မကွေးနှင့် မန္တလေးတိုင်းများတွင် စစ်တပ်စခန်းများ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

ဇန်န ၇
The Kaladan Post
မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကတောပျူစောထီးကျေးရွာရှိ စစ်ကောင်စီ တပ်စခန်း (အင်အား ၁၀၀ ကျော် အထိုင်ချ) ကို ဇန်နဝါရီ ၅ ရက်နေ့တွင် Salingyi Revolution Army ရဲဘော်များက လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများရှိခဲ့သော်လာ်း အရေအတွက်အတိအကျကို အတည်မပြုရသေးဘဲ တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Salingyi Revolution Army တာဝန်ရှိသူက ပြောဆိုသည်။ ထို့အပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့အနီး ကျောက်ပြုတ်ရွာရှိ စစ်ကောင်စီ တပ်စခန်း (အင်အား ၃၅ ဦးခန့်) ကို ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ အပါအဝင် MGN 35 ပြောက်ကျားတပ်ဖွဲ့၊ Myingyan Black Tiger (MBT) နှင့် Myingyan Danger Dynamiter တို့က ပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၅၀ မိနစ်ခန့်ကြာပြီးနောက် စစ်သား ၅ ဦး သေဆုံး၊ ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တပ်စခန်းကို သိမ်းပိုက်နိုင်ခြင်း မရှိ သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့မှ ပြောဆိုသည်။ ယခုကဲ့သို့ မကွေးနှင့် မန္တလေးတိုင်းအတွင်း စစ်ကောင်စီ တပ်စခန်းများအပေါ် တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများသည် ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်တွင် စစ်ကောင်စီ သတင်းပေး ဇော်ဝင်း ပစ်ခတ်ခံရ သေဆုံး

ဇန်န ၇
The Kaladan Post
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်အတွင်း ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် ဖိနှိပ်နေသော စစ်တပ် သတင်းပေး ဇော်ဝင်း (ပရပ်ကြယ်ကျေးရွာနေ) ကို ဇန်နဝါရီ ၃ ရက်နေ့ ညနေပိုင်းတွင် တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ နှင့် နဂါးမင်းတပ်ဖွဲ့ တို့က ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံး ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဇော်ဝင်းသည် ပရပ်ကြယ်၊ ဆတ်သွား၊ ကိုးပင်တိုက်နယ် များအထိ တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ကာ စစ်ကောင်စီထံ နေ့စဉ်သတင်း ပေးပို့နေသူဖြစ်ပြီး၊ အမှုပွဲစားလုပ်ကိုင်ကာ လောင်းကစားဒိုင်များထံမှ လစဉ်ဆက်ကြေးကောက်ခံ၊ ပြည်သူများကို ငွေကြေးအတင်းအဓမ္မတောင်းခံခြင်း စသည့် လုပ်ရပ်များဖြင့် ဖိနှိပ်နေသူဖြစ်ကြောင်း သိရသည်။ ထို့ပြင် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ သတင်းပေးများ၊ ဒလန်များ၊ ပျူစော ထီးများအနေဖြင့် သတင်းပေးတိုင်ကြားခြင်း၊ ပြည်သူများအပေါ် ငွေကြေးအတင်းအဓမ္မကောက်ခံခြင်း၊ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်မည်ဆိုပါက အချိန်မရွေး တိုက်ခိုက် ရှင်းလင်းသွားမည်ဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့မှ သတိပေးထားသည်။

မြို့သစ်မြို့နယ်တွင် ရွေးကောက်ပွဲ စစ်ဆေးရေးအဖွဲ့ ကားတန်းကို ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲမှူးအပါအဝင် ၈ ဦး သေဆုံး

ဇန်န ၇
The Kaladan Post
မကွေးတိုင်း မြို့သစ်မြို့နယ် ရွှေပန်းကျေးရွာအနီး ကန်ပြားလမ်းပိုင်းတစ်နေရာတွင် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပရေး စစ်ဆေးရန် နေပြည်တော်မှ စေလွှတ်လာသော စစ်ကောင်စီ ရွေးကောက်ပွဲ အဖွဲ့ဝင်များ ပါဝင်သည့် ကားတန်းကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာန (နေပြည်တော် PDF) က ဇန်နဝါရီ ၆ ရက် ထုတ်ပြန်သည်။ ပစ်ခတ်မှုကြောင့် မြို့သစ်မြို့နယ် ရဲမှူး ထွန်းလင်းအောင်၊ ကော်မရှင်အရာရှိ ၁ ဦး၊ တပ်ကြပ် ၅ ဦး၊ ဒုရဲအုပ် ၁ ဦး စုစုပေါင်း ၈ ဦး သေဆုံးခဲ့ပြီး၊ ကားလေးစီးအနက် သုံးစီး မှောက်ကာ တစ်စီး လွတ်မြောက်သွားခဲ့ကြောင်း နေပြည်တော် PDF က ဆိုသည်။ ထို့ပြင် G3 သေနတ် ၂ လက်၊ ကျည် ၁၆၁ တောင့်နှင့် ကျည်ဘောက် ၃ ခု သိမ်းဆည်းရမိ ခဲ့ကြောင်းသိရသည်။ ဤတိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၇)၊ တပ်ရင်း အမှတ် (၉၀၃) တို့က အချိန်ယူ ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး၊ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ ဆက်လက်မပြုလုပ်နိုင်ရန် နယ်မြေအများအပြားတွင် ဟန့်တားပိတ်ပင်သွားမည်ဟု နေပြည်တော် PDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီ၏ အတုယောင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မကွေးတိုင်းအတွင်း မြို့နယ် ၁၁ မြို့နယ်ကို နယ်လှည့်စစ်ဆေးရန် စေလွှတ်လာ သော အဖွဲ့ကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြင်းခြံမြို့နယ် ရွှေညောင်ပင်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦး သေဆုံး ၂ ဦး အရှင်မိ

ဇန်န ၇
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာရှိ စစ်ကောင်စီ တပ်ဖွဲ့၏ ရွှေညောင်ပင်ဂိတ်စခန်း ကို ဇန်နဝါရီ ၆ ရက် နံနက် ၅ နာရီခန့်တွင် မြင်းခြံခရိုင် OneMore စစ်ကြောင်း ဦးဆောင်ပြီး မဟာမိတ် တပ်ဖွဲ့များနှင့် ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးကာ စစ်သုံ့ပန်း ၂ ဦး အရှင် ဖမ်းမိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ တိုက်ပွဲအတွင်း ဘန်ကာအခိုင်မာများဖြင့် တည် ဆောက်ထားသော ဂိတ်စခန်းကို ချေမှုန်းရန် တိုက်ခိုက်နေစဉ် မြင်းခြံမြို့ပေါ်မှ စစ်ကူစစ်ကြောင်းများ ရောက်ရှိလာသဖြင့် မီတာ ၁၅၀ ခန့်အကွာတွင် အပြန်အလှန် ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်းသိရ သည်။ မျက်မြင်အချက်အလက်များအရ စစ်ကောင်စီဘက်မှ စစ်သား ၇ ဦး အစပိုင်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅ ဦးအနက် ၃ ဦး ထပ်မံသေဆုံးကာ စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ကြောင်း OneMore စစ်ကြောင်း ဦးဆောင်တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ထို့အပြင် စစ်တပ်အတွက် အလိုကျ လိုက်ပါလုပ်ဆောင်ပေးနေသည့် လူ ၂ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ တိုက်ပွဲသည် ၃ နာရီကျော်ကြာမြင့်ခဲ့ပြီး မြင်းခြံမြို့အတွင်း အချက်အချာကျသော ဂိတ်တစ်ခုဖြစ်သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ခဲယမ်းလုံလောက်မှု မရှိသဖြင့် ရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း မြင်းခြံခရိုင် OneMore စစ်ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။ ဤ တိုက်ခိုက်မှုကို မြင်းခြံခရိုင် OneMore စစ်ကြောင်း၊ တပ်ရင်း ၂၊ မိုရှည်ဒါးယမ်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ တပ်ရင်း ၉၊ YLK ရေလည်ကျွန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အမေ့လက်ရုံး (ရေလည်ကျွန်း) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ပေါ် စစ်တပ် အမြန်ရေယာဉ် တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး

ဇန်န ၇
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဇန်နဝါရီ ၆ ရက် မနက်အစောပိုင်း က မုံရွာခရိုင် ချောင်းဦးမြို့နယ် အမြင့်စခန်းမှ အင်အား ၇၀ ခန့်ပါ စစ်ကောင်စီ အမြန်ရေယာဉ်တစ်စီး ဆန်တက်လာစဉ် ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ် (Salingyi) ဦးဆောင်ကာ မုံရွာခရိုင် တပ်ရင်း(၄)၊ တပ်ခွဲ(၂)၊ တပ်ခွဲ ၅/Commando Force နှင့် မဟာမိတ်တပ်ဖွဲ့များက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ ရေယာဉ်ပေါ်ရှိ စစ်သား ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ချင်းတွင်း ဒိုင်းနမိုက် တပ်ဖွဲ့ တာဝန်ခံက ပြောဆိုသည်။ ပွိုင့်နှစ်ပွိုင့်နှင့်အတူ ရှေ့ထွက်ပြောင်းတိုက်လက်နက်များ၊ အဖူးထွက်လက်နက်များနှင့် လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ရေယာဉ် ပေါ်တွင် ထိခိုက်မှု များပြားခဲ့ကြောင်း သိရသည်။ စစ်ကောင်စီဘက်မှလည်း စက်သေနတ်များနှင့် လက်နက်ကြီးများဖြင့် မြစ်ကမ်းဘေးသို့ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင် များတွင် ထိခိုက်မှု မရှိခဲ့ဘဲ လက်နက်ကြီးခဲယမ်းများမှာ ရေလယ်ကျွန်းများပေါ်သို့ ကျရောက်ပေါက် ကွဲခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက် တပ်ဖွဲ့ တာဝန်ခံက ဆက်လက်ပြောကြားခဲ့သည်။ တိုက်ခိုက်မှုအပြီး ပျက်စီးထိခိုက်ခဲ့သော အမြန်ရေယာဉ်သည် အုန်းပင်ဆိပ်ကမ်းတွင် ရပ်နားခဲ့ပြီး လိုက်ပါလာသော စစ်သားများကို မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ကားများဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ် (Salingyi) တာဝန်ခံက ရှေ့ဆက် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် ကျည်တစ်တောင့်ဖိုးမျှလောက်ဖြစ်စေ ပါဝင်ကူညီပေးကြရန် တိုက်တွန်းထားသည်။

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲတွင် ပူးပေါင်းသူများကို ဖမ်းဆီးအရေးယူမည်ဟု NUG ပြော

ဇန်န ၇
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်းဆောင်ရွက်သူများကို ဥပဒေအရ အရေးယူသွားမည်ဟု ဇန်နဝါရီ ၆ ရက်က ပြည်သူလူထုနှင့် နိုင်ငံတကာသို့ ပြောကြားစဥ်တွင် ထည့်သွင်းပြောဆိုခဲ့သည်။ စစ်ကောင်စီ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းသူများ၊ ရွေးကောက်ပွဲကော်မရှင် အမည်ခံ အဖွဲ့ဝင်များ၊ ငွေကြေးထောက်ပံ့သူများ၊ ကူညီဆောင်ရွက်သူများအားလုံးသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သော “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီအခြေခံ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ” ပါ ပြဌာန်းချက်များနှင့် ငြိစွန်းနေကြောင်း ဦးနေဘုန်းလတ်က ရှင်းလင်းခဲ့သည်။ ထိုဥပဒေအရ အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုက ကျင်းပသော အတုအယောင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းသူများကို “မသမာသော နည်းလမ်းဖြင့် အာဏာရယူရန် ကြိုးပမ်းသူ” အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားပြီး အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ကျပ်သိန်း ၅၀၀ အောက် မနိမ့်သော ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။ “တော်လှန်ရေး အင်အားစု ထိန်းချုပ်နယ်မြေများ အပါအဝင် မည်သည့်နေရာတွင်မဆို တွေ့ရှိပါက လက်ရှိ ဖမ်းဆီးအရေးယူသွားမည်” ဟု ဦးနေဘုန်းလတ်က အလေးပေး ပြောကြားခဲ့ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုယ့်ဘဝနှင့် မိသားစု ဂုဏ်သိက္ခာ အဆုံးရှုံးမခံရန်၊ ပြည်သူနှင့်အတူ ရပ်တည်ရန် အထူး သတိပေးတိုက်တွန်းခဲ့သည်။ ပြည်သူအချို့ ခြိမ်းခြောက်ဖိအားပေးမှုကြောင့် မဲပေးခဲ့ရသူများကို စာနာနားလည်ကြောင်း ဖော်ပြရင်း မဲမပေးခြင်းဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသူ တစ်ဦးချင်းစီကို အလေးအနက် ဂုဏ်ပြုကြောင်း ဦးနေဘုန်းလတ်က ပြောကြားခဲ့သည်။ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရန်နှင့် စစ်ရာဇဝတ်မှုများ အတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိရန် ကြိုးပမ်းမှုသာ ဖြစ်ကြောင်း NUG က ထောက်ပြထားသည်။

လျှပ်စစ်ဓာတ်တိုင်ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများ စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ၄ ဦး သေဆုံး

ဇန်န ၇
The Kaladan Post
ဇန်နဝါရီ ၄ ရက်နေ့က ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်ကြားရှိ လောပိတ ရေအား လျှပ်စစ်စက်ရုံမှ နေပြည်တော်သို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားတိုင်တစ်ခုအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လုံခြုံရေးအပြည့်ယူကာ ပြင်ဆင်တက်နေစဉ် ကရင်နီတော်လှန်ရေးတပ်ဖွဲ့ များက စနိုက်ပါလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ကရင်နီတော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ အဆိုပါ ဓာတ်တိုင်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက တည်းက လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး ယခုအချိန်ထိ ပြင်ဆင်မှုမပြုလုပ်ရသေးကြောင်း သိရှိရ သည်။ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ လုံခြုံရေးအပြည့်ယူထားသည့်ကြားမှ ဓာတ်တိုင်ပေါ်တက်ပြင်နေ သော စစ်သားများကို စနိုက်ပါနှင့် ချောင်းပစ်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားထားသည်။ ကရင်နီဒေသအတွင်း ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများနှင့် စစ်ကောင်စီတပ်ဖွဲ့၏ အခြေခံ အဆောက်အအုံများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၇ ဦး သေဆုံး

ဇန်န ၇
The Kaladan Post
ဇန်နဝါရီ ၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လေယာဉ်နှင့် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း Wetlet Informational Network က ထုတ်ပြန်သည်။ နံနက် ၉ နာရီ ၄၇ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် တောင်ခြမ်း ပေါက်ကန်ဘူတာရွာကို တံတားဦးလေတပ်မှ ဂျက်တိုက်လေယာဉ် ၂ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၃၀၀ ဗုံး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၂ လအရွယ် ကလေးငယ် ၁ ဦး၊ အသက် ၇၀ အရွယ် ဒေါ်မြ၊ အသက် ၆၀ အရွယ် ဒေါ်တင်တင်ဌေးနှင့် အသက် ၄၀ အရွယ် ဒေါ်သင်းကြိုင်တို့ ပွဲချင်းပြီး သေဆုံးခဲ့ကာ အမျိုးသမီး ၁ ဦး ဦးခေါင်းဒဏ်ရာရရှိခဲ့ကြပြီး နေအိမ် များနှင့် ကားအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ ၈ နာရီခန့်တွင်လည်း မြစ်ကြောင်း အတွင်း ကျောက်ချရပ်နားထားသော သံခွန် ၁ စီးကို စစ်တပ်က ဒရုန်းဖြင့် ၈၁ မမ ဗုံးကျဲချ တိုက်ခိုက်ခဲ့ရာ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့ သည်။ ထို့အပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကြက်မောက်ကျေးရွာကိုလည်း ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး သေဆုံးခဲ့ ပြီး ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန်ချက် အရ သိရသည်။

ရေတာရှည်မြို့နယ်တွင် စစ်တပ်စခန်း သိမ်းပိုက် စစ်သား ၉ ဦး သေဆုံးပြီး ၃ ဦး ဖမ်းမိ

ဇန်န ၇
The Kaladan Post
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း အိုးမြေတူးကျေးရွာရှိ စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဝင်ရောက်စီးနင်း တိုက် ခိုက်ခဲ့ရာ စခန်းတစ်ခုလုံးနှင့် ကင်းစခန်းများကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ထနောင်းစစ် ကြောင်း၊ တပ်ရင်းအမှတ် (၈၀၅) မှ ထုတ်ပြန်သည်။ အင်အား ၆၀ ဝန်းကျင်ဖြင့် အထိုင်ချထားသော စစ်ကောင်စီတပ်ကို ထနောင်းစစ်ကြောင်း တပ်ရင်း (၈၀၅)၊ နေပြည်တော် PDF တပ်ရင်း (၉၀၁) နှင့် သံတောင်မြောက်ပိုင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အထိနာကာ ကျန်ရှိစစ်သားများ စစ်တောင်းမြစ်အနောက်ဘက်ကမ်းသို့ ဆုတ်ခွာထွက်ပြေးခဲ့ကြောင်းသိသည်။ နယ်မြေရှင်းလင်းရာတွင် စစ်သုံ့ပန်း ၃ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး ၆၀ မမ စိန်ပြောင်း ၁ လက်၊ MA-13 ၁ လက်၊ RPG ဗုံးသီး ၆ လုံး၊ ပို့ယမ်း ၉ ခု အပါအဝင် လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့ကြသည်။ တိုက်ပွဲအတွင်း တော်လှန်ရေးဘက်မှ ရဲဘော် ၁ ဦး အသက်ပေးလှူခဲ့ရပြီး ရဲဘော် ၁ ဦး စိုးရိမ်ရ ဒဏ်ရာ၊ ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဇန်နဝါရီ ၃ ရက်နေ့တွင် စစ်တောင်းမြစ်အနောက်ဘက် ကမ်း သဖန်းဇင်ကျေးရွာမှ ထွက်လာသော စစ်ကောင်စီ စစ်ကြောင်း (အင်အား ၁၀၀ ခန့်) ကို လက်နက် ကြီး ၆၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ အလားတူ ရေတာရှည်မြို့နယ် ဒိုးတန်းကျေးရွာရှိ စစ်တပ်အထိုင် စခန်း (အင်အား ၅၀ ခန့်) ကိုလည်း ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီကျော်အထိ ပြင်းထန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၇ ဦး သေဆုံးကာ မိုင်း ၁ လုံး၊ လက်ထိပ် ၁ ခု သိမ်းဆည်းရမိခဲ့သည်။ ဤတိုက်ပွဲများကို တပ်ရင်း (၃၅၀၄)၊ ရေတာရှည်မြို့နယ် ပကဖ၊ နေပြည်တော်တပ်ရင်း ၈၀၈၊ ၈၀၆၊ ၈၀၇၊ ၈၀၃ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ပြင်းထန်စွာ တားဆီးတိုက်ဖျက်မည်ဖြစ်ကြောင်း အသိပေးထားသည်။ ရေတာရှည်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့ကြောင်း တပ်ရင်း ၃၅၀၄၊ တပ်ခွဲ ၂ နှင့် ထနောင်းစစ်ကြောင်း တပ်ရင်း ၈၀၅ မှ ပြောကြားထားသည်။

မြင်းခြံမြို့နယ်တွင် ရွှေညောင်ပင်ဂိတ် စစ်တပ်စစ်ခန်းတိုက်ခိုက်ခံရပြီး ၁၀ ဦး သေဆုံး ၂ ဦး ဖမ်းမိ

ဇန်န ၇
The Kaladan Post
ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာ ရှိ ရွှေညောင်ပင်ဂိတ်စစ်ခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်တပ် ၁၀ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်းမှ သတင်းထုတ်ပြန်သည်။ စစ်တပ် ၏ မြင်းခြံမြို့ အနောက်ဘက်အဝင်အထွက်ဂိတ်အဖြစ် အရေးပါဆုံး တည်ဆောက်ထားသည့် ၎င်းဂိတ် တွင် အင်အား ၅၀ ဝန်းကျင် အထိုင်ချထားခဲ့ပြီး တိုက်ပွဲ နာရီဝက်နီးပါး ကြာမြင့်ခဲ့ကြောင်း သိရသည်။ နောက်ပိုင်း မြင်းခြံမြို့ပေါ်မှ စစ်ကူလာသော စစ်ကြောင်းနှင့် မီတာ ၁၅၀ ခန့်အကွာတွင် ထပ်မံ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်နာရီကျော် ဆက်လက် ပြင်းထန်ခဲ့ကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့များ ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ စစ်သား ၇ ဦး ပွဲချင်းသေဆုံးခဲ့ပြီး အပြင်းအထန် ဒဏ်ရာရရှိ သူ ၅ ဦးထဲမှ နောက်ထပ် ၃ ဦး ဆက်လက်သေဆုံးခဲ့ကာ စုစုပေါင်း သေဆုံးမှု ၁၀ ဦး ရှိခဲ့ကြောင်း ဖရဲသီးသတင်းပေးများနှင့် မျက်မြင်အချက်အလက်များအရ အတည်ပြုနိုင်ခဲ့ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ဂိတ်စစ်ခန်းတွင် စစ်ကောင်စီကို အလိုကျ လုပ်ကိုင်ဆောင်ရွက်ပေးနေ သော လက်ထောက် ၂ ဦးကိုပါ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဤတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်း၊ Onemore စစ်ကြောင်း၊ မိုရှည်ဒါးယမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း (၉)၊ YLK ရေလည်ကျွန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမေ့လက်ရုံး (ရေလည်ကျွန်း) ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 


ကယန်းအမျိုးသားတပ်မတော် (KNA) ဗဟိုဌာနချုပ်ဖွင့်ပွဲနှင့် တပ်ရင်း ၂ ရင်း တိုးချဲ့ဖွဲ့စည်း

ဇန်န ၇
The Kaladan Post
ဇန်နဝါရီ ၇ ရက်၊ ၂၀၂၆ တွင် ကယန်းဒေသတစ်နေရာတွင် ကယန်းအမျိုးသားတပ်မတော် (KNA) ဗဟို ဌာနချုပ်ရုံးကို ဖွင့်လှစ်ခဲ့ပြီး အမှတ် (၂၁၁၄) နှင့် အမှတ် (၂၁၁၅) တပ်ရင်းအသစ်များကိုပါ တိုးချဲ့ဖွဲ့စည်း ခဲ့ကြောင်း KNA က ထုတ်ပြန်သည်။ ဖွင့်ပွဲအခမ်းအနားသို့ KNA နိုင်ငံရေးဦးဆောင်ကော်မတီဝင်များ၊ စစ်ဦးစီးမှူး၊ ဒုစစ်ဦးစီးမှူး၊ တပ်ဗိုလ်တပ်မှူးများ၊ တပ်ရင်းသစ်တပ်သားများနှင့် ထောက်ပို့ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြောင်းသိရသည်။ KNA ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူက “စတင်ထူထောင်စဉ် ကတည်းက အခက်အခဲများရှိနေသော်လည်း ရဲဘော်များ၏ စိတ်အားထက်သန်မှုက အထွတ်အထိပ်ရှိ နေတယ် ယူနီဖောင်း၊ လက်နက်ခဲယမ်းစသည့် လိုအပ်ချက်များရှိနေသော်လည်း ဆက်လက်တိုးတက် ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ KNA ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကယန်းဒေသရှိ ပြန့်ကျဲနေသော လက်နက်ကိုင်တပ်ဖွဲ့များဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အစပိုင်းတွင် တပ်ရင်း ၈ ရင်းဖြင့် စတင်ကာ လက်ရှိတွင် တပ်ရင်း ၁၃ ရင်းအထိ တိုးချဲ့နိုင်ခဲ့ပြီဖြစ်ကြောင်း KNA က ပြောဆို သည်။