သင်ဇာဝင့်ကျော်ကို ဖျော်ဖြေမှုကြောင့် ရဲက အမှုဖွင့်ပြီး ယခင် ကြွင်းကျန်ထောင်ဒဏ်များပါ ကျခံရဖွယ်ရှိနေ

ဇန်န ၂၁
The Kaladan Post
ဇန်နဝါရီ ၁၅ ရက်နေ့ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပခဲ့သည့် Cloud Seven Production and Entertainment မွေးနေ့ပွဲနှင့် ရုပ်ရှင်မိတ်ဆက်ပွဲတွင် သင်ဇာဝင့်ကျော်က ဦးစီး၍ မြန်မာ့ရိုးရာနှင့် ဆန့်ကျင်သော အများပြည်သူ မတင့်တယ်ဖွယ်ရာ အဝတ်အစားများဖြင့် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်း သော Sexy Dance ကို ကပြခဲ့သည်ဟု ဆိုကာ ဇန်နဝါရီ ၁၈ ရက်တွင် ကမာရွတ်မြို့မရဲစခန်းက ရာဇ သတ်ကြီး ပုဒ်မ ၂၉၄ (က)/၁၁၄ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။ ယင်းပွဲတွင် ရုပ်သံရိုက်ကူးခွင့် ကန့်သတ်ခဲ့သော်လည်း ပွဲလာကြည့်သူများ၏ ဖုန်းများဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုများ လူမှုကွန်ရက် တွင် ပျံ့နှံ့ခဲ့ပြီး ဘာသာရေး အစွန်းရောက်များက လှုံ့ဆော်မှုကြောင့် အမှုဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သင်ဇာဝင့်ကျော်မှာ ၂၀၂၂ ခုနှစ်က အဖော်အချွတ် ဓာတ်ပုံများနှင့် ပတ်သက်ပြီး အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ် ၅ နှစ် ချခံခဲ့ရပြီး ၂၀၂၅ ဇန်နဝါရီ ၄ ရက်တွင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာခဲ့သူ ဖြစ်သည်။ ယခုဖြစ်ရပ်ကြောင့် ယခင် ကြွင်းကျန်ထောင်ဒဏ်များပါ တစ်ပေါင်းတည်း ကျခံရဖွယ်ရှိနေကြောင်း ရုပ်ရှင်အသိုင်းအဝိုင်းက သုံးသပ်သည်။ အနုပညာရှင် တစ်ယောက် က သူ့ရဲ့ ဖန်တီးမှုကို ပရိသတ်ရှေ့မှာ တင်ဆက်တာဟာ ရာဇဝတ်မှုမဟုတ်ပါဘူး အမှုဖွင့်တာဟာ လူ့အခွင့်အရေးအရ ကြည့်ရင်တော့ ကန့်သတ်ချုပ်ချယ်မှုတစ်ခုသာဖြစ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောဆိုသည်။

ချင်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ အင်အား ၂၀၀ ကျော် ထပ်မံ ဖြည့်တင်း

ဇန်န ၂၁
The Kaladan Post
ချင်းပြည်နယ်မြောက်ပိုင်း စစ်ရေးအခြေအနေတွင် စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တဆင့် အင်အား ၂၀၀ ကျော်) ထပ်မံ ဖြည့်တင်းလာကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းတွင် ကလေး-တီးတိန်လမ်းပိုင်း သိုင်းငင်းဒေသသို့ စစ်ယာဉ်တန်းဖြင့် ရောက်ရှိခဲ့ပြီး သံပြားကား ၃ စီး၊ ၁၂ ဘီးကား ၅ စီး ပါဝင်ကြောင်း ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း တပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က အတည်ပြုပြောကြားသည်။ ဖလမ်းမြို့ ပြန်လည်သိမ်းပိုက်ရေး အတွက် ကလေး-သိုင်းငင်း လမ်းကြောင်းနှင့် ဝေဘူလမြို့ဘက်မှ ထိုးစစ်ဆင်နေသော စစ်ကောင်စီကို ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီ ပူးပေါင်း၍ ခုခံနေဆဲ ဖြစ်သည်။ နှစ်လခွဲကျော်ကြာ တိုက်ပွဲများ အတွင်း စစ်ကောင်စီဘက်မှ သေဆုံး၊ ထိခိုက်မှု များပြားခဲ့ပြီး လက်နက်ခဲယမ်းများစွာ၊ စစ်သုံ့ပမ်း များနှင့် အလင်းဝင်သူများကိုပါ ချင်းတော်လှန်ရေးတပ်ဖွဲ့များက ရရှိထားကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက အသိပေးထားသည်။

စစ်အုပ်စု၏ အတုရွေးကောက်ပွဲဖြင့် ရာဇဝတ်များဖုံးကွယ်၍ မရနိုင်ဟု မြန်မာသံအမတ်ကြီး အလေးပေး

ဇန်န ၂၁
The Kaladan Post
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကာကွယ်ရေးနှင့် အပြစ်ပေးရေး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တစ်ရပ် ပေါ်ပေါက်ရေး အကြိုပြင်ဆင်ရေး ကော်မတီ၏ ပထမအကြိမ် ညီလာခံတွင် သံအမတ်ကြီးက ဇန်နဝါရီ ၂၀ ရက်နေ့တွင် မိန့်ခွန်းပြောကြားစဥ်တွင် ထည့်သွင်းပြောဆိုခဲ့သည်။ လက်ရှိ အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေဖြင့် တားမြစ်ထားသော်လည်း ထိရောက်သော ကာကွယ်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် သီးခြားစာချုပ်တစ်ရပ် မရှိသေး ခြင်းက ဥပဒေကွက်အဖြစ် ကျန်ရှိနေကြောင်း သံအမတ်ကြီးက ထောက်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်အုပ်စုက ယင်းစာချုပ် မရှိခြင်းကို အခွင့်ကောင်းယူ၍ ရိုဟင်ဂျာများအပေါ်သာမက ပြည်သူလူထု တစ်ရပ်လုံးအပေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်နေကြောင်း တင်ပြခဲ့ သည်။ ထို့ပြင် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက် မြန်မာပြည်သူ ၇,၆၉၅ ဦး အသက်ဆုံးရှုံးခဲ့ရသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှု ၂၃,၂၇၂ မှုနှင့် လေကြောင်း တိုက်ခိုက်မှု ၉,၀၀၀ ကျော်ဖြင့် လူ ၄,၆၈၃ ဦး သေဆုံးခဲ့ကြောင်း ယင်းကိန်းဂဏန်းများသည် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေမှုကို ထင်ဟပ်စေပြီး ထိရောက်သော ကြိုတင်ကာကွယ်ရေး၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု ရှိစေရေး အရေးကြီးကြောင်း သတိပေးခဲ့သည်။

ဝန်းသိုနှင့် ကောလင်းကြားတွင် စစ်ကြောင်းကို PDF များက ကြားဖြတ်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်

ဇန်န ၂၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်မှ ကောလင်းမြို့ဘက်သို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းမှ စတင် ကာ ကြားဖြတ်တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။ဝန်းသိုမြို့နှင့် ကောလင်းမြို့ကြားတွင် ဖြစ်ပွားနေသော ဤတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်များ လည်း ရှိနေပြီး ခမရ (၁၀၁) နှင့် ခမရ (၁၂၀) မှ ဒရုန်းများ တက်လာနေကာ ကန့်ဘလူ အမြောက်တပ် ၆၀၀၆ မှ Mi-17 ရဟတ်ယာဉ်များ ပါဝင်လှုပ်ရှားနေကြောင်း Kawlin Revolution-KR အဖွဲ့က ထုတ်ပြန်သည်။ လက်ရှိ စစ်ကြောင်းသည် သစ်ဖုလတောင်ကို ဦးတည်ပြီး ထိုးဖြတ်ရန် ကြိုးပမ်းနေ ကြောင်း သိရှိရသည်။

ကရင်နီမယ်စဲ့ အကျဉ်းထောင်မှ စစ်သုံ့ပန်း ၈၀ ကျော် ထွက်ပြေးသူ အချို့ ပြန်ဖမ်းမိ

ဇန်န ၂၁
The Kaladan Post
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) လက်အောက်ခံ အကျဉ်းထောင် (၂) မှ ဇန်နဝါရီ ၁၈ ရက် နံနက် ၁ နာရီဝန်းကျင်က စစ်သုံ့ပန်း စစ်ကောင်စီတပ်သား ၈၀ ဝန်းကျင် လက်နက်ငယ် ၉ လက်ကိုပါ ယူဆောင် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အချို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ထွက်ပြေးသူများကို တိုင်းရင်းသားတပ်ဖွဲ့များနှင့် ပူးပေါင်း လိုက်လံရှာဖွေနေရာ ပြန်ဖမ်းဆီးရမိသူ ၃၀ ဦးသည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း အတည်ပြုနိုင်ပြီဖြစ်ပြီး၊ အချို့ ထွက်ပြေးသူ ကို ပစ်ခတ်ဖမ်းဆီးရသဖြင့် သေဆုံးသူတွေရှိကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တွဲဖက် အတွင်းရေးမှူး ဦးဗညားက ပြောဆိုသည်။ ကျန်ရှိနေသော စစ်သုံ့ပန်းများကို ကရင်နီတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဆက်လက် ရှာဖွေဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။ မယ်စဲ့မြို့နယ်ကို ကရင်နီတပ်ပေါင်းစုက ၂၀၂၃ နိုဝင်ဘာ လဆန်းပိုင်းတွင် အလုံးစုံ သိမ်းပိုက်ခဲ့ပြီးနောက် ဤအကျဉ်းထောင်ကို IEC က ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးတွင် ရာဘာခြစ်အမျိုးသမီး စစ်တပ်က အကြောင်းမဲ့ပစ်သတ်

ဇန်န ၂၁
The Kaladan Post
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝါးဘိုးကုန်းကျေးရွာ အေးချမ်းသာယာရပ်ကွက်တွင် ဇန်နဝါရီ ၂၀ ရက် ည ၆ နာရီ ၄၂ မိနစ်ခန့်က အသက် ၄၁ နှစ်အရွယ် မခင်ဝိုင်း အမည်ရှိ အမျိုးသမီး တစ်ဦးသည် ရာဘာခြံအတွင်း ရာဘာခြစ်နေစဉ် ခလရ-၂၈၄ တပ်မှ စစ်သားများက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း Phoenix – Special Warfare Force တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးကို အကြောင်းမဲ့ ပစ်သတ်ခြင်းသည် စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့၏ ရက်စက်ယုတ်မာမှုကို ထင်ရှားစွာ ပြသလိုက်သည်ဟု ဆိုကာ အဆိုပါ တပ်ဖွဲ့က စစ်တပ်ကို တရားဝင် လူသတ်ခွင့်မပေးရန်နှင့် အတုအယောင် ရွေးကောက်ပွဲများတွင် မပါဝင်ကြရန် တိုက်တွန်းထားသည်။ ထို့အပြင် Phoenix – Special Warfare Force အနေနဲ့ အပြစ်မဲ့ပြည်သူ‌တွေ အပေါ် ရက်စက်စွာ ဖိနှိပ်သတ်ဖြတ်နေသော အကြမ်းဖက်စစ်တပ်ကို ဆက်လက်တော်လှန်တိုက် ဖျက်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ မတရားမှုမှ လွတ်မြောက်လို‌သော ဆန္ဒနှင့် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်မှုများကသာ တကယ့်လွတ်လပ်ရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ ဦးတည်‌ခေါ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းတပ်ဖွဲ့က ပြောဆိုသည်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ထံ အတင်းစစ်မှုထမ်းခံရသူ ၇ ဦး လက်နက်ချ အလင်းဝင်

ဇန်န ၂၁
The Kaladan Post
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရပြီး တုံးတံတားတာဝန်ကျနေသော ခလရ-၅၃ တပ်ရင်းမှ စစ်သား ၇ ဦး လက်နက်ချ အလင်းဝင်လာခဲ့ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး က ထုတ်ပြန် သည်။ အလင်းဝင်လာသူများမှာ မောင်သီဟဝင်း (၂၉ နှစ်)၊ မောင်ဆက်နိုင် (၂၈ နှစ်)၊ မောင်မြင့်တင် (၂၈ နှစ်)၊ မောင်အောင်ကို (၃၅ နှစ်)၊ မောင်တင်အောင်မိုး (၃၀ နှစ်)၊ မောင်သိန်းဇော်ဝင်း (၂၆ နှစ်) နှင့် မောင်နေမျိုးဦး (၂၉ နှစ်) တို့ ဖြစ်ပြီး တပ်မဟာ (၃) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တပ်ရင်း (၃) ထံ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ၎င်းတို့အားလုံး မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူများဖြစ်ကာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ကောင်းမွန်စွာ ထိမ်းသိမ်း စောင့်ရှောက်ထားသည်။ စစ်ကောင်စီတပ်တွင်း အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံရသူများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ အလင်းဝင်ရောက် လာကြရန် ကေအဲန်ယူ အနေဖြင့် တိုက်တွန်း အသိပေးထားသည်။

ကရင်နယ်မြေများတွင် စစ်ကောင်စီ ဒရုန်း·လေကြောင်း·လက်နက်ကြီးဖြင့် တိုက်ခိုက်

ဇန်န ၂၁
The Kaladan Post
ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင် မူးမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေ အတွင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီ ခမရ-၃၀၇ တပ်မှ ဒရုန်းဖြင့် လှေဒုံးကျေးရွာအတွင်း ဗုံးသီး ၁ လုံး ကျဲချခဲ့ရာ ဦးရွှေမြင့် (၆၀ နှစ်) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ က ထုတ်ပြန်သည်။ တောင်ငူလေတပ်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံးကို ကွီးဒိုခေါ်အုပ်စုအတွင်း ကျဲချခဲ့ရာ နွားတစ်ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ထို့အပြင် ခမရ-၂၆၄ တပ်မှ ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ရာ ဆောထိမြို့နယ် အင်းပုဝါကျေးရွာ ဦးမောင်မြင့် နေအိမ်ခြံဝင်းထဲ ကျရောက်ပေါက်ကွဲကာ နွားတစ်ကောင် ထိခိုက်ဒဏ်ရာရရှိပြီး နွားလှည်းတစ်စီး အနည်းငယ် ပျက်စီးခဲ့သည်။ အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ဇန်နဝါရီ ၁၆ ရက်မှ စတင်ကာ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာနေပြည်သူများ ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တွင် နတ်ညွန်းရွာကို ဝင်ရောက်စီးနင်း၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ ဇန်နဝါရီ ၂၀ ရက်တွင် ပတ္တာရွာကို ထပ်မံ ဝင်ရောက်မီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ပတ္တာရွာတွင် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ပြီး ကျေးရွာပေါင်း ၁၂ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကာ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

ဘုတလင်မြို့သို့ အင်အားဖြည့်လာသော စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၂၀ ဦးခန့် သေဆုံး

ဇန်န ၂၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ဘုတလင်မြို့သို့ ရွေးကောက်ပွဲ အတွက် အင်အားဖြည့်ရန် အင်အား ၁၅၀ ခန့်ပါ စစ်တပ်စစ်ကြောင်း ထွက်ခွာလာစဉ် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်များက ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက် ခဲ့ကြောင်းခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်က ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန် သည်။ ၎င်းစစ်ကြောင်းသည် အနောက်ဇီးတောရွာမှ ထွက်လာစဥ် Anonymous Hero နှင့် Chindwin Brother အဖွဲ့များက ဒီဇင်ဘာ ၂၇ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ပြန်ဆုတ်ခဲ့ကြောင်းသိရသည်။ ဒီဇင်ဘာ ၂၈ ရက်တွင် စစ်ကြောင်းက ခရီးသွားပြည်သူ့ကားများကို အဓမ္မသိမ်းယူ၍ ထွက်ခွာစဉ် Anonymous Hero နှင့် ချိုမိုင်မိုင်အဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ပြီး မဟာမိတ်တပ်များနှင့် တစ်နာရီခန့် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်သား ၂၀ ဦးခန့် သေဆုံး၊ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပွိုင့် ၅ (.5) စက်သေနတ်တပ်ဆင်ထားသော ကားတစ်စီး ပျက်စီးခဲ့ကာ MA 1 တစ်လက်၊ MA 2 တစ်လက်နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါတိုက်ခိုက်မှုကို SAF နှင့် မဟာမိတ်များ ဖြစ်သော Budalin Mobile Team၊ ရွာဇော်ကြီး – တော်လှန်အသံ (YZG)၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း (မုံရွာခရိုင် တပ်ရင်း-၁၈)၊ မုံရွာခရိုင် တပ်ရင်း-၂၅ တပ်ခွဲ-၄ (Y.S.A.F)၊ Yadanabon Revolution Force (YRF)၊ Sagaing PDF၊ Depeyin Mobile Team (DPY) နှင့် BLDF တို့ ဖြစ်ပြီး ပူးပေါင်းတပ်များဘက်မှ တိုက်ပွဲအတွင်း အထိအခိုက်မရှိခဲ့သော်လည်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် လေကြောင်း တိုက်ခိုက်မှုကြောင့် ရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။