———————-

၁။ စစ်တပ်က ၆ မိုင်နှင့် ၇ မိုင်ရွာများကို Y-12 လေယာဉ်ဖြင့် ၁၃ ကြိမ် ဗုံးကျဲတိုက်ခိုက်

—————————————————————————

ဇွန် ၆

The Kaladan Post

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၆ မိုင်ရွာနှင့် ၇ မိုင်ရွာကို အကြမ်းဖက်စစ်တပ်က ဇွန်လ ၆ ရက် မွန်းလွဲ ၁၂ နာရီခန့်မှစ၍ Y-12 လေယာဉ်ဖြင့် ၁၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု ရှိမရှိ အတည်မပြုနိုင်သေးဘဲ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

၂။ ရိက္ခာပို့ယာဉ်တန်းကြောင့် ၂၅ ရွာမှ ပြည်သူ ၂၀၀၀၀ နီးပါး ဘေးလွတ်ရာထွက်ပြေး

—————————————————————————–

ဇွန်လ ၆

The Kaladan Post

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကပစ ၂၄ နှင့် ပျူစောထီးရွာများသို့ ရိက္ခာပို့ဆောင်ရန် ပခုက္ကူ တပ်မ ၁၀၁ မှ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀၀ ခန့်ဖြင့် မေလ ၂၇ ရက်တွင် စစ်ကြောင်းထိုးခဲ့ပြီး ဇွန်လ ၁ ရက်တွင် ကားအစီးရေ ၁၀၀ ကျော်ပါ တပ်သား ၃၀၀ ခန့်ဖြင့် ပေါက်-ပခုက္ကူ ကားလမ်းပိုင်းသို့ ရောက်ရှိကာ ကျေးရွာများကို စီးနင်းခဲ့ကြောင်း ပေါက်မြို့ လူသားစာနာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယင်းကြောင့် ကျေးရွာ ၂၅ ရွာမှ ပြည်သူ ၁၇၀၀၀ ကျော် တောတောင်များတွင် ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး ဖမ်းဆီးခံရမှုများ ရှိကြောင်း သတင်းများ ထွက်ပေါ်သော်လည်း အတည်မပြုနိုင်သေးပါ။ စစ်ဘေးရှောင်ပြည်သူများသည် ရက်ရှည်တိမ်းရှောင်နေရသဖြင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပြီး ဝိုင်းဝန်းကူညီပေးရန် ပေါက်မြို့ လူသားစာနာဌာနက မေတ္တာရပ်ခံထားသည်။

 

၃။ ညောင်ဦး-ချောက်လမ်းတွင် စစ်ကောင်စီဗိုလ်ကြီး(၂)ဦးကို ပကဖ အဖွဲ့က အရှင်ဖမ်းဆီးရမိ

——————————————————————————–

ဇွန် ၆

The Kaladan Post

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ချောက်လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်မှ ဗိုလ်ကြီး ညီညီမျိုးဆွေနှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း ညောင်ဦးမြို့နယ်ပကဖ တာဝန်ခံ ကိုဇီးက ပြောကြားသည်။ လွန်ခဲ့သော တစ်ပတ်ခန့်က နေပြည်တော်မှ ချောက်၊ ရေနံချောင်းဘက်သို့ ကိုယ်ပိုင်ကားဖြင့် အရပ်ဝတ်စီးလာသည့် ၎င်းတို့ကို လမ်းပိုင်းလုံခြုံရေး စစ်ဆေးနေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လက်နက်မပါရှိခဲ့ဘဲ စစ်သုံ့ပန်းဥပဒေအရ အရေးယူရန် ညောင်ဦး ခရိုင် ပကဖထံ လွှဲပြောင်းပေးထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ဆက်လက်လွှဲပြောင်းမည် ဖြစ်ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်ပကဖ အနောက်ခြမ်းဇုံ၊ ပုဂံ-ဗိုလ်ချိုအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ပကဖ တာဝန်ခံ ကိုဇီးက စစ်ကောင်စီလက်အောက်ခံများအား ရာဇဝတ်ဘေးပြေးမလွတ်ကြောင်း၊ ပြည်သူများအား စစ်ကောင်စီယာဉ်တန်းများနှင့် ဝေးဝေးနေရန် သတိပေးပြောဆိုသည်။

၄။ နေပြည်တော်နှင့် ဧရာဝတီတိုင်းရဲမှူးများပါဝင်သော လိုင်စင်မဲ့ကားအရောင်းအဝယ်နှင့် တရားမဝင်လုပ်ငန်းများ ဆက်လက်ဖြစ်ပွား

———————————————————————————

ဇွန် ၆

The Kaladan Post

ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ချစ်စမ်းမောင်နှင့် ၎င်း၏မယားညီအစ်ကို ဒုရဲမှူး အောင်နိုင်မိုးတို့သည် လိုင်စင်မဲ့ကားအရောင်းအဝယ်၊ ကျားဖြန့်၊ လောင်းကစားလိုင်းကြေး ကောက်ခံခြင်းအပါအဝင် တရားမဝင်လုပ်ငန်းများဖြင့် ချမ်းသာကြွယ်ဝလာပြီး လက်ရှိ အချိန်ထိ လိုင်စင်မဲ့ကားများ ရောင်းဝယ်စီးနင်းနေကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။ အောင်နိုင်မိုးသည် အင်းစိန်မြို့နယ်မှူးဘဝတွင် နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးနှိပ်စက် ခဲ့ပြီး ရဲမှူးရာထူးသို့ တိုးမြှင့်ခံရပြီးနောက် ဧရာဝတီတိုင်းတွင် တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ချစ်စမ်းမောင်မှာလည်း လိုင်စင်မဲ့ကားရောင်းဝယ်မှုနှင့် ရခိုင်သို့ ကုန်စည် တင်ပို့သူများကို ငွေညှစ်ခြင်းဖြင့် ချမ်းသာလာသည်။ ၎င်းတို့သည် ရေနံသာစစ်ဆေးရေး ဂိတ်များကို ကြီးကြပ်ကာ လက်သန်ပြောင်သူများအဖြစ် နာမည်ကြီးထင်ရှားသည်။ အောင်နိုင်မိုးသည် ရွှေစင်လမင်းဆီဆိုင်၊ လင်းလင်းဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်များကို လင်းလင်းဆိုသူမှ နာမည်ခံ၍ လုပ်ကိုင်ပေးနေပြီး ဆိုင်ကယ်သူခိုးများထံမှ ခိုးရာပါပစ္စည်းများ ဝယ်ယူကာ သိမ်းဆည်းခံဆိုင်ကယ်များကို ငွေပေးပြီး လျော်ထုတ်ခဲ့ကြောင်း သိရသည်။ နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုရဲမှူး လှသောင်းသည်လည်း လိုင်စင်မဲ့ကားအရောင်း အဝယ်နှင့် တရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေပြီး ၎င်းနှင့်ဆက်နွယ်သူများမှာ မင်းအောင်လှိုင်၏ အမိန့်ရှိစဉ် လိုင်စင်မဲ့ကားများ ဆက်လက်စီးနင်းနေသည်။ နရခထောက်ပို့ တပ်မှ ရဲတပ်သားအဆင့်များပင် လိုင်စင်မဲ့အရောင်းအဝယ်လုပ်ကိုင်ကာ သိမ်းဆည်းကား များကို လှောင်ထားသည်ဟု နေပြည်တော်ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

၅။ ထီးလင်းနှင့် ဆောမြို့နယ်များတွင် စကစ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး

——————————————————————————

ဇွန် ၆

The Kaladan Post

မကွေးတိုင်း၊ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဇွန်လ ၅ ရက် ညနေပိုင်းတွင် ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာကို မကွေးလေတပ်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ထီးလင်းမြို့နယ် တောင်ပိုင်းကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ပြည်သူထိခိုက်သေဆုံးမှု မရှိခဲ့ပါ။ ပြီးခဲ့သည့် မေလအတွင်း ဂန့်ဂေါခရိုင်၊ ယောဒေသတွင် လေကြောင်းတိုက်ခိုက်မှု ၂၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ဂျက်ဖိုက်တာများနှင့် Y12 ထောက်ပို့လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးထက်မနည်း သေဆုံးကာ စာသင်ကျောင်းနှင့် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

၆။ စစ်တပ်စခန်းနှင့် စစ်ကူစစ်ကြောင်းကို KNDF တိုက်ခိုက်ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက် ၈ လက်သိမ်းဆည်း

—————————————————————————-

ဇွန် ၆

The Kaladan Post

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ သပြေကုန်းဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသည့် စစ်တပ်စခန်းကို ဇွန်လ ၃ ရက် နံနက် ၅ နာရီခန့်တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ သည်။ ထို့ပြင် ဆီဆိုင်မြို့နယ်ဘက်မှ PNO ပူးပေါင်းထွက်လာသည့် စစ်ကူစစ်ကြောင်း ကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း KNDF တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ တိုက်ပွဲအတွင်း MA-1 သေနတ် ၅ လက်၊ AK-47 သေနတ် ၁ လက်၊ MA-4 သေနတ် ၁ လက်၊ RPG သေနတ် ၁ လက်နှင့် အခြားလက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့သည်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်-၂ နှင့် ၎င်း၏ တပ်ရင်းများ၊ မဟာမိတ်တပ်ပေါင်းစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDF အမှတ်-၂ ဗျူဟာက ထုတ်ပြန်ထားသည်။

၇။ စစ်တပ်၏ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးပြီး နေအိမ်များနှင့်ဘုန်းကြီးကျောင်းများ ပျက်စီး

——————————————————————————–

ဇွန် ၆

The Kaladan Post

ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ဈေးရပ်ကွက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဇွန်လ ၄ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၄ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးနှင့် ကမ္ဘောဇကျောင်းတိုက်ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီးခဲ့သည်။ ဇွန်လ ၃ ရက်တွင် ရေဖြူကျေးရွာနှင့် ကန်ကြီးကျေးရွာသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို ဇွန်လ ၅ ရက် ညနေ ၅:၁၇ နာရီတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ သက်တော် ၆၇ နှစ်အရွယ် သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ ၄ ဦး (အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး) ဒဏ်ရာရရှိကာ သိမ်ကျောင်းဆောင် ၁ ဆောင် ပျက်စီးခဲ့သည်။ စစ်ကောင်စီသည် ဇွန်လ ၁ ရက်မှ ၃၀ ရက်အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နောင်ချိုမြို့တွင် လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဗုံးကြဲမှုများနှင့် သပိတ်ကျင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည်။

TNLA နှင့် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြည်သူများအား စစ်ရေးသတိထားရန်၊ လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းများ လိုက်နာရန်နှင့် ပုန်းခိုကျင်းများ တူးထားရန် တိုက်တွန်းထားသည်။ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့သည် ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထိုးစစ်များ မပြုလုပ်ဘဲ အပစ်ရပ်ကြေညာချက်ကို လိုက်နာနေသော်လည်း စစ်ကောင်စီက စစ်အင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်နေသည်။