ဇန်န ၁၉

The Kaladan Post

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တပ်ဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် မကွေးတိုင်း၊ ငဖဲမြို့နယ် တောင်ဘက်ခြမ်းရှိ ဘိန်းစိုက်ခင်းများကို ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစုက ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး (PRA-Magway) တပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက “  ဘိန်းခင်းတွေ ကတော့ ယေဘူယျအားဖြင့် နေရာပြောင်းလဲပြီး စိုက်ပျိုးကြပါတယ် ကျွန်တော်တို့ မကွေးတိုင်းတောင် ပေါ်ဒေသမှာဒေသခံတွေ၏ ပြောဆိုချက်အရ ဘိန်းစိုက်ပျိုးမှုက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်း က စတင်ခဲ့တာလို့ သိရပါတယ်။ အစိုးရအဆက်ဆက်မှာ စနစ်တကျအရေးယူမှုမရှိခဲ့လို ဘိန်းစိုက်ပျိုးမှု တဖြေးဖြေးတွင်ကျယ်လာတဲ့သဘောဖြစ်ပါတယ်။  ပြီးတော့ ကျွန်တော်တို့ ဖျက်ဆီးခဲ့တဲ့ ဘိန်းခင်တွေ ကလည်း ပုံမှန်အားဖြင့် ဒေသခံတွေထဲကပဲ စိုက်ပျိုးမှုတွေရှိတယ်လို သိရပါတယ်ဟု“   The Kaladan Post သို့ပြောဆိုသည်။ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု အနေဖြင့် ဘိန်းစိုက်ပျိုးမှုနှင့် ပတ်သက် ပြီး ဘိန်းစိုက်ခင်းထပ်တွေ့ပါက ဆက်လက်ရှင်းလင်းဖျက်ဆီးသွားမှာဖြစ်ပြီး ရွာချင်းဆက် လမ်းတွေမှာ ရောင်းဝယ်ဖောက်ကားမှုတွေကို ထိန်းချုပ်ဖိုဆောင်ရွက်နိုင်ရန်အတွက် ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိကြောင်း တပ်ဖွဲ့တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ ထို့အပြင် ဒေသခံကျေးရွာ အနေဖြင့်  ဒီလိုဘိန်းစိုက်ပျိုးမှု၊ ရောင်းဝယ်ဖောက်ကားမှုနှင့် လက်ဝယ်သိမ်းဆည်းမှုတွေ မပြုလုပ်ကြဖို့ တပ်ဖွဲ့တာဝန်ရှိသူက တိုက်တွန်းထားသည်။ အဆိုပါထုတ်ပြန်ချက်တွင် ဖျက်ဆီးခဲ့သော ဘိန်းခင်းများမှာ စုစုပေါင်း ဧက ၃၀ ခန့်ရှိပြီး ယင်းခင်းများ၏ ပိုင်ရှင်ကို စုံစမ်းခဲ့သော်လည်း မသိရှိရသေးကြောင်း ဖော် ပြထားသည်။ PRA-Magway အနေဖြင့် မိမိတို့ လှုပ်ရှားနေသည့် ဒေသအတွင်း မူးယစ်ဆေးဝါးစိုက်ပျိုး ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ လက်ဝယ်သိမ်းဆည်းခြင်းများကို ကြပ်မတ်စစ်ဆေးလျက်ရှိပြီး ပြည်သူ့အတွက် မူးယစ်ဆေးဝါးကင်းစင်ရေး လုပ်ငန်းများကို ဆက်လက်အားဖြည့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။ မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု မြင့်တက်လာနေချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များက မူးယစ်တိုက်ဖျက်ရေး ကြိုးပမ်းလာကြသည်။