————————————————————-

ဩဂုတ် ၂

The Kaladan Post

ချင်းပြည်တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော Chinland Defense Force – Mara  နှင့် Mara Land Defence Force -MDF တို့သည် ယမန်နေ့ ဩဂုတ်လ ၁ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသတွင်း မီဒီယာတွေ ဖော်ပြချက်အရသိရပါသည်။ အဆိုပါဖော်ပြချက်များတွင် နှစ်ဘက်တော် လှန်ရေးရဲ‌ဘော်များ၏ ထိခိုက် ဒဏ်ရာရရှိမှုကို အမျိုးမျိုးဖော်ပြကြားသည်။ ဒီဖော်ပြချက်များနှင့် ပတ်သက်ပြီး မာရာဒေသရှိ ငါးဖိုင်သဲကျေးရွာတွင် နေထိုင်သူပြည်သူတစ်ဦးကို The Kaladan Post မှ ဆက်သွယ်မေးမြန်းရာတွင် “ ဒီတိုက်ပွဲက ဇူလိုင်လကတည်း စဖြစ်ခဲ့ပါတယ် ဒီဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာက နှစ်ဘက်ထိခိုက်မှုမရှိခဲပါဘူး ဒါပေမယ့် ယမန်နေ့ ဩဂုတ်လ ၁ရက်နေ့  နေ့လယ်နှစ်နာရီဝန်းကျင်က ပြန်လည်ဖြစ်ပွားတဲ့အချိန်မှာတော့ CDF – Mara ဘက်က ရဲဘော် တစ်ဦးဟာ မြေမြှပ်မိုင်းနင်းမိသဖြင့် ခြေထောက်ဒဏ်ရာရရှိခဲ့ပါတယ် MDF ဘက်ကဒဏ်ရာရရှိမှု အခြေအနေကိုတော့ မသိပါဘူး ’’ပြောဆိုသည်။ လက်ရှိမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုက်ပွဲကို ခဏရပ်ထားတာဖြစ်ပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကာ မိုးနည်းလာပါက တိုက်ပွဲပြန်လည် ဖြစ်ပွားနိုင်ကြောင်း သိရပါသည်။ ၎င်းတိုက်ပွဲရပ်တန့်နိုင်ရန်အတွက် နှစ်ဖက်ကြားညှိနှိုင်းပေးတဲ့အဖွဲ့ မရှိသောကြောင့် ပြည်သူများသည် အခက်အခဲများစွာ ရင်ဆိုင်နေရသည့်အပြင် မလိုအပ်ဘဲ ရဲဘော် များရဲ့ အသက်များစွာကို ဆုံးရှုံးနိုင်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ ဤတိုက်ပွဲသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၄ရက်နေ့တွင် MTC/MDF +AA တပ်ဖွဲ့များက IMC/CDF-Mara ဌါနချုပ် ဝင်စီးရန် အင်အား အလုံးရင်းဖြင့် ထိုးစစ်ဆင်လာသဖြင့် ဖန်ထလန်ကျေးရွာ ၊ဆော်မှိန် တိုက်နယ် (၃) နေရာတွင်  ထိတွေ့ ပစ်ခတ်မှု ​ဖြစ်ပွါးခဲ့ပြီဖြစ်ကြောင်း CDF Mara ၏ ၁၃/၂၅ ထုတ်ပြန်ချက် အရသိ ရပါသည်။ MTC/MDF +AA တပ်ဖွဲ့များသည် IMC/CDF-Mara ဌာနချုပ်အနီးရှိ ကျေးရွာများကို ဝိုင်းပိတ်ဆို့ထားပြီး နှစ်ဖက်စစ်ရေးတင်းမာနေသောကြောင့် ကျေးရွာများမှ ထောင်ချီပြည်သူများ၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် နို့ဆို့ကလေးများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေသောကြောင့် အရေးပေါ်အကူအညီလိုအပ်နေကြောင်း ၎င်းထုတ်ပြန် ချက်တွင် ဖော်ပြထားပါသည်။ ဒီတိုက်ပွဲနှင့် ပတ်သက်ပြီး နှစ်ဘက်တာဝန်ရှိသူတွေကို The Kaladan Post မှ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့် သိခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။