မေးမြန်းသူ – RAIN

ဖြေဆိုသူ – Salai Aung Ling၊ စစ်ဦးစီးချုပ်၊ CDF-Kanpetlet

 

RAIN –  မိဘပြည်သူများအားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affairs Program ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် အင်တာဗျူးအစီအစဉ်မှာတော့ ကန်ပက်လက် CDF ရဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဆလိုင်းအောင်လိန်း ကို ကျွန်မတို့ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ မင်္ဂလာပါ စစ်ဦးစီးချုပ်ရေ။

Salai Aung Ling –  ဟုတ်ကဲ့၊ မင်္ဂလာပါ။

RAIN –  ဟုတ်ကဲ့ပါ၊ အရင်ဆုံးအနေနဲ့ ကျွန်မတို့ The Kaladan Post ကို အချိန်ပေးတဲ့ အတွက် အများကြီးကျေးဇူးတင်ပါတယ်။

Salai Aung Ling –  ဟုတ်ကဲ့ပါ

RAIN –  ဟုတ်ကဲ့ပါဆိုတော့ ကျွန်မတို့ မေးမြန်းခြင်းအစီအစဉ်ကို တစ်ခါတည်း ဆက်သွားပါ့မယ်နော်။ ဆိုတော့ ကျွန်မတို့ ဒါဆရာတို့ CDF ကန်ပက်လက်ဟာဆိုလို့ရှိရင် ဒါကန်ပက်လက်မြို့နယ်ကို ဒါ စစ်ကောင်စီလက်ထဲကနေပြီးတော့မှ လွတ်မြောက်အောင် တိုက်ယူနိုင်ခဲ့တာဖြစ်တယ်ပေါ့နော်။ ဆိုတော့ လက်ရှိဒါ ချင်းပြည်နယ်အတွင်းမှာလည်းပဲ ဒါ စကစ လက်ထဲကနေပြီးတော့မှ သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့နယ်တွေလည်းအများကြီး ပြင်ဆင်မှုတွေလည်း ဒါ တွေ့နေရတယ်။ ဆိုတဲ့အခါကျတော့ ဒါကန်ပက်လက်မြို့နယ်ကို စစ်ကောင်စီလက်အောက်ကနေပြီးတော့မှ လွတ်မြောက်အောင်တိုက်ယူခဲ့တဲ့ စစ်ဦးစီးချုပ် တို့ရဲ့ ဒါဒီ အဲဒီမြို့သိမ်းတုန်းက ရရှိခဲ့တဲ့ သင်ခန်းစာလေးတွေကိုလည်းပဲ ဒါမျှဝေပေးပါဦးရှင်။

Salai Aung Ling –  ဟုတ်ကဲ့ပါ၊ အခုလိုပေါ့နော် ကျွန်တော်တို့ကို မေးမြန်းပေးတဲ့ the Kaladan Post ကိုလည်း ကျေးဇူးတင်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ ကန်ပက်လက်တစ်မြို့နယ်လုံး မှာဆိုလို့ရှိရင် ကျွန်တော်အားလုံးကလည်းသိပြီးသားဖြစ်တဲ့အတိုင်းပေါ့နော်။ ကျင်‌‌ဒွေးမှာ တပ်စွဲထားတဲ့ဟာရှိတယ်။ ဒီ ကန်ပက်လက်မြို့ထဲမှာ တပ်စွဲထားတဲ့ဟာရှိတယ်ပေါ့နော်။ ကျင်ဒွေးမြို့ကိုဆိုလို့ရှိရင် ကျွန်တော်တို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ကနေ စပြီးတော့မှ ဒီအခြားမဟာမိတ်တွေနဲ့ပေါ့နော်။ ယောဘက်က NUG ရဲ့ PDF အဖွဲ့တွေနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီးတော့မှ စစ်ဆင်ရေးစလုပ်ခဲ့ကြတယ်။ စလုပ်ပြီးတော့မှ တောက်လျှောက် ကျွန်တော်တို့ တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်တယ်ပေါ့နော်။ အကြိမ်ကြိမ်ဖြစ်ပြီးတော့မှ စစ်ကောင်စီကလည်း ကျွန်တော်တို့ အဲဒီကျင်ဒွေးနဲ့ ပတ်သက်ပြီးတော့မှ ထူးထူးခြားခြား ပေါ့နော် ကျွန်တော်တို့ဆီမှာ ဟတ်စကီးနဲ့ ဒီလေယာဉ်နဲ့ပေါ့နော် စစ်ကူလာချတာကလည်း ခြောက်ကြိမ်လောက်ရှိတယ်။ အပြင်းအထန်ခုခံခဲ့တယ်ပေါ့နော်။ ခုခံပေမဲ့ ကျွန်တော်တို့ ချင်းညီနောင်စစ်ဆင်ရေးအနေနဲ့ စဝင်ပြီးတဲ့ အချိန်ကနေစပြီးတော့မှပေါ့နော် ကျွန်တော်တို့ တတ်နိုင်ဆုံး ရနိုင်အောင် ကျွန်တော်တို့ ထိုးစစ်ဆင်တယ်။ ကျင်ဒွေးကို ကျွန်တော်တို့ သိမ်းပိုက်နိုင်ဖို့ ချင်းညီနောင်ရဲ့ ပထမဦးဆုံး အနေနဲ့ ကျွန်တော်တို့ လုပ်တဲ့အခါမှာ ဒီမြို့ကြိုးစားပြီးတော့မှ မြို့ကိုသိမ်းနိုင်ဖို့အတွက် ကျွန်တော်တို့ ရဲဘော်တွေရဲ့ စိတ်ဓာတ် ဘယ်လောက်အထိ ပြင်းပြသလဲဆိုတာ အဲဒီမှာပဲ ကျွန်တော်တို့ ကျင်ဒွေးစစ်ဆင်ရေးမှာ ပထမဦးဆုံး ဒါ မျက်ဝါးထင်ထင်မြင်ခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီကလည်း ဒါကို မျက်ဝါး ထင်ထင် တွေ့ခဲ့ရတာဖြစ်ပါတယ်။ ချင်းညီနောင်နဲ့ ချင်းညီနောင်ရဲ့ မဟာမိတ်တွေရဲ့ တိုက်ပွဲ အတောအတွင်းမှာပေါ့နော် သူတို့ရဲ့ တိုက်ပွဲအတွေ့အကြုံရှိခြင်း၊ စစ်ပွဲအတွင်းမှာ ရွံ့ရွံ့ချွန်ချွန် တိုက်ပွဲဝင်တဲ့ အခြေအနေမျိုးတွေကို စစ်ကောင်စီဟာ ကျင်ဒွေးမြို့သိမ်းစစ်ဆင်ရေး အတွင်းမှာပဲ သူ့ရဲ့အင်အားကို ရာကြီးကဏန်းလောက်အထိပေါ့နော် အင်အား လေးငါးခြောက်ရာအထိကိုမှ သူကစစ်ကူပို့ပြီးတော့မှ ခုခံခဲ့ပေမဲ့ လုံးဝ နောက်ဆုံးတော့ ခုခံနိုင်ခြင်းမရှိဘဲနဲ့ သူတို့ စခန်းစွန့်ပြီးတော့မှ ထွက်ပြေးရတယ်ပေါ့နော်။ ကျွန်တော်တို့ စခန်းကိုသိမ်းနိုင်တယ်။ ဧပြီလ ၂၉ ရက်နေ့မှာ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ဧပြီလ ၂၉ ရက်နေ့မှာ ကျွန်တော်တို့ ကျင်ဒွေးမြို့ကို သိမ်းနိုင်ခဲ့တယ်။ အဲဒီကနေ နောက်ဆက်တွဲမှာပဲ အားလုံးသိတဲ့အတိုင်း မတူပီစစ်ဆင်ရေးတွေလာတယ်။ အဲဒီ တစ်ဆက်တည်းမှာ မင်းတပ်နဲ့ ဒီမတူပီမြို့ သိမ်းပြီးတဲ့နောက်မှာပေါ့နော် ချင်းညီနောင်အနေနဲ့ မြို့သိမ်းပြီးတဲ့နောက်မှာ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးနဲ့ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို တစ်ဆက်တည်းလာတယ်။ ဒီလိုလာရင်းကနေပဲ မင်းတပ်မြို့သိမ်းနဲ့ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာပေါ့နော် ကျွန်တော်တို့ တစ်ပြိုင်နက်တည်းပေါ့နော် ဒီစစ်ဆင်ရေးလုပ်နိုင်ဖို့အတွက်ကို အများကြီးကြိုးစားထား ကြပေမဲ့ တကယ်လက်တွေ့မှာတော့ အခြေအနေကအရမ်းကြီးမပေးဘူးပေါ့နော်။ အခြေအနေ မပေးတဲ့အတွက်ကြောင့် ကျွန်တော်တို့က ရန်သူစခန်းကို အနီးဆုံး ချဉ်းကပ်ပြီးတော့မှ ကျွန်တော်တို့ လုံးဝအပြင်မထွက်နိုင်အောင် ချဉ်းကပ်ထားတဲ့အခါမှာ ရန်သူက ဒီဇင်ဘာ ၂၂ ရက်နေ့မှာ မင်းတပ်မြို့ကိုသိမ်းလိုက်တဲ့အခါမှာ ဒီဇင်ဘာ ၂၂ ရက်နေ့မှာပဲ ကန်ပက်လက်ကို မြို့ကိုစွန့်ခွာပြီးတော့မှ ရန်သူကဆုတ်သွားတယ်ပေါ့နော်။ အဲဒီမှာကတည်းက ချင်းညီနောင် ရဲဘော်တွေရဲ့ တိုက်ပွဲအတွင်းမှာပေါ့နော် စွမ်းဆောင်ရည်တွေ ကျွန်တော်တို့ နောက်ထပ် သူတို့အနေနဲ့ ဘယ်လိုမှ မခုခံနိုင်ဘူးဆိုတာ ဒီမင်းတပ်မြို့တွေ ကျွန်တော်တို့ မတူပီ ဗျူဟာကုန်းလိုမျိုးရှိတဲ့ မတူပီမြို့ကို သိမ်းပိုက်နိုင်မယ်။ မင်းတပ်လိုမျိုး တကယ်ကို စစ်ဗျူဟာမှူးကြီးက ဦးဆောင်တဲ့နေရာတွေပေါ့နော်။ ဒါကို သိမ်းပိုက်နိုင်တယ်။ ဖလမ်းလို နေရာမျိုးတွေကို ထိုးပေါက်သွားတဲ့အခါမှာ ဒီကန်ပက်လက်လိုနေရာမှာ သူတို့အနေနဲ့ ခုခံပြီး တော့မှ ဆက်ပြီးတော့ ခုခံနေတယ်ဆိုလို့ရှိရင် သူတို့က ကိုယ့်သေတွင်း ကိုယ်တူးတယ်ဆိုတာ သူတို့ သဘောပေါက်လာတယ်ပေါ့နော်။ သဘောပေါက်လာတဲ့အခါမှာ သူတို့ နောက်ဆုတ် သွားတာ ဒီစခန်းစွန့်ခွာပြီးတော့မှ သွားတာတွေ့ရတယ်။ ဆိုတော့ ကျွန်တော်တို့ ဒီနေရာကနေ အဓိက ရန်သူက ဘယ်လိုမျိုးပုံစံနဲ့ အလုပ်လုပ်သလဲဆိုတဲ့ဟာပေါ့နော်။ ကျွန်တော်တို့က အများကြီး တင်ယူရတာလည်းရှိပါတယ်။ ဆိုတော့ ကျင်ဒွေးစစ်ဆင်ရေးမှာ သော်လည်း ကောင်း၊ မတူပီစစ်ဆင်ရေးမှာသော်လည်းကောင်း၊ မင်းတပ်နဲ့ စစ်ဆင်ရေးမှာသော် လည်းကောင်း ကန်ပက်လက်မြို့နယ်ဆိုလို့ရှိရင်ပေါ့နော် လူဦးရေအားဖြင့်လည်း နည်းတယ်။ ပြီးတော့မှ နောက်တစ်ခုက အဲဒီအတောအတွင်းမှာပဲ စည်းလုံးမှုအားဖြင့်ကလည်း အရမ်း အားနည်းပြီးတော့မှ စည်းလုံးမှုလည်းမရှိဘူးပေါ့နော်။ ဒီလိုအခြေအနေမျိုးမှာပဲ ကျွန်တော် တို့က မြို့ကနေပြီးတော့မှ ရန်သူစွန့်ခွာအောင်ပေါ့နော်။ ရန်သူက မြို့ကိုစွန့်ခွာသွားအောင် အတတ်နိုင်ဆုံး ချဉ်းကပ်ပြီးတော့မှ ကျွန်တော်တို့ ဖိအားပေးနိုင်ခဲ့တယ်။ တစ်ဖက်ကနေ ပေါ့နော် ကျွန်တော်တို့က စစ်ရေးဗျူဟာကျကျ လှုပ်ရှားလာတဲ့အခါမှာ ဒါကို ကျွန်တော်တို့ အကောင်းဆုံးအသုံးချနိုင်ခဲ့တဲ့အနေအထားမှာရှိပါတယ်။ ဆိုတော့ ကန်ပက်လက်မြို့ကို ကျွန်တော်တို့ သိမ်းပိုက်နိုင်ခြင်းအားဖြင့် ချင်းညီနောင်ရဲ့အောင်မြင်မှုတစ်ခုလည်းဖြစ်တယ်။ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ ထဲကနေ ပေါ့နော် ဒီလိုမျိုးအောင်မြင်မှုတွေ ရနိုင်တဲ့ အဖွဲ့အစည်းတွေ ဒီချင်းညီနောင်ရဲ့ အောင်မြင်မှု ဟာလည်း ဒီလိုမျိုး တော်လှန်ရေးအဖွဲ့အစည်းအသီးသီးရဲ့ အောင်မြင်မှုနဲ့ အားလုံးဟာ အတူတူပဲဖြစ်ပါတယ်။ ဆိုတော့ ဒီအရာပေါ်မှာ ကျွန်တော်တို့အနေနဲ့ကတော့ အများကြီး စိန်ခေါ်မှုတွေရှိခဲ့တယ်။ ကျင်ဒွေးစစ်ဆင်ရေးမှာဆိုလို့ရှိရင်လည်း ကျွန်တော်တို့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံရဲ့ ဘဏ္ဍာငွေကို အသုံးပြုပြီးတော့မှ မင်းအောင်လှိုင် ဦးဆောင်တဲ့ပေါ့နော် အကြမ်းဖက်စစ်တပ်ကို ကျွန်တော်တို့ တိုက်ခိုက်ရတဲ့အခါမှာ ကျွန်တော်တို့အတွက် အရမ်းကို အခက်အခဲရှိပါတယ်။ ဒီလိုအခက်အခဲတွေမှာ နောက်တစ် ဖက်ကနေ ဘာလဲဆိုလို့ရှိရင် ကျွန်တော်တို့ အဖွဲ့အစည်းပုံပေါ့နော်။ တပ်ပိုင်းဆိုင်ရာ တည်ဆောက်မှုအပိုင်းမှာ အရမ်း အရေးကြီးတာတွေ့ရပါတယ်။ တပ်ပိုင်းဆိုင်ရာကို စနစ်တကျတည်ဆောက်နိုင်မှုအပေါ်မှာလည်း ဒါကို ကျွန်တော်တို့ စနစ်တကျတည်ဆောက် ပြီးတော့မှ အလုပ်လုပ်နိုင်မှုအပေါ်မှာ ကျွန်တော်တို့ အောင်မြင်မှုတွေက သူ့ဟာနဲ့သူ ရောက်လာတာဖြစ်ပါတယ်။ ဆိုတော့ ဒီလိုမျိုးတည်ဆောက်မှုအပိုင်းကလည်း အရမ်းအရေးကြီးတာတွေ့ရပါတယ်။ နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့က ဒီပူးပေါင်းဆောင်ရွက်မှုပေါ့နော်။ ပူးပေါင်းဆောင်ရွက်မှုက အရမ်း ဟိုဟာဖြစ်ပါတယ်။ မဟာမိတ်က အရမ်းအရေးကြီးတယ်ဆိုသလိုပဲနော်။ တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရမ်းအရေးကြီးတာဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်လိုက်တဲ့အခါမှာ ကျွန်တော်တို့ စစ်ကောင်စီဟာ ဘယ်လိုမျိုး ခုခံနေပါစေပေါ့နော်။ ခုနက ကျွန်တော်ပြောခဲ့သလိုပဲ လေယာဉ်နဲ့ ကြိမ်ပေါင်းတစ်ထောင်မက ဗုံးကြဲတယ်။ ကျွန်တော်တို့ကို စစ်ကူတွေလည်း အမြောက်အများချတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စည်းလုံးမှုအားကပဲ ဒီဟာကို အနိုင်ယူပြီးတော့မှ ကျွန်တော်တို့ အောင်ပွဲ ဆင်နိုင်ခဲ့တာဖြစ်တယ်ဆိုတဲ့ဟာပေါ့နော်။ ဆိုတော့ ဒီကနေပြီးတော့မှ ကျွန်တော်တို့ အကောင်းဆုံးသင်ခန်းစာတွေလည်းဖြစ်သလို နောက်နောင်များမှာလည်း ပိုပြီးတော့မှ ရေရှည်မှာဒါက ပိုပြီးတော့ ကျင့်သုံးရမယ့်အရာဖြစ်တယ်။ ထိန်းသိမ်းရမယ့် အရာတွေ ဖြစ်တယ်လို့ မြင်ပါတယ်။

RAIN –  ဟုတ်ကဲ့ပါ၊ ဆိုတော့ ခုနက ဒါ စစ်ဦးစီးချုပ်ပြောသွားသလိုမျိုး ကန်ပက်လက်မြို့နယ် ဒါ စစ်ကောင်စီလက်ထက်ကနေပြီးတော့မှ ရယူခြင်းမှာ ကဏ္ဍပေါင်းစုံ အင်မတန်မှ အရေးကြီးတာကို ဒါကြားသိရတယ်။ ဆိုတော့ အခုနပြောသလိုပဲ ဒီ ဟို ဒီတော်လှန်ရေးမှာဆိုလို့ရှိရင် ကဏ္ဍပေါင်းစုံကနေပြီးတော့မှ လှုပ်ရှားနေကြတာမျိုးဖြစ်တယ်။ ထိုနည်းတူစွာပဲ ဒါလူငယ်တွေရဲ့ ဦးဆောင်ပါဝင်မှုက အဓိက အခရာကျနေတာပေါ့နော်။ တစ်ဆက်တည်းမှာလည်း ဒါအမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း အင်မတန်မှ အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်နေတာကို တွေ့ရတယ်ဆိုတော့ ဒီတော်လှန်ရေးမှာ စစ်ဦးစီးချုပ်ရဲ့ အတွေ့အကြုံအရသော်လည်းကောင်း ဒီအမျိုးသမီးတွေနဲ့ လူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှုက ဘယ်လောက်အထိ အရေးပါလဲ။ တော်လှန်ရေးအတွက် ဘယ်လောက် အထောက်အကူပြုတယ်ဆိုတာလေးလည်း ပြောပြပေးပါဦးရှင်။

Salai Aung Ling –  ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့မှာတော့ပေါ့နော် ကျွန်တော်တို့မှာဆိုလို့ရှိရင်တော့ တော်လှန်ရေးမှာက လူငယ်တွေပေါ့နော်။ တော်လှန်ရေးကို အဓိကလုပ်တဲ့ အခြေအနေ မျိုးမှာဆိုလို့ရှိရင် ကျွန်တော်တို့ ကဏ္ဍပေါင်းစုံကနေ အများကြီးလိုအပ်တာဖြစ်ပါတယ်။ ဆိုတော့ ခုနကပြောခဲ့သလိုပဲ မေးခွန်းမှာမေးခဲ့သလိုပဲပေါ့နော်။ အမျိုးသမီးတွေနဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍမှာဆိုလို့ရှိရင် လက်ရှိမှာ ကျွန်တော်တို့မှာ တိုက်ပွဲဝင်နေတဲ့ နေရာမှာဆိုလို့ရှိရင် လူငယ်တွေပဲ အဓိက ရှေ့တန်းကိုသွားပြီးတော့ တိုက်ပွဲဝင် နေရတာဖြစ်ပါတယ်။ အဲလိုပဲ တကယ်တမ်းနောက်တန်းမှာ အလုပ်လုပ်နေရတဲ့ ဒီ ဒီလိုမျိုး ကျွန်တော်တို့ရဲ့ ဒေသတွင်းမှာပေါ့နော်။ အခြားလုပ်ငန်းတွေမှာ ဒေသ ပြည်သူလူထုပေါ့နော်။ ပြည်သူလူထုနဲ့ဆိုင်တဲ့ စည်းရုံးရေးလုပ်ငန်းတွေ အခြားဒီဒေသ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းတွေ မှာဆိုလို့ရှိရင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကလည်း အရမ်းအရေးကြီးတာတွေ့ရပါတယ်။

RAIN –  ဆိုတော့ ဒါ လက်ရှိ ဒါတော်လှန်ရေးဟာဆိုလို့ရှိရင် လေးနှစ်ကျော် ငါးနှစ်တာ ကာလမှာ ရောက်ရှိလာပြီဖြစ်တယ်။ ဆိုတော့ လက်ရှိနွေဦးတော်လှန်ရေးကြီးရဲ့ အနာဂတ် လမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ စစ်ဦးစီးချုပ်အနေနဲ့ ဘယ်လိုမျိုး မြင်ပါသလဲ။ ဒီ ကန်ပက်လက်လိုမျိုး လွတ်မြောက်နယ်မြေတစ်ခုကနေကြည့်တဲ့အခါမှာ ဒီတော်လှန်ရေး ကြီးအောင်မြင်ဖို့အတွက် ဘယ်အရာက အဆုံးအဖြတ်ပေးနိုင်ဆုံးအချက်ဖြစ်မယ်လို့ ယုံကြည် ထားပါလဲရှင်။

 

 

Salai Aung Ling –  ဟုတ်ကဲ့၊ ကျွန်တော် ခုနတုန်းက မေးခွန်းမှာလည်း ဖြေခဲ့သလိုမျိုးပေါ့နော်။ ကျွန်တော်တို့က လွတ်မြောက်နယ်မြေဖြစ်ခြင်း၊ မဖြစ်ခြင်းထက်ပေါ့နော်။ ကျွန်တော်တို့ရဲ့ လက်ရှိ အရေးကြီးဆုံးအရာကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ စည်းလုံးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုက အရမ်းအရေးကြီးတယ်လို့ မြင်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ဒီ ကန်ပက်လက်ကနေပြီးတော့မှ ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်။ ကျွန်တော်တို့ရဲ့ ဒေသအတွင်း မှာစည်းလုံးမှု ကျွန်တော်တို့ရဲ့ နယ်မြေတွင်းမှာ စည်းလုံးမှု အုပ်ချုပ်ရေးယန္တရား တည်ဆောက်မှုအပိုင်းတွေမှာ ပြီးတော့မှ ပြည်သူလူထုနဲ့ ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ ဝန်ဆောင်မှုပေးတဲ့အပိုင်းတွေပေါ့နော်။ ကျွန်တော်တို့ ပြည့်ပြည့်၀၀ ဝန်ဆောင်မှုမပေး နိုင်ရင်တောင် ပေးနိုင်တဲ့အတိုင်းအတာတစ်ခုကိုတော့ ကျွန်တော်တို့က ပေးဖို့လိုအပ်တဲ့ အခြေအနေမျိုးမှာရှိပါတယ်။ ဒါကလည်း တော်လှန်ရေးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ကျွန်တော်တို့က ပြည်သူလူထုကို ဝန်ဆောင်မှု၊ ဘာဝန်ဆောင်မှုမှ မပေးဘူးဆိုလို့ရှိရင် ဒါကလည်း တကယ်တမ်း ပြည်သူလူထုကသာလျှင် ဒီတော်လှန်ရေးကို အဓိကဦးဆောင် နေတာ ပြည်သူတွေဖြစ်တယ်ဆိုတဲ့ဟာပေါ့နော်။ ပြည်သူတွေဖြစ်နေတဲ့အခါမှာ ပြည်သူလူထု ဟာ တော်လှန်ရေးကို အဓိကဦးဆောင်နေတဲ့ အားကောင်းကောင်းနဲ့ တကယ့်ကို ရှေ့တန်းက ရဲဘော်တွေပေါ့နော်။ အရွေ့တစ်ခုရောက်နိုင်ဖို့အတွက်ကို ဦးဆောင်ပေးနေတဲ့ ပြည်သူတွေကို ကျွန်တော်တို့က တစ်ဖက်ကနေပြီးတော့မှ ဒါတွေကို လုပ်ဆောင်ပေးဖို့လိုပါတယ်။ အဲလိုပဲ ဒီလိုမျိုး တစ်ဖက်ကနေ လုပ်ဆောင်ပေးသလိုပဲ နောက်တစ်ဖက်ကနေ ကျွန်တော်တို့ တော်လှန်ရေးလုပ်နေတဲ့ ဒေသတွင်းက အဖွဲ့အစည်းတွေသော်လည်းကောင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရှိနေတဲ့ အဖွဲ့အစည်းတွေအားလုံးပဲဖြစ်ဖြစ်ပေါ့နော်။ ကျွန်တော်တို့က ပူးပေါင်းမှုတစ်ခုအနေနဲ့ အားလုံး အတူတကွသွားနိုင်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ အတွင်းမှာပဲ ကွဲပြားမှုတွေက တော်လှန်ရေးကို အရမ်းကို အရွေ့ပေါ့နော်။ အရွေ့တစ်ခုရောက်ဖို့အတွက်ကို အခက်အခဲဖြစ်စေတာ တွေ့ရပါတယ်။

 

 

RAIN –  ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်။ ဆိုတော့ လက်ရှိမှာလည်း ဒါ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကနေပြီးတော့မှ ပြုပြင်ပြောင်းလဲမယ်လို့ ကြွေးကြော်နေတဲ့ အပေါ်မှာ စစ်ဦးစီးချုပ်အနေနဲ့ လက်တွေ့မှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာဖို့ကို မျှော်လင့်ထား တာမျိုးရှိလဲရှင်။

Salai Aung Ling –  NUG အနေနဲ့ ဒီလိုမျိုးပေါ့နော် ပြုပြင်ပြောင်းလဲရေးကို ဒီလိုမျိုး ကြိုးပမ်း တာအပေါ်မှာတော့ ကြိုဆိုပါတယ်။ ဆိုတော့ ကျွန်တော်တို့ အဓိကမျှော်လင့်တာကတော့ NUG ရဲ့ ပြုပြင်ပြောင်းလဲမှုကနေ ခုနက ကျွန်တော်ပြောခဲ့သလိုပေါ့နော်။ ဒီဒေသတွင်းက တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးက စုစည်းလာပြီးတော့မှ ရှေ့ကို အရှိန်အဟုန်မြင့်မြင့်နဲ့ တော်လှန်ရေးကို အရွေ့တစ်ခုကို အများဆုံး ရောက်လာစေလိမ့်မယ်။ ကောင်းသော ပြောင်းလဲမှုတွေနဲ့ အကောင်းဆုံးနဲ့ ဒီ အမြန်ဆုံးတော်လှန်ရေးရဲ့ အရွေ့ကို ဖြစ်စေလာ လိမ့်မယ်လို့ အနေနဲ့ ကျွန်တော် မျှော်လင့်ပါတယ်။

RAIN –  ကျွန်မတို့ ပြောရမယ်ဆိုလို့ရှိရင် ချင်းတော်လှန်ရေးအင်အားစုတွေကြားမှာ ဒါ ဟို သဘောထားကွဲလွဲမှုလေးတွေ ရှိခဲ့တာ ဒါပြည်သူတွေကြားမှာလည်း အတော်လေး ရိုက်ခတ် မှုဖြစ်ခဲ့တယ်။ ဆိုတော့ စိုးရိမ်မှုတွေလည်း ချင်းပြည်သူတွေအနေနဲ့ ဒီအပေါ်မှာ အင်မတန်မှ စိုးရိမ်မှုတွေလည်း မြင့်တက်ခဲ့တာပေါ့နော်။ ဆိုတော့ ဒါ ဟို ဒီလိုမျိုးသဘောထားကွဲလွဲမှု တွေက မြေပြင်မှာထက် အွန်လိုင်းပေါ်မှာ ပိုပြီးတော့မြင့်တက်နေတယ်ဆိုပြီးတော့ ဝေဖန်သုံးသပ်တဲ့သူတွေကလည်း ရှိနေတဲ့အပေါ်မှာ စစ်ဦးစီးချုပ်အနေနဲ့ရော မြေပြင်မှာနဲ့ ဒါအွန်လိုင်းပေါ်မှာ ဘယ်လိုတွေ အခြေအနေ ကွာဟချက်တွေရှိလဲဆိုတာလေးလည်း ရှင်းပြပေးပါ၊ ပြီးတော့မှ မိဘပြည်သူတွေအနေနဲ့ ဒီအပေါ်မှာ အမှန်တကယ် စိုးရိမ်မှု အင်မတန်ကြီးထွားစရာလိုလားဆိုတဲ့ဟာမျိုးပေါ့နော်။ ဒီကိစ္စတွေကို ခေါင်းဆောင်တွေအနေနဲ့ ဘယ်လိုတွေ ဖြေရှင်းဆောင်ရွက်နေလဲဆိုတာလေးလည်း တစ်ပါတည်း ပြောပြပေးပါဦးရှင်။

 

Salai Aung Ling –  ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့ ဒီ ဟိုဟာပေါ့နော် ကျွန်တော်တို့မှာ ဒေသတွင်းပေါ့နော်။ ဒေသတွင်းမှာ အွန်လိုင်း ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီးမှ ဆိုလို့ရှိရင်လည်း စည်းကမ်းအရမ်းမဲ့တယ်ပေါ့နော်။ စည်းကမ်းမဲ့သုံးစွဲတာတွေတွေ့ရတယ်။ ဒီလိုမျိုးတွေရယ်။ ပြီးတော့ နောက်တစ်ခုက ဘာလဲဆိုလို့ရှိရင် ဒေသတွင်းမှာပေါ့နော်။ သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်တကာ ဖြန့်ဝေနေတဲ့သူတွေ ရှိနေတယ်ပေါ့နော်။ ဒီဟာတွေကပဲ အခြေခံကျတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ နောက်အဓိကအချက် ကတော့ ဘာလဲဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံတကာရောက် ကျွန်တော်တို့ရဲ့ ထောက်ပို့ပေါ့နော်။ ထောက်ပို့တွေရဲ့ လွှမ်းမိုးမှုကြီးမားတာကလည်း တော်တော်လေးကို ကြီးလေးတဲ့ပြဿနာဖြစ်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့က ထောက်ပို့တွေရဲ့ စကားကို နားထောင်ရတဲ့ အနေအထားမျိုးတွေပေါ့နော်။ ချင်းလက်နက်ကိုင် အသိုင်းအဝိုင်းအားလုံးကို အလွှမ်းမိုးခံနေရတယ်လို့ မြင်ရတယ်ပေါ့နော်။ ဒီကိစ္စကလည်း တော်တော်လေးကို ကြီးတဲ့ပြဿနာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ကတော့ ယူဆပါတယ်။ ဆိုတော့ ဒီဒေသတွင်းမှာ သတင်းမှားဖြန့်ဝေမှုတွေ၊ ပြီးတော့မှ ဒေသတွင်းက စကမရဲ့အင်တာနက်တွေ၊ ဖုန်းလိုင်းတွေ ပိတ်ပင်မှုပေါ့နော်။ ပိတ်ပင်မှုကနေ အခွင့်ကောင်းယူပြီးတော့မှ သတင်းအချက် အလက်စီးဆင်းမှု အရမ်းအားနည်းတဲ့ ဒေသတွေမှာဆိုလို့ရှိရင် ပိုလို့တောင်မှ ကျွန်တော်တို့ ဆိုက်ဝါးဖြန့်ပြီးတော့မှ ပုံရိပ်ဖျက်ဖို့အတွက် ကြိုးစားနေတဲ့အရာတွေက ဒါတွေကပဲ ပိုပြီးတော့မှ ပြဿနာကြီးထွားစေတဲ့အရာတွေဖြစ်ပါတယ်။ ပြည်သူလူထုတွေအနေနဲ့ပေါ့နော် အရမ်းကြီး ဒီကိစ္စက စိုးရိမ်စရာမရှိဘူးပေါ့နော်။ စိုးရိမ်စရာမရှိဘူးလို့ မြင်ပါတယ်။ ဘာလို့လဲဆိုလို့ရှိရင် ကိုယ်တိုင်က ဒီကိစ္စကို တကယ်ဖြစ်မှာ ဟုတ်ရဲ့လားဆိုတဲ့ဟာကို လေ့လာပြီးတော့မှ ဝေဖန်ပိုင်းခြားပြီး သုံးသပ်ဖို့လိုတယ်လို့ မြင်ပါတယ်။ ဆိုတော့ ကျွန်တော်တို့အနေနဲ့ကတော့ အဓိက ပြောချင်တာကတော့ ဒီအဖွဲ့အစည်းအချင်းချင်းကြား ထဲမှာဆိုလို့ရှိရင်တော့ ကျွန်တော်တို့ အပြန်အလှန်ယုံကြည်မှုနဲ့ အပြန်အလှန်လေးစားမှုနဲ့ အပြန်အလှန်အသိအမှတ်ပြုမှုက အရမ်းအရေးကြီးမယ်လို့ မြင်ပါတယ်။ ဆိုတော့ အဖွဲ့အစည်း တစ်ခုနဲ့တစ်ခုကြားထဲမှာ အပြန်အလှန်လေးစားမှုမရှိဘူး၊ အပြန်အလှန်ယုံကြည်မှုမရှိဘူး အဲလိုပဲ အပြန်အလှန်အသိအမှတ်ပြုမှုမရှိဘူးပေါ့နော်။ အပြန်အလှန်လေးစားမှုမရှိတဲ့ အပြင်ကိုမှ အပြန်အလှန်အသိအမှတ်ပြုမှုမရှိတဲ့အခါမှာဆိုလို့ရှိရင် မလိုအပ်တဲ့ဟာတွေ ပိုပြီးတော့မှ ဖြစ်စေတယ်လို့ မြင်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ ချင်းမှာဆိုလို့ရှိရင် အဖွဲ့အစည်းတွေကလည်း ပိုများတာတွေ့ရတယ်။ ပိုပြီးတော့မှလည်း တော်လှန်ရေးကလည်း အရွေ့တစ်ခုကို ရောက်နိုင်မယ့်အနေအထားရှိရဲ့သားနဲ့ မရောက်နိုင်သေးဘူးပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ ချင်းညီနောင်အနေနဲ့ အရွေ့တစ်ခုကို အတတ်နိုင်ဆုံး ကျွန်တော်တို့ အပြန်အလှန်ယုံကြည်လေးစားမှုနဲ့ တန်ဖိုးထားမှု၊ အသိအမှတ်ပြုမှုနဲ့ ကျွန်တော်တို့က အရွေ့တစ်ခုကို ဖော်ဆောင်နိုင်ကြတယ်။ အဲလိုမျိုးဖြစ်ဖို့အတွက်ဆိုလို့ရှိရင် ကျွန်တော်တို့ အဖွဲ့အစည်းအသီးသီး ချင်းဒေသတွင်းမှာရှိတဲ့ ချင်းပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းအသီးသီး အဖွဲ့အစည်းကြီးခြင်း၊ သေးခြင်းဆိုတာထက် ကျွန်တော်တို့ အပြန်အလှန်လေးစား အသိအမှတ်ပြုမှုက အရေးကြီးတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ကျွန်တော်တို့က အားလုံးဟာ ရန်သူနဲ့ တိုက်ပွဲဝင်တဲ့အခါမှာ အသက်အပိုမပါတဲ့လူတွေ၊ အသက်ကို ပေးပြီးတော့မှ တိုက်ပွဲဝင်တဲ့သူတွေဖြစ်တဲ့အခါမှာ အပြန်အလှန် လေးစား အသိအမှတ် ပြုဖို့အတွက်ဆိုလို့ရှိရင်ပေါ့နော် အားလုံးဟာ ထိုက်တန်ကြတယ်လို့ ကျွန်တော့်အနေနဲ့ ကတော့ ယူဆပါတယ်။ ဆိုတော့ ကျွန်တော်တို့ အဖွဲ့အစည်း ကြီးခြင်း၊ သေးခြင်းဆိုတာထက် ပြန်အလှန် လေးစားအသိအမှတ်ပြုပြီးတော့မှ သူ့ရဲ့လုပ်ဆောင်မှုကို အသိအမှတ်ပြု ပေးတာက ပိုပြီးတော့မှ ကျွန်တော်တို့ရဲ့ စည်းလုံးမှုကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော့် အနေနဲ့ကတော့ မြင်ပါတယ်။ ဆိုတော့ အဲဒါနဲ့ တစ်ဆက်တည်းပါပဲပေါ့နော် ကျွန်တော်တို့ဒေသ ဒီကန်ပက်လက်မှာဆိုလို့ရှိရင် လက်ရှိမှာပေါ့နော်။ ကျွန်တော်တို့ ကြုံနေရတဲ့ပြဿနာမှာဆိုလို့ရှိရင်လည်း ဒီလိုမျိုးအပြန်အလှန် လေးစားအသိအမှတ်ပြုမှု အားနည်းတဲ့အကြောင်းအရာတွေကပဲ မလိုလားအပ်တဲ့ ပြဿနာတွေအထိပါပေါ့နော်။ ဆိုတော့ အွန်လိုင်းပေါ်မှာတော့ ဟိုလေးတကျော် သတင်းအမှားတွေပေါ့နော်။ ဟိုလေး တကျော်ဖြစ်နေပေမဲ့ တကယ်တမ်း ဒေသတွင်းမှာတော့ တော်တော်လေးကို အဆင်ပြေ ပြီးတော့မှ ဒီနေ ဒီဒီငြိမ်ငြိမ်ပြန်ဖြစ်နေတာပေါ့နော်။ ပြန်ဖြစ်နေတဲ့အနေအထားအထိ ကျွန်တော်တို့ကတော့ ကာကွယ်ရေးပိုင်းဆိုင်ရာ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကအစ အကုန်လုံး ပြန်ပြီးတော့မှ တည်ဆောက်နိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေတယ်။ ဆိုတော့ ဒါကိုလည်း အဓိကပြောချင်တာက ကျွန်တော်တို့ ဒီလိုမျိုးဒေသတွင်းမှာ ပြဿနာဖြစ်လာရတဲ့ အဓိကအကြောင်းရင်းကလည်း ကျွန်တော်တို့ အဖွဲ့အစည်းအတွင်းထဲမှာ အဖွဲ့အစည်း ကြီးနိုင်ငယ်ညှင်း ပုံစံမျိုးနဲ့ အသိအမှတ်မပြုမှုကနေ စတာဖြစ်တယ်။ ဆိုတော့ အဖွဲ့အစည်း ကြီးတဲ့သူကလည်း ကြီးမားတဲ့အဖွဲ့အစည်းလို့ ယူဆတယ်ဆိုလို့ရှိရင် သေးငယ်တဲ့ အဖွဲ့အစည်း ကိုလည်း ကျွန်တော်တို့က မပစ်ထားဘဲနဲ့ ကျွန်တော်တို့ လေးစားအသိအမှတ်ပြုမှုနဲ့ လက်တွဲခေါ်ဖို့လိုတယ်ဆိုတဲ့ဟာလေးပေါ့နော်။ ဒီလိုမျိုးလက်တွဲခေါ်တယ်ဆိုလို့ရှိရင် ဘယ်သူ ပဲဖြစ်ဖြစ် ကျွန်တော်တို့ အားလုံးဟာ စည်းစည်းလုံးလုံးနဲ့ သွားနိုင်ပါတယ်။ ဆိုတော့ ကျွန်တော် တို့က လက်တွဲမှာ လေးစားအသိအမှတ်ပြုမှုလည်းမရှိဘဲနဲ့ ကျွန်တော်တို့ စည်းလုံးမှုကို ဆောင်ခြင်းတဲ့ ဦးဆောင်မှုကို မချဉ်းကပ်ဘူးဆိုလို့ရှိရင်တော့ စည်းလုံးမှုရလာမှာ မဟုတ်ဘူး ပေါ့နော်။ ဆိုတော့ စည်းလုံးမှုကို ရရှိစေနိုင်မယ့်၊ စည်းလုံးမှုကို ဆောင်ကျဉ်းနိုင်မယ့် ဦးဆောင်မှုမျိုးကိုတော့ ဒါကိုပဲ အဓိကပြည်သူတွေကလည်း လိုလားတောင်းတနေတယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်ပေါ့နော်။ ဆိုတော့ အမှန်တကယ် ကျွန်တော်တို့ ချင်းပြည်တွင်းမှာဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်လာလို့ရှိရင်တော့ ပြည်သူတွေအနေနဲ့ အများကြီးစိုးရိမ်စရာမရှိဘဲနဲ့ ကျွန်တော်တို့ ပြည်သူတွေက အဓိကကူညီပေးပြီးတော့မှ အချင်းချင်းကြားထဲမှာ လေးစားအသိအမှတ်ပြုမှုကို ဖော်ဆောင်ပေးနိုင်ဖို့အတွက်ကို ပြည်သူတွေရဲ့ အသံက ဦးဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တာဖြစ်တဲ့အတွက်ကြောင့် အချင်းချင်းကြားထဲက လေးစားအသိအမှတ်ပြုမှုရှိလာဖို့အတွက်ကို ပြည်သူတွေက ဒါကို စွမ်းဆောင်ပေးရင်တော့ ကျွန်တော်တို့ ချင်းပြည်ရဲ့တော်လှန်ရေးအရွေ့က ပိုပြီးတော့ ဒီ့ထက်ပိုမြန်ဆန်လိမ့်မယ်လို့ ယူဆပါတယ်။

RAIN –  ဟုတ်ကဲ့ပါ အခုလိုဖြေကြားပေးတဲ့အတွက် စစ်ဦးစီးချုပ်ကို အများကြီးကျေးဇူး တင်ပါတယ်ရှင်။

Salai Aung Ling –  ဟုတ်ကဲ့ပါ ကျေးဇူးပါ။