မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် စစ်တပ်၏ အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်များတိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး
ဇန်န ၄
The Kaladan Post
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာတွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်တပည့်များက စစ်ရှောင်အရပ်သားများကို အတင်းအကြပ်ပြန်လာခိုင်း၊ ငွေညှစ်ယူ၊ ပြန်ပေးဆွဲခြင်းများ ဆိုးရွားစွာ ကျူးလွန်နေမှုကြောင့် ပွင့်ဖြူမြို့နယ်တော်လှန်ရေးတပ်ပေါင်းစု ရဲဘော်များက ဇန်နဝါရီ ၃ ရက် မနက်အစောပိုင်းတွင် ဘုန်းကြီးကျောင်းဝန်းထဲ ရှောင်တခင်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက် ၃ ဦးစလုံး နေရာတင် သေဆုံးခဲ့ကြောင်း Myaylatt Bamar Defense Force က ထုတ်ပြန်ထားသည်။ သေဆုံးသူများသည် သစ်ချိုကုန်းအထွက် ဂိတ်တွင် ဖုန်းစစ်ဆေး၊ ငွေညှစ်ယူ၊ ပြန်ပေးဆွဲခြင်းများအပြင် စစ်ရှောင်ပြည်သူများကို လူသားဒိုင်း အဖြစ် အသုံးပြုရန် မလာမနေ ပြန်လာခိုင်းကာ မလာပါက ငွေ ၅ သိန်း ဒဏ်ရိုက်ခံရမှုများကို ကျူးလွန် နေသူများဖြစ်ကြောင်း တိုက်ခိုက်မှုကို ရှင်းလင်းရခြင်း ဖြစ်ကြောင်းသိရသည်။ တိုက်ခိုက်မှုအပြီး တော်လှန်ရေးတပ်ဖွဲ့များက ကာဘိုင်သေနတ် ၁ လက်၊ ဓားရှည် ၂ လက်၊ ကျည်ဘောက် ၂ ခု၊ ဗုံးသီး ၁ လုံး၊ လက်ကိုင်ဖုန်း ၃ လုံး၊ ကျည်ဆံနှင့် ပိုက်ဆံအချို့ကို သိမ်းဆည်းရမိခဲ့သည်။ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ပြည်သူများကိုပါ အဲ့ဒီတွင် ဖမ်းထားနေမှုကြောင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း တာဝန်ရှိသူက ပြောဆိုသည်။ ကျောင်းကုန်းကြီးနှင့် ဆင်လူးကျေးရွာတို့သည် လက်နက်ကိုင် ပြည်သူ့စစ် (ပျူစောထီး) အင်အားကောင်းရာ ရွာများဖြစ်ပြီး စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေး၊ စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးမှုများတွင် အဓိက ပါဝင်လေ့ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးသေဆုံး
ဇန်န ၄
The Kaladan Post
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် အတုရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကြောင်း ထိုးလာသော တပ်မ(၄၄) လက်အောက်ခံ ခမရ(၃) တပ်ရင်းမှ အင်အား ၁၀၂ ဦးပါ စစ်ကြောင်းကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီ ၄၁ မိနစ်မှစ၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက် ခိုက်ခဲ့ရာ တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း Southern Eagle PDF က ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ စစ်ကြောင်းမှာ သိမ်ဇရပ်မြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် အတင်းအဓမ္မ ဖမ်းဆီးထားသော တပ်သားသစ် ၂ ဦးမှာ MA-1 သေနတ် ၂ လက်နှင့် ခဲယမ်းများယူဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်လာခဲ့ကြောင်း တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောဆိုသည်။ တိုက်ပွဲဖြစ်ပွားရာ နေရာကို အမတ(၃၁၀) တပ်ရင်းက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဂွေ့ကြီးရွာတွင် ဈေးသည်အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ရသည်။ အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ(၃၆) ကွပ်ကဲမှုအောက်ရှိ Southern Eagle PDF တပ်ရင်း၊ ပူးပေါင်းမဟာမိတ် KNLA နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်း ယာယီဆုတ်ခွာပေးသည့် နေရာများကို ပြန်သိမ်းမည် (MDF) ထုတ်ပြန်
ဇန်န ၄
The Kaladan Post
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်း၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်ရှိ နယ်မြေအချို့ကို အကြမ်းဖက်စစ်အုပ်စု၏ မြေပြင်၊ ဝေဟင်၊ ရေပြင်နည်းလမ်းမျိုးစုံဖြင့် ပြင်းထန်တန်ပြန်ထိုးစစ်ကြောင့် ယာယီဆုတ်ခွာပေးလိုက်ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) က ထုတ်ပြန်သည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လနှောင်းပိုင်းမှစ၍ စစ်အုပ်စုက မန္တလေးမြို့နှင့်နီးကပ်သော နယ်မြေများကို ပြန်လည်ထိန်းချုပ်ရန် အပြင်းအထန်ထိုးစစ်ဆင်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များက ၁၈ လကျော်ကြာ မဆုတ်တမ်းခုခံခဲ့သော်လည်း စစ်ဗျူဟာအရ စစ်ဦးကျွံနေမှု၊ အင်အားသာလွန်မှု၊ လေကြောင်း တိုက်ခိုက်မှုများပြားလာမှု၊ ရဲဘော်များစစ်ပန်းလာမှုနှင့် လူအင်အား၊ လက်နက်ခဲယမ်းလိုအပ်ချက်များ ကြောင့် ယာယီဆုတ်ခွာရခြင်းဖြစ်သည်ဟု အသိပေးထားသည်။ ယာယီဆုတ်ခွာရသည့်အတွက် ဒေသခံ ပြည်သူများအပါအဝင် ပြည်သူလူထုတရပ်လုံးကို အနူးအညွတ်တောင်းပန်ကြောင်း တိုက်ပွဲပြင်းထန်စဉ် ပြည်သူများ ဘေးလွတ်ရာရွှေ့ပြောင်းနိုင်ရေး တတ်စွမ်းသမျှ ကူညီခဲ့သလို ဆက်လက်ကူညီသွားမည် ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ပြောဆိုသည်။ ပကဖ(မန္တလေး) အနေဖြင့် လက်လွတ်ခဲ့ရသော နယ်မြေများကို ညီနောင်တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ ပြန်လည် သိမ်းပိုက်ရေးအပါအဝင် အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စု တည်ဆောက်ရေးအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါနယ်မြေများကို ၁၀၂၇ စစ်ဆင်ရေး(ပထမပိုင်း)နှင့် ရှမ်း-မန်း စစ်ဆင်ရေး (၁၀၂၇ စစ်ဆင်ရေး-ဒုတိယပိုင်း)တွင် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများ၊ ညီနောင် နွေဦးတော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စခန်းသိမ်း၊ မြို့သိမ်းထိုးစစ်များဖြင့် သိမ်းပိုက်ခဲ့နောက် ပြည်သူ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ မူဝါဒများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သိမ်းပိုက်ရေးနှင့် ခုခံစစ်ကာလများအတွင်း အသက်၊ သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်ခဲ့သည့် တော်လှန်ရေးစစ်သည်ရဲဘော်များအားလုံးကို ပကဖ(မန္တလေး)က အစဉ်ဦးညွတ်ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

စစ်ရေးမဟာမိတ်တပ်ပေါင်းစု ဖြစ်ပေါ်ရေး အလေးပေးဆောင်ရွက်နေကြောင်း (KIO) ဥက္ကဋ္ဌ ပြောဆို ဇန်န ၄
The Kaladan Post
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်များက ၂၀၂၆ ခုနှစ် နှစ်သစ်ကူး မိန့်ခွန်းများတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် တော်လှန်ရေးအင်အားစုများ စုစည်းညီညွတ်မှု ပိုမိုအားကောင်းလာရေး အလေးပေး ပြောကြားခဲ့ကြသည်။ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက နှစ်သစ်ကူး မိန့်ခွန်းတွင် နိုင်ငံရေး၊ စစ်ရေး သဘောတူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကို စုစည်းပူးပေါင်းကာ စစ်ရေးမဟာမိတ်တပ်ပေါင်းစုကြီး ဖြစ်ပေါ်လာအောင် ဆက်လက်လုပ်ဆောင်နေကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ စစ်အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒ ချုပ်ငြိမ်းသည်အထိ မဟာမိတ်တပ်များ စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် တိုက်ပွဲဝင်ကြရန်လည်း နှိုးဆော်ခဲ့သည်။ ထို့အတူ NUG ယာယီ သမ္မတ ဒူဝါလရှီးလ နှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ကလည်း နှစ်သစ်ကူး မိန့်ခွန်းများ တွင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကို ဗဟိုကွပ်ကဲမှုတစ်ခုတည်းအောက်တွင် စုစည်းနိုင်ပါ က စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းနိုင်မည့် အကောင်းဆုံးအင်အားဖြစ်လာမည်ဟု အလေးပေး ပြောကြားခဲ့ကြသည်။ နိုင်ငံရေးကဏ္ဍတွင်လည်း ခေါင်းဆောင်များအားလုံး ပါဝင်နိုင်သည့် ညီလာ ခံကျင်းပကာ တော်လှန်ရေးကို ဦးဆောင်မည့် အင်အားကြီးအဖွဲ့ ဖွဲ့စည်းရေး အားထုတ်နေကြောင်း အသိပေးခဲ့သည်။ စစ်ကာလနိုင်ငံရေးသည် စစ်အောင်နိုင်ရေးဖြစ်သည်ဟု ယုံကြည်ကြောင်း၊ မဟာမိတ်များနှင့်အတူ မဟာဗျူဟာမြောက် ညီညွတ်မှု တည်ဆောက်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

ဘုတ်ပြင်းမြို့နယ်တွင် စစ်မှုထမ်းတပ်သားသစ်တစ်ဦး သေနတ်နှင့်ကျည်ဆံများ ယူဆောင်ကာ PDF ထံ အလင်းဝင်
ဇန်န ၄
The Kaladan Post
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ကျေးရွာအနီး အထိုင်ချတပ်စွဲထားသည့် စစ်တပ်စခန်းမှ စစ်မှုထမ်းတပ်သားသစ်တစ်ဦး သေနတ်တစ်လက်နှင့်တကွ လက်နက်ခဲယမ်းများ ယူဆောင်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကော့သောင်းခရိုင် အမှတ်(၁) တပ်ရင်း (P23201) ထံ ဇန်နဝါရီ ၁ ရက်နေ့တွင် အလင်းဝင်ရောက်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က အသိပေးထားသည်။ အဆိုပါ အလင်းဝင် တပ်သားမှာ စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မစုဆောင်းခံရသူတစ်ဦးဖြစ်ပြီး အပတ်စဉ်(၁၆) သင်တန်း ဆင်းဖြစ်ကာ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိသင်တန်းကျောင်းတွင် တက်ရောက်ခဲ့သူ ဖြစ်သည်။ ၎င်းမှာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ဇာတိဖြစ်ပြီး စစ်ကောင်စီတပ်သားများက ပေါ်တာဆွဲ ခံရသူတစ်ဦး ဖြစ်ကြောင်း သိရှိရသည်။ အလင်းဝင်လာသူမှာ အထိုင်စခန်းမှ ထွက်ပြေးလာစဉ် MA-1 အမျိုးအစား သေနတ်တစ်လက်၊ ကျည်ဆံ ၁၀၀ တောင့်နှင့် ကျည်ဘောက် ၃ ခု တို့ကို ယူဆောင်လာခဲ့ သည်ဟု PDF ကော့သောင်းခရိုင် တပ်ရင်း(၁) မှ တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။ စစ်မှုထမ်း ဥပဒေ အသက်ဝင်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ အတင်းအဓမ္မစုဆောင်းခံရသည့် တပ်သားသစ်များ လက်နက်ခဲယမ်းများနှင့်တကွ PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်မှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းသည် စစ်ကောင်စီတပ်အတွင်း စိတ်ဓာတ်ကျဆင်းမှုနှင့် ယုံကြည်မှုပျက်ပြား မှုများ ပိုမိုထင်ရှားလာကြောင်း တွေ့ရှိရသည်။

၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၆၁၃၄ ဦး လွတ်ငြိမ်းခွင့်ပြု
ဇန်န ၄
The Kaladan Post
ယနေ့ ဇန်နဝါရီ ၄ ရက်၊ ၂၀၂၆ ခုနှစ်တွင် ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကောင်စီက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား၊ အကျဉ်းသူစုစုပေါင်း ၆၁၃၄ ဦးကို လွတ်ငြိမ်းသက်သာခွင့် ပေးအပ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် နိုင်ငံခြားသား အကျဉ်းသား ၅၂ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ် ပေးအပ်ခဲ့သည်။ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက် ကွဲမှု၊ မတရားအသင်းဥပဒေ အပါအဝင် နိုင်ငံရေးပြစ်မှုများ၊ အဂတိလိုက်စားမှုများနှင့် အချို့သော လုံခြုံရေးဆိုင်ရာ ပြစ်မှုများမှ ကင်းလွတ်သော အခြားပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသူများအတွက်မူ ကျန်ရှိပြစ်ဒဏ်၏ ၆ ပုံတစ်ပုံကို လျှော့ချ သက်သာခွင့်ပြုထားသည်။ လွတ်ငြိမ်းခွင့်ရရှိသူများသည် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခင်ကျန်ရှိပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည့် စည်းကမ်းချက်ဖြင့် လွှတ်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဤလွတ်ငြိမ်းခွင့်သည် နှစ်စဉ်လွတ်လပ် ရေးနေ့အခါသမယ်တွင် ပြုလုပ်လေ့ရှိသည့် လူသားချင်းစာနာမှုဆိုင်ရာ အစီအမံတစ်ရပ်အဖြစ် ယခုနှစ် တွင်လည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သည်။

မိုးကုတ်မြို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဦးဇင်း ၁ ပါး နှင့် အမျိုးသမီး ၁ ဦး သေဆုံး
ဇန်န ၄
The Kaladan Post
ယနေ့ ဇန်နဝါရီ ၄ ရက်၊ ၂၀၂၆ ခုနှစ် နံနက် ၈ နာရီ ၂၈ မိနစ်ခန့်က မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်း လယ်ဦးဘုန်းကြီးကျောင်း၊ စာသင်ကျောင်း အနီးရှိ ရှုခင်းသာအကျော် ၅ မိုင်ဘက်သို့ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦးဇင်း ၁ ပါး နှင့် အမျိုးသမီး ၁ ဦး သေဆုံး ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ထို့အပြင် ရတနာသီရိဘုန်းကြီးကျောင်း ပျက်စီးခဲ့ပြီး သေဆုံးသွားသော ဦးဇင်း၏ အလောင်းကို လက်ရှိအချိန်ထိ မကောက်နိုင်သေးဘဲ အသားစများကို လိုက်ကောက်ရန် လိုအပ်နေကြောင်း သိရသည်။ သေဆုံးသွားသော အမျိုးသမီးမှာ ကလေးငယ်လေးကို ပွေ့ထားရင်း လက်နက်ကြီးစ ထိမှန်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်မှာ ထိခိုက်မှု မရှိကြောင်း ဒေသခံတစ်ဦး က ပြောဆိုသည်။ မိုးကုတ်မြို့ကို TNLA က ဆုတ်ခွာပြီးနောက် စစ်တပ်က ထိန်းချုပ်ထားသော်လည်း တော်လှန်ရေးတပ်များက ထိုးစစ်ဆင်နေဆဲ ဖြစ်သည်။ စစ်တပ်က ပုန်းလျှိုးကွယ်ရှိုး တပ်စွဲထားပြီး ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေသောကြောင့် စစ်တပ်တပ်စွဲရာ နေရာများကို တော်လှန်ရေး အဖွဲ့များထံ သတင်းပေးပို့ကာ ကူညီပေးကြရန်နှင့် ထိုနေရာများအနီး ရှောင်ရှားနေထိုင်ကြရန် ဒေသခံ များက တိုက်တွန်းထားသည်။

ကြို့ပင်ကောက်မြို့နယ် အလယ်ကုန်းရဲစခန်း ဒရုန်းဗုံးကျဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး
ဇန်န ၄
The Kaladan Post
ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်ရှိ အလယ်ကုန်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဇန်နဝါရီ ၁ ရက် နှင့် ၂ ရက်နေ့ နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၄ ဦး သေဆုံး ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ အဆိုပါ ရဲစခန်းတွင် အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားသော စစ်တပ်ကို ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ သာယာဝတီခရိုင်ပကဖ Spring Bees U-A-V ဒရုန်းတပ်ဖွဲ့က ဦးဆောင်ကာ ဇီးကုန်း ပကဖ၊ သာယာဝတီခရိုင်ပကဖ တိုက်ခိုက်ရေးအ မှတ် ၁ တပ်ခွဲ ၃ မိုးညို ပကဖ၊ ၃၈၀၁ တပ်ရင်း တပ်ခွဲ ၁ နှင့် တပ်ခွဲ ၅၊ ၃၈၀၂ တပ်ရင်း လက်အောက်ခံ BTZM တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ တိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်းရှိ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ပြီး တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြသည်။ ဤတိုက်ခိုက်မှုသည် သာယာဝတီခရိုင်အတွင်း ဒရုန်းစစ်ဆင်ရေး စွမ်းရည် မြင့်မားမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာသည့် အခြေအနေကို ထင်ဟပ်စေသည့် လက္ခဏာတစ်ရပ် ဖြစ်လာသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံး
ဇန်န ၄
The Kaladan Post
ဇန်နဝါရီ ၃ ရက်နေ့က ကလေးမြို့ဘက်မှ ဖလမ်းမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းတော်လှန်ရေးတပ်ပေါင်းစုက ခွမ်ကလေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးပြီး ၂ ဦးကို အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရင်း မြစ်က ထုတ်ပြန်သည်။ အလားတူ ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း Khuangli ရွာအနီးတွင် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံး၊ ၄ ဦးအရှင်ဖမ်းမိပြီး လက်နက် ၁၀ လက်၊ ကျည်ဆန် ၁၀၀၀ ကျော်၊ ကျည်ဘောက် ၄၀ ကျော်အပါအဝင် စစ်ပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့ကာ စစ်တပ် စခန်းကုန်းမှ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ချင်းပြည်နယ်အတွင်း စစ်တပ်၏ ထိုးစစ်ကြိုးပမ်းမှုများကို ချင်းတော်လှန်ရေးတပ်များက အဆက်မပြတ်ခုခံကာကွယ်နေကြောင်း သိရသည်။

ရေဦးမြို့နယ် မီးဘေးသင့်စစ်ရှောင်များကို ခရစ္စမတ်-နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ကူညီထောက်ပံ့
ဇန်န ၄
The Kaladan Post
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း မီးဘေးသင့်ဒဏ်ခံစားနေရသော သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန် ဆောင်မိခင်များနှင့် ကလေးသူငယ်များအတွက် ခရစ္စမတ်နေ့ (ဒီဇင်ဘာ ၂၅ ရက်) နှင့် နှစ်သစ်ကူးနေ့ (ဇန်နဝါရီ ၁ ရက်) အထိမ်းအမှတ်အဖြစ် ခြုံစောင်နှင့် ခြင်ထောင်များ လှူဒါန်းနိုင်ခဲ့ကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေးက ထုတ်ပြန်ထားသည်။ ပြည်တွင်းပြည်ပမှ အလှူရှင်များ၏ စေတနာ ဖြင့် လှူဒါန်းမှုများကို အဆိုပါ NGO မှ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး အဖွဲ့တာဝန်ခံကိုယ်တိုင် မီးဘေး သင့်ပြည်သူများထံ သွားရောက်ကာ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။ ဆောင်းရာသီ အတွင်း အအေးဒဏ်နှင့် ခြင်ကိုက်ခံရမှုမှ ကာကွယ်နိုင်ရန် အရေးပေါ်လိုအပ်ချက်အများဆုံးဖြစ်သော သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များကို ဦးစားပေးကာ လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး မီးဘေးသင့်ပြည်သူများ၏ အခက်အခဲများကို တစ်ဖက်တစ်လမ်းမှ သက်သာစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အချို့မိသားစုများကို ကူညီနိုင်ခဲ့သော်လည်း ကျန်ရှိနေသေးသည့် မီးဘေးသင့်ပြည်သူများအတွက် ခြုံစောင်နှင့် ခြင်ထောင်များ ဆက်လက်လိုအပ် နေဆဲဖြစ်သဖြင့် လှူဒါန်းလိုသူများအနေဖြင့် t.me/generationz122021 သို့ တိုက်ရိုက်ဆက်သွယ်ပေး နိုင်ကြောင်း အသိပေးထားသည်။
