ပဲခူးတိုင်း ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံး
ဇန်န ၂၄
The Kaladan Post
ပဲခူးတိုင်း၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ၃ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့ ဇန်နဝါရီ ၂၃ ရက် တွင် KNU က ထုတ်ပြန်သည်။ ဇန်နဝါရီ ၂၁ ရက် နေ့လည် ၁၂:၅၀ ခန့်တွင် ပဲနွယ်ကုန်းရှိ စစ်ကောင်စီတပ်စခန်းမှ ဇရပ်ခင်ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ဒေါ်သီတာစန်း (၃၅ နှစ်) ဒဏ်ရာရရှိခဲ့ပြီး ထိုနေ့တွင်ပင် နေ့လည် ၁:၃၀ ကျော်ခန့်တွင် နတ်လောင်းကြီး ကျေးရွာကို ဂျိုင်ရိုကော်ပတာ (လေယာဉ်ပျံ) ဖြင့် ပစ်ခတ်မှုကြောင့် ဦးသောင်းစိန် (၆၉ နှစ်) သေဆုံးခဲ့ ကြောင်းသိရသည်။ ထို့အပြင် ဇန်နဝါရီ ၂၀ ရက် နေ့လည် ၁၁:၃၀ ခန့်က မူးမြို့နယ် (မာနေ) ကွင်းနေရာ အနီး၌ ဒရုန်းဗုံး ၁ လုံး ပစ်ခတ်ခံရမှုကြောင့် ဦးမဲလုံး (၅၄ နှစ်) နှင့် ကျော်မင်းထက် (၂၈ နှစ်) တို့ သေဆုံး ခဲ့ပြီး ကိုမင်းခန့် (၁၃ နှစ်) နှင့် မေကဗျာ (၂၄ နှစ်) တို့ ဒဏ်ရာရရှိခဲ့ကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မင်္ဂလာဒုံ ပေါက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ
ဇန်န ၂၄
The Kaladan Post
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီ ၂၂ ရက် ည ၇ နာရီ ၅ မိနစ်ခန့်က မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်းTHE BROKEN SYSTEM (BS) အဖွဲ့က ထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုတွင် ရုံးအတွင်း ထိခိုက်ပျက်စီးမှု အတိအကျ အတည်မပြုရသေးဘဲ တိုက်ခိုက်သူ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ တရားမဝင် ရွေးကောက်ပွဲကနေ တက်လာတဲ့ တရားမဝင်အစိုးရနဲ့ စစ်အစိုးရ ပတ်သက်တဲ့ ပစ်မှတ်တွေကိုလည်း ဆက်လက်တိုက်ခိုက်သွား အဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။

အမေရိကန်တရားရုံးက မြန်မာနိုင်ငံသားများအတွက် TPS ရုတ်သိမ်းမှုကို ယာယီဆိုင်းငံ့
ဇန်န ၂၄
The Kaladan Post
အမေရိကန်နိုင်ငံ၊ အီလီနွိုင်ပြည်နယ် မြောက်ပိုင်းခရိုင် ဖက်ဒရယ်တရားရုံး စီနီယာတရားသူကြီး Matthew F. Kennelly က သမ္မတဒေါ်နယ်ထရမ့် အစိုးရ၏ မြန်မာနိုင်ငံသားများအတွက် ယာယီအကာအကွယ်ပေးမှု အစီအမံ (Temporary Protected Status – TPS) ရုတ်သိမ်းရန် ဆုံးဖြတ်ချက်ကို ယာယီဆိုင်းငံ့ရန် ဇန်နဝါရီ ၂၃ ရက်က အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ဤဆုံးဖြတ်ချက်ကြောင့် အမှုကို အပြီးသတ် ဆုံးဖြတ်ချက်မချမချင်း TPS ဖြင့် နေထိုင်နေသော မြန်မာနိုင်ငံသားများအနေဖြင့် လက်ရှိနေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်နှင့် ပြန်ပို့ခံရမှုမှ ကင်းလွတ်ခွင့် ဆက်လက်ရရှိနေမည်ဖြစ်ကြောင်းသိရသည်။ အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတင်းနိုအမ်က ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် မြန်မာနိုင်ငံ၌ အခြေအနေ တိုးတက်ကောင်းမွန်လာပြီဟု ဆိုကာ TPS ကို ရပ်ဆိုင်းမည်ဟု ကြေညာခဲ့ပြီး၊ ထိုဆုံးဖြတ်ချက်က ဇန်နဝါရီ ၂၆ ရက်မှ စတင်ထိရောက်မည် ဖြစ်သော်လည်း မြန်မာနိုင်ငံသား ၆ ဦး ဦးဆောင်သော တရားစွဲဆိုမှုတွင် အဆိုပါ ရုတ်သိမ်းမှုက ပြန်လည်မဖြေရှင်းနိုင်သော ထိခိုက်နစ်နာမှုများ ဖြစ်စေနိုင့်သည့်အပြင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အက်ဥပဒေ (Administrative Procedure Act – APA) ကို ချိုးဖောက်နိုင်သည့် အလားအလာ ရှိကြောင်း တရားရုံးက လက်ခံ ဆုံးဖြတ်ခဲ့သည်။ တရားရုံးအမှု ဆုံးဖြတ်ချက်မချမချင်း TPS နှင့် နေထိုင်နေသော မြန်မာနိုင်ငံသားများအနေဖြင့် ပြန်စရာ မလိုအပ်ဘဲ လက်ရှိ အလုပ်အကိုင် များကို ဆက်လက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေ က ပြောဆိုသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ပွားချိန်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က TPS ကို မြန်မာနိုင်ငံသားများအတွက် ပေးအပ်ခဲ့ပြီး၊ လက်ရှိ အမေရိကန်တွင် TPS ဖြင့် နေထိုင်နေသော မြန်မာ အရေအတွက်မှာ ခန့်မှန်း ၄,၀၀၀ မှ ၆,၀၀၀ ခန့် ရှိနိုင်ကြောင်း ခန့်မှန်းချက်များ အရ သိရသည်။ တရားရုံး၏ ယာယီဆိုင်းငံ့မှုကြောင့် ဤ မြန်မာနိုင်ငံသားများအတွက် ယာယီ သက်သာခွင့် ရရှိခဲ့သော်လည်း အမှုကို ဆက်လက် ကြားနာသွားမည်ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် စစ်စခန်းများကို ဒရုန်းဗုံးကျဲတိုက်ခိုက်
ဇန်န ၂၄
The Kaladan Post
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပြင်ထောင်ပျူစောထီးရွာရှိ စစ်တပ်နှင့် ပျူစောထီးများ အထိုင်ချထား သော စစ်စခန်းကို ဇန်နဝါရီ ၂၂ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့ကြောင်း Farmer Heroes Khin U အဖွဲ့က ထုတ်ပြန်သည်။ စစ်စခန်းတွင် စစ်တပ်အင်အား ၇၀ ဝန်း ကျင်ရှိပြီး တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း၊ ရွာအတွင်း သံချောင်း တီး အချက်ပေးသံများ ဆူညံခဲ့ကာ စစ်တပ်နှင့် ပျူစောထီးများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Farmer Heroes Khin U တာဝန်ရှိသူက ပြောဆိုသည်။ ဤတိုက်ခိုက်မှုကို Farmer Heroes Khin U (ခင်ဦးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့)၊ စွန်ညိုရွှေဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ၅/မဟူရာကျွဲရိုင်း (ရေဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့) တို့က မဟာမိတ်ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိ စစ်တပ်အထိုင်ချ စခန်းကို ဇန်နဝါရီ ၂၂ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီမြို့နယ် ဂဠုန်တပ်ဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီအရာရှိများက စစ်မှုထမ်းသင်တန်းအတွင်း မူးယစ်ရောင်းချကြောင်း ဖမ်းဆီးခံ စစ်သား ချစ်ကိုဝင် ပြောဆို
ဇန်န ၂၄
The Kaladan Post
အာရက္ခတပ်တော် (AA) က ဇန်နဝါရီ ၁၇ ရက်နေ့ မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်း ပဇီရွာအနီး တိုက်ပွဲ တွင် ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်သား ချစ်ကိုဇင်၏ ထွက်ဆိုချက်များကို ဇန်နဝါရီ ၂၃ ရက်တွင် အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့သည်။ ချစ်ကိုဇင်သည် ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့မှ နေထိုင်သူဖြစ်ပြီး ရန်ကုန်တွင် ပန်းရံနေ့စားအလုပ်လုပ်နေစဉ် ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်ညတွင် စက်ဘီးဖြင့် အိမ်ပြန်လမ်း တွင် စစ်ကောင်စီတပ်သားများက ဖမ်းဆီး၊ ရိုက်နှက်ပြီး အဓမ္မစစ်သားစုဆောင်းခဲ့ကြောင်း သိရသည်။ လှည်းကူးမြို့တွင် သင်တန်းတက်ခဲ့ရပြီး သင်တန်းသားအင်အား ၅၀၀ ခန့်ရှိခဲ့ကာ ထိုထဲတွင် ပေါ်တာ ဆွဲခံရသူများ၊ အမှုအမျိုးမျိုးဖြင့် ရောက်လာသူများ၊ ကြေးစားသဘောဖြင့် ရောက်လာသူများ ပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။ သင်တန်းကာလအတွင်း WY မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် အရက်သောက်သုံးမှုများ တွေ့ရသော်လည်း သင်တန်းသားများ အပြင်မထွက်ရဘဲ စစ်ကောင်စီ အရာရှိများနှင့် နည်းပြများက မှောင်ခိုမှ ယူဆောင်လာပြီး ကိုယ်တိုင် ရောင်းချပေးနေကြောင်း မျက်မြင်တွေ့ရှိခဲ့ကြောင်း ချစ်ကိုဇင်က ထုတ်ဖော်ပြောဆိုထားသည်။ ထို့အပြင် မွမ်းမံသင်တန်း ပြီးဆုံးပြီး ခလရ(၂၅၇) တပ်ရင်းသို့ ရောက်ရှိချိန်တွင် ရှေ့တန်းစစ်မြေပြင်သို့ စစ်ကြောင်းထိုးလာခဲ့ရပြီး အင်အား ၁၁၈ ဦးအနက် ၈၀ ကျော်မှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်ကြောင်း ပြောဆိုသည်။ တပ်ရင်းမှူးက ထွက်ပြေးပါက ကိုယ်တိုင်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ရှေ့တန်းတွင် စစ်မှုထမ်းသစ် များကို ရှေ့တန်းမှ အသေခံတိုက်ခိုင်းကာ သန္ဓေစစ်သားများက နောက်တွင် နေထိုင်ခဲ့ကြောင်း ထွက်ဆိုချက်တွင် ဖော်ပြထားသည်။ တစ်လခွဲခန့် ရှေ့တန်းတွင် တိုက်ပွဲဝင်ခဲ့ရာ အင်အား ၁၁၈ ဦးအနက် ၅၀ ကျော်သာ ကျန်ရှိခဲ့ပြီး အများစုမှာ စစ်မှုထမ်းသစ်များ ဖြစ်ကာ စနိုက်ပါ၊ ဒရုန်းဗုံးများဖြင့် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ချစ်ကိုဇင်က ဆိုသည်။ တိုက်ပွဲအတွင်း ရှေ့တက်လျှင် ရန်သူက ပစ်သတ်မည်၊ နောက်ဆုတ်လျှင် တပ်ရင်းမှူးက ပစ်သတ်မည်ဟု နှစ်ဖက်စလုံး ခြိမ်းခြောက် ခံရသည့် အခြေအနေကို ရင်ဖွင့်ပြောဆိုထားသည်။ ဇန်နဝါရီ ၂၇ ရက်တွင် AA တပ်ဖွဲ့ ဝင်ရောက် တိုက်ခိုက်ချိန် သူငယ်ချင်းနှစ်ဦးနှင့်အတူ ကတုတ်ကျင်းတွင် ပုန်းအောင်းနေရာ ဖမ်းဆီးခံခဲ့ရပြီး AA က ဘေးကင်းစွာ ကယ်ထုတ်ပေးခဲ့သဖြင့် အသက်ရှင်ခဲ့ရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

စစ်တပ်၏ ရွေးကောက်ပွဲကို ကမ္ဘာက အခိုင်အမာ ငြင်းပယ်သင့် ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ် တိုက်တွန်း
ဇန်န ၂၄
The Kaladan Post
မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က အာဏာသိမ်း စစ်တပ်က ခြယ်လှယ်ထားသော အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံခြင်း လုံးဝ မရှိသင့်ကြောင်း ဇန်နဝါရီ ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ စစ်တပ်သည် မိမိအလိုကျ ပါတီတစ်ခု တည်း သောင်ပြိုကမ်းပြို အနိုင်ရအောင် မရိုးမသား စီစဉ်ထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရကို အဓမ္မ ဖယ်ရှားပြီး အာဏာသိမ်းယူခဲ့မှုကို တရားဝင်အသိအမှတ် ပြု ခံရရန် ရည်ရွယ်ချက်ဖြင့် ရွေးကောက်ပွဲအတု ကျင်းပလျက်ရှိကြောင်း အန်ဒရူးစ်က စွပ်စွဲ ထုတ်ဖော် ပြောဆိုခဲ့သည်။ ဇန်နဝါရီ ၂၅ ရက်တွင် နောက်ဆုံးအပိုင်း မဲပေးမှု ပြီးဆုံးမည့် ဤရွေးကောက်ပွဲတွင် ပြည်သူအများက လေးစားယုံကြည်သော နိုင်ငံရေးသမားများနှင့် ပါတီများကို ပိတ်ပင်ထားခြင်း၊ အခြေ ခံလွတ်လပ်ခွင့်များကို ဖိနှိပ်ခြင်း၊ မီဒီယာများကို အသံတိတ်ဖြစ်အောင် ဖိအားပေးခြင်းစသည့် လုပ်ရပ် များ ရှိနေကြောင်း သူက ထောက်ပြခဲ့သည်။ ထို့ပြင် ရွေးကောက်ပွဲကို ဆန့်ကျင်သူများ၊ ပါဝင် မဲမပေး လိုသူများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်မည်ဟု ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်းများဖြင့် မဲပေးရန် ဖိအားပေးနေကြောင်း၊ စစ်လေယာဉ်များက ကျေးရွာများကို ဗုံးကြဲနေချိန်တွင်ပင် ပြည်သူများကို မဲရုံသို့ အဓမ္မ မောင်းနှင်နေကြောင်း အန်ဒရူးစ်က ပြောကြားခဲ့သည်။စစ်တပ်သည် အရပ်သားအဝတ်အစားဖြင့် အုပ်စိုးမှုကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ကမ္ဘာ့နိုင်ငံများကို လှည့်စားရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ ဤလိမ်လည်မှုကြီးကို နိုင်ငံတကာက လက်ခံလိုက်ပါက မြန်မာ့အကျပ်အတည်းအတွက် စစ်မှန်သော ဖြေရှင်းနည်းများ အားလုံး ဆုတ်ယုတ်သွားနိုင်ကြောင်း သတိပေးခဲ့သည်။

မြင်းခြံမြို့ပေါ် မဲရုံအနီး ပသစစ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီး
ဇန်န ၂၄
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်ရှိ မဲရုံတစ်ခုအနီး၌ မဲရုံစောင့်နေရင်း အပြင်ထွက်လာသော ပသစစ်တပ်ဖွဲ့ ဝင် တစ်ဦးကို ကာဘိုင်သေနတ်တစ်လက်နှင့် လက်နက်ခဲယမ်းများအတူ ဖမ်းဆီးရမိခဲ့ကြောင်း Myingyan Twenty-One Guerilla Force က အသိပေးထားသည်။ဇန်နဝါရီ ၂၀၂၆ အတွင်း ကျင်းပဆဲ ရွေးကောက်ပွဲကာလအတွင်း ဖြစ်ပွားခဲ့သော ဤစစ်ဆင်ရေးကို Myingyan Twenty-One Guerilla Force (scз TFM) ပျောက်ကြားတပ်ဖွဲ့နှင့် TLK ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးရမိသည့် ပသစစ်သားသည် မြင်းခြံခရိုင် အမှတ်(၂) တပ်ရင်း၊ တပ်ခွဲမှ ဖြစ်ကြောင်း သိရှိရပြီး လက်ရှိ စစ်ဆင်ရေးအဖွဲ့များက ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

မြင်းခြံခရိုင်တွင် တော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်ကိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၂ ဦး သေဆုံး
ဇန်န ၂၄
The Kaladan Post
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မြင်းခြံမြို့နှင့် နွားထိုကြီးမြို့အကြား၊ မြင်းခြံမြို့အနောက်ဘက် ပတ္တာကျေးရွာနှင့် လေးအိမ်တန်းကျေးရွာအကြားတို့၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ နှစ်ကြိမ် ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ က ထုတ်ပြန်သည်။ နံနက် ၇ နာရီမှ စတင်ကာ ညနေ ၆ နာရီအထိ ဆက်လက်ဖြစ်ပွားခဲ့သည့် ပထမတိုက်ပွဲတွင် Myingyan Black Tiger (MBT) တပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့မှ Burmese Guerilla Force (BGF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၇ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းသိရ သည်။ ထို့အပြင် ဂျက်ဖိုက်တာ တစ်ကြိမ်၊ MI-35 ရဟတ်ယာဉ်တစ်ကြိမ် လေကြောင်းပစ်ကူ ပေးခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်မှ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအချို့ကို MBT တပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ ထိုနေ့တွင် နံနက် ၈ နာရီမှ ၉ နာရီအထိ ပတ္တာနှင့် လေးအိမ်တန်း ကျေးရွာအကြား တိုက်ပွဲတွင် MBT တပ်ဖွဲ့နှင့် MGN အညာသားပြောက်ကျားတပ်ဖွဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်တစ်ဦး အပါအဝင် ၁၅ ဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ ရှိခဲ့သည်။ ယင်းတိုက်ပွဲ နှစ်ကြိမ်လုံးတွင် စစ်ကောင်စီတပ်ဘက်မှ စုစုပေါင်း ၂၂ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး MBT တပ်ဖွဲ့ဘက်မှ ၂ ဦး ကျဆုံး၊ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ် ကြိုးတန်းရွာတွင် နေအိမ်များ မီးရှို့ဖျက်ဆီးသော စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ
ဇန်န ၂၄
The Kaladan Post
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းတစ်ခုက ကြိုးတန်းရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Ayar Daung (ဧရာဒေါင်း) တပ်ဖွဲ့က ထုတ်ပြန်သည်။ ၎င်း စစ်ကြောင်းသည် ဇန်နဝါရီလ ၁၈ ရက်နေ့က မြိုင်မြို့နယ်တောင်ခြမ်း (န)ဘုန်းကံရွာမှ ထွက်ခွာလာ သော ဇန်နဝါရီလ ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကြိုးတန်းရွာသို့ ရောက်ရှိလာကာ ညဘက် တွင် ပြည်သူနေအိမ်များမှ ပစ္စည်းများနှင့် ကြက်များကို ခိုးယူသတ်ဖြတ်စားသောက်ပြီး ရွာထဲ၌ တပ်စွဲ အိပ်ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလ ၂၃ ရက် နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များ က ရွာအတွင်း နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာမှ ထွက်ခွာလာစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက စောင့်ကြိုကြားဖြတ် တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဤ တိုက်ပွဲကို ABSDF အမှတ် ၃ စစ်ကြောင်း၊ Student Armed Force (SAF) ကျောင်းသားလက်ရုံးတပ် တော်၊ ကမ္မတပ်ပေါင်းစု၊ မြို့နယ်ပြည်သူ့လုံခြုံရေး အင်အားစု (Red Giant RG၊ Hunter Pakokku၊ ဗိုလ်မီးတောက်၊ YGF လူငယ်ပြောက်ကျားတပ်ဖွဲ့၊ Pi PDF၊ Tiger Warrior Force) နှင့် ခရိုင်ပကဖ တပ်ဖွဲ့ ၅ ဧရာဒေါင်း အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိကြောင်း သိရသော်လည်း အရေအတွက်ကို မြေပြင်အခြေအနေအရ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း Ayar Daung (ဧရာဒေါင်း) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
