————————————————————————————————
စက်တင် ၁၄
The Kaladan Post
စလင်း-ဆင်ဖြူးကျွန်း လမ်းပိုင်းပေါ်ရှိ စလင်းမြို့မှ မြောက်ဘက်အထွက်တွင် တပ်အင်အား (၂၀)ခန့်ကျင် ဖြင့် (၃) ပတ်ကြာအထိုင်ချနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့ မွန်းလွဲ (၃)နာရီဝန်းကျင်တွင် ဝင်ရောက်ခိုက်ခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ စက်တင်ဘာလ (၁၃)ရက်နေ့က သတင်းထုတ်ပြန်ထားပ်သည်။
အဆိုပါသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စလင်းမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ တိုက်ခိုက် ခဲ့တဲ့ စစ်ကောင်စီ အထိုင်ကင်ဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦးသေဆုံးပါတယ် ဒီတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်နေ အင်အား ၈၀ – ၁၀၀ ကြားနဲ စလင်း -ဆင်ဖြူကျွန်း လမ်းပိုင်းမှာ စစ်ကြောင်းထိုး နယ်မြေ ရှင်းလင်းတာမျိုးပြုလုပ်နေပါတယ် “ ဟု The Kaladan Post သို့ပြောဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ နယ်မြေရှင်းလင်းရေးအတွက် စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးနေသောကြောင့် အရပ်သား ပြည်သူများနှင့် လူငယ်များအနေဖြင့် သတိထားသွားလာနေထိုင်ကြရန် ၎င်းထုတ်ပြန်ချက်တွင် အသိပေး ထားပါသည်။
ထို့အပြင် စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့တွင် ပြည်သူများအား Hilux Double Cap အဖြူ၊ Honda Fit အဖြူ၊ Hi -Jet အဖြူတို့ဖြင့် ပေါ်တာဆွဲရန်ဖမ်းဆီးနေသော အကြမ်းဖက် စစ်ကောင်စီ အား ၂၀၂၅ခုနှစ်၊ စက်တင်ဘာ လ (၇)ရက်နေ့ နံနက် (၁၀)နာရီခန့်တွင် စလင်းမြို့နယ်၊ မြင်တင်ရက်ကွက်၊ စလင်းမြို့မဈေး အနီးတွင် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ခြိမ်းခြောက်ခဲ့ရာ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စလင်းမြို့မရဲစခန်းသို့ ပြန်လည်မောင်းနှင် နိုင်ခဲ့ကြောင်း သိရသည်။