ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းဒေသတွင် PDF နှင့် KNLA ပူးပေါင်းတပ်များ စစ်ကောင်စီ စခန်း ၁၄ ခု တိုက်ခိုက်သိမ်းပိုက်
ဇန်န ၁၀
The Kaladan Post
ပဲခူးတိုင်း၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ စစ်တောင်းမြစ်ဝှမ်းဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF) လက်အောက်ခံ တပ်ရင်းများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၉) တို့ ပူးပေါင်းကာ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ဂိတ်စခန်းနှင့် ကင်းစခန်း ၁၄ ခုကို ဇန်နဝါရီ ၉ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တောကျွဲအင်းမြို့ (အောင်မြင်မြို့) အပါ အဝင် နေရာများကို ခေတ္တထိန်းချုပ်နိုင်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်သည်။ တိုက်ခိုက်သည့် နေရာများတွင် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နှင့် ကျွဲပွဲ ကြား စည်ပင်သာကျေးရွာဂိတ်၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့ မီးရထားတံတားကင်းစခန်း နှင့် တောကျွဲအင်းမြို့အတွင်း ရဲစခန်း၊ ဘူတာဂိတ်များ ပါဝင်ကြောင်းသိရသည်။ တိုက်ပွဲအတွင်း စစ်တပ် ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းများ အမြောက်အများ သိမ်းဆည်းရရှိခဲ့သည်ဟု PDF ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တောကျွဲ အင်းမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်တပ်၏ အုပ်ချုပ်ရေးအဆောက်အအုံများ၊ ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် နယ်မြေရဲစခန်းတို့ကို မီးရှို့ဖျက်ဆီးခဲ့ကာ ရဲစခန်းအတွင်း မတရားဖမ်းဆီးချုပ်နှောင် ထားသည့် ပြည်သူ ၈ ဦးကို စိစစ်လွှတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။ ဤစစ်ဆင်ရေးကို ဗျူဟာ(၂၃) လက်အောက်ခံ တပ်ရင်း ၃၅၀၂၊ ဗျူဟာ(၂၄) လက်အောက်ခံ P27803 အာဠာဝက တပ်ရင်း၊ P23503 ဒေါင်းဖြူတပ်ရင်း၊ P29903 နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၅) လက်အောက်ခံ တပ်ရင်း ၃၇၀၂ နှင့် P29914 အထူးကွန်မန်ဒို၊ ဗျူဟာ(၂၆) ပူးပေါင်းတပ်ဖွဲ့၊ အုတ်တွင်းမြို့နယ်ပကဖ၊ ဖြူးမြို့နယ် ပကဖ တို့က ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO တိုက်ခိုက်ခံရပြီး ၂၀ ကျော် သေဆုံး
ဇန်န ၁၀
The Kaladan Post
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် တပ်စွဲထားသည့် တော်လှန်ရေး တပ်ဖွဲ့များ၏ ကာကင်းပွိုင့် ၂ ခုကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပူးပေါင်း အင်အား ၁၅၀ ခန့်က ဇန်နဝါရီ ၂ ရက် နံနက်အစောပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ကူပေးကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်း တပ်ရင်း ၈၀၈ – နေပြည်တော်က ထုတ်ပြန်သည်။ ဆွာမြို့အခြေစိုက် ခလရ (၁၉) တပ်ရင်းမှ စစ်ကြောင်းထိုးလာသော ပူးပေါင်းတပ်ဖွဲ့ သည် ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ လက်နက်ကြီးများအပြင် မြစ်အနောက်ဘက်ကမ်းမှ ပွိုင့်ဖိုက်များဖြင့် ပစ်ခတ်ကူညီပြီး RPG၊ ၄၀ မမ နှင့် ချိုးနှိမ်ပစ်ခတ်မှုများဖြင့် စတင်တိုက်ခိုက်ခဲ့ဟု သတင်းရင်းမြစ်က ပြောဆိုသည်။ တိုက်ပွဲသည် ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး အင်အားမမျှမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ဘက်မှ ခေတ္တဆုတ်ခွာပေးခဲ့ရသော်လည်း နောက်ပိုင်းတွင် အဆိုပါနယ်မြေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂၀ ဦးကျော် ထိခိုက်ကျဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်များဘက်မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု တပ်ရင်း ၈၀၈ – နေပြည် တော် PDF မှ တာဝန်ရှိသူက ပြောဆိုသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီတပ်များသည် အင်အား မလုံလောက်မှုကြောင့် PNO အင်အားများ အသုံးပြုလာသည်ကို တွေ့ရှိရပြီး ကျဆုံးခဲ့သည့် PNO အဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို ဓာတ်ပုံရိုက်ကာ စစ်တပ်လိုက်ဘီချန်နယ်များတွင် ဝါဒဖြန့်ချိမှုများ ပြုလုပ်နေသည်ဟု သိရှိရသဖြင့် ပြည်သူများအနေဖြင့် သတင်းများကို ချင့်ချိန်သုံးသပ်ရန် တပ်ရင်း ၈၀၈ မှ အသိပေးထုတ်ပြန်ထားသည်။ ပူးပေါင်းစစ်ကြောင်းသည် တိုက်ပွဲအပြီး ဆွာမြို့ ခလရ (၁၉) တပ်ရင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ ကြောင်း သိရသည်။

စစ်အာဏာရှင်ဖယ်ရှားရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရန် ဆက်လက်တိုက်ပွဲဝင်မည်ဟု ICNCC ကြေညာ
ဇန်န ၁၀
The Kaladan Post
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်များကို ဖယ်ရှားကာ တရားမျှတမှုနှင့် တန်းတူညီမျှမှုကို အခြေခံသည့် ချင်းပြည်ကို စုစည်းတည်ဆောက်ရန်နှင့် အမျိုးသားတန်းတူရေးကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ၂၀၂၅ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည့် ICNCC ၏ ပထမအကြိမ် ညီလာခံမှ ကြေညာချက်ကို ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ညီလာခံ၌ ချင်းအမျိုးသားပဋိညာဉ် ကို အတည်ပြုခဲ့ပြီး၊ ထိုပဋိညာဉ်အရ ICNCC ကို ချင်းပြည်နယ်မှ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းညီနောင်မှ စစ်ရေး၊ နိုင်ငံရေး ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များ၊ CDM ပါဝင်သူများ၊ အမျိုးသမီး၊ လူငယ်အဖွဲ့အစည်းများ၊ သပိတ်အဖွဲ့များ နှင့် နိုင်ငံရပ်ခြားမှ ပါဝင်သူများပါဝင်သော အစုအဖွဲ့ သုံးဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ မဏ္ဍိုင်သုံးရပ်အသွင်ဖြင့် ဆောင်ရွက်ရန်အတွက် ကောင်စီဝင် ၁၉ ဦးပါဝင်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီကိုလည်း ရွေးချယ်ဖွဲ့စည်းခဲ့သည်ဟု ICNCC က ဆိုသည်။ ICNCC ကြေညာချက်ပြောရေးဆိုခွင့်ရှိသူ Salai Steven Pa Bia က နှစ်သစ် ကြိုဆိုပွဲ၌ ချင်းညီနောင်နှင့် ICNCC မှာ အမည်နာမ ကွဲပြားချက်သာ ရှိပြီး တစ်ဖွဲ့တည်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ သူက စုဖွဲ့မှု ပိုမိုကောင်းမွန်လာကြောင်း၊ ချင်းပြည်နယ်တစ်ခုလုံး တမျိုးသားလုံး အတွက် ကောင်းမွန်သော ရလဒ်ရရှိရန် မဖြစ်မနေ ကြိုးစားမည်ဟုလည်း ဆိုသည်။ တော်လှန်ရေးကို အမြန် ပြီးစီးစေလိုကြောင်း၊ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ကောင်းမွန်သော အနာဂတ်တည်ဆောက်ရန် မှာ ရည်ရွယ်ချက်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ထို့အပြင် ICNCC သည် ချင်းညီနောင် ထိန်းချုပ်ထားသည့် နယ်မြေများတွင် မဏ္ဍိုင်သုံးရပ်အသွင်ဖြင့် ချင်းပြည်နှင့် ပြည်သူလူထုအား ဝန်ဆောင်မှုများ ပေးအပ်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ICJ တွင် အာဏာသိမ်းစစ်တပ်က မြန်မာနိုင်ငံကိုကိုယ်စားပြုခွင့် မရှိကြောင်း NUG ထုတ်ပြန်
ဇန်န ၁၀
The Kaladan Post
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ရိုဟင်ဂျာမျိုးနွယ်စုအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားသည့် အမှုကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ ကြားနာမှုများ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ ဤကြားနာမှုများ မစတင်မီ အာဏာသိမ်းစစ်တပ်၏ တင်ပြချက်များသည် မြန်မာပြည်သူများ၏ ဆန္ဒကို ကိုယ်စားမပြုကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ပြောကြားခဲ့သည်။ NUG က ကုလသမဂ္ဂ အထွေထွေညီလာခံက အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်မပြုထားသလို ပြည်သူလူထု၏ ထောက်ခံမှုလည်း မရှိကြောင်း အလေးပေး ဖော်ပြခဲ့သည်။ ထို့ကြောင့် စစ်တပ်အနေဖြင့် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ICJ တွင် ပြောဆိုခွင့် မရှိကြောင်း၊ လုပ်ပိုင်ခွင့်အားလုံးသည် NUG နှင့်သာ သက်ဆိုင်ကြောင်း ထပ်လောင်း အသိပေးထားသည်။ စစ်တပ်သည် ပြည်သူများအပေါ် နိုင်ငံတကာ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုများ ကျူးလွန်နေချိန်တွင် စစ်ကောင်စီက စီစဉ်နေသော ရွေးကောက်ပွဲများသည် ၎င်းတို့၏ တရားဝင်မှု မရှိကြောင်း ပိုမိုထင်ရှားစေသည်ဟု ဆိုသည်။ စစ်ကောင်စီကမူ သမ္မတရုံး ဝန်ကြီးဌာန (၂) ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဟု ထုတ်ပြန်ထားသည်။ မြန်မာဘက်မှ ဇန်နဝါရီ ၁၆-၂၀ ရက်နှင့် ၂၈-၂၉ ရက်တို့တွင် တင်ပြမည်ဖြစ်ပြီး၊ မျက်မြင်သက်သေများအတွက် သုံးရက်ကြာ တံခါးပိတ် ကြားနာမှုများလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ NUG က စစ်တပ်အား မြန်မာနိုင်ငံကိုယ်စား ပြုခွင့် ပေးခြင်းသည် ရိုဟင်ဂျာနှင့် မြန်မာပြည်သူအားလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည်ဖြစ်ကြောင်း ဝေဖန်ပြီး၊ ICJ အနေဖြင့် မြန်မာပြည်သူများ၏ အသံကို နားထောင်ပေးရန် တိုက်တွန်းထားသည်။

တီးတိန်ရဲစခန်းမှ စစ်ကောင်စီတပ်သား တစ်ဦး PDF ဇိုလဲန်းထံ အလင်းဝင်
ဇန်န ၁၀
The Kaladan Post
ချင်းပြည်နယ် တီးတိန်မြို့ ရဲစခန်းတွင် တာဝန်ကျနေသော စစ်ကောင်စီတပ်သား ဇင်ကိုကိုမင်း သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်းတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ ကြောင်း PDF ဇိုလဲန်းက သတင်းထုတ်ပြန်သည်။ အဆိုပါ တပ်သားသည် ၂၀၂၂ နိုဝင်ဘာလကတည်းက တီးတိန်ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်းသိရသည်။ တီးတိန်ဒေသတွင် ယခင်က လည်း စစ်ကောင်စီတပ်သားများ လက်နက်ခဲယမ်းများနှင့်အတူ PDF ဇိုလဲန်းထံ အလင်းဝင်ရောက်မှု များ မကြာခဏ ဖြစ်ပွားခဲ့သည်။ ချင်းညီနောင်အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း တီးတိန်မြို့ကို သိမ်းပိုက်ရေး ရည်မှန်းထားပြီး လက်ရှိတွင် စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို PDF ဇိုလဲန်းနှင့် မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။ ဇန်နဝါရီ ၄ ရက်က တီးတိန်မြို့နယ် ကနေဒီတောင် (Kennedy Peak) တပ်စခန်းကို PDF ဇိုလဲန်း ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန်း ၂၀ ဦးခန့် ဖမ်းမိခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး၊ လက်နက်ခဲယမ်း ၃၀ ကျော် ရရှိခဲ့ကြောင်း PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ထုတ်ဖော်ပြောကြားခဲ့သည်။

မင်းလှမြို့နယ် အုတ်တွင်းရွာအနီး စစ်တပ်ဂိတ်စခန်းများ တိုက်ခိုက်ခံရပြီး စစ်သား ၂၀ ဦး သေဆုံး
ဇန်န ၁၀
The Kaladan Post
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၇ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည် အမြန်လမ်းပိုင်း အုတ်တွင်းကျေးရွာအနီး စစ်ကွင်းတာဆုံနှင့် အနီးအနားရှိ စစ်တပ်တပ်စွဲထားသော ဂိတ်စခန်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီ ခရိုင် လက်ပံတန်းမြို့နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ တိုက်ပွဲသည် ၄ နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကွင်းတာဆုံ ဂိတ်စခန်းမှ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ကြည်သိန်းအပါအဝင် စစ်သားနှင့် ပျူစောထီး ၁၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲအတွင်း ဦးတိုတာကလေးလမ်းဆုံနှင့် ဦးတိုကျေးရွာ နေလဘုန်းကြီးကျောင်းမှ စစ်သားနှင့် ပျူစောထီး ၇၀ ခန့် စစ်ကူထွက်လာရာ ရှမ်းတောကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စိန်ကန့်လန့်ရွာ ပျူစောထီး ခေါင်းဆောင် တေဇညွန့်အပါအဝင် စစ်ဘက်မှ ၄ ဦး သေဆုံးခဲ့ပြီး ကျန်စစ်သားများ စစ်ကြောင်းပျက်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းသိရသည်။ ထို့အပြင် လက်ပံတန်းမြို့မှ အင်အား ၆၀ ခန့်ပါ စစ်ကူ စစ်ကြောင်းကိုလည်း ညောင်နီကုန်းကျေးရွာ ဆည်ဘောင်အနီးတွင် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်များမှ ၁၂၂ မမ၊ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း လက်ပံတန်းမြို့နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ဆိုသည်။ တိုက်ပွဲအတွင်း အုတ်တွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ရန်မျိုးဝင်း (ခ) ယမင်း နေအိမ်ကို ဝင်ရောက်ရှင်းလင်းရာ ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ပြင်ဆင်ထားသော မဲပုံးနှင့် မဲစာရင်းများကို တွေ့ရှိ၍ မီးရှို့ဖျက်ဆီး ခဲ့ကြောင်းသိရသည်။ သိမ်းဆည်းရမိသော ပစ္စည်းများတွင် ကာဘိုင်ကျည် ၂၃ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ Detonator ၂ ခု၊ မိုဘိုင်းဖုန်း ၁ လုံး၊ ဝိုင်ဖိုင်စက် ၂ လုံးနှင့် မဲစာရင်းအချို့ ပါဝင်သည်။ ဤစစ်ဆင် ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၂) ကွပ်ကဲမှုဖြင့် သာယာဝတီခရိုင်တပ်ရင်း (၃၈၀၃)၊ (၃၈၀၂)၊ သာယာဝတီ ဂဠုန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ရွှေတန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့များ၊ ရန်ကုန်တိုင်း ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (၃) နှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ရင်း (၃) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ်မြို့ပေါ်တွင် စစ်တပ်က စစ်မှုထမ်းအပတ်စဉ် (၂၁) အတွက် လူငယ်များကို ညအချိန် ပေါ်တာဆွဲဖမ်းဆီး
ဇန်န ၁၀
The Kaladan Post
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြင်းထန်စွာ လုပ်ဆောင်လျက်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ဇန်နဝါရီလ အတွင်း မြို့ပေါ်ရှိ နေအိမ်များကို ဧည့်စာရင်း လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေပြီး ရပ်ကွက်တစ်ခု လျှင် လူငယ် ၃ ဦးထက်မနည်း ဖမ်းဆီးခံရနိုင်ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီ ၉ ရက် ညပိုင်းတွင် ဆန်ချီရပ်ကွက်နှင့် သဗြေချောင်းရပ်ကွက်များသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဧည့် စာရင်းစစ်ဆေးမည်ဆိုကာ ဝင်ရောက်လာပြီး လူငယ်အချို့ကို ဖမ်းဆီးယူဆောင်သွားခဲ့ပြီး ဖမ်းဆီးခံ ရသူများကို ညတွင်းချင်း ထားဝယ်မြို့ပြင်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ကမ်းနားသဲကွင်းတွင် စတိတ်ရှိုးပွဲ ကျင်းပခွင့်ပြုထားသော်လည်း ပွဲပြီးနောက် ပြန်လာသော လူငယ် ၈ ဦးကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ယခင်က ထားဝယ်မြို့ပေါ်တွင် ပေါ်တာဆွဲဖမ်းဆီးမှုများ ရှိခဲ့သော်လည်း ယခုအခါ ဖမ်းဆီးခံရသူများကို ညတွင်းချင်း မြို့ပြင်သို့ ပို့ဆောင်ပြီး ရေဖြူမြို့နယ်အတွင်းသို့ ပို့ဆောင်နေကြောင်း သိရသည်။ ထို့ပြင် အရင်က ငွေကြေးဖြင့် ပြန်လည်ရွေးယူနိုင်ခဲ့သော်လည်း လက်ရှိတွင် ငွေကြေးနှင့် ပြန်မရတော့ကြောင်း မြို့ခံများက ဆိုသည်။

မုံရွာခရိုင်တွင် စစ်တပ် Mi-17P ထောက်ပို့ ရဟတ်ယာဉ်ကို ပစ်ခတ်ခံရပြီး ပျက်စီး
ဇန်န ၁၀
The Kaladan Post
၂၀၂၆ခုနှစ် ဇန်နဝါရီ ၈ရက် နေ့လည် ၁ နာရီ ၅၄ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တပ်ရင်း (၆၀၀၆) မှ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ ဆင်းသက်ရန် လာသော စစ်ကောင်စီ ထောက်ပို့ ရဟတ်ယာဉ် Mi-17P တစ်စင်းကို တိုက်ခိုက်ကာ ပျက်စီးခဲ့ကြောင်း BOB (Battalion Of Budalin) က ထုတ်ပြန်သည်။ ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ်၏ ခေါင်းပိုင်းနှင့် အမြီးပိုင်း ထိမှန်ခဲ့ပြီး အောက်သို့ ကျဆင်းစဉ် ပေါက်ကွဲသံ ကျယ်လောင်စွာ ကြားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက် အရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ BOB တပ်ဖွဲ့ဘက်က ရဟတ်ယာဉ် ပျက်စီးသွား ကြောင်း အတိအကျ ထုတ်ပြန်ထားသော်လည်း တစ်ဖက်တွင် ထိမှန်ပြီး ပျက်ဆီးသွားသည်ဟု ဆိုထားပြီး ပျက်ကျမှု အတည်ပြုချက်ကို အတည်မပြုရသေးကြောင်း တာဝန်ရှိသူက တစ်ဦးက ပြောဆိုသည်။ ဤဖြစ်စဥ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ မြောက်ဘက်သို့ ထောက်ပို့ ရဟတ်ယာဉ်များနှင့် ပါရာမောတာ ပျံသန်းမှုများ သိသိသာသာ လျော့နည်းသွားကြောင်း သတင်းရင်း မြစ်က ပြောဆိုသည်။ ဤတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၂၀) တပ်ရင်း BOB (Battalion Of Budalin) ၏ စီစဉ်မှုဖြင့် သပိတ်ကျင်းတိုက်နယ် (ပကဖ)၊ အရာတော်မြို့နယ် (ပကဖ) တို့က မုံရွာခရိုင် (ပကဖ) ၏ ထောက်ပံ့မှုဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် စစ်တပ်ဂိတ်စခန်း ၃ ခု တပြိုင်တည်း တိုက်ခိုက်ခံရပြီး စစ်သား ၈ ဦး သေဆုံး
ဇန်န ၁၀
The Kaladan Post
မကွေးတိုင်း၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း ရန်ကုန်-မန္တလေး အမှတ်(၁) ကားလမ်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း ၃ ခုကို တော်လှန်ရေးတပ်ဖွဲ့များက ဇန်နဝါရီ ၈ ရက် ညနေ ၄ နာရီခွဲမှ စတင်ကာ တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင်စစ်ဌာနက ထုတ်ပြန်သည်။ တိုက်ခိုက်ခံရ သော စခန်းများမှာ ဧကရာဇ်ကျေးရွာ ဂိတ်စခန်း၊ နွယ်လိမ်လမ်းပေါက် ဂိတ်စခန်းနှင့် ခြောက်ပေလမ်း ပိုင်း ဂိတ်စခန်း တို့ ဖြစ်ပြီး စစ်ကောင်စီတပ်သားနှင့် ရဲ စုစုပေါင်း ၈ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၂ ဦးမှာ ပြင်းထန်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များတွင် တစ်စခန်းလျှင် အင်အား ၂၀ မှ ၃၀ ဝန်းကျင် ရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှု မရှိဘဲ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး ရရှိသော လက်နက်များတွင် MA-13 သေနတ် ၁၂ လက်၊ G3 သေနတ် ၁ လက်၊ ကျည်ဆန် ၁၀,၀၀၀ ဝန်းကျင်နှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်ဆုတ်ခွာခဲ့ပြီး ပြည်သူလူထုအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်ရာ နေရာများမှ အဝေးဆုံး ရှောင်ရှားနေထိုင်သွားလာရန် သတိပေး ထုတ်ပြန်ထားသည်။ လက်ရှိ သရက်ခရိုင်အတွင်း စစ်ကောင်စီက အင်အား ၅၀၀ ကျော် အသုံးပြု၍ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် မင်းတုန်း၊ သရက်နှင့် ဆင်ပေါင်ဝဲ မြို့နယ်များရှိ လမ်းပိုင်းများတွင် စစ်ကြောင်းထိုးခြင်း၊ ကင်းပုန်းဝပ်ခြင်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။
