စက်တင် ၃၀

The Kaladan Post

 

စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ နွယ်တမယ် တံတားရှိဂိတ်တွင် တာဝန်ကျစဥ် ခ.လ.ရ(၂၅၄)မှ တပ်သား ထက်မြတ်ထွန်းသည် လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်းက သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်းမှူး ကိုမိုးကြိုးက “ ကျွန်တော်တို့ထံအလင်းဝင်လာသူ တပ်သား ထက်မြတ်ထွန်းသည် ယခင်က မြင်းခြံဘက်က တော်လှန်ရေးအဖွဲ့အစည်းတစ်ခုမှာ ထောက်ပို့တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါ တယ် သူဟာ စလင်းတပ်နယ် ခလရ ၂၅၄ရောက်ကာ ဆင်ဖြူမြို့နွယ်တမယ် တံတားမှာတာဝန်ကျခဲ့ပြီး သူညီနဲ့ ချိတ်ဆက်ရခဲ့ပါတယ် သူတို့ညီအစ်ကို အချိတ်ဆက်ရရှိချိန်ကတည်းက အခွင့်သာတာနဲ့ အမျှ လက်နက်ယူဆောင်ပြီး အလင်းဝင်ရန် ဆုံးဖြတ်သူဖြစ်ပါတယ်။ သူ့ညီမှ တဆင့်ကြားခံ တစ်ယောက်က နယ်မြေခံတပ်ရင်းဖြစ်တဲ့ ကျွန်တော်တို့ မင်းဘူးခရိုင်တပ်ရင်း ၅က တာဝန်ရှိသူ တစ်ဦးကို ချိတ်ဆက်ကာ  သူထွက်ပြေးလာပြီး ကျွန်တော်တို့က သွားကြိုပေးရပါတယ်”ဟု The Kaladan Post သို့ ပြောဆိုသည်။ စစ်ကောင်စီတပ်သား ထက်မြတ်ထွန်းသည် ကိုယ်ပိုင်အမှတ် ပစ/၁၅၃၄၆၅ စစ်ပညာသင်တန်း အပါတ် စဉ် ၁/၂၀၂၄ သည် မင်းဘူးခရိုင်တပ်ရင်း (၅)တပ်ဖွဲ့ထံ MA-၂ (၁)လက်၊ ကျည်ဘောက် (၃)ခု၊ ဘောက်ဝိုင်း (၁)ခု ၊လက်ပစ်ဗုံး ( ၁)လုံး ၊ ၅.၅၆ ကျည် (၁၄၅)တောင့် ယူဆောင်ကာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် အလင်းဝင်ခဲ့ခြင်းဖြစ်သည်။ ထက်မြတ်ထွန်းသည် ယခင်က မြင်းခြံဘက်မှာ ထောက်ပို့ ရဲဘော်ဟောင်းတစ်ဦးဖြစ်ပြီး ထောက်ပို့လုပ်ငန်းလုပ်ဆောင်စဥ် ၂၀၂၃ခုနှစ်၇ လပိုင်းတွင် လမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့တွေ၏ ပေါ်တာဆွဲခံခဲ့ရသူဖြစ်သည်။  ပြင်ဦးလွင် – မန္တလေး​ကြား မန္တလေးစုဆောင်း ရေးတပ် ၉၁၀တွင် ၃လ သင်တန်းတက်ခဲ့ပြီးနောက် တောင်ကြီး ဟိုပုံးမြို့တွင် ၆လ သင်တန်းတက် ရောက်ခဲ့သူဖြစ်သည်။  ထိုသို့ အလင်းဝင်လာသူ တပ်သား ထက်မြတ်ထွန်းကို မင်းဘူး ခရိုင်၊ အမှတ်(၅) တပ်ရင်းမှ သိန်း(၁၀၀)ကျပ်တိတိကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့ပြီး ၎င်းဖြစ်ချင်သည့် ဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ထို့အပြင်ယခုလို အကြမ်းဖက်စစ်တပ်၏ လက်အောက်မှ ရုန်းထွက်ကာ တော်လှန်ရေးတပ်ဖွဲ့များထံ ပူးပေါင်းပါဝင်လိုသူများကို မင်းဘူးခရိုင်ရှိ တော်လှန်ရေးတပ်ဖွဲ့များမှ ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုလျှက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။