မြိုင်မြို့နယ် ကန်နီပျူစောထီးကျေ2းရွာအနီး ထိတွေ့တိုက်ပွဲတွင် ပျူစောထီး ၂ ဦး သေဆုံး
ဇန်န ၂၆
The Kaladan Post
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာအနီးတွင် ဇန်နဝါရီ ၂၂ ရက်နေ့က စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက ချဉ်းကပ်တိုက်ခိုက်စဉ် ကြိုတင်စောင့်ဆိုင်း ထားသော စစ်ကင်းပုန်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ထိတွေ့မှုအတွင်း အပြန် အလှန်ပစ်ခတ်မှု ၁ နာရီနီးပါး ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ပျူစောထီး ၂ ဦး သေဆုံးခဲ့သော်လည်း တော်လှန်ရေးဘက်မှ ရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်း မြိုင်ပကဖ တာဝန်ရှိသူက ပြောဆိုသည်။ ၎င်း စစ်တပ်နှင့် ပျူစောထီးများသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှစ၍ ကန်နီ ပျူစောထီးရွာ အနီးတဝိုက် ထန်းအူပေါက်များတွင် ရိက္ခာရှာဖွေနေသည်ကို ကင်းထောက်ဒရုန်းများဖြင့် တွေ့ရှိခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရန် ကြိုတင်လုပ်ဆောင်စဉ် ထိတွေ့မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ၎င်း စစ်ခွေးများ အင်အား ၅၀ ခန့်ရှိသဖြင့် ညှပ်ခံလိုက်ရပြီး တော်လှန်ရေး တပ်ဖွဲ့ဘက်မှ လက်နက်တက်ကောက်မှုအတွင်း ရဲဘော် ၄ ဦး ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း၊ ဝါရင့်ရဲ ဘော်များက ငယ်ရွယ်သူများကို ဆုတ်ခွာခိုင်းခဲ့သော်လည်း စွန့်စားလိုစိတ်ကြောင့် မတန်တဆ ထိခိုက် ခဲ့ရကြောင်း မြိုင်ပကဖ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ လက်ရှိ မြိုင်မြို့နယ်အတွင်း စစ်တပ် စခန်းများတွင် စစ်ရေးလှုပ်ရှားမှု ပိုမိုရှိလာနေသဖြင့် ပြည်သူများနှင့် မြေပြင်ခေါင်းဆောင်များအနေဖြင့် ရန်သူ့သတင်းကို စနစ်တကျ ထောက်လှမ်းပြီးမှ သွားလာလှုပ်ရှားကြရန် မြိုင်ပကဖက သတိပေး နှိုးဆော်ထားသည်။
မြင်းခြံမြို့နယ်တွင် စစ်တပ် ပါတီရုံး၊ မဲရုံနှင့် စစ်ကြောင်းများကို ဒရုန်းဖြင့် တိုက်ခိုက်ခံရ
ဇန်န ၂၆
The Kaladan Post
ဇန်နဝါရီ ၂၅ ရက်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများဖြင့် ပူးပေါင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရှိရသည်။ မြင်းခြံမြို့ပေါ်ရှိ ကြံ့ဖွတ်ပါတီရုံးကို ဗုံး ၂ လုံး၊ မဲလက်မှတ်များ စုစည်းထားသည့် ကျောက်ရုံးကြီးကို ဗုံး ၁ လုံး၊ ခမရ ၁၅ တပ်ရင်း အနီးရှိ လယ်သစ်ကျေးရွာ မဲရုံကို ဗုံး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ (MDDS) မှ တာဝန်ရှိသူက ပြောဆိုသည်။ လယ်သစ်ကျေးရွာတွင် ရွေးကောက်ပွဲ လုံခြုံရေးနှင့် ကင်းစောင့်အင်အား ၇၀ ဝန်းကျင်ရှိခဲ့ပြီး ကြံ့ဖွတ်ရုံးနှင့် ကျောက်ရုံးကြီးတွင် စစ်သား ၃၀ ဝန်းကျင် ရှိကြောင်း သိရသည်။ တိုက်ခိုက်မှုကြောင့် ပြည်သူများ ထွက်ပြေးကာ မဲရုံ ပိတ်သိမ်းခဲ့ရပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတိအကျ မသိရသေးကြောင်း၊ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ စုစုပေါင်း ဒရုန်း ၄ စီးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး MDDS၊ မြင်းခြံမြို့နယ် PDF၊ ရေစကြိုတပ်ပေါင်းစု၊ ခရိုင်အမှတ်(၁) တပ်ရင်းနှင့် အမေ့လက်ရုံးတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ အလားတူ ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဒါးကျွန်းနှင့် ပတ္တာကျေးရွာများကို မီးရှို့နေသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိကြောင်း ရေစကြိုတပ်ပေါင်းစုက ထုတ်ပြန်သည်။ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရှိရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်းဖမ်းဆီးခဲ့သော စစ်တပ် စစ်သုံ့ပန်း ၅၀၀ဦးကို MNDAA က ပြန်လွှတ်ပေး ဇန်န ၂၆
The Kaladan Post
ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၆ တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က စစ်ကောင်စီ စစ်သုံ့ပန်း ၅၀၀ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ MNDAA ထုတ်ပြန် ချက်အရ စစ်သုံ့ပန်း ၅၀၀ ဦးအပြင် ပြစ်မှုသေးငယ်သည့် အကျဉ်းသား ၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့ပြီး အခြား အကျဉ်းသား ၄၉ ဦးကို ဥပဒေအရ ပြစ်ဒဏ် လျှော့ချ ပေးခဲ့ကြောင်း ဖော်ပြထား သည်။ ထိုသုံ့ပန်းများသည် ၂၀၂၃ အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခံရသူများ ဖြစ်ပြီး ကောင်းမွန်သော အပြုအမူဖြင့် နေထိုင်ခဲ့သည်ဟု ဆိုကာ ပြန်လွှတ်ပေးခြင်း ဖြစ်ကြောင်း MNDAA က ဆိုသည်။ ယခင်ကလည်း MNDAA သည် ဇန်နဝါရီ ၁၄ ရက်က စစ်သုံ့ပန်း ၈၀ ကျော်၊ ၂၀၂၅ အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စစ်သုံ့ပန်း ၂၅၀ ခန့် ပြန်လွှတ်ပေးခဲ့ဖူးပြီး လောက်ကိုင်ဒကစ သိမ်းပိုက်ချိန်တွင် ဗိုလ်မှူးချုပ်များ အပါအဝင် ထောင်ချီ ဖမ်းဆီးခဲ့သော်လည်း အချို့ကို လျင်မြန်စွာ ပြန်လွှတ်ပေးခဲ့သည်။ လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) သိမ်းပိုက်မှု တွင်လည်း တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ ဗိုလ်မှူးချုပ်မျိုးမင်းထွေး စသည့် အရာရှိကြီးများကို ဖမ်းဆီးပြီး စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ပါရာမော်တာ တစ်စီး စက်ချို့ယွင်း၍ ပျက်ကျ
ဇန်န ၂၆
The Kaladan Post
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့၏ စက်တပ်ပါရာမော်တာ (လေထီး) တစ်စီး စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ ဇန်နဝါရီ ၂၆ ရက် မနက် ၈ နာရီ သို့မဟုတ် ၉ နာရီဝန်းကျင်တွင် အမှတ်(၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂) မှ ထွက်ခွာလာသော ပါရာမော်တာ တစ်စီးသည် ရှားတောကျေးရွာနှင့် မုန်တိုင်ချောင်းကြားရှိ မုန်တိုင်ချောင်း စစ်ဂိတ်အနီး၌ ပျက်ကျခဲ့ခြင်းကြောင်းသိရသည်။ ပစ်ခတ်ခံရခြင်း မဟုတ်ဘဲ စက်ချို့ယွင်း မှုကြောင့် အောက်သို့ ထိုးစိုက်ကျသွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ပျက်ကျသည့်နေရာတွင် ရှင်းလင်းရေး လုပ်ဆောင်နေကြကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ပြောဆိုသည်။ ဇန်နဝါရီ တတိယပတ်မှ စတင်ကာ ကပစ-၂၂ သို့ ပါရာမော်တာ ၃ စီး ရောက်ရှိပြီးနောက် အနီးဝန်းကျင် ကျေးရွာများအပေါ် လေကြောင်း တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောဆိုကြ သည်။ ကပစ-၂၂ သည် လက်နက်များ ထုတ်လုပ်ရာ စက်ရုံဖြစ်ပြီး ဆိပ်ဖြူမြို့နယ်တွင် ကပစ-၂၁၊ ကပစ-၂၂ နှင့် လေကြောင်း ရန်ကာကွယ်ရေး ကွပ်ကဲမှုဌာနချုပ် အခြေစိုက်ထားကြောင်းသိရသည်။

ရဲဘော်ဟောင်းများ၏ စွန့်လွှတ်မှုကို တန်ဖိုးထားလေးစားကြရန် Federal Wings တပ်ဖွဲ့ တိုက်တွန်း
ဇန်န ၂၆
The Kaladan Post
ယနေ့ တော်လှန်ရေးကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် တာဝန်မှ အနားယူသွားကြသော ရဲဘော်များအပေါ် လူမှုကွန်ရက်နှင့် ပတ်ဝန်းကျင်တွင် အပြစ်တင်ဝေဖန်မှုများ ရှိနေခြင်းကို စိတ်မကောင်းစွာ တွေ့ရှိနေရကြောင်း Federal Wings က ထုတ်ပြန်သည်။ တော်လှန်ရေး ရဲဘော်တိုင်း သည် ကိုယ်ပိုင်ဘဝ၊ ပညာရေး၊ မိသားစုကို စွန့်လွှတ်ကာ တော်လှန်ရေးအတွက် စေတနာဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြသူများ ဖြစ်ကြပြီး တစ်ရက်သာ ထမ်းဆောင်ခဲ့သည်ဖြစ်စေ၊ နှစ်ချီ ထမ်းဆောင်ခဲ့သည်ဖြစ်စေ ၎င်းတို့၏ ပေးဆပ်မှုကို Federal Wings အနေဖြင့် အပြည့်အဝ အသိအမှတ်ပြုပေးကြောင်းသိရသည်။ ထို့ကြောင့် အနားယူသွားသူများသည် အဖွဲ့ကို အသုံးချ၍ ထွက်ခွာသူများ မဟုတ်ပါဘဲ လူတိုင်းတွင် ခံနိုင်ရည်နှင့် ဘဝအခက်အခဲများ ရှိကြပြီး မိမိတာဝန် ယူထားသည့်အပိုင်းတွင် အစွမ်းကုန် ကြိုးစားခဲ့ပြီးမှ အနားယူခဲ့ကြသူများဖြစ်သဖြင့် ၎င်းတို့ကို “ကျောခိုင်းသူ” များအဖြစ် တချို့အဖွဲ့အစည်များက သတ်မှတ်ခြင်းကို လုံးဝ လက်မခံကြောင်း Federal Wings က ပြောဆိုသည်။ ထို့ကြောင့် ရဲဘော်ဟောင်းများအပေါ် အပြစ်တင်ခြင်း၊ သိက္ခာချခြင်း၊ တိုက်ခိုက်ခြင်းများသည် တော်လှန်ရေးအင်အားစုများအကြား စိတ်ဝမ်းကွဲမှုသာ ဖြစ်ပေါ်စေကြောင်း Federal Wings က သတိပေးထားသည်။ Federal Wings အနေဖြင့် တစ်ခါရဲဘော်သည် “ထာဝရရဲဘော်” ဟူသော စကားကို ကိုင်ဆောင်ထားပြီး တော်လှန်ရေး ခရီးလမ်းတွင် အတူရုန်းကန်ခဲ့ကြသူများကို ကျေးဇူးတင်စွာ နှုတ်ဆက်ခြင်းသည်သာ တော်လှန်ရေးအင်အားစုများ၏ ယဉ်ကျေးမှု ဖြစ်သင့်သည်ဟု ဆိုသည်။ ထို့အပြင် အနားယူသွားသော ရဲဘော်များအနေဖြင့်လည်း နောင်တစ်ချိန်တွင် တတ်နိုင်သည့်နည်းဖြင့် တော်လှန်ရေးကို ဆက်လက် ဝန်းရံပေးကြမည်ဟု Federal Wings က အခိုင်အမာ ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကွေးတိုင်းအတွင်း ဗမာ့တပ်တော်က ဆင်ဖြူကျွန်းနှင့် နွယ်တမယ်ရှိ စစ်တပ်စခန်းများ ထိုးစစ်ဆင်
ဇန်န ၂၆
The Kaladan Post
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း ဆင်ဖြူကျွန်းမြို့နှင့် နွယ်တမယ်ကျေးရွာ များတွင် အထိုင်ချ စခန်းထိုင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ဗမာ့တပ်တော် (Bamar Army – BA) နှင့် မဟာမိတ်တပ်ဖွဲ့များမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်း ၅ စီးကို ဖြတ်တောက်နိုင်ခဲ့ပြီး ခဲယမ်းလက်နက်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဗမာ့တပ်တော် က ပြောဆိုသည်။ ဤစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများအပြား ကျဆုံးဒဏ်ရာရရှိခဲ့ ပြီး ဗမာ့တပ်တော်နှင့် မဟာမိတ်တပ်ဖွဲ့များဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိမှု အချို့ ရှိခဲ့ကြောင်း သိရသည်။ ဗမာ့တပ်တော် (BA) သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်နှင့် ပင်လုံအနှစ်သာရကို လေးစားတန်ဖိုးထားသော တပ်တော်တစ်ခုအဖြစ် ရပ်တည်နေသည်ဟု ဗမာ့တပ်တော်က ပြောဆိုသည်။ ထို့အပြင် ဗမာ့တပ်တော်၊ အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အမှတ်(၁၀၁)တပ်ရင်းမှ အင်အား ၃၀ ဦးသည် အာရက္ခပြည်၊ ရှေ့တန်းစစ်ဆင်ရေးတွင် တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မိခင် ဗမာ့တပ်တော်၏ နောက်တန်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။

တော်လှန်ရေးအောင်ပွဲများကို အရှိန်မြှင့်ကာ ပန်းတိုင်သို့ ဆက်လက်ချီတက်ရန် မန်းဝင်းခိုင်သန်း တိုက်တွန်း
ဇန်န ၂၆
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များအတွက် နှစ်ဆန်းအောင်ပွဲ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။ အဆိုပါ သဝဏ်လွှာတွင် ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်သူ့နွေဦးတော်လှန်ရေး စတင်ချိန်မှ စုဖွဲ့လေ့ကျင့်ကာ တိုက်ပွဲဝင်ခဲ့ကြ သော PDF နှင့် ပကဖ တပ်ဖွဲ့ဝင်များကို အထူးဂုဏ်ပြုခဲ့ပြီး ၂၀၂၆ ခုနှစ် နှစ်ဦးပိုင်းတွင် အရေးကြီးသော အောင်ပွဲများကို ရယူနိုင်ခဲ့ကြောင်း မှတ်တမ်းတင်ထားသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။ ယခုအခါ PDF နှင့် ပကဖ တပ်ဖွဲ့များဟာ ကိုယ့်ခြေကိုယ့်လက်ဖြင့် ရပ်တည်နိုင်ပြီး တိုက်ပွဲဝင် အောင်ပွဲ ဆင်နိုင်နေပြီဖြစ်ကြောင်း၊ မဟာမိတ်များ၏ ချီးမွမ်းမှုရရှိသည်အထိ စွမ်းဆောင်နိုင်ခဲ့သည့်အပြင် တိုင်းရင်းသားအင်အားစုများနှင့် ဒေသခံပြည်သူများ၏ ကူညီပံ့ပိုးမှုကြောင့် ဤအောင်မြင်မှုများ ရရှိနိုင်ခဲ့ဖြစ်ကြောင်း (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။ ထို့အပြင် နှစ်ဆန်းအဖွင့်တွင် သတ်မှတ်ထားသော ရန်သူ၏ ဗဟိုချက်ဒေသများကို ချဉ်းကပ်ခြိမ်းခြောက်နိုင်သည့် အောင်ပွဲများကို အရှိန်မြှင့်တင်ကာ ပြည်သူလူထုတရပ်လုံး မျှော်မှန်းထားသော ပန်းတိုင်သို့ အတူတကွ ဆက်လက်ချီတက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အခြေခံဒရုန်းသင်တန်း အပတ်စဉ် (၁) ကို အောင်မြင်စွာ ပြီးမြောက်ကြောင်း RMA ထုတ်ပြန်
ဇန်န ၂၆
The Kaladan Post
ရာမညမွန်တပ်တော် (RMA) ၏ အခြေခံဒရုန်းသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း တပ်ဖွဲ့က အသိပေးထားသည်။ သင်တန်းသား/သူ ၁၅ ဦး တက်ရောက်ကာ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် တပ်ကြပ် ချမ်းထောက တာဝန်ယူခဲ့ကြောင်းသိရသည်။ NMSP-AD ဥက္ကဋ္ဌ နိုင်ဇေယျ နှင့် RMA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောက ဩဝါဒစကား ပြောကြားခဲ့သည်။ ထို့နောက် ဒရုန်းသင်တန်းဆရာ ကိုယ်စား အရာခံဗိုလ် လူဖေနှင့် သင်တန်းသား/သူ ကိုယ်စား ရဲဘော် ဥက္ကာတို့က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

