ဖေဖေါ် ၂၆

The Kaladan Post

Friedrich Merz သည် Beijing သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တရုတ်နှင့် ဆက်ဆံရေး ပြန်လည်နွေးထွေးလာစေရန်နှင့် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လိုကြောင်း ပြောကြားခဲ့သည်။

ဂျာမနီ အစိုးရအကြီးအကဲအဖြစ် တရုတ်နိုင်ငံသို့ ပထမဆုံး ခရီးစဉ် သွားရောက်ခဲ့သည့် မားဇ်သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် တရုတ် သမ္မတ Xi Jinping နှင့် တွေ့ဆုံခဲ့ပြီး စီးပွားရေးနှင့် ကုန်သွယ်ရေး ကဏ္ဍများတွင် လက်တွဲဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့သည်။ ထိုခရီးစဉ်တွင် ဂျာမနီ၏ စီးပွားရေးလုပ်ငန်းရှင်များလည်း လိုက်ပါခဲ့ကြသည်။

မားဇ်က မနှစ်က ဂျာမနီ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့သည့် တရုတ်နှင့် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ စတင်လိုကြောင်း ပြောကြားခဲ့သည်။ ရှီကျင့်ဖျင်ကလည်း ကမ္ဘာ့အခင်းအကျင်းများ ပိုမိုရှုပ်ထွေးလာသည့် အခြေအနေတွင် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် အပြန်အလှန် ယုံကြည်မှုများ ပိုမိုလိုအပ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

မားဇ်သည် တရုတ် ဝန်ကြီးချုပ် Li Qiang နှင့်လည်း တွေ့ဆုံခဲ့ပြီး မော်တော်ကားထုတ်လုပ်ရေး၊ စက်မှုနည်းပညာ၊ ဉာဏ်ရည်တု (AI) နှင့် ဇီဝဆေးဝါး ကဏ္ဍများတွင် ပူးပေါင်းမှုများ တိုးချဲ့နိုင်ရေး ဆွေးနွေးခဲ့သည်။ နှစ်ဖက်သည် ကုန်သွယ်ရေး၊ ရာသီဥတုပြောင်းလဲမှု ထိန်းညှိရေးနှင့် သန့်စင်စွမ်းအင် အသုံးချရေးဆိုင်ရာ စာချုပ် ၅ ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။

မားဇ်က တရုတ်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းသည် အခွင့်အလမ်းများကို ဖန်တီးပေးသလို စွန့်စားရမှုများလည်း ပါဝင်ကြောင်း၊ သို့သော် နှစ်ဖက်အကျိုးစီးပွားကို အလေးထားကာ အန္တရာယ်များ လျှော့ချနိုင်ရေးကို ဂျာမနီအနေဖြင့် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ မနှစ်က တရုတ်က မဟာဗျူဟာသတ္တုများ တင်ပို့မှုကို ကန့်သတ်ခဲ့ခြင်းကြောင့် ဂျာမနီ စက်မှုလုပ်ငန်းများတွင် ကုန်ကြမ်း ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။

အမေရိကန်တွင် Donald Trump ၏ မူဝါဒများကြောင့် ဥရောပမိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေး တင်းမာလာချိန်တွင် တရုတ်ဘက်က တည်ငြိမ်ပြီး ယုံကြည်စိတ်ချရသည့် ကုန်သွယ်ဖက် ပုံရိပ်တစ်ရပ် တည်ဆောက်ရန် ကြိုးပမ်းနေသည်ဟု လေ့လာသူများက သုံးသပ်ထားသည်။

မားဇ်သည် လာမည့် သီတင်းပတ်တွင် ဝါရှင်တန်ဒီစီသို့ သွားရောက်ကာ ထရမ့်နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး ဂျာမနီတွင် တရုတ် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုချဲ့ထွင်လာရန်လည်း ဖိတ်ခေါ်ခဲ့သည်။ သို့သော် နှစ်ဖက်စလုံးအနေဖြင့် အပြန်အလှန် စိုးရိမ်ချက်များကို ပွင့်လင်းစွာ ဆွေးနွေးနိုင်ရေး အရေးကြီးကြောင်းလည်း အလေးပေး ပြောကြားခဲ့သည်။

 

Source: Reuters

ဓာတ်ပုံ – Reuters