ဧပြီ ၁၅၊ ၂၀၂၅

မြန်မာပြည်သူများ၏ ခံစားချက်များကို အိန္ဒိယအစိုးရခေါင်းဆောင်များထံ တိုက်ရိုက်ပေးပို့နိုင်ရန် India for Myanmar အဖွဲ့က “ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယ၏ ဝန်ကြီးချုပ် မိုဒီထံ စာတိုလေးပို့ကြစို့” ဟူသော လှုပ်ရှားမှုကို စတင်လိုက်ကြောင်း ကြေညာလိုက်သည်။

ယင်းလှုပ်ရှားမှုသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယအစိုးရက မြန်မာစစ်ကောင်စီနှင့် ဆက်လက်ဆက်ဆံနေခြင်းအပေါ် မြန်မာပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို ဖော်ထုတ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ငလျင်ဘေးဒဏ်ကြုံတွေ့နေချိန်တွင်ပင် အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီသည် အကူအညီပေးရေးအမည်ခံ၍ စစ်ကောင်စီအား တရားဝင်အသိအမှတ်ပြုရန် ကြိုးပမ်းနေသည့် ဆက်ဆံရေးများကို ဆောင်ရွက်နေသည်ဟု အဖွဲ့က ဆိုသည်။

India for Myanmar အဖွဲ့၏ ကြေညာချက်အရ ဤလှုပ်ရှားမှုကို ဧပြီလ ၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး တော်လှန်ပြည်သူများသည် အွန်လိုင်းဖောင်တစ်ခုမှတစ်ဆင့် စာတိုများပေးပို့နိုင်ကြောင်း သိရသည်။ ထိုစာများကို စုစည်းပြီး အိန္ဒိယဝန်ကြီးချုပ်နှင့် အခြားထိပ်တန်းခေါင်းဆောင်များထံ တရားဝင်ပေးပို့သွားမည်ဟု ဆိုသည်။

“အိန္ဒိယအစိုးရသည် ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်တဲ့အတွက် ပြည်သူများရဲ့ အသံကို အလေးထားလေ့ရှိပါတယ်။ ဒါ့ကြောင့် မြန်မာပြည်သူများအနေနဲ့ စာတိုကလေးများမှတစ်ဆင့် သူတို့ရဲ့ ခံစားချက်တွေကို ဖော်ပြပေးဖို့ အရေးကြီးပါတယ်” ဟု အဖွဲ့က ပြောကြားခဲ့သည်။

လှုပ်ရှားမှုတွင် ပါဝင်သူများ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားသည့်အနေဖြင့် ဖောင်တွင် နာမည်လွှဲကိုသာ အသုံးပြုရန်ဖြစ်ပြီး ရာနှုန်းပြည့် လုံခြုံစိတ်ချရသော အစီအစဉ်ဖြစ်ကြောင်း အဖွဲ့က အခိုင်အမာ ပြောကြားသည်။

ယခုအခါ တော်လှန်ပြည်သူတစ်ဦးဖြစ်သူ နာမည်လွှဲ (ညိုနိုင်) မှ ဝန်ကြီးချုပ် မိုဒီထံ ပေးပို့ထားသော စာတိုတစ်စောင်ကိုလည်း အဖွဲ့က မျှဝေထားပြီး မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုထားကာ ပေးပို့ထားကြောင်း သိရသည်။

ဤလှုပ်ရှားမှုသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးအတွက် နိုင်ငံတကာပံ့ပိုးမှု ရရှိရေးကြိုးပမ်းမှုများအနက် တစ်ခုဖြစ်ပြီး ပြည်သူထုအခြေပြု နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်နိုင်ကြောင်း သုံးသပ်ကြသည်။