်တော့ဘူးဆိုရင် ချက်ချင်းပြည်သူတွေဆီဦးသွားပြီးမှ ပြည်သူတွေဆိုရင်တော့ ခေါင်းဆောင်တွေပြန်ပြေလည်တဲ့အချိန်မှာတောင်မှ ပြည်သူတွေက ပြန်မပြေလည်နိုင်သေးဘူးဆိုတဲ့ဟာမျိုး ဖြစ်လည်း ကျွန်တော်သတိထားရတယ်။ ဆိုတော့ အဲ့လိုမြေပြင်မှာလည်း သက်ရောက်နေတယ်။ တစ်ဖက်မှာ ကျွန်တော်တို့ ဆိုရှယ်မီဒီယာတွေ၊ Facebook ပေါ်တွေ၊ သတင်းမီဒီယာတွေပေါ်မှာ အပြင်းအထန်နဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင်က အမုန်းပွားစေမယ့်စကားကို ပြောကြဆိုကြတဲ့ဟာရှိတယ်။ နောက်ပြီးမှ လော်ဘီ တွေပေါ့နော်၊ fundraiser တွေ၊ အဲ့ဒီဟာတွေက နှစ်ဖက်ပြန်လည်ပေါင်းစည်းရေးကို သွားနေတဲ့အချိန်မှာ အကျိုးရှိတယ်လို့ထင်လား။ အဲ့ဒီဟာမျိုးကို ချင်းလဲန်းကောင်စီဘက်မှာ ရှိတဲ့ အဲ့လိုအပြောအဆိုမဆင်ခြင်တဲ့သူတွေကို CB ဘက်ချင်းဆိုရင်တော့ ဒါတစ်ကဏ္ဍ ထားဦးပေါ့နော်။ ချင်းလဲန်းကောင်စီဘက်မှာ အဲ့လိုအပြောအဆို အမုန်းစကားတွေ ဖြန့်နေတဲ့သူ၊ ခေါင်းဆောင်တွေကိုယ်တိုင်ဖြစ်ဖြစ်၊ နောက်ပြီးမှ supporter တွေဖြစ်ဖြစ် ထိန်းသိမ်းဖို့အစီအစဉ်ရှိလား။

ဆလိုင်းပေါလ်ပထမတစ်ချက်ကတော့ ဒီအဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ပဋိပက္ခလေးတွေ ကြုံလာတဲ့အခါမှာ ပြည်သူတွေနဲ့ တိုက်ရိုက်ဖြေရှင်းခိုင်းတာမျိုးက ကျွန်တော့်အတွက်တော့ လုံးဝသဘောမတွေ့ဘူး။ ဒီအချိန်မှာ ကိုယ့်အဖွဲ့အစည်းကို ထောက်ခံတဲ့အဖွဲ့အစည်း တစ်ခုဖြစ်လာပြီဆိုရင်တော့ အဲ့ဒီနောက်မှာ ထောက်ခံတဲ့ပြည်သူက အနည်းအများတော့ ရှိလာကြမှာပဲ။ ဆိုတော့ ဘယ်အဖွဲ့အစည်းမဆို ကျွန်တော်တို့အားလုံးက ဒီချင်းပြည်သူတွေ ဖြစ်ကြပါတယ်။ တစ်ချိန်ချိန်မှာ ကျွန်တော်တို့က ချင်းဆိုတဲ့ ဒီခေါင်းစဉ်အောက်မှာပဲ သွားကြမယ့်အတူတူ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ ချင်းတွေရဲ့ သဘောသဘာဝအရ သိတဲ့အတိုင်း မှာပဲ ဒီပြည်သူအချင်းချင်းဖြစ်တဲ့ပြဿနာတွေဆိုရင်တော့ အဲ့ဒီအဖွဲ့အစည်းက ပြီးသွားရင် တောင်မှ အဲ့ဒီပြည်သူတွေကြားထဲမှာ မပြီးနိုင်တဲ့ဟာတွေများပါတယ်။ ဒါ concept တွေပေါ့ လေ။ ဆိုတော့ အဲ့ဒီဟာတွေက ဒီကျွန်တော်တို့ ကြောက်စရာကောင်းတယ်၊ ပြီးတော့ အဲ့ဒီဟာ မီးတွေကို တစ်ခေါက်မွှေးလိုက်ရင်တော့ တစ်လျှောက်ပြန်ငြိမ်းလို့မရတဲ့အထိကို ရောက်သွား မှာပေါ့လေ။ ကျွန်တော့်အနေနဲ့တော့ ဒီလိုမျိုး ပြည်သူနဲ့ပြည်သူကို တိုက်ရိုက်ဖြေရှင်းခိုင်း တာမျိုး၊ ပြည်သူနဲ့ပြည်သူအားပြိုင်တဲ့ပုံစံမျိုး လုပ်တာမျိုးတော့ သိပ်ပြီးတော့ သဘောမ တွေ့ဘူး။ မလုပ်သင့်ဘူးလို့ ကျွန်တော်ကတော့ သဘောပေါက်တယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ဒီလိုမျိုးအကွဲအပြဲလေးတွေရှိတဲ့အချိန်မှာ ဆိုရှယ်မီဒီယာမှာပဲဖြစ်ဖြစ်ပေါ့လေ၊ ပြီးတော့ ခုနက supporter ပဲဖြစ်ဖြစ်၊ တာဝန်ရှိတဲ့အဖွဲ့အစည်း၊ တာဝန်ရှိတဲ့လူတွေက ဥပမာ CC ကိုပဲ ကျွန်တော်ပြောမယ်၊ ပထမတစ်ချက်ကတော့ ဒါကိုယ့်အဖွဲ့အစည်းရဲ့ ရပ်တည်ချက်၊ ပြီးတော့ တစ်ဖက်အဖွဲ့အစည်းအပေါ်မှာ လေးစားရမယ်၊ ပြီးတော့ အသိအမှတ်ပြုရမယ်။ ထိန်းရမယ့်အပိုင်းကျတော့လည်း CC မှာဆိုရင် ကျွန်တော်တို့ အစုအဖွဲ့သုံးခုရှိတယ်ဗျာ။ CNF ရှိတယ်၊ လွှတ်တော်ကိုယ်စားလှယ်ရှိတယ်၊ မြို့နယ်ဒေသရှိတယ်။ မြို့နယ်ဒေသထဲမှာ တောင်မှ ကျွန်တော်တို့က ဒီအဖွဲ့အလိုက်ရှိတာကိုး။ ဆိုတော့ တချို့သောသူတို့ရဲ့ fundraising team အနေနဲ့ ပိုက်ဆံရှာတဲ့အချိန်မှာကျတော့ သူတို့ပြောသွားတဲ့ဟာကျတော့ ကျွန်တော်တို့ CC အနေနဲ့ သွားပြီးတော့ ထိန်းဖို့ကျတော့လည်း အခက်အခဲတစ်ခုဖြစ်ပြန်ရော။ သို့သော် လည်းပဲ ကျွန်တော်တို့ CC မှာ ဒီမူဝါဒအရ ကျွန်တော်တို့ ပြောရေးဆိုခွင့်တွေ ကျွန်တော်တို့ ပေးထားပါတယ်။ တရားဝင်။ ဆိုတော့ အဲ့ဒီဟာလေးတွေ ကျွန်တော်တို့ ရှိတယ်ပေါ့။ ဘယ်အခန်းကဏ္ဍနဲ့ပတ်သက်ရင်တော့ ဘယ်လိုပြောရမလဲ၊ ဘယ်သူတွေက အစိုးရအခန်း ကဏ္ဍနဲ့ပတ်သက်ရင်တော့ ဘယ်သူပြောရမလဲ၊ ဒီ CC ရဲ့ မူဝါဒနဲ့ပတ်သက်ရင်တော့ ဘယ်သူပြောရမလဲဆိုတဲ့ဟာတွေ ရှိပါတယ်။ ဆိုတော့ အဲ့ဒီဟာလေးတွေနဲ့ပတ်သက်ရင်တော့ မိခင်အဖွဲ့အစည်းအသီးသီးကပဲ ဒီဟာတွေကို ထိန်းသိမ်းနိုင်ဖို့ပဲ အဆင်ပြေမယ်ထင်ပါတယ်။

ဆလိုင်း ဒိုခါရ်-  ဆိုရင် ဒီဆလိုင်းပေါအနေနဲ့ ဒီတစ်လျှောက်တော်လှန်ရေးမှာ ပါလာခဲ့တဲ့အခါကျ တော့ ဒီလိုဟာမျိုး နှစ်ဖက်ခေါင်းဆောင်တွေကိုယ်တိုင် အမုန်းစကားတွေ အရမ်းပြောတဲ့ ဟာက ဒီပြန်လည်ဆွေးနွေးရေးမှာဖြစ်စေ၊ ပြည်သူတွေအပေါ်မှာ သက်ရောက်မှုဖြစ်စေ၊ အန္တရာယ်တအားများတယ်လို့ ဆွေးနွေးခဲ့သလိုပဲ ဒီဟာအပါအဝင် ကျွန်တော်တို့ ချင်းတွေပြန်လည်ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ဦးတည်နေတဲ့အချိန်မှာ ဘာတွေကို ရှောင်ရမလဲ၊ ဘာတွေကို အလေးပေးဆောင်ရွက်လုပ်ဆောင်သင့်သလဲပေါ့နော်။ ဆလိုင်းပေါ ရဲ့ အတွေ့အကြုံအရ ဆွေးနွေးချက်ပြုပေးပါဦး။

ဆလိုင်းပေါလ်ကျွန်တော်တို့ ချင်းတွေမှာတော့ ကျွန်တော်တို့ရဲ့ community အရလို့ပဲပြော မလား၊ အိမ်ကြီးထဲမှာ အိမ်ငယ်ဆောက်တယ်လို့ ပြောပြောတဲ့ပုံစံမျိုးပေါ့။ ဖွဲ့စည်းတစ်ခုဖြစ် လာပြီဆိုရင် အဲ့ဒီအဖွဲ့အစည်းနဲ့ လိုက်လျောညီထွေအောင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ လိုအပ်တယ်။ ဆိုတော့ အဲ့လိုပြောတဲ့အချိန်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ သော်လည်းကောင်း၊ ပြီးတော့ ကိုယ့်ရဲ့ အစုအဖွဲ့တစ်ခုပဲ တစ်ခုပေါ့လေ။ အစုအဖွဲ့အရမ်းကို များလွန်းတယ်လို့ပြောမလား။ ကောင်စီတစ်ခုဖြစ်ပြီဆိုရင်လည်း အဲ့ဒီထဲမှာ အစုအဖွဲ့ဒီအဖွဲ့၊ ဒီအဖွဲ့ဆိုတဲ့ဟာလိုမျိုးကို ပြန်ပြန်ပြီးတော့မှ စုပြီးတော့ ဖွဲ့တတ်တဲ့အကျင့်က ကျွန်တော်တို့ဆီမှာ ရှိနေတယ်။ ဆိုတော့ အဲ့ဒီဟာလေးတွေလည်း ကျွန်တော်တို့အမြင်နဲ့ ဖျောက်ဖို့လိုအပ်တယ်။ ပြီးတော့ ကျွန်တော်တို့ ဒီအားလုံးစုစည်းနိုင်တဲ့နေရာမှာ ရောက်ပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ ရှိနှင့်ပြီးသား ဥပမာအားဖြင့် အခုဒေသန္တရလို့ ကျွန်တော်တို့ ပြောကြတယ်၊ ပြီးတော့ မြို့နယ်စုဒေသကို အခြေခံလို့တော့ ပြောကြတယ်။ ကျွန်တော်တို့ ဟိုတစ်နေ့က (၁၈)ဖွဲ့ စာတစ်စောင်ထုတ်ပြန်ချက်မှာဆိုရင် တော်လှန်ရေး အလွန်မှာ ကျွန်တော်တို့ ဒီဟာတွေကို နိုင်ငံရေးစားပွဲပေါ်မှာ ကျွန်တော်တို့ ဆွေးနွေးကြမယ် ဆိုတဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့က ဖိတ်ခေါ်တာဖြစ်တယ်။ ဆိုတော့ အဲ့လိုပဲ ကျွန်တော်တို့ ချင်းအကုန်လုံး စုဖို့ဆိုတဲ့နေရာမှာလည်း ဒီအဖွဲ့အလိုက်ကို ကျွန်တော်တို့က အရင်ဦးဆုံး အသိအမှတ်ပြုရမှာဖြစ်တယ်။ ဒီအသိအမှတ်ပြုမှုအပိုင်းတွေမှာလည်း အင်မတန်မှ အရေးကြီး တယ်။ အဖွဲ့ငယ်တွေဖြစ်စေ၊ ကြီးစေဖြစ်စေ၊ ကျွန်တော်တို့ ချင်းအားလုံးစုစည်းဖို့၊ စည်းလုံးဖို့ ဆိုရင် အားလုံးကို ဒီအသိအမှတ်ပြုမှုအခန်းကဏ္ဍကို ကျွန်တော်တို့လုပ်ရမယ်။ ပြီးတော့ အပြန်အလှန်လေးစားမှုကိုလည်း ကျွန်တော်တို့ ထားရမယ်။ ဒီကာလမှာရော၊ ပြီးတော့ ကျွန်တော်တို့ ပြန်လည်စုစည်းတဲ့ကာလမှာရော အပြန်အလှန်လေးစားပြီးတော့ အသိအမှတ် ပြုတဲ့မှပဲ ကျွန်တော်တို့က နောက်တစ်ဆင့်မှပဲ ကျွန်တော်တို့က ဒီဟာတွေကို အခြေခံပြီးတော့ စားပွဲပေါ်မှာ ကျွန်တော်တို့ ဆွေးနွေးနိုင်မှာဖြစ်တယ်။ ကျွန်တော်တို့ ချင်းမှာ လက်နက်ကိုင် အဖွဲ့အစည်း၊ အဖွဲ့အစည်းဖွဲ့ဖို့ပဲဖြစ်ဖြစ်၊ လူမျိုးစုတစ်ခုအနေနဲ့ နောက်ထပ်နောက်ထပ် ရပ်တည်ဖို့ဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းပြောရရင် မခက်ဘူးဗျာ ကျွန်တော်တို့ချင်းမှာဆိုရင်။ ဆိုတော့ ကျွန်တော်တို့ လက်ရှိအနေအထားမှာတောင်မှ တော်တော်လေးများတယ်လို့ ကျွန်တော်တို့ ထင်ရတာ။ ပြောမယ်ဆိုရင် အဲ့ထက်များနိုင်သေးတယ် ကျွန်တော်တို့ ချင်းတွေမှာ၊ အဲ့ဒီထက်တောင် များနိုင်သေးတယ်။ ဆိုတော့ ဒီဟာတွေကို ကျွန်တော်တို့လည်း ထိန်းသိမ်း၊ ထိန်းသိမ်းတော့ လုပ်ဖို့တော့လိုတယ်။ တစ်ဖက်မှာလည်း ဒီပေါ်ပေါက်လာတဲ့ ဟာတွေကိုလည်း ကျွန်တော်တို့က ဒီအသိအမှတ်ပြုလေးစားပြီးတော့ တစ်ချိန်မှာ တကယ် တော်လှန်ရေးအလွန်မှာ စားပွဲပေါ်ရောက်တဲ့အချိန်မှာ ဘယ်လောက်အတိုင်းအတာအထိ ကျွန်တော်တို့ ဆွေးနွေးနိုင်မလဲ၊ ဘယ်လောက်အတိုင်းအတာအထိ ကျွန်တော်တို့ စုစည်းနိုင် မလဲဆိုတဲ့ဟာက အဲ့ဒီအချိန်ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ ပြန်ပြီးတော့ သူသူကိုကို ပြောရမယ့် စကားလုံးတွေလည်း ပြောရမယ့် ဒီနိုင်ငံရေးရဲ့ လမ်းစဉ်တွေလည်း ကျွန်တော်တို့ ရှိလာပါလိမ့်မယ်ပေါ့လေ။

ဆလိုင်း ဒိုခါရ် –  အခုလောလောဆယ် ဒီဆွေးနွေးညှိနှိုင်းမှုအတွက်ဆိုရင်တော့ စောနဒီ ဆလိုင်းပေါ ဆွေးနွေးတဲ့အချက်တွေကို နည်းနည်းရှောင်နိုင်လို့ဆိုရင် ယုံကြည်မှုတွေ တက်လာပြီးတော့မှ အဖြေရှာရဖို့အတွက် ပိုလွယ်ကူလာမလဲလို့ ထင်လာပေါ့နော်။ အဲ့ဒီဟာ အပြင် တချို့အဟန့်အတားက ဘာတွေရှိဦးမလဲ။

ဆလိုင်းပေါလ်ကျွန်တော် ချင်းတွေရဲ့ တော်လှန်ရေးအင်အားစုမှာ အကုန်လုံးစုစည်းဖို့၊ ပေါင်းစည်းဖို့ဆိုရင် ခုနကပြောတဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ ဒီစိတ်သဘောထားကြီးမှု၊ ပြီးတော့ ဒီခေါင်းဆောင်ပိုင်းတွေရဲ့ စုစည်းမှုကို လိုလားမှုတွေကိုလည်း အရေးကြီးပါတယ်။ ဆွေးနွေးလိုမှုပေါ့။ ဒီပွင့်လင်းမြင်သာမှုရှိစွာနဲ့ ကဲကဲ ဆွေးနွေးမယ်ဆိုတဲ့အချိန်မှာ စားပွဲပေါ်မှာ ဒေါင်ခနဲရောက်ပြီးတော့ ဆွေးနွေးရဲတဲ့ သတ္တိလည်းရှိရမယ်။ ပြီးတော့မှ ပေါင်းစည်းချင်တဲ့ စိတ်နှလုံးလည်းရှိရမှာပေါ့လေ။ ဘယ်အခြေအနေမှာပဲ ရောက်ရောက် ကျွန်တော်တို့ ပေါင်းစည်းနိုင်အောင် ကျွန်တော်တို့ ခေါင်းဆောင်ပိုင်းတွေအနေနဲ့ ဒါကိုလိုလားရမယ်၊ တောင်းတရမယ်ဆိုတဲ့ဟာက ဒါတစ်ပိုင်းဖြစ်တယ်။ ဒါက ကျွန်တော်တို့ ချင်းလူမျိုးတွေ၊ ပြည်သူတွေကလည်း ဒါကိုအဖြစ်ချင်ဆုံးဖြစ်တယ်။ ဒီဟာတွေကို လက်ရှိမှာက ပြည်သူတွေ အနေနဲ့ကလည်း ဒီလိုမျိုးခေါင်းဆောင်ပိုင်းတွေကို ဖိအားပေးဖို့က အင်မတန်မှခက်ခဲတယ်။ ခက်ခဲတော့ ဒီခေါင်းဆောင်ပိုင်းတွေက လိုလိုလားလားနဲ့ ဒီဆွေးနွေးရေးအပိုင်းတွေကို၊ ဒီစိန်ခေါ်မှုအပိုင်းတွေကို ဒီလိုလားရမယ်။ တစ်ဖက်မှာလည်း ဒီလိုမျိုးအခင်းအကျင်းမှာ တကယ်ဆွေးနွေးကြတော့မယ်ဟေ့ဆိုရင်တော့ ဥပမာအားဖြင့် မင်းတပ်ဆိုရင်လည်း ဒါချင်းပြည်လွတ်မြောက်ဖို့၊ ချင်းအမျိုးသားလွတ်မြောက်ဖို့အတွက် သူတို့လည်း နေရာတိုင်းမှာ တိုက်ခိုက်ရေးပိုင်းမှာကောဖြစ်ဖြစ်ပေါ့လေ၊ ပြီးတော့မှ ဒီချင်းရဲ့ နွေဦးတော်လှန်ရေးမှာလည်း သူတို့စပြီးတော့ သေနတ်ဖောက်တာဖြစ်တယ်။ ဆိုတော့ ဒီဒေသ၊ မြို့နယ်အဆင့်ဆိုတဲ့ ဟာလိုမျိုးကိုလည်း ကျွန်တော်တို့က level ချင်း ကျွန်တော်တို့က တိုင်းတာမျိုးမဟုတ်ဘဲနဲ့ ချင်းအမျိုးသားအဆင့်ကို တကယ်ဆွေးနွေးကြမယ်ဟေ့ဆိုရင်တော့ ကျွန်တော်တို့ ဘယ် ထောင့်ကနေ၊ ဘယ်ပေတံနဲ့တိုင်းပြီးတော့ ဒီအမျိုးသားအဆင့်ကို ဘယ်လိုမျိုးကိုယ်စား ပြုပြီးတော့ ဘယ်လိုမျိုးဆွေးနွေးရမလဲဆိုတဲ့ဟာလိုမျိုးအထိကို ကျွန်တော်တို့က ပွင့်ပွင့် လင်းလင်း ကျွန်တော်တို့အနေနဲ့ ဒါဆောင်ရွက်သင့်တယ်။ ပြောလိုတဲ့ဟာက ဒီဒေသအဆင့် ဖြစ်လို့ ဒေသအဆင့်ကနေ တက်လာတဲ့လူက ဒေသအဆင့်ကိုပဲ ဆွေးနွေးတာမျိုးမဟုတ်ဘူး၊ ပြီးတော့ မြို့နယ်အဆင့်ကနေ တက်လာတဲ့ဟာက မြို့နယ်အဆင့်အထိ ဆွေးနွေးတာမျိုး မဟုတ်ဘဲနဲ့ တကယ့်ချင်းအမျိုးသားအဆင့်ကို စည်းလုံးရေးအဆင့်ကို ကျွန်တော်တို့ ဆွေးနွေးတဲ့အချိန်မှာ ပေါင်းခတ်စရာမလိုဘူး ကျွန်တော်တို့ကြားထဲမှာ။ ဒါက ကျွန်တော်တို့ ချင်းရဲ့ ခေါင်းဆောင်တွေချည်းပဲဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့က တစ်နေရာထဲမှာ ချင်းအမျိုးသားအရေး၊ ချင်းပြည်အရေးကို ကျွန်တော်တို့က လွတ်လွတ်လပ်လပ်နဲ့ တန်းတူ ညီမျှရေးနဲ့ ကျွန်တော်တို့ ဆွေးနွေးနိုင်တဲ့ ဒီ platform ကိုလည်း ဖော်ဆောင်ဖို့လိုတဲ့။ တစ်ခါ တစ်လေမှာ အဖွဲ့တစ်ခုက လိဒ်လုပ်ပြီးတော့မှ သူ့ရဲ့ဒီဦးဆောင်မှုအောက်ကို လိုက်လာဖို့ အတွက်ဆိုတဲ့ဟာလိုမျိုးက တော်တော်လည်း ခက်ခဲတဲ့အပိုင်းတွေရှိတယ်။ မလိုက်နိုင်ဘူး ဆိုရင်တော့ ကျွန်တော်တို့ ကွဲပြီဒါဆိုတဲ့ပုံစံမျိုးနဲ့ အဲ့ဒီနေရာမှာတင် ကျွန်တော်တို့က တစ်လွဲထိုးဖြစ်သွားတဲ့ဟာတွေလည်း အများကြီးရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန်တော်တို့ ချင်းပြည်ရဲ့ တကယ့်အစည်းအဝေးဖြစ်ဖြစ်၊ ပြီးတော့မှ ချင်းပြည်အဆင့်ကို ဆွေးနွေးတော့မယ်ဟေ့ဆိုတဲ့နေရာမှာဖြစ်ဖြစ် setting plan တွေကအစ ကျွန်တော်တို့ အများကြီးလိုအပ်လာတဲ့ဟာတွေရှိတယ်။ ဆိုတော့ ပြီးတော့မှ moderator တွေကအစ၊ ပြီးတော့ အဲ့ဒီဟာတွေက ကျွန်တော်တို့ရဲ့ ကြုံလာသမျှအတွေ့အကြုံတွေထဲမှာ ချင်းအရေးကို ဆွေးနွေးတဲ့တိုင်းမှာ ဒီဟာတွေက တော်တော်လေးကို အရေးကြီးပါတယ်ဆိုတဲ့ဟာကို ကျွန်တော်ကတော့ သုံးသပ်ပေးချင်ပါတယ်။