အောက်တို ၁၃

The Kaladan Post

စစ်ကိုင်းမြို့နယ်အရှေ့ ဗျူဟာ(ခရိုင်ချင်းဆက်)လမ်းတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စကစ ကို တိုက်ခိုက်ခဲ့ကြောင်း  Thunderbird local defense force ကသင်းထုတ်ပြန်ထားပါသည်။ အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မိုးကြိုးငှက်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတွေက တပ်ရင်း ၄ရင်းပေါင်းပီးစစ်ကြောင်းထိုးထာဗျ ။ အင်အားက ခန့်မှန်း ၂၇၀ခန့်ရှိပါတယ် တပ်မ ၉၉ တပ်မ ၇၇ တပ်ရင်း ၁၁၃ နှင့် တပ်ရင်း ၁၁၇ တွေပါ ဒီ အကြမ်းဖက် စစ် ကြောင်းက ဆည်လေးတောလမ်းဆုံကနေ ဆားတောင်ကို ဦးတည်တဲ့စစ်ကြောင်းဖြစ် ပါတယ်။ လက်ရှိ အချိန်မှာတော့ စစ်ကြောင်းကငြိမ်သွားပါပီ ဒီအကြမ်းဖက်စစ်ကြောင်းက လင်းယဥ်ရွာက ပြည်သူတစ်ဦး ကို သေနတ်နဲ့ပစ်သတ်သွားတယ်” ဟု The Kaladan Post သို့ ပြောဆိုသည်။   စစ်ကိုင်းတိုင်း၊ စစ်ကိုင်း မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ အကြိမ်ပေါင်းများစွာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးတွင် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း Thunderbird People’s Defense Force (မိုးကြိုးငှက်အဖွဲ့ – စစ်ကိုင်း) က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၆ ရက် ညနေ ၆ နာရီခန့်တွင် ရွာသာယာရွာမှ အင်အား ၂၀၀ ကျော်ဖြင့် ထွက်လာသည့် အကြမ်းဖက်စစ်တပ်သည် ဆည်လေးတောလမ်းဆုံသို့ ရောက်ရှိစဉ် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပထမအကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် ည ၇ နာရီခန့် တွင် ဒုတိယအကြိမ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကာ စစ်သား ၃ ဦး သေဆုံးခဲ့ပြီး MA-4 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့သည်။ အောက်တိုဘာ ၇ ရက် မနက်ပိုင်းတွင်လည်း ကျောက်ပနံရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တော်လှန်ရေးရဲဘော် ၁ ဦး ထိမှန်ကျဆုံးခဲ့သည်။ “စစ်တပ်သည် တပ်ရင်း ၄ ရင်းပေါင်းကာ အင်အား ၂၇၀ ခန့်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၆ ရက်မှစတင်ကာ ထိတွေ့တိုက်ပွဲ ၄ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ ကျွန်ုပ်တို့ဘက်မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး နောက်တစ်ရက်တွင် သင်္ဂြိုဟ်ခဲ့သည်။ ယခုမှ ထုတ်ပြန်နိုင်ခြင်းမှာ ဆည်လေးတောမှ ဆားတောင်အထိ နယ်မြေအခြေအနေကြောင့်ဖြစ်သည်” ဟု Thunderbird People’s Defense Force (မိုးကြိုးငှက်အဖွဲ့ – စစ်ကိုင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အောက်တိုဘာ ၁၀ ရက် နေ့လယ် ၂ နာရီခန့်တွင်လည်း လင်းယဥ်ရွာသစ်တွင် အကြမ်းဖက် စစ်တပ် နှင့် ၄၅ မိနစ်ခန့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး MA-2 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်တစ်ဦး လက်မောင်းတွင် ကျည်ထိမှန်ခဲ့ပြီး တပ်သားတစ်ဦးမှာ လည်း ပေါင်တွင် ကျည်ထိမှန်ခဲ့သည်။ ထို့အပြင် အကြမ်းဖက်စစ်တပ်သည် ညောင်ငုတ်တိုရွာအနီး တွင် ဒေသခံတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ အဆိုပါတိုက်ခိုက်မှုများကို Thunderbird People’s Defense Force (မိုးကြိုးငှက်အဖွဲ့ – စစ်ကိုင်း)၊ ပဒူတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် နယ်မြေခံတော်လှန်ရေးအင်အားစုများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။