ဖေဖေါ် ၂၇

The Kaladan Post

တရုတ် လေယာဉ်မှူးများကို ခွင့်ပြုချက်မရှိဘဲ လေ့ကျင့်သင်ကြားပေးခဲ့သည်ဟု စွပ်စွဲခံထားရသည့် အမေရိကန် လေတပ် အရာရှိဟောင်း တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း အမေရိကန် တရားရေး ဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ခဲ့သည်။

အသက် ၆၅ နှစ်အရွယ် ဂါရဲလ် ဘရောင်းသည် တရုတ်နိုင်ငံမှ အမေရိကန်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် အင်ဒီယားနား ပြည်နယ်၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းအား နိုင်ငံရပ်ခြားတွင် စစ်ရေးဆိုင်ရာ လေယာဉ်မောင်းနှင်မှု သင်တန်းပို့ချရာတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သီးသန့်လိုင်စင် မရယူဘဲ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲထားသည်။

တရားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဘရောင်းသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ တရုတ်နိုင်ငံတွင် နေထိုင်ခဲ့ပြီး တရုတ် တိုက်လေယာဉ်မှူးများကို လေ့ကျင့်ပေးနေခဲ့ကြောင်း သိရသည်။ အမေရိကန် ဥပဒေအရ နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် စစ်လေယာဉ် မောင်းနှင်မှုဆိုင်ရာ သင်တန်းပို့ချရန် အထူးလိုင်စင် ရယူရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘရောင်းသည် အမေရိကန် လေတပ်တွင် ၂၄ နှစ်ကြာ အမှုထမ်းခဲ့သည့် လေယာဉ်မှူးဟောင်းတစ်ဦး ဖြစ်ပြီး အမှုထမ်းကာလအတွင်း နျူကလီးယား လက်နက်များ သယ်ယူပျံသန်းရသည့် မစ်ရှင်များအပါအဝင် လျှို့ဝှက်အဆင့် တာဝန်များကို ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။ ၁၉၉၆ ခုနှစ်တွင် လေတပ်မှ အနားယူပြီးနောက် ကုန်တင်လေယာဉ်မှူးအဖြစ် အလုပ်လုပ်ခဲ့သည်။

ထို့နောက်တွင် A-10 နှင့် F-35 တိုက်လေယာဉ်များ မောင်းနှင်မှုသင်တန်းများကို ကန်ထရိုက် သင်တန်းဆရာအဖြစ် ပို့ချခဲ့ပြီး အမေရိကန် လေတပ်နှင့် ဆက်လက် ပူးပေါင်းလုပ်ကိုင်ခဲ့သည်။

သတင်းများအရ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် သူလျှိုမှုအတွက် အမေရိကန်တွင် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ဖူးသူ စတီဖန် ဆူဘင်၏ ချိတ်ဆက်ပေးမှုမှတစ်ဆင့် တရုတ်ဘက်မှ စာချုပ်ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လတ်တလောနှစ်များအတွင်း တရုတ်နိုင်ငံသည် စစ်ရေးအင်အားနှင့် နည်းပညာပိုင်းတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သော်လည်း လေယာဉ်မှူးလေ့ကျင့်ရေး နည်းစနစ်များအပိုင်းတွင် အမေရိကန်နှင့် အနောက်မဟာမိတ်နိုင်ငံများကို မမီသေးကြောင်း ထောက်လှမ်းရေး အေဂျင်စီများက သတိပေးထားသည်။ ထို့ကြောင့် အနောက်နိုင်ငံများ၏ စစ်မှုထမ်းဟောင်းများကို လစာမြင့်မားစွာ ကမ်းလှမ်းကာ သင်တန်းဆရာအဖြစ် ခေါ်ယူနေမှုများ ရှိနေကြောင်းလည်း ဖော်ပြထားသည်။

ကိုးကား – The Standard
ဓာတ်ပုံ – တရုတ်စစ်တပ်