စက်တင် ၂၇

The Kaladan Post

အယ်ဒီတာ့အာဘော်

ယခုလက်ရှိကာလတွင် တော်လှန်ရေးအင်အားစုများအတွက် ရည်ရွယ်၍ စုဆောင်းထားသော ဘဏ္ဍာငွေများနှင့်ပတ်သက်၍ ရှာဖွေရေးအဖွဲ့အချင်းချင်းကြား အလွဲသုံးစားပြုမှု စွပ်စွဲချက်သတင်းများသည် လူမှုကွန်ယက်စာမျက်နှာများတွင် ပြည့်နှက်လျက်ရှိပါသည်။ ယခင်က ဖြစ်ပွားခဲ့သော ဘဏ္ဍာငွေအလွဲသုံးစားမှု စွပ်စွဲချက်များနှင့်မတူဘဲ၊ ယခုတစ်ကြိမ်တွင် အနုပညာရှင်အချို့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ပုဂ္ဂိုလ်အချို့တို့က ၎င်းတို့သည် ပွဲတက်သူများသာဖြစ်ပြီး ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း အပြိုင်အဆိုင် ရှင်းလင်းချက်များ ထုတ်ပြန်လာကြကို တွေ့ရှိရသည်။

လက်ရှိစွပ်စွဲခံရမှုပမာဏမှာ ကျပ်သိန်း ၅၀၀ မှ ၁၀၀၀ ကြားရှိနိုင်သည်ဟု ရေးသားဖော်ပြမှုများ ရှိနေပြီး ယခင်က ဒေါ်လာသိန်းချီ၊ သန်းချီ ပမာဏများစွာ ပျောက်ဆုံးခဲ့ရချိန်တွင် တိတ်ဆိတ်နေခဲ့ကြသူများက ယခုကဲ့သို့ ပမာဏ အနည်းငယ်မျှအတွက်မှ ရှင်းလင်းချက်များ ပြုလုပ်နေခြင်းကို ကြည့်ပါက ယခင်ကမူ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့ပြီး ယခုမှသာ အစအနဖျောက်ရန် ကြိုးစားခြင်းဖြစ်နိုင်သလားဟု မေးခွန်းထုတ်စရာဖြစ်နေပါသည်။

ဤသို့သော အဖြစ်အပျက်များသည် အပေါ်ယံအားဖြင့် သာမန်ကိစ္စဟု ထင်ရသော်လည်း နက်နက်နဲနဲစဉ်းစားပါက ကျွန်တော်တို့တိုင်းပြည် ကြုံတွေ့နေရသော အန္တရာယ် မည်မျှကြီးမားသည်ကို ထင်ရှားစေပါသည်။ လက်ရှိအချိန်တွင် မျိုးဆက်ပေါင်းများစွာ သုံးစွဲမကုန်အောင် ခိုးထားကြသည့် အာဏာရှင် ဗိုလ်ချုပ်ကြီးများသည် တော်လှန်ရေးဘဏ္ဍာငွေ ခိုးယူမှုများနှင့်ပတ်သက်၍ အချင်းချင်း စွပ်စွဲပြစ်တင်နေကြသော Post များကို Messenger မှတစ်ဆင့် မျှဝေ၍ ရယ်မောပျော်ရွှင်နေကြပေလိမ့်မည်။ ထို့ပြင် အနာဂတ်တွင် မိမိတို့အချင်းချင်း ပြဿနာဖြစ်ပွားပါက မည်သို့ မိမိအပြစ်ကင်းအောင် Post တင်ရမည်ကိုပင် လေ့လာမှတ်သားနေကြပေလိမ့်ဦးမည်။

ကျွန်ုပ်တို့ ယခင်အယ်ဒီတာ့အာဘော်တွင် တင်ပြခဲ့သလိုပင် ခေတ်သစ်လူငယ်များ လက်နက်ကိုင်ခေါင်းဆောင်များ ဖြစ်လာကြရာတွင် အာဏာဖြင့် အကျင့်စာရိတ္တ စမ်းသပ်ခံနေကြရပြီး အမှတ်အနည်းငယ် နည်းပါးလာသည်ကို တွေ့ရပါသည်။ အလားတူပင် နာမည်ကျော်ပုဂ္ဂိုလ်များ၊ အနုပညာရှင်များ အပါအဝင် အမှန်တရားဘက်မှ ရပ်တည်သူများဟု ပြည်သူအချစ်တော်ခံခဲ့ကြသူများကလည်း ဘဏ္ဍာငွေကြေးဖြင့် အကျင့်စာရိတ္တ စမ်းသပ်ခံရမှုများအပေါ်တွင် ကျဆုံးလာကြသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရပါသည်။

သိန်းရာချီ၊ ထောင်ချီ ကိစ္စများတွင်ပင် စိတ်မချရသော သူများသည် မင်းအောင်လှိုင်နှင့်ပေါင်းကြည့်ပါက မင်းအောင်လှိုင်၏ ဘောမအုပ်စုထက်ပင် ငြိမ်ငြိမ်သာသာနှင့် ဘောမမည့် အနေအထားသို့ ရောက်ရှိသွားနိုင်သည်။ အင်အား ရာချီ၊ ထောင်ချီမျှကို အုပ်ချုပ်ရုံမျှဖြင့် အာဏာကို ငမ်းငမ်းတက်နေကြသူများအနေဖြင့် မင်းအောင်လှိုင်ကဲ့သို့ အာဏာသိမ်းယူနိုင်သည့် အင်အားမျိုး ပိုင်ဆိုင်ခဲ့ပါက မည်သို့သော ဘဝမျိုးဖြင့် နေထိုင်ကြမည်နည်းဟု တွေးတောမိတိုင်း ကျက်သီးထစရာကောင်းလှပါသည်။

သို့ဖြစ်ရာ တော်လှန်ရေးလုပ်သည်ဖြစ်စေ၊ နိုင်ငံရေးလုပ်သည်ဖြစ်စေ လောဘစိတ်ဖြင့် ကိုယ်ကျင့်တရားကို မထိန်းနိုင်ပါက အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေမည့်အစား အနားယူခြင်းဖြင့် တိုင်းပြည်ကို အကျိုးပြုကြရန် လိုအပ်ပါသည်။ အမှန်တကယ် တော်လှန်ရေးလုပ်မည်ဆိုပါက ယခုထက်မက စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကြရန် အထူးလိုအပ်ပါသည်။

ထို့ကြောင့် နောင်အခါ တော်လှန်ရေးကာလအတွင်း အာဏာအလွဲသုံးစားလုပ်သူများ၊ ငွေကြေးအလွဲသုံးစားလုပ်သူများအနေဖြင့် ပြည်သူ့နာမည်ကို အသုံးချကာ မိမိတို့အပြစ်မှ လွတ်မြောက်အောင် ကြိုးစားခြင်းမျိုး မလုပ်ကြရန် အလေးအနက် တိုက်တွန်း မေတ္တာရပ်ခံအပ်ပါသည်။