ဖေဖေါ် ၂၈
The Kaladan Post
မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် Kim Jong Un ၏ သမီးဖြစ်သူဟု ယူဆထားသည့် ကင်မ်ဂျူအေးက စနိုက်ပါ ရိုင်ဖယ်တစ်လက်ကို စမ်းသပ်ပစ်ခတ်နေသည့် ဓာတ်ပုံများကို မြောက်ကိုရီးယား အစိုးရ မီဒီယာများက ဖော်ပြခဲ့သည်။
သတင်းထုတ်ပြန်မှုများနှင့် ပတ်သက်၍ တင်းကျပ်စွာ ထိန်းချုပ်လေ့ရှိသည့် မြောက်ကိုရီးယားအနေဖြင့် ထုတ်ပြန်သည့် ဓာတ်ပုံတိုင်းတွင် နိုင်ငံရေးအဓိပ္ပါယ် တစ်စုံတစ်ရာ ပါဝင်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ ယခု ထုတ်ပြန်မှုကိုတော့ ကင်မ်ဂျူအေးအား လူလားမြောက် အရွယ်ရောက်လာပြီဟု သတ်မှတ်ဖော်ပြလိုသည့် သဘောထားတစ်ရပ်အဖြစ် အချို့က မြင်ယူနေကြသည်။
မြောက်ကိုရီးယား အစိုးရသတင်းဌာနဖြစ်သည့် Korean Central News Agency (KCNA) သည် အဆိုပါ မိန်းကလေးအား “ခေါင်းဆောင်ကြီး၏ ချစ်လှစွာသော သမီး” ဟူ၍သာ ရည်ညွှန်းလေ့ရှိပြီး နာမည်ရင်းကို တရားဝင် ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါ။ သို့သော် South Korea ထောက်လှမ်းရေးအဖွဲ့များက သူမ၏ အမည်မှာ ကင်မ်ဂျူအေး ဖြစ်နိုင်ကြောင်း ယုံကြည်ထားကြသည်။
သူမသည် ဖခင်၏ အာဏာကို ဆက်ခံနိုင်မည့် အနာဂတ်ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ကြေးပေးမှုများလည်း ရှိနေသည်။ အသက်အရွယ်ကို တရားဝင် မဖော်ပြထားသော်လည်း ၁၅ နှစ် မပြည့်သေးဟု ကျယ်ပြန့်စွာ ယူဆထားကြသည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် KCNA ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများတွင် ကင်မ်ဂျူအေးက စနိုက်ပါ ရိုင်ဖယ်ကို အကျအန ချိန်ရွယ်ပစ်ခတ်နေသည့် မြင်ကွင်းများ ပါဝင်သည်။ ထို့အပြင် ဖခင်ဖြစ်သူ၏ ပစ်ခတ်မှုတွင်လည်း ဘေးတွင် ရပ်တည်ကာ ပစ်မှတ်ညွှန်ပြသူ (spotter) အဖြစ် ကူညီဆောင်ရွက်နေသည့် ပုံရိပ်များလည်း တွေ့ရသည်။
KCNA အဆိုအရ သားအဖနှစ်ဦးသည် ဖေဖော်ဝါရီ ၂၇ ရက်တွင် စက်ပစ်ကွင်းတစ်ခုသို့ သွားရောက်၍ ရိုင်ဖယ်များ စမ်းသပ်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် လများအတွင်း ကင်မ်ဂျုံအွန်းသည် အရေးကြီး အခမ်းအနားများတွင် သမီးဖြစ်သူကို မကြာခဏ ပွဲထုတ်လာခဲ့ပြီး ယင်းအချက်က အနာဂတ် အာဏာဆက်ခံရေးနှင့် ဆက်စပ်နေသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။ အခမ်းအနားများတွင် ဖခင်နှင့် သားရေဂျာကင် ဝတ်ဆင်မှု ဆင်တူပုံစံများကလည်း သင်္ကေတဆိုင်ရာ အဓိပ္ပါယ်ရှိနိုင်ကြောင်း ထောက်ပြထားသည်။
ထို့အပြင် ကင်မ်ဂျုံအွန်း၏ ညီမဖြစ်သူ Kim Yo Jong သည်လည်း ပါတီညီလာခံအပြီး အာဏာရ အလုပ်သမားပါတီအတွင်း အရေးပါသည့် ရာထူးတိုးမြှင့် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံကို စတင်တည်ထောင်ချိန်မှစ၍ ကင်မ်မိသားစုမှ အဖိုးဖြစ်သူ Kim Il Sung နှင့် ဖခင်ဖြစ်သူ Kim Jong Il တို့က လက်ဆင့်ကမ်း အုပ်ချုပ်ခဲ့ပြီး ယနေ့အချိန်တွင်လည်း မိသားစုအာဏာ ဆက်လက်တည်ရှိနေသဖြင့် လေ့လာသူများက “ကင်မ် မင်းဆက်” ဟု ရည်ညွှန်းသုံးနှုန်းလေ့ရှိသည်။
Source — Agence France-Presse (AFP)
ဓာတ်ပုံ — KCNA