ဖေဖေါ် ၁၇

The Kaladan Post

 

Japan သည် စစ်ဝါဒကို တကျော့ပြန် အသက်သွင်းရန် ကြိုးပမ်းနေကြောင်း China ဘက်မှ စွပ်စွဲပြောဆိုမှုအပေါ် တိုက်ရိုက် ကန့်ကွက် ငြင်းဆိုခဲ့ကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi သည် ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ကျင်းပသည့် Munich Security Conference တွင် ပြောကြားသည့် မိန့်ခွန်းအတွင်း ဂျပန်တွင် လက်ယာစွန်းအင်အားစုများက စစ်ဝါဒကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်။ ၎င်းက ဂျပန်ပြည်သူများအနေဖြင့် စစ်ဝါဒလမ်းကြောင်းဆီ ပြန်လည် ဦးတည်သွားစေနိုင်သည့် လှည့်စားမှုများအောက် မနစ်မျောသင့်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းစွပ်စွဲချက်များအပေါ် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုက်ရိုက် ငြင်းဆိုကြောင်း ထုတ်ပြန်ခဲ့ပြီး ဝမ်ရဲ့ ပြောဆိုချက်များမှာ မမှန်ကန်သလို ခိုင်မာမှုလည်း မရှိကြောင်း အတည်ပြုခဲ့သည်။ ထို့ပြင် သံတမန်ရေး လမ်းကြောင်းများမှတစ်ဆင့်လည်း တရုတ်ဘက်သို့ ကန့်ကွက်ထားကြောင်း ဆိုသည်။

ဂျပန်ဘက်က မိမိတို့၏ ကာကွယ်ရေး စွမ်းရည်များကို တိုးမြှင့်ချဲ့ထွင်နေရခြင်းမှာ ပိုမိုပြင်းထန်လာသည့် လုံခြုံရေး စိန်ခေါ်မှုများကြောင့်သာ ဖြစ်ပြီး တခြားနိုင်ငံတစ်ခုခုကို ရည်ရွယ်ထားခြင်း မရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံတကာအတွင်း ပွင့်လင်းမြင်သာမှု မရှိဘဲ စစ်အင်အား တိုးချဲ့နေသည့် လှုပ်ရှားမှုများကို ဆန့်ကျင်ကြောင်းလည်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြား တင်းမာမှုများသည် နိုဝင်ဘာလတွင် ဂျပန်ဝန်ကြီးချုပ် Sanae Takaichi က တရုတ်အနေဖြင့် ထိုင်ဝမ်ကို စစ်ရေးအရ တိုက်ခိုက်ပါက ဂျပန်အနေဖြင့် ထိုင်ဝမ်ကို ကူညီရန် တပ်ဖွဲ့များ စေလွှတ်ရနိုင်ကြောင်း ပြောကြားခဲ့သည့် မှတ်ချက်ကြောင့် ပိုမိုမြင့်တက်လာခဲ့သည်။

မြူးနစ်ညီလာခံတွင်လည်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Toshimitsu Motegi က ဂျပန်၏ လုံခြုံရေးမူဝါဒများမှာ နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်သာ ရည်ရွယ်ထားကြောင်း ထပ်လောင်း ရှင်းလင်းခဲ့သည်။

ဂျပန်အစိုးရအနေဖြင့် မိမိတို့၏ ကာကွယ်ရေးအခင်းအကျင်း တိုးမြှင့်မှုများသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်သာ ရည်ရွယ်ထားကြောင်း အတည်ပြု ပြောကြားထားသည်။

Source: AFP

Photo: Reuters