ချောင်းဦးနှင့် ဘုတလင်မြို့နယ်များတွင် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်မှု၊ စစ်သား ၂ ဦးသေဆုံး
ဇန်န ၁၆
The Kaladan Post
ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်နေ့များအတွင်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်ချတပ်စွဲထားသော အမှတ်(၇) စာသင်ကျောင်းကို တိုက်ခိုက်ခဲ့ကြောင်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး – BLDF (စစ်ဒေသ-၃) က ထုတ်ပြန်သည်။ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းတွင် မြို့ပေါ်ရှိ မဲရုံနှင့် စစ်တပ်စခန်းများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် ၆၀ မမ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ paramotor၊ gyrocopter၊ Point 5 လက်နက်ငယ်များနှင့် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ အဆိုပါ စာသင်ကျောင်းတွင် စစ်တပ်အင်အား ၂၀၀ ခန့်ရှိပြီး မဲရုံအဖြစ်လည်း အသုံးပြုနေသဖြင့် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး – BLDF (စစ်ဒေသ-၃) မှ ဦးဆောင်ကာ မဟာမိတ်အဖွဲ့များဖြစ်သည့် မုံရွာခရိုင်တပ်ရင်း ၄ – ခွဲ(၂)၊ မုံရွာခရိုင်ပကဖ (ရေနဂါး) တို့နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်သား ၃ ဦး သေဆုံး
ဇန်န ၁၆
The Kaladan Post
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်း ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီဝန်းကျင်က အင်အား ၇၀ ဝန်း ကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ ငုတ်တိုကျေးရွာဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် Bamar Revolution Army (B.R.A) တပ်ခွဲ (၄)၊ နတ်စစ်သည်တပ်ခွဲ (၃) နှင့် တပ်ရင်းရုံးရဲဘော်များ ပူးပေါင်း၍ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း B.R.A က သတင်းထုတ်ပြန်သည်။ တိုက်ပွဲသည် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦး ပွဲချင်းပြီး သေဆုံး၊ ကျန် ၁ ဦး ဒဏ်ရာရရှိပြီး ဆေးရုံတွင် ဆက်လက်သေဆုံးခဲ့သည်။ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်။ သို့သော် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူ ၁ ဦး ဗုံးစထိမှန် ဒဏ်ရာ ရရှိခဲ့သည်။ လက်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် မြေပြင်စစ်ဆင်ရေးများတွင် အထိနာနေသဖြင့် လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများကို အဓိက အားပြုလုပ်ဆောင်လာကြောင်း သိရသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် လေကြောင်းရန်ကို အထူးသတိပြု၊ စစ်ကောင်စီတပ်နှင့် နီးစပ်ရာ နေထိုင်ခြင်း ရှောင်ရှားရန်နှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသများကို ရှောင်ရှားကြရန် တော်လှန်ရေး အင်အားစုများက သတိပေး တိုက်တွန်းထားသည်။

ကနီမြို့နယ်တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းမြောင်းရွာ ဘုန်းကြီးကျောင်း ပျက်စီး၊ သံဃာတော် ၂ ပါး ဒဏ်ရာရ
ဇန်န ၁၆
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ရှမ်းမြောင်းရွာ အောင်မင်္ဂလာဘုန်းကြီးကျောင်း (အောင်စကြာစေတီကုန်း ပေါ်ရှိ) ကို ဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့က Gyrocopter (ရဟတ်ယာဉ်ငယ်) ၂ စီးနှင့် ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ သံဃာတော် ၂ ပါး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ကနီမြို့နယ် ပကဖ က ထုတ်ပြန်သည်။ တိုက်ခိုက်မှုသည် နေ့လယ် ၂ နာရီကျော်နှင့် ညနေ ၄ နာရီဝန်းကျင်တွင် စုစုပေါင်း ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ဘုန်းကြီးကျောင်း ဆောင်များ၊ စေတီ၊ ဓမ္မာရုံ အပါအဝင် အဆောက်အအုံများ လုံးဝနီးပါး ပျက်စီးခဲ့ကြောင်းသိရသည်။ ရှမ်းမြောင်းရွာသည် ကနီမြို့နှင့် ၁ မိုင်ခန့်သာ ဝေးကွာပြီး လက်ရှိ ကနီမြို့နယ်အတွင်း စစ်ကောင်စီက မြို့ပေါ်နှင့် ဆက်သွယ်ရေး တာဝါတိုင်စခန်းများကိုသာ ထိန်းချုပ်ထားနိုင်ကာ ကျန်ကျေးရွာအများစုကို ပြည်သူ့ကာကွယ်ရေးတပ်များက ထိန်းချုပ်ထားသည်။ စစ်ကောင်စီ၏ လေကြောင်း နှင့် ဒရုန်း တိုက်ခိုက်မှုများက ဘာသာရေး နှင့် အရပ်သား နေရာများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေသဖြင့် ဒေသခံများက လေကြောင်းရန်ကို အထူးသတိပြုရန်နှင့် စစ်ရေးလှုပ်ရှားမှုများ ရှိနိုင်သည့် နေရာများကို ရှောင်ရှားရန် လိုအပ်ကြောင်း ကနီမြို့နယ်ပကဖ တာဝန်ရှိသူက သတိပေးထားသည်။
တောင်တွင်းကြီးမြို့နယ်တွင် ဆက်ကြေးကောက်စစ်သားများကို ကြားဖြတ်တိုက်ခိုက်မှု၌ စစ်သား ၄ ဦး သေဆုံး
ဇန်န ၁၆
The Kaladan Post
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ နေပြည်တော်-တောင်တွင်းကြီး ရထားလမ်းဘေး ကုလားမကျေး ရွာ လမ်းပိုင်းတွင် ဇန်နဝါရီ ၁၄ ရက် ညပိုင်းက ဆက်ကြေးကောက်ခံပြီး ပြန်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ က ထုတ်ပြန်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူ တစ်ဦးက အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုရှိခဲ့ပြီး တော်လှန်ရေးတပ်များဘက်မှ ထိခိုက်မှု မရှိကြောင်း၊ ညတွင်းချင်း ဆုတ်ခွာနိုင်ခဲ့ ကြောင်း ပြောဆိုသည်။ တိုက်ပွဲအပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များထံမှ MA1 သေနတ် ၄ လက်၊ 79 သေနတ် ၁ လက်၊ ၄၀ မမ ဗုံးသီး ၆ လုံး၊ ကျည်ဆံ ၉၉၀ တောင့်၊ ကျည်ဘောက်စ် ၁၀ ခု နှင့် ကျည်ကာ ၂ ချပ် အပါအဝင် လက်နက်ခဲယမ်း များစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့အပြင် အဆိုပါ စစ်သားများမှာ တောင်တွင်းကြီးမြို့နယ်အခြေစိုက် ခလရ (၁၈) တပ်ရင်းမှ ဖြစ်ပြီး ပျဥ်းချောင်းကျေးရွာ တွင် အထိုင်ချ တပ်ဆွဲထားကာ နေ့စဉ် ကုလားမကျေးရွာ လမ်းပိုင်းပေါ်ရှိ သစ်လှည်း၊ ဝါးလှည်းနှင့် ကားများမှ ဆက်ကြေး ကောက်ခံ ငွေညှစ်နေခြင်း ကြောင့် အချိန်ယူ စုံစမ်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ပုဏ္ဏဝတီ တပ်ဖွဲ့ တာဝန်ရှိသူက ရှင်းပြသည်။ ဤတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး) ဦးဆောင်ပြီး သရက်ခရိုင် အမှတ်(၅) တပ်ရင်း (ဆင်ပေါင်ဝဲမြို့နယ်)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးပြောက်ကျား တပ်ဖွဲ့ တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။ တိုက်ပွဲမှာ မိနစ် ၁၅ မိနစ်ကျော်ကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်မှ သေဆုံးမှုနှင့် လက်နက်ခဲယမ်း ဆုံးရှုံးမှု များပြားခဲ့ကြောင်း သိရသည်။

ရှမ်းမြောက် မိုင်းရယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်စခန်း အသစ်တစ်ခု ထပ်မံ တွေ့ရှိ သိမ်းဆည်း
ဇန်န ၁၆
The Kaladan Post
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ နားလင်းကျေးရွာ အရှေ့မြောက်ဘက် ၁၄ ကီလိုမီတာခန့် အကွာတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ရေး စခန်းအသစ်တစ်ခု ထပ်မံ တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီက ယမန်နေ့ ထုတ်ပြန်သည်။ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် အဆောက်အအုံများ တွေ့ရှိသဖြင့် ဝင်ရောက် စစ်ဆေးရာ ယင်းစခန်းကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပြီး ယခင်ဖော်ထုတ်ခဲ့သော အဓိက ထုတ်လုပ်ရာ နေရာ၏ မြောက်ဘက် ၂.၅ ကီလိုမီတာခန့်အကွာတွင် တည်ရှိကြောင်း သိရသည်။ သိမ်းဆည်းရမိသော ပစ္စည်းများတွင် အက်ဆစ်ပုံးပြာ ၃,၅၀၀ လုံး၊ သံပေပါ ၅၀၇ လုံး၊ ဂတ်စ်အိုး ၂၄၃ လုံး၊ မီးစက် ၂ လုံး၊ ဆေးပြားရိုက်စက် ၉ လုံး၊ Happy Water ထုတ်လုပ်ရန် ယူဆရသော စက်ရုံဂို ထောင် ၁ လုံး၊ ဆေးပြားအခြောက်ခံဗန်း ၅၀ ခု၊ လူနေတဲ ၁၂ လုံး၊ အက်ဆစ်ပုံးထားရာ ဂိုထောင် ၇ လုံး၊ ဖန်ပေါင်းချောင်များဖြင့် ဆေးချက်တဲ ၁ လုံး၊ ပစ္စည်းထည့်ဂိုထောင် ၃ လုံး၊ ကုန်ကြမ်းဂိုထောင် ၂ လုံး နှင့် ရိက္ခာဂိုထောင် ၂ လုံး ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သီပေါနှင့် မိုင်းရယ်မြို့ နယ်များအတွင်း ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်က ဖော်ထုတ်ခဲ့သော မူးယစ်ဆေးချက်နေရာ ၃ ခုသည် စုစုပေါင်း ကျပ် ၁၆၂ ဘီလီယံ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြား ထုတ်လုပ်နိုင်သည့် ပင်ရင်း နေရာများ ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။ ယင်းဒေသတစ်ဝိုက်တွင် မူးယစ်ဆေးဝါး ချက်လုပ်နေရာ နောက်ထပ်များလည်း ရှိနိုင်သေးသဖြင့် နယ်မြေ ဖော်ထုတ် ရှင်းလင်းရေးများကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခု သိမ်းဆည်းရမိသော နေရာသည် စစ်ကောင်စီ တပ်ဖွဲ့၊ ပြည်သူ့စစ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ လှုပ်ရှားနေသည့် နယ်မြေ ဖြစ်ကြောင်း သိရပြီး SSPP ဘက်ကမူ တရားမဝင် လုပ်ငန်းများနှင့် မသက်ဆိုင်ကြောင်း၊ ပါဝင်ပတ်သက်သူများကို အရေးယူမည်ဟု ပြောဆိုထားသည်။

မူဆယ်တွင် အဆိုတော် ရှင်မင်းမြတ်နှင့် မိတ်ဆွေ ကျားဖြန့်ပြန်ပေးဆွဲခံရပြီး သိန်း ၃၀၀၀ ကျော်ပေး၍ လွတ်မြောက်
ဇန်န ၁၆
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့သို့ မင်္ဂလာဆောင်ဖျော်ဖြေရန်ဟု လိမ်လည်ဖိတ်ခေါ်ခံရပြီးနောက် အဆိုတော် ရှင်မင်းမြတ်နှင့် မိတ်ဆွေတစ်ဦး ကျားဖြန့်လုပ်ငန်းခွင်တွင် ဖမ်းဆီးခံခဲ့ရပြီး ကျပ်ငွေ သိန်း ၃၀၀၀ ကျော်ဖြင့် ပြန်ပေးငွေ ပေးခဲ့ရကာ လွတ်မြောက်ခဲ့ကြောင်း အဆိုတော် ရှင်မင်းမြတ်က သူ့ရဲ့ လူမှုကွန်ယက်မှ အသိပေးထားသည်။ ဇန်နဝါရီ ၄ ရက်က လေယာဉ်ဖြင့် မူဆယ်သို့ ရောက်ရှိခဲ့ကြကာ ဇန်နဝါရီ ၅ ရက်တွင် ပွဲနေရာကို ကြည့်ရှုရန် သွားရောက်စဉ် လူ ၄ ဦးက ခေါင်းစွပ်စွပ်၊ လက်ထိပ် ခတ်ကာ ကားဖြင့် ကျားဖြန့်လုပ်ငန်းခွင်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း အဆိုတော် ရှင်မင်းမြတ်က ဆိုသည်။ ထိုနေရာတွင် လောက်ကိုင်အမှုဟောင်းတစ်ခုကို အကြောင်းပြ၍ ကျပ်သိန်း ၇၀၀၀ တောင်းခံ ပြီး ရိုက်နှက်နှိပ်စက်ခဲ့ကာ ၄ ရက်အကြာ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် မူဆယ်မြို့ လမ်းကြားတစ်ခု တွင် ကားပေါ်မှ ပစ်ချထားခဲ့ကြောင်း သိရသည်။ အဆိုတော် ရှင်မင်းမြတ်က မိတ်ဆွေများထံ အကူအညီတောင်းခံရာ ကျပ်သိန်း ၃၀၀၀ ကျော်ကို ငွေလွှဲပေးခဲ့ပြီးနောက် ထပ်မံ ငွေမရရှိနိုင်တော့ဟု ယူဆကာ ပြန်ပေးသူများက လမ်းပေါ်တွင် ပစ်ချခဲ့သည်။ မှတ်ပုံတင်နှင့် ငွေ ကျပ် ၁၀ သိန်းသာ ပြန်ရရှိခဲ့ပြီး ပတ်စ်ပို့နှင့် အသုံးအဆောင်ပစ္စည်းများကို ပြန်ပေးသူများက ယူဆောင်သွားခဲ့ကြောင်း ရှင်မင်းမြတ်၏ ဖော်ပြချက်အရ သိရသည်။ ထို့အပြင် လွှတ်မပေးမီ အဝတ်အစားများ ချွတ်ခိုင်းကာ ဗီဒီယိုရိုက်ကူးပြီး ရဲတိုင်ပါက လူမှုကွန်ရက်တွင် ဖြန့်ဝေမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ မူဆယ်မြို့သည် စစ်ကောင်စီ ထိန်းချုပ်နယ်မြေဖြစ်သော်လည်း ကျားဖြန့်လုပ်ငန်းများနှင့် ပြည်သူ့ စစ်များ အခြေစိုက်နေထိုင်ကာ ဒုစရိုက်မှုများ များပြားနေသည့် နေရာတစ်ခု ဖြစ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးမည်ဟု အမေရိကန်လွှတ်တော် ပြောဆို
ဇန်န ၁၆
The Kaladan Post
အမေရိကန်အောက်လွှတ်တော်က ဇန်နဝါရီ ၁၄ ရက်တွင် H.R. 7006 ခေါ် ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ အထွေထွေအစိုးရနှင့် အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်စပ်အစီအစဉ်များဆိုင်ရာ ၂၀၂၆ ခုနှစ် ဘဏ္ဍာရေး ခွဲဝေချထားမှု ဥပဒေကို ထောက်ခံမဲ ၃၄၁ မဲ၊ ကန့်ကွက်မဲ ၇၉ မဲဖြင့် အတည်ပြုခဲ့ကြောင်းသိရသည်။ ယင်းဥပဒေအရ မြန်မာနိုင်ငံအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၁ သန်း အကူအညီ ခွင့်ပြုခဲ့ရာ ထိုင်းနှင့် အိန္ဒိယနိုင်ငံရှိ နယ်စပ်ဖြတ်ကျော် အကူအညီလုပ်ငန်းများအတွက် ဒေါ်လာ ၇၅ သန်း၊ မြန်မာနိုင်ငံအတွင်း အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ် ဖော်ဆောင်ရေး အစီအစဉ်များအတွက် ဒေါ်လာ ၁၀ သန်း ပါဝင်သည်။ ထို့အပြင် စစ်တပ်က ကျူးလွန် သော ရာဇ၀တ်မှုများ တားဆီးရေးနှင့် သက်သေခံချက် မှတ်တမ်းတင်ရန်အတွက် ဒေါ်လာ ၇ သန်း၊ ရိုဟင်ဂျာများအတွက် တရားမျှတမှု ဖော်ဆောင်ရေး အစီအစဉ်များအတွက် ဒေါ်လာ ၁ သန်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများအတွက် လက်နက်မဟုတ်သော အကူအညီများအဖြစ် ဒေါ်လာ ၂၅ သန်း၊ နိုင်ငံရေးအကျဉ်းသားများအတွက် ဒေါ်လာ ၁.၅ သန်း၊ CDM တပ်မတော်သားများနှင့် စစ်တပ်မှ စွန့်ခွာလာသူများအတွက် ဒေါ်လာ ၁.၅ သန်း အသီးသီး ခွဲဝေထားကြောင်း သိရသည်။ ယင်းအကူအညီများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး၊ လူ့အခွင့်အရေး ကာကွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော် ပံ့ပိုးမှုများကို အားဖြည့်ရန် ရည်ရွယ်ထားသည်။

(ICJ) တွင် ဦးကိုကိုလှိုင် ဦးဆောင်အဖွဲ့က ဂမ်ဘီယာ၏ အထောက်အထားများမှာ မျှတမှုမရှိဟု ချေပ
ဇန်န ၁၆
The Kaladan Post
နယ်သာလန်နိုင်ငံ ဟိဂ်မြို့ ရှိ အပြည်ပြည် ဆိုင်ရာ တရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲ တရားစွဲဆိုထား သည့် အမှုတွင် မြန်မာဘက်မှ ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့မှ စတင် ချေပချက်များကို တင်ပြခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က ဂမ်ဘီယာ၏ စွပ်စွဲချက်များ မှာ အချက်အလက်နှင့် ဥပဒေ အရ ချို့ယွင်းချက်ရှိကြောင်း၊ မျှတမှုမရှိသော အထောက်အထားများကို အခြေခံ တင်ပြထားကြောင်း ချေပခဲ့သည်။ ယင်းစွပ်စွဲချက်များသည် မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း သူက ထည့်သွင်း ပြောကြားခဲ့သည်။ ထို့အပြင် ဂမ်ဘီယာ၏ အထောက်အထားများတွင် NGO အဖွဲ့အစည်းများနှင့် သက်သေ အချက်အလက်များကို ရောထွေး အသုံးပြုထားကြောင်း ဆိုသည်။ ဂမ်ဘီယာ၏ လျှောက်လဲချက်များကို ဇန်နဝါရီ ၁၂ ရက်မှ ၁၅ ရက်အထိ ကြားနာခဲ့ရာ ဂမ်ဘီယာ တရားရေးဝန်ကြီး ဒေါဒါ ဂျလော့က ရိုဟင်ဂျာများကို ပစ်မှတ်ထား ဖျက်ဆီးရန် မြန်မာ စစ်တပ်က ကျူးလွန်ခဲ့သည်ဟု စွပ်စွဲ တင်ပြခဲ့သည်။ ယင်းအမှုသည် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် မြန်မာ စစ်တပ်က အကြမ်းဖက် နှိမ်နင်းမှုများကို အခြေခံ၍ ဂျီနိုဆိုက် ကန်ဗင်းရှင်း ချိုးဖောက်မှု အဖြစ် စွပ်စွဲ တင်ပြထားခြင်း ဖြစ်သည်။ အမှုကို ဇန်နဝါရီ လကုန်အထိ ကြားနာမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် တာဝန်ယူမှုကို ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအမှုသည် ရိုဟင်ဂျာ အရေးတွင် တရားမျှတမှု ရရှိရေး အတွက် အရေးပါသော ခြေလှမ်း တစ်ရပ် ဖြစ်သည်ဟု လူ့အခွင့်အရေး အဖွဲ့အစည်းများက မှတ်ချက်ပြုထားသည်။

မြိုင်မြို့နယ်များတွင် စစ်တပ်စစ်ကြောင်းက နေအိမ်ရာချီ မီးလောင်ပျက်စီးပြီး အမျိုးသမီးနှစ်ဦး သေဆုံး
ဇန်န ၁၆
The Kaladan Post
မကွေးတိုင်း မြိုင်မြို့နယ်၊ နှောကန် ကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းက ဝင်ရောက်ကာ နေအိမ် ၉၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ရာ အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်သည်။ ထို့ပြင် တောင်သူများ၏ သီးနှံများကိုပါ တင်း ရာချီမီးရှို့ ခဲ့ကြောင်း သိရသည်။ ယင်းစစ်ကြောင်းသည် ဇန်နဝါရီ ၈ ရက်က ပခုက္ကူနယ် ကံရပ်ကြီးကျေးရွာတွင် နေအိမ် ၂၀၀ ခန့် ရွာလုံးကျွတ်မီးရှို့ခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ ထို့နောက် ၁၃ ရက်တွင် ကွမ်းသီးကန်တောတိုက်နှင့် ၁၄ ရက်တွင် ကိုင်းရွာမှ နေအိမ် ၂၀ ကျော် မီးရှို့ခဲ့ပြီး အတုအယောင်ရွေး ကောက်ပွဲ ပြီးနောက်ပိုင်း ပခုက္ကူနယ်အတွင်း ကမ္မမြို့၊ ပြည့်အိုင်၊ ဇောင်းဂျမ်းကုန်း၊ မင်နန်တော စသည့် ကျေးရွာများကိုပါ ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု အညာမြေတပ်ပေါင်းစုက ပြောဆိုသည်။ ယနေ့ နေ့လယ်တွင် ယင်းစစ်ကြောင်းသည် ပခုက္ကူနယ် အနောက်ဘုန်းကန် ပျူစောထီးရွာသို့ ပြန်လည် ဆုတ်ခွာခဲ့ကြောင်းသိရသည်။ လက်ရှိတွင် နေ့စဉ်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများလည်း ပြင်းထန် စွာ ဆက်လက်ဖြစ်ပွားနေသည်။ အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာတွင် ဘောလုံးပွဲ ကစားနေစဉ် ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်က စစ်ကောင်စီလေယာဉ် ၂ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဒဏ်ရာပြင်းထန်သူများတွင် လက်နှင့်ခြေ ဆုံးရှုံးသူများပါဝင်ပြီး သေဆုံးသူ အရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။ တိုက်ပွဲ ဖြစ်ပွားခြင်း လုံးဝမရှိဘဲ အားရွှင်ပွဲတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

