ဖေဖေါ် ၂၀
The Kaladan Post
တရုတ်နိုင်ငံ အလယ်ပိုင်းရှိ မီးရှူးမီးပန်း အရောင်းဆိုင်တစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူအနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ကြောင်း တရုတ်အစိုးရ သတင်းမီဒီယာများက ဖော်ပြသည်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် Hubei ပြည်နယ်၊ ကျန့်ကျီမြို့ရှိ မီးရှူးမီးပန်းနှင့် ဗြောက်အိုးများ ရောင်းချသည့်ဆိုင်တွင် ကနဦး မီးလောင်မှုတစ်ခု စတင်ဖြစ်ပွားခဲ့ပြီး ထို့နောက် ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။
ပေါက်ကွဲမှုကြောင့် စတုရန်းမီတာ ၅၀ ခန့်ရှိ အဆောက်အအုံဧရိယာ ပျက်စီးခဲ့ပြီး သေဆုံးသူအရေအတွက်ကို ၁၂ ဦးအထိ အတည်ပြုထားကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရသူများ ရှိနိုင်ကြောင်းလည်း သတင်းများတွင် ဖော်ပြထားသည်။
တရုတ် နှစ်သစ်ကူးကာလတွင် တစ်နိုင်ငံလုံး၌ မီးရှူးမီးပန်းများ ပစ်ဖောက်ကာ နှစ်သစ်ကို ကြိုဆိုခြင်းသည် ရိုးရာအစဉ်အလာတစ်ခုဖြစ်သည်။ သို့သော် လုံခြုံရေးနှင့် လေထုညစ်ညမ်းမှု အရေးများကြောင့် Beijing အပါအဝင် မြို့ကြီးများတွင် မီးရှူးမီးပန်း ဖောက်ခွဲမှုများကို မကြာသေးမီနှစ်များအတွင်း ဥပဒေအရ ကန့်သတ်ထားခဲ့သည်။
အစိုးရ သတင်းဌာန China Central Television (CCTV) က ပေါက်ကွဲမှု အကြောင်းရင်းကို ယခုအချိန်အထိ မသိရသေးဘဲ ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြထားသည်။
ယင်းဖြစ်ရပ်မတိုင်မီ ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း Jiangsu ပြည်နယ်တွင် မီးရှူးမီးပန်းဆိုင်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၈ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်ရပ်နောက်ပိုင်း တရုတ် အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဌာနက တစ်နိုင်ငံလုံးရှိ မီးရှူးမီးပန်းဆိုင်များနှင့် သိုလှောင်ဂိုဒေါင်များတွင် လုံခြုံရေး စံနှုန်းများ ပြန်လည်စစ်ဆေးရန် ညွှန်ကြားခဲ့သည်။
အာဏာပိုင်များက မီးရှူးမီးပန်းဆိုင်များအနီးတွင် ဆေးလိပ်သောက်ခြင်း၊ မီးမွှေးခြင်း သို့မဟုတ် ဗြောက်အိုးများကို စမ်းသပ်မီးရှို့ခြင်း မပြုလုပ်ရန် ပြည်သူများအား သတိပေးထားသည်။
တရုတ်နိုင်ငံတွင် စက်မှုလုပ်ငန်း လုံခြုံရေး စံနှုန်းများ အားနည်းမှုကြောင့် ပြင်းထန်သည့် ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ယခုလအတွင်း Shaanxi ပြည်နယ်ရှိ ဇီဝနည်းပညာ စက်ရုံတစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားကာ လူ ၈ ဦး သေဆုံးခဲ့သလို၊ ဇန်နဝါရီလတွင်လည်း Inner Mongolia ဒေသရှိ သံမဏိစက်ရုံတစ်ခု ပေါက်ကွဲမှုကြောင့် လူ ၉ ဦး အသက်ဆုံးရှုံးခဲ့သည်။
Source – AFP