ဖေဖေါ် ၂၀

The Kaladan Post

 

တောင်ကိုရီးယားနိုင်ငံတွင် အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ဖူးသည့် သမ္မတဟောင်း Yoon Suk Yeol ကို နိုင်ငံတော်ပုန်ကန်မှု စွပ်စွဲချက်ဖြင့် တရားရုံးက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ် ချမှတ်လိုက်သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ယွန်ဆွတ်ခ်ယောသည် လွှတ်တော်အတွင်း မြောက်ကိုရီးယား သူလျှိုများ စိမ့်ဝင်နေသည်ဟု စွပ်စွဲကာ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ယာယီ ရပ်ဆိုင်းကြောင်းနှင့် အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် လူထုဆန့်ကျင်မှုများနှင့် လွှတ်တော်အမတ်များ၏ အရေးပေါ် တုံ့ပြန်မှုကြောင့် ယင်းအမိန့်သည် ခန့်မှန်းခြေ ၆ နာရီကျော်အကြာတွင် ပျက်ပြယ်ခဲ့သည်။

ထို့နောက် ယွန်ဆွတ်ခ်ယောသည် သမ္မတရာထူးမှ ဖယ်ရှားခံခဲ့ရပြီး တရားရေးဆိုင်ရာ စစ်ဆေးမှုများကို ဆက်လက် ရင်ဆိုင်ခဲ့ရသည်။ ဖေဖော်ဝါရီ ၁၉ ရက်တွင် တရားရုံးက ၎င်းအား အခြေခံဥပဒေ ချိုးဖောက်ခြင်းနှင့် နိုင်ငံတော်ပုန်ကန်မှု စွပ်စွဲချက်များအပေါ် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့သည်။

အသက် ၆၅ နှစ်အရွယ် ယွန်အပေါ် သေဒဏ်ချမှတ်ရန် အစိုးရရှေ့နေများက တိုက်တွန်းခဲ့သော်လည်း တရားရုံးက အသက်အရွယ်နှင့် ယခင် ပြစ်မှုမှတ်တမ်း မရှိခြင်းတို့ကို ထောက်ထားကာ ထောင်ဒဏ်တစ်သက်သာ ချမှတ်ခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်အရ ယွန်သည် လုပ်ရပ်များအပေါ် နောင်တရသည့် လက္ခဏာ မပြသခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။

ယွန်ဆွတ်ခ်ယောကတော့ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခြင်းသည် သမ္မတအဖြစ် ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အတွင်း ပါဝင်ကြောင်း၊ ဥပဒေစည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်း မရှိကြောင်း တရားခွင်တွင် ကာကွယ်ပြောဆိုခဲ့သည်။

စီရင်ချက်ချမှတ်မှုကို ပြည်တွင်းပြည်ပ အများပြည်သူများက အလေးအနက် စောင့်ကြည့်ခဲ့ကြပြီး တောင်ကိုရီးယား နိုင်ငံရေးအတွင်း သဘောထားကွဲလွဲမှုများ ပြင်းထန်နေသည်။ ဆိုးလ်မြို့ရှိ တရားရုံးအပြင်ဘက်တွင် ယွန်ကို ထောက်ခံသူများ စုဝေးခဲ့ကြသော်လည်း ဆန့်ကျင်ဖက် အင်အားစုများကတော့ ထောင်ဒဏ်တစ်သက်သာ ချမှတ်ခြင်းမှာ ပေါ့ပါးလွန်းကြောင်း ဝေဖန်ခဲ့သည်။

တောင်ကိုရီးယားဥပဒေအရ နိုင်ငံတော်ပုန်ကန်မှုကို ဦးဆောင်သူအား အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် သေဒဏ် ချမှတ်နိုင်ကြောင်း သိရသည်။

ထို့အပြင် ယွန်၏ ကာကွယ်ရေးဝန်ကြီးဟောင်း Kim Yong-hyun ကိုလည်း အမှုတွင် ကြံရာပါအဖြစ် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ကာ ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့သည်။

Source – CAN

Photo – EPA, AFP