မေးမြန်းသူ- ဆလိုင်း ဒိုခါရ်၊ အယ်ဒီတာချုပ်
ဖြေဆိုသူ- ဆရာနောင်ရိုး (CDM) ၊ စစ်ဘက်သုတေသနတာဝန်ခံ မြန်မာ့စစ်ဘက်ရေးရာ နှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့
ဆလိုင်း ဒိုခါရ် – အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်တို့ The Kaladan Post ရဲ့ exclusive interview ကို စောင့်မျှော်နေတဲ့ တော်လှန်ပြည်သူတွေ အားလုံးကို ပထမဦးစွာ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်ဗျ။ ဒီနေ့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာကတော့ CDM ဗိုလ်ကြီးတစ်ဦးဖြစ်တဲ့ ဆရာနောင်ရိုးနဲ့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးသွားဖို့ ပြင်ဆင်ထားပါတယ်။ ဆိုတော့ ကျွန်တော်တို့က ဒီနေ့က အဓိက ဆွေးနွေးမှာကတော့ မြန်မာ့စစ်တပ်ရဲ့ လက်ရှိအခြေအနေ ပြီးတော့ ဒီ CDM လုပ်နေတဲ့သူတွေရဲ့ အဓိက လက်ရှိတော်လှန်ရေးအပေါ် အမြင်သုံးသပ်ချက်တွေကို အထူးပြုပြီးတော့မှ ကျွန်တော်တို့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတကာတုံ့ပြန်မှုအပေါ် အမြင်လေးတွေကိုလည်း ကျွန်တော်တို့ တတ်နိုင်သလောက် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ကို အခုလိုအချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာနောင်ရိုးရေ။
ဆရာနောင်ရိုး – ဟုတ်ကဲ့။ ကျေးဇူးပါ။
ဆလိုင်း ဒိုခါရ် – ဆိုတော့ ပထမဆုံးအနေနဲ့ အခု ဆရာနောင်ရိုးအနေနဲ့ CDM ဝင်လာပြီးတဲ့ နောက်ပိုင်းမှာ ဘယ်နေရာမှာ အားဖြည့်ပြီးတော့မှ ပြည်သူတွေအတွက် ဆက်လက်ပြီးတော့မှ တော်လှန်ရေးကို ပံ့ပိုးနေသလဲ။ အဲ့ဒါလေး ရှင်းပြပေးပါဦးခင်ဗျ။
ဆရာနောင်ရိုး – ဟုတ်ကဲ့။ လက်ရှိ ကျွန်တော် ဒီဘက်ကို ရောက်လာတဲ့အခါမှာ CDM စစ်သား တွေ အကူအညီပံ့ပိုးပေးတဲ့ ပြည်သူ့ပန်းတိုင်ပေါ့နော်။ ပြည်သူ့ပန်းတိုင်မှာလည်း ကျွန်တော် ဦးဆောင်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဒီကနေ့အထိ ပါဝင်ဆောင်ရွက်နေတယ်ပေါ့။ အခုဆို လည်း တော်လှန်ရေး ၅ နှစ်နီးပါးရောက်လာတဲ့အခါမှာ စစ်ကောင်စီတပ်ရဲ့ အနေအထားတွေ ကို ကောင်းကောင်းသိမြင်ဖြတ်သန်းခဲ့ရတယ်။ ဒီဘက် တော်လှန်ရေး ပြည်သူ့ဘက်ကို ပြောင်းရွှေ့သည်လာပြီးတဲ့အခါမှာလည်း တော်လှန်ရေးရဲ့ အနေအထားတွေကို ကျွန်တော်တို့ သိမြင်နားလည်ရတဲ့အခါမှာ တော်လှန်ရေးမှာ ဒီစစ်ကောင်စီတပ်ရဲ့ အကျိုးအကြောင်းတွေကို ပိုပြီးသိရှိနားလည်ဖို့ အချက်အလက်တွေ ပံ့ပိုးဖို့၊ ပူးပေါင်း base လုပ်ပေးဖို့ လိုအပ်တယ် ဆိုပြီးတော့ ကျွန်တော်တို့ နားလည်တဲ့အခါမှာ ဒီဘက်မှာလည်း အခု ကျွန်တော်တို့ ၂၀၂၅ ထဲ ရောက်လာတဲ့အခါမှာ တော်လှန်ရေးထဲမှာ နယ်ပယ်အသီးသီးမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ CDM စစ်သားတွေပေါ့နော်။ အဲ့ဒါတွေကို ကျွန်တော်တို့ အထူးသဖြင့် ကျွန်တော်ပြန်လည် ပြီးတော့ organize စုစည်းတယ်ပေါ့နော်။ စုစည်းပြီးတော့ တစ်ဦးချင်းပါဝင်နေမှုတွေကို စုစည်းပြီးတဲ့အခါမှာ အစုအဖွဲ့ကောင်းကောင်းနဲ့ စုဖွဲ့ပြီးတော့မှ တော်လှန်ရေးထဲမှာ ပေါင်းစည်းလိုက်ပြီးတော့ လုပ်ပေးနိုင်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ဆိုပြီးတော့ ကျွန်တော်တို့ Myanmar Defence and Security Institute ဆိုပြီးတော့ ကျွန်တော်တို့ စုဖွဲ့ organize လုပ်ပြီးတော့လည်း ဒီအဖွဲ့မှာ လည်း ကျွန်တော် စစ်ဘက်၊ စစ်ဘက်သုတေသီ တာဝန်ခံအနေနဲ့လည်း ဆောင်ရွက်တယ်။ ဒီ political, military issue တွေကိုလည်း အထူးသဖြင့် လေ့လာတယ်ပေါ့။ ဒီအဖွဲ့မှာလည်း ကျွန်တော်တို့ ပါဝင်ဆောင်ရွက်နေပါတယ်။ ဆိုလိုရင်းကတော့ ကျွန်တော်တို့သည် ဒီဘက် ရောက်ကတည်းက တော်လှန်ရေးမှာလည်း တတ်နိုင်သမျှ ပါဝင်အားဖြည့်ဖို့၊ CDM စစ်သား တွေရဲ့ အရွေ့ကို ကျွန်တော်တို့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပေးနိုင်ဖို့၊ နောက်တစ်ခုကတော့ တော်လှန်ရေးမှာ ကျွန်တော်တို့ရဲ့ အတွေ့အကြုံ၊ အတွေးအမြင်တွေကိုလည်း ပြန်လည် အားဖြည့်ပေးနိုင်ဖို့ ဒီကဏ္ဍတွေမှာတော့ ကျွန်တော်တို့ တတ်နိုင်သလောက် တတ်စွမ်းသ လောက် ကျွန်တော်တို့ ပြန်လည်ပါဝင်ဆောင်ရွက်ပေးနေတာ ရှိပါတယ်ဆရာ။ ဟုတ်ကဲ့။
ဆလိုင်း ဒိုခါရ်- ဟုတ်ကဲ့ စိတ်ဝင်စားစရာဖြစ်တာက ဆရာက အရာရှိတစ်ဦးဖြစ်ခဲ့တယ်။ ဒီတော်လှန်ရေးတွေ စတဲ့အချိန်မှာလည်း အစောပိုင်းပေါ့နော်။ အခုလို တော်လှန်ရေး အောင်မြင်နိုင်ခြင်း အလားအလာကောင်းမွန်နေတဲ့အချိန်ဆိုတဲ့ဟာမျိုး အခြေအနေမရောက် ခင်ကတည်းကနေ စစ်တပ်ကို စွန့်ခွာတဲ့သူအထဲမှာ ပါတဲ့အခါကျတော့ ဒီတော်လှန်ရေး ရလဒ်ကို ဘယ်လိုမြင်ယောင်ပြီးတော့မှ တော်လှန်ရေးမှာ ပါလာသလဲ။ သို့မဟုတ် ဒီစစ်တပ်ရဲ့လုပ်ဆောင်ချက်ကို လုံးဝလက်မခံနိုင်ရုံ သက်သက်နဲ့ကို စွန့်ခွာခဲ့တာလား။ အဲ့ဒါ နောက်ခံအကြောင်းလေး ဆွေးနွေးပေးလို့ရမလားခင်ဗျ။
ဆရာနောင်ရိုး – ကျွန်တော်တို့ စစ်တပ်ထဲမှာ ရှိနေတဲ့ကာလတည်းက စစ်တပ်ကိုလည်း ပြောင်းလဲစေချင်တယ်ပေါ့နော်။ အပြီးခဲ့တဲ့ စစ်ဆယ်စုနှစ်ဒီအာဏာသိမ်းမှုမဖြစ်ခင် စစ်ဆယ်စု နှစ်တစ်ခုမှာလည်း စစ်တပ်က အတိုင်းအတာတစ်ခုအထိ ပြည်သူနဲ့ တဖြည်းဖြည်း နီးကပ်လာတဲ့ အနေအထားကို ကျွန်တော်တို့ ခံစားရတယ်ပေါ့နော်။ နိုင်ငံရေးကတော့ ဝိဝါဒကွဲပြားနေတဲ့ အနေအထားတွေရှိပေမဲ့လည်း စစ်တပ်နဲ့ ပြည်သူနဲ့ကြားမှာတော့ အတိုင်းအတာတစ်ခုထိ နည်းနည်းချင်း ချဉ်းကပ်လာတယ်ဆိုတော့ ကျွန်တော်တို့ professional စစ်တပ်ပေါ့နော်၊ ပြည်သူ့အကျိုးကျေးဇူးပြုတဲ့ စစ်တပ်၊ ပြုပြင်ပြောင်းလဲရေး စစ်တပ်သည် သွားနိုင်မလားဆိုတဲ့ ကျွန်တော်တို့ မျှော်လင့်ချက်ရှိပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အဲ့လိုစစ်သားပဲ ဖြစ်ချင်ပါတယ်။ နိုင်ငံကို ကာကွယ်တဲ့၊ ပြည်သူကို ကာကွယ်တဲ့၊ ပြည်ပရန်ကို ကာကွယ်တဲ့ စစ်တပ်ပဲ ဖြစ်ချင်တယ်။ ပြည်သူ့အကျိုးကျေးဇူးပြုတဲ့ စစ်သားပဲ ဖြစ်ချင်တယ်ပေါ့နော်။ တိုင်းရင်းသားညီအစ်ကိုတွေဟာ သွား စစ်ဆင်ရေးတွေ ဖြစ်ပြီးတော့ ချင်းတွေပဲဖြစ်ဖြစ်၊ ရှမ်းတွေပဲဖြစ်ဖြစ် ကိုယ့်ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့ တစ်နိုင်ငံတည်း ညီအစ်ကိုတွေဖြစ်တယ်။ ဘယ်သူ့ကိုမှ ကျွန်တော်တို့ ဒီလိုချင်းပြန် ဖြစ်နေတာလည်း မလိုလားဘူးပေါ့နော်။ အဲ့ကျတော့ ကျွန်တော်တို့ကတော့ policy making ကို အပြောင်းအလဲလုပ်နိုင်တဲ့ လူတွေတော့ မဟုတ်ပေမဲ့လို့ နိုင်ငံရေးအရွေ့နဲ့အတူ စစ်တပ် လည်း ပြုပြင်ပြောင်းလဲဖြစ်မလားဆိုတဲ့ မျှော်လင့်ချက်တွေ ကျွန်တော်တို့ ဒါအစကတည်းက ရှိတယ်ပေါ့။ အဲ့ကနေ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်းကျတော့ ရွေးကောက်ပွဲရလဒ်အပေါ် တဖြည်းဖြည်းနဲ့ စစ်တပ်နဲ့ အာဏာရ အရပ်သားအစိုးရကြားမှာ အကွဲအပြဲတွေ ပြင်းထန်လာတယ်။ တဖြည်းဖြည်းနဲ့ အချိန်ရလာတဲ့အခါမှာလည်း ကျွန်တော်တို့က ဪ နိုင်ငံကတော့ ဆယ်စုနှစ်တစ်ခုဆီ အရွေ့ဖြစ်လာပြီ။ အင်တာနက်ခေတ်တွေ ITခေတ်တွေ လည်း ဖြစ်လာပြီ။ တိုင်းပြည်ကလည်း ဖွံ့ဖြိုးတိုးတက်မှု အရှိန်တစ်ခုပေါ်မှာ သွားနေပြီပေါ့ နော်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဟို ရှမ်းတောင်၊ ရှမ်းမြောက်၊ ကျန်တဲ့နေရာတွေ ပြည်တွင်းပြည်ပသွားနေတဲ့အခါမှာလည်း တိုင်းပြည်ရဲ့ တိုးတက်မှုအရှိန်ကို ကျွန်တော်တို့ မြင်ရတယ်ပေါ့နော်။ အဲ့ကျတော့ အရပ်သားအစိုးရ၊ တစ်ပိုင်းအစိုးရဒီ ၁၀ နှစ်တောင်မှ ဒီလောက်တိုးတက်ရင် ငါတို့ဒါနောက် ၁၀ နှစ်လောက်ဆို ငါတို့တိုင်းပြည်ဟာ ဒေသအတွင်း မှာလည်း အတိုင်းအတာတစ်ခုအထိ ရောက်လာတယ်။ တိုင်းပြည်သာ တိုးတက်ရင် စစ်တပ်လည်း ခြံစည်းရိုးခတ်လို့ရမှာမဟုတ်ဘူး။ လိုက်ပြီးတော့ ပြောင်းလဲနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တာပေါ့နော်။ တကယ့်တကယ်ကျတော့ ခေါင်းဆောင်တွေဟာ သူတို့အကျိုးစီးပွားအာဏာကို လက်မလွှတ်နိုင်ဘူး။ နောက်ဆုံးကျတော့ သူတို့အာဏာ ကိုယ်ကျိုးစီးပွားအတွက် အကြမ်းဖက်ချနိုင်တယ်ဆိုတာကို ကျွန်တော်တို့ မြင်တွေ့ရတယ်။ အာဏာသိမ်းတယ်။ အာဏာသိမ်းတဲ့အခါစတဲ့ ရက်သတ္တပတ်တွေမှာတော့ ကျွန်တော်တို့ ဟို မနှစ်မြို့ဘူး၊ ဟာကွာမဖြစ်သင့်ဘူး ပေါ့နော်။ ပီပီပြင်ပြင်တွေ ပြန်သွားနိုင်မလားပေါ့။ အဲ့ဒီကာလတုန်းကတော့ ဟာ ဆန္ဒပြရင် ဘာဖြစ်ရင် အကျုံးမဝင်ဘူး ပြန်ပြီးလွှဲနိုင်တယ် ဘာညာဆိုတဲ့အချိန်က ကျွန်တော်တို့လည်း စောင့်ကြည့်တာပေါ့။ နောက် တကယ့်တကယ် ကျတော့ မကြာဘူး။ ရက်သတ္တပတ်သုံးပတ်လောက်ရောက်လာတဲ့အခါမှာ ပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းမှုတွေ ဆက်တိုက် နေပြည်တော်မှာဆိုလည်း ပစ်ခတ်ဖြိုခွင်းမှုတွေ၊ ပြီးရင် မန္တလေး စိန်ပန်းတို့၊ ပြီးရင် ကလေးတို့၊ ပြီးရင် ကျွန်တော်တို့ ရန်ကုန်မြောက်ဥက္ကလာပတို့၊ ပြီးရင် ပဲခူးတို့ဆိုတော့ တကယ့်ကို ထိခိုက်ပျက်စီးမှုတွေဗျာ။ အင်တာနက်တွေ ဘယ်လောက် ဖြတ်တောက်ထားပေမဲ့လို့ ဒီကနေ့ဖြစ်ပြီးရင် နာရီပိုင်းအတွင်းမှာ အကြောင်းအရာတွေ ရောက်လာတဲ့အခါ ကျွန်တော်တို့မြင်ရတဲ့အခါမှာ စိတ်ပျက်တယ်ပေါ့။ အဲ့ကျတော့ ဒီနေရာမှာ စစ်သားတစ်ယောက် ကျွန်တော်လည်း စစ်တပ်ထဲမှာ အချိန်တန်ရင် ပင်စင်သွားမယ်၊ အေးအေးဆေးဆေးနားယူမယ်။ ကိုယ့်အေးချမ်းတဲ့လိုက်ပြီး ကျွန်တော်တို့ ပိုက်ဆံတွေ ချမ်းသာစရာမလိုပါဘူး။ ကိုယ့်ရဲ့ လက်ကျန်ဂုဏ်သိက္ခာလေးနဲ့ပဲ ဟုတ်လား အေးအေး ချမ်းချမ်းလေးနေမယ်။ အပင်လေးတွေစိုက်မယ်၊ စာလေးတွေ ကိုယ်ရေးချင်တဲ့ အမြင်လေးတွေ ရေးမယ်။ ဒီလိုလိုက်လေးနဲ့ အေးအေးချမ်းချမ်း စစ်မှုထမ်းဘဝနဲ့ အနားယူမယ်။ အရပ်သားဘဝဆီ ပြန်သွားမယ်လို့ စိတ်ကူးထားခဲ့တာ။ တကယ့်တကယ် အာဏာ သိမ်းမှုကြီးဖြစ်လာပြီးတော့ ပြည်သူနဲ့ ထိပ်တိုက်ဒီလိုပစ်ခတ်မှုတွေ ချေမှုန်းမှုတွေ မြင်လာတဲ့ အခါကျတော့ ကျွန်တော်တို့ရဲ့ ဟာ ငါတို့ဒါကို လက်မခံနိုင်ဘူး။ ငါတို့ မရှိမဲ့ရှိမဲ့ လက်ကျန် ဂုဏ်သိက္ခာကိုပါ ဒါ ချနင်းပြီးတော့ သူတို့အကျိုးစီးပွားအတွက် ဒါတွေလုပ် လာတာ။ ပြည်သူကို ပြန်ပြီးပစ်ခတ်သတ်ဖြတ်တာပေါ့နော်။ ဒီအဖြစ်ကိုတော့ ကျွန်တော်လုံးဝ လက် မခံနိုင်ဘူး။ မနှစ်မြို့ဘူး၊ မလက်ခံဘူးပေါ့နော်။ အဲ့ကျတော့ သူတို့ရဲ့ ရပ်တည်ရာ ကျွန်တော်ကတော့ စစ်တပ်ကြီးတစ်ခုလုံးကို မပြောင်းလဲနိုင်ဘူး။ သို့သော်လည်း စစ်တပ်ရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်တဲ့အနေနဲ့ စစ်တပ်ရဲ့ ယန္တရားထဲမှာတော့ ကျွန်တော် ဆက်မပါနိုင်ဘူး။ အဲ့ကျတော့ တိုင်းပြည်အရွေ့ ဒီမိုကရေစီအရွေ့ကိုပဲ ကျွန်တော်လက်ခံတယ်။ ပြည်သူ့ဆန္ဒကိုပဲ ကျွန်တော်လေးစားတယ်။ ပြည်သူရွေးကောက်ထားတဲ့ မဲဆန္ဒရလဒ်က ကျွန်တော်တို့လေးစားဖို့လိုအပ်တယ်။ ကျွန်တော်တို့ ဒီဆုံးဖြတ်ခံယူချက်တွေနဲ့ပေါ့နော် စစ်တပ်ရဲ့ယန္တရားထဲကနေ ထွက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်ဆရာ။ ဟုတ်ကဲ့။
ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့ ဒီနောက်ဆုံးပိုင်း စစ်ရေးအရပါတဲ့ ပြည်သူတွေဘက်က အသာစီး ရလာပြီးတဲ့နောက်ပိုင်းမှာ အတင်းအဓမ္မနဲ့ စစ်မှုထမ်းဥပဒေအသုံးပြုပြီးတော့မှ စစ်မှုထမ်း ထဲရောက်သွားတဲ့ လူငယ်တွေလည်း တဖြည်းဖြည်းထွက်လာတဲ့ဟာတွေ ရှိလာတယ်ဆိုတော့ ဒီဟာပိုင်းနဲ့ပတ်သက်ရင်ရော ဘာကြောင့်လဲလို့မြင်လဲ။ ဆရာနောင်ရိုးတို့နဲ့ အမြင်တူမှု အပေါ်မှာလား။ သို့မဟုတ် စစ်တပ်အတွင်း တဖြည်းဖြည်းနဲ့ အချင်းချင်း နှိပ်ကွပ်မှု၊ အထက်အောက်ဆက်ဆံမှုကြမ်းတမ်းလာခြင်းရဲ့ အကျိုးဆက်လား။ ဆရာတို့ရဲ့တွေ့ရှိချက်က ဘယ်လိုရှိသလဲပေါ့နော်။ အဲ့ဒါဆွေးနွေးပေးပါဦး။
ဆရာနောင်ရိုး – ၂၀၂၁ ဝန်းကျင်မှာတော့ ကျွန်တော်တို့ ဒီစစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်ကို ကျူးလွန်မှုတွေကို လက်မခံနိုင်လို့၊ ပြည်သူကို ပစ်ခတ်သတ်ဖြတ်မှုတွေကို လုံးဝလက်မခံ နိုင်လို့၊ အာဏာသိမ်းမှုကို လက်မခံနိုင်လို့ စွန့်ခွာထွက်လာကြတဲ့လူတွေ များတယ်ပေါ့နော်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ၂၀၂၂၊ ၂၀၂၃ အလယ်လောက်အထိကတော့ စစ်တပ်ထဲကနေ စွန့်ခွာထွက်မှုက rate က နည်းနည်းချင်းကျသွားတယ်ဆိုပေမဲ့လို့ စွန့်ခွာမှုကတော့ ဆက်ရှိနေသေးတယ်။ အဲ့ဒီလူတွေက ဘာတွေလဲဆိုတော့ စစ်ရေးပင်ပန်းမှုတွေ၊ တပ်တွင်းရဲ့ ဖိနှိပ်မှု၊ နှိပ်စက်မှုတွေ၊ မွန်းကျပ်မှုတွေ၊ စစ်ရေးဖိအားတွေ ဒီလိုကြောင့်တွေ တဖြည်းဖြည်းနဲ့ frontline တွေကနေပြီးတော့ ခြေကုပ်စခန်းနဲ့မြေပြင်တွေကနေ စွန့်ခွာတဲ့လူတွေ ပြန်များလာတယ်ပေါ့နော်။ အထူးသဖြင့် ပြည်သူလူထုက ဆန့်ကျင်လို့၊ မြို့ရွာထဲမှာကို ဂုဏ်သိက္ခာရှိရှိမသွားနိုင်တော့လို့ ဒီလိုအခြေအနေတွေရှိတယ်။ စစ်ရေးဖိအားကြောင့် လည်းပါတယ်။ တပ်တွင်းရဲ့ မကျေလည်မှု၊ အဆင်မပြေတော့မှုအခက်အခဲတွေကြောင့် လည်းပါတယ်။ ဒီဟာတွေနဲ့ ကျွန်တော်တို့ ပိုတွေ့လာရတယ်ပေါ့နော်။ အလားတူ စစ်တပ်ထဲမှာလည်း ကျွန်တော်တို့ စစ်ရေးတွေက အင်မတန်မှကို ပြင်းထန်လာတယ်။ အဲဒီ 1027 မတိုင်ခင်အထိကို ကျွန်တော်တို့ ချင်းဘက်တွေ၊ စစ်ကိုင်းဘက်တွေ၊ ကရင်နီဘက်တွေ၊ ကရင်ဘက်တွေမှာ အင်မတန်မှကို စစ်တပ်က ထိခိုက်ကျဆုံးများခဲ့တာရှိတယ်။ အလားတူ 1027 နောက်ပိုင်း ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီးတော့လည်း ကျွန်တော်တို့ လက်နက်ချမှုတွေ၊ စွန့်ခွာထွက်ပြေးမှုတွေက ပိုပြီးတော့ လုံးနဲ့အပြည့်နဲ့ ဖြစ်လာတဲ့အခါမှာ စစ်ကောင်စီ တပ်တွေက အောက်ခြေက တော်တော်လေးကို ချိနဲ့သွားတယ်။ ချိနဲ့သွားတဲ့အခါမှာတော့ စစ်ကောင်စီတပ်က ဘာလုပ်လဲဆိုတော့ ဒီ ဆရာတို့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲ မနှစ်က ၂၀၂၄ ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဥပဒေကို တရားမဝင်အသက်သွင်းတယ်။ လူတွေကို အတင်းအကြပ်ချင်းနဲ့ လူငယ်တွေကို ဆွဲခေါ်လာတယ်။ အဓမ္မဖမ်းဆီးတယ်။ ရှေ့တန်းတွေ ပို့တယ်။ ပို့တဲ့အခါမှာ ဘာဖြစ်လာလဲဆိုတော့ ဒီစစ်မှုထမ်း သင်တန်း သားတွေက ၇ လပိုင်းလောက်ကစပြီး ရှေ့တန်းမြေပြင်တွေကို စစ်မှုထမ်းလူငယ်တွေ တပ်သားသစ်တွေ ပိုများလာတယ်ပေါ့နော်။ Rate တွေက တဖြည်းဖြည်းနဲ့ လာတိုင်း လာတိုင်း ၅၀၀၀၊ ၅၀၀၀၊ ၅၀၀၀ ရလာတဲ့အခါမှာ အဲ ၈ လပိုင်း၊ ၉ လပိုင်းလောက်ကစပြီးတော့ ရှေ့တန်းနယ်မြေပြင် အသီးသီးကနေ စစ်တပ်ကို စွန့်ခွာထွက်ပြေးလာတဲ့ လက်နက်ချ လာတဲ့ အလင်းဝင်ပူးပေါင်းလာတဲ့ နှုန်းထားတွေက တစ်ခါပြန်မြင့်တက်လာတယ်ပေါ့။ အဲဒီကျတော့ စစ်သားအဟောင်းတွေ၊ ပုံမှန် regular စစ်သားအဟောင်းတွေအပြင်ကို ဒီမတရားဖမ်းဆီးခံထားရတဲ့ တပ်သားသစ်တွေပါများလာတယ်။ အာ ဆိုလိုရင်းကတော့ ဒီဟာတွေအကုန်လုံးက အခုနောက်ပိုင်း တပ်သားသစ်တွေဆိုရင် ဒါက သူတို့ရဲ့လုပ်ရပ်ကို လက်မခံနိုင်ဘူး၊ မတရားဖမ်းဆီးခံထားရလို့ အခွင့်အရေးရတာနဲ့ စစ်တပ်ကို စွန့်ခွာပြီးတော့ တော်လှန်ရေးဘက်ကို လာရောက်ပူးပေါင်းခြင်းပေါ့နော်။ ဒါကြောင့် အခုနောက်ပိုင်းဆိုရင် တဖြည်းဖြည်းနဲ့ rate တွေ ပိုများလာပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ပြန်ကြည့်ရင် တပ်သားသစ်တွေကနေပြီးတော့ လက်နက်နဲ့၊ တချို့လက်နက်မဲ့၊ တချို့ဆိုလည်း လက်နက် အများအပြားခဲယမ်းတွေအများအပြားနဲ့ကို အခွင့်အရေးရတာနဲ့ နည်းလမ်းပေါင်းစုံ ပုံစံမျိုးစုံနဲ့ အနီးဆုံးတော်လှန်ရေးအင်အားစုတွေဆီကို ပူးပေါင်းအလင်းဝင်လာတာတွေ များတယ် ပေါ့နော်။ ဒါတွေကို ပြန်ခြုံကြည့်ရရင်တော့ တစ်ချက်ကတော့ ကျွန်တော်တို့ ပြည်သူလူထု လုံးဝမထောက်ခံတဲ့၊ ပြည်သူ့ဆန့်ကျင်တော်လှန်နေတဲ့ စစ်တပ်ထဲမှာ ဘယ်သူမှ မနေလိုကြ တော့ဘူး၊ အဆင်မပြေကြတော့ဘူးပေါ့နော်။ ပြီးတော့ စစ်ရေးပင်ပန်းမှုတွေ၊ တိုက်ပွဲတွေ ကျယ်ပြန့်လာတဲ့အတွက် သူတို့မလုံခြုံမှုများလာတယ်။ နောက်တစ်ခုကလည်း တပ်တွင်းမှာ စစ်ရေးပင်ပန်းမှုတွေ ဖိနှိပ်ခွဲခြားမှုတွေ ပိုများလာတဲ့အခါမှာ ဒီအခြေအနေတွေကြောင့် အခွင့်အရေးရတာနဲ့အမျှ စစ်တပ်ကို စွန့်ခွာဖို့ ကြိုးစားတဲ့လူတွေ ပိုများလာတာဖြစ်တယ်။ နောက်တစ်ပိုင်းက အခုတပ်သားသစ်တွေရဲ့ အရေအတွက်များလာတဲ့အခါမှာ ဒီတပ်သားသစ် အင်အားတွေကလည်း မတရားဖမ်းဆီးခံထားရတဲ့ လူငယ်တွေဖြစ်တဲ့အခါမှာ သူလည်း အခွင့်အရေး ရတာနဲ့ လူလက်နက်ခဲယမ်းပြည့်စုံတွေနဲ့ တော်လှန်ရေးဘက်ကို အလင်းဝင် ပူးပေါင်းဖို့ ကြိုးစားလာတာတွေကြောင့် အဲ တဖြည်းဖြည်းနဲ့ အခုနောက်ပိုင်းမှာ ၂၀၂၄ နှစ်လယ် နောက်ပိုင်းကစပြီးတော့မှ ကျွန်တော်တို့ အလင်းဝင်ပူးပေါင်းလာတဲ့ rate ဟာ ပိုပြီးတော့ rate တွေပိုများလာတယ်လို့ ကျွန်တော်တို့ ပြောလို့ရခြင်းဖြစ်ပါတယ်ဗျ။ ဟုတ်ကဲ့။
ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့ ဒီဆရာနောင်ရိုး အဲ့မှာဒီ အဲ့ဟာနဲ့ ဆက်စပ်ပြီးတော့မှက အခုအချိန်မှာ တပ်ရင်းအလိုက်၊ တပ်မဟာအလိုက်ပုံစံမျိုး လက်နက်ချမှုတွေက ကျွန်တော်တို့ ရှမ်းမြောက် မှာ မြင်ဖူးတယ်၊ ရခိုင်ဘက်မှာ မြင်ဖူးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေက စည်းရုံးလို့ ရသွားတဲ့ သူတို့ဂုဏ်သိက္ခာရှိရှိလက်နက်ချတဲ့ဟာ မရှိဘူး။ ဒါသူတို့အမိန့်နာခံမှု စနစ်ကျမှု ကြောင့်လား၊ သို့မဟုတ် ကျွန်တော်တို့ စည်းရုံးမှုအာနည်းနေသေးတာလား။ အဲ့ဒါ ပွင့်ပွင့်လင်း လင်းလေး ဆွေးနွေးချပြပေးလို့ရမလားခင်ဗျာ။ ဟုတ်။
ဆရာနောင်ရိုး – ဒီနေရာမှာ ကျွန်တော်တို့ စစ်တပ်တစ်ခုဟာ လက်နက်ချဖို့၊ ဒါမှမဟုတ် စစ်တပ်ရဲ့ အမိန့်နာခံမှုကို ငြင်းဆန်ပြီးတော့ သစ္စာခံမှုကို ဖယ်ရှားပြီးတော့ ပူးပေါင်းကူးပြောင်း ရပ်တည်ဖို့ဆိုတာ အခြေအနေနှစ်ရပ်ရှိတယ်ပေါ့နော်။ အခြေအနေနှစ်ရပ် နံပါတ်တစ်ချက် ကတော့ စစ်ဆင်ရေးဖိအားတွေ၊ စစ်ပွဲမှာ မနိုင်တော့လို့၊ စစ်ရေးဖိအား အဆုံးအဖြတ်ကြောင့် လက်နက်ချပြီးလက်နက်ချတာ၊ သို့မဟုတ် လက်နက်ချအညံ့ခံတာပေါ့နော်။ ဒါက စစ်ရေး ဖိအားကြောင့်ပေါ့။ နောက်တစ်ခုကတော့ စစ်တပ်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေဆိုတာ သစ္စာခံမှုနဲ့ပေါ့နော်၊ အထက်အောက်သစ္စာခံမှုနဲ့ ဒီအထက်အောက်တွေက ချည်နှောင်ချုပ်ကိုင် ထားကြတာဖြစ်တယ်ပေါ့နော်။ အဲ့ကျတော့ ဒီနေရာမှာတော့ စစ်ကောင်စီတပ်မှာတော့ ကျွန်တော်တို့ ချင်း ရှမ်းမြောက်တိုက်ပွဲတွေမှာ တပ်ရင်းတစ်ဖွဲ့လိုက် လက်နက်ချခဲ့တဲ့ဟာတွေ၊ ဖြစ်စဉ်တွေကို ပြန်ကြည့်တယ်ဆိုရင် ဒါဟာ သစ္စာခံမှုပြောင်းလဲသွားတာမဟုတ်ဘဲနဲ့ စစ်ရေးဖိအား၊ နယ်မြေအခြေအနေတွေကြောင့် အဓိက သူတို့အလင်းဝင်ရောက် ပူးပေါင်းလိုက်ခြင်း၊ လက်နက်ချအညံ့ခံခြင်းဖြစ်တယ်ဆိုတဲ့ အနေအထားမျိုးကို ကျွန်တော်တို့ ပိုပြီးတော့ တွေ့ရတယ်ပေါ့နော်။ အဲ့ကျတော့ ဒါ စစ်ရေးဖိအားလည်းပေါ့။ ဒါပေမဲ့လို့ စစ်ကောင်စီတပ်တွင်းရဲ့ အနေအထားတွေရော၊ ကျွန်တော်တို့ သစ္စာခံမှုအနေအထားတွေကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် တပ်ထဲမှာ ရဲဘော်ရဲဘက်စိတ်တို့ ပေါ့ဟုတ်လား၊ စိတ်ဓာတ် ခံယူချက်တို့ ဒါတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ စစ်ကောင်စီတပ်က ဒီအချက် ဒီရှုထောင့် တွေမှာလည်း တော်တော်လေးကို အားနည်းနေပါပြီ။ တပ်ထဲမှာ ဆရာမွေးတပည့်မွေး စိတ်ဓာတ်တွေ များတယ်၊ ကိုယ့်လူရင်းတွေကိုပဲ ဆွဲကပ်ထားပြီးတော့ ရဲဘော်ရဲဘက်စိတ်တွေ ကင်းမဲ့လာတယ်။ အကျင့်ပျက်ခြစားမှုတွေ အင်မတန်မှကို ကြီးမားလာတယ်။ အောက်ခြေရဲ့ အခွင့်အရေးတွေဟာ ကင်းမဲ့လာပြီး အောက်ခြေတွေက အသုံးချခံသက်သက်ဖြစ်လာ တယ်ပေါ့။ ဒါက သစ္စာခံမှုကို၊ စစ်တပ်ရဲ့ spirit ကို ထိခိုက်ချို့ယွင်းစေတဲ့ အချက်အလက်တွေ ဖြစ်တယ်ပေါ့။ သို့သော်လည်း သစ္စာခံမှုတစ်ခုလုံးက ပြိုကွဲသွားလားဆိုတော့ မပြိုကွဲသေးဘဲ ဖြစ်နေတယ်။ ဒါကလည်း စစ်ကောင်စီတပ်က ကျွန်တော်တို့ နှစ်ပေါင်းများစွာ institution တည်ဆောက်ထားတဲ့ institution အနေအထားကြီးက structure ကြီးက ကောင်းနေသေး တာပေါ့နော်။ ဒီနေရာမှာ အထက်အောက်အမိန့်ပေးကွပ်ကဲမှု ကွန်ရက်ကြီး၊ network ကြီးတစ်ခုလုံးကလည်း ခိုင်မာ အတိုင်းအတာတစ်ခုအထိ ခိုင်မာနေတယ်။ နောက်တစ်ခုက အကြောက်တရားရဲ့အကျိုးစီးပွားတွေကြားမှာ ချည်နှောင်မှုတွေပေါ့။ ဥပမာ ဒီအခြေအနေ တစ်ခုကို လွတ်မြောက်သွားပြီးတော့ နေရာတစ်ခုကို ရောက်သွားရင် ငါအခွင့်အရေးရနိုင် ရဲ့လားဆိုတဲ့ဟာမျိုးတွေ။ နောက်တစ်ခုက အကြောက်တရားကို အင်မတန်ရိုက်ထည့် ထားတယ်။ အယူဝါဒတွေပေါ့ဗျာ။ ဘာ ဘာသာရေးမှိုင်းတွေ၊ တခြားသော propaganda နည်းလမ်းတွေနဲ့ ချည်နှောင်ထားတဲ့အခါမှာ အဲ ဒါကြောင့်လည်း ဒီ institution က သစ္စာခံမှုကို ပြိုယွင်းစေနိုင်တဲ့အနေအထားတွေတော့ ပြည့်စုံနေပြီ။ ချက်ချင်းမပြိုကွဲသေးတာပေါ့။ သို့သော် ဒီနေရာမှာ ကျွန်တော်တို့ပြန်ကြည့်ရင် စစ်တပ်တစ်ခုက ဒီသစ္စာခံမှုပျက်ယွင်းသွား ပြီဆိုတာနဲ့ စစ်တပ်က ချက်ချင်း ဘုန်းဘုန်းပြိုကွဲတာပေါ့။ ဒါကို ကျွန်တော်တို့ အာဖဂန် စစ်တပ်တို့၊ ဆီးရီးယားစစ်တပ်တွေပြန်ကြည့်ရင် သိသာတယ်ပေါ့နော်။ ဒီအာဖဂန်စစ်တပ် တို့ရဲ့အနေအထား၊ ဆီးရီးယားစစ်တပ်တို့ရဲ့အနေအထားနဲ့ စစ်ကောင်စီတပ်ထဲမှာ ဖြစ်ပျက် နေတဲ့ အနေအထားတွေက ပုံစံတွေ သိပ်မကွဲဘူးပေါ့နော်။ Culture တွေ နည်းနည်း ပါးပါး ကွဲလွဲတာဖြစ်ပေမဲ့ ဒီနေရာမှာ ကျွန်တော် ဘာကိုပြောချင်လဲဆိုတော့ ဆီးရီးယားဖြစ်စဉ် လိုမျိုးပေါ့နော်။ စစ်တပ်တစ်ခုက ကြံ့ကြံ့ခံနေတဲ့အချိန်မှာ ၁၁ နှစ်တိုက်တာတောင်မှ တော်လှန်ရေးအင်အားစုတွေတိုက်တာတောင်မှ အာဆတ်ရဲ့စစ်တပ်ကြီးက မပြိုကွဲဘူးပေါ့။ သို့သော် ငါတို့ဘာကြောင့်တိုက်နေရလဲ။ ဒီအာဆတ်အတွက် မတိုက်ပေးနိုင်တော့ဘူး။ ဒီတော်လှန်ရေးအင်အားစုတွေဟာ တိုင်းပြည်ကို ဖျက်ဆီးတဲ့သူတွေမဟုတ်ဘူး။ တော်လှန် ရေးရဲ့အရွေ့ကို သွားမယ့်လူတွေ။ ငါတို့က အာဆတ်ကသာ တိုင်းပြည်ဖျက်ဆီးနေတဲ့ ကောင်တွေ။ ဒီကောင်အတွက်တော့ ငါတို့ခံမတိုက်တော့ဘူး။ ဒီတော်လှန်ရေးအင်အားစုတွေ တိုင်းပြည်ကိုလာတာ၊ တိုင်းပြည်ရဲ့ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ဖို့ဆိုတဲ့ အမြင်နဲ့ ငါတို့ကို သတ်ဖြတ်ဖို့မဟုတ်ဘူး၊ ငါတို့ရဲ့ရန်သူတွေမဟုတ်ဘူးဆိုတဲ့ အမြင်ပြောင်းလဲသွား တာနဲ့ အာဆတ်အပေါ်သစ္စာခံမှု loyalty က ချက်ချင်း shift ဖြစ်တာ။ အဲ့မှာတစ်ခါတည်း တပ်ကြီးက နှစ်လလောက်နဲ့ ကျွန်တော်တို့ ပြိုကွဲတယ်။ ၁၁ နှစ်တိုက်တဲ့ စစ်တပ်ပါ။ ဆိုလိုရင်းကတော့ ဒီလူတွေဟာ သစ္စာခံနေသ၍၊ အမိန့်ပေးလို့ရနေသ၍ စစ်တပ်အင်အားစု ကြီးဖြစ်ပါတယ်။ အဲ့ဒီသစ္စာခံမှုနဲ့ အမိန့်နာခံမှုကို ပြိုယွင်းသွားတာနဲ့ စစ်တပ်ကြီးတစ်ခုလုံးက ဘုန်းဘုန်းပြိုလွဲသွားတာပါ။ အဲဒါက ဥပမာဖြစ်ပါတယ်။ အဲ့လိုပဲ အာဖဂန်စစ်တပ်မှာဆိုလည်း အမေရိကန်တို့ ဘာတို့ရဲ့ပံ့ပိုးမှုနောက်ကွယ်အခြေအနေမှာ ငါတို့ခံတိုက်လို့ရတယ်။ တိုက်လို့ရသေးတယ်ဆိုပြီးတော့ တာလီဘန်ကို ခံတိုက်ဖို့ကြိုးစားတဲ့အခါမှာ နှစ်ပေါင်း ၂၀ လောက် ကျံ့ကျံ့ခံနိုင်ပေမဲ့လို့ တပ်တွင်းမှာက တခြားသော အစောနက ပြောလို့ပေါ့နော် ဒီစစ်ကောင်စီတပ်လိုပဲ အခြေအနေတွေက ထပ်တူပဲ။ အမေရိကန်စစ်တပ်ကြီးပြန် ပြန်သွားတဲ့အခါမှာ ငါတို့ဒီတာလီဘန်တွေကို ခံမတိုက်ရဲဘူး ဆိုတဲ့ စိတ်ဓာတ် ပျောက်သွားတာနဲ့ လပိုင်းလေးနဲ့ အာဖဂန်တစ်နိုင်ငံလုံးကို ဒီတာလီဘန်တွေက သိမ်းသွားနိုင်တာဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ စစ်ကောင်စီတပ်မှာ လည်း အဲ့လိုပဲ။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက အခြေအနေတွေ တချို့တွေ မြင်တွေ့ရတယ်။ တတ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ စစ်တပ်နဲ့ပတ်သက်ရင် ကျွန်တော်တို့ဘက်က စည်းရုံးရေးဝါဒပိုင်းမှာတော့ အင်မတန်မှ အားနည်းတယ်။ လက်ခံနိုင်မှု စစ်တပ်ရဲ့ကျူးလွန်မှုတွေက များတော့ ပြည်သူက စစ်ကောင်စီတပ်ဘက်ကို လည်း စိတ်နာကြည်းတဲ့အခါမှာ တော်ရုံတန်ရုံ လက်မခံချင်ကြဘူးပေါ့နော်။ ဒါပေမဲ့ စည်းရုံးရေးဟာ စစ်တပ် အပြောင်းအလဲ shift က အင်မတန်မှကို ရန်သူ့တပ်ကို ပြိုကွဲစေပါတယ်။ ဒီဟာကလည်း အင်မတန်အရေးကြီးတဲ့ နည်းနာဖြစ်တယ်။ တော်လှန်ရေးဦးဆောင်တဲ့ အဖွဲ့တွေလည်း ဒီနည်းနာတွေကို မပေါ့ဆသင့်ဘူးလို့ထင်တယ်။ တော်လှန်ရေးအင်အားစုရဲ့ ရည်ရွယ်ချက်၊ ဆောင်ရွက်ချက်တွေကို စစ်ကောင်စီတပ်သားတွေ ရှင်းလင်းနားလည်မယ်။ သူတို့ရဲ့ဒီတော်လှန်ရေးအပြောင်းအလဲဟာ သူတို့ရဲ့အနာဂတ်အပြောင်းအလဲအတွက်လည်း ဖြစ်တယ်ဆိုတဲ့ ဟာမျိုးတွေကို ရှင်းရှင်းလင်းလင်း သတင်းစကားပေးနိုင်ရင် loyalty shift ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ရင် ဒီရန်သူ့တပ်ဆိုတာ အများကြီးပြောင်းလဲနိုင်တယ်။ ဒီအခြေအနေ တွေလည်း စစ်ကောင်စီတပ်က အခြေအနေနဲ့ ပြည့်စုံနေပြီလို့ ကျွန်တော်ပြောလို့ရတယ်။ သို့သော်လည်း ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူ့ဘက်မှာတော့ စည်းရုံး ရေးနည်းနာတွေမှာတော့ အတိုင်းအတာတစ်ခုအထိ လိုအပ်နေသေးတာဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီတပ်က အလွယ်တကူမပြိုကွဲသွားခြင်းဖြစ်တယ်လို့တော့ ကျွန်တော်ပြောချင် ပါတယ်ဆရာ။ ဟုတ်ကဲ့။
ဆလိုင်း ဒိုခါရ် – ဆိုတော့ အဲ့ဒီမှာ ဒီတချို့ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ တော်လှန်ရေးအင်အားစုက ဦးဆောင်နေတဲ့သူတွေ ကျွန်တော်တို့ မေးကြည့်တဲ့အချိန်မှာ အထူးသဖြင့် ချင်းတို့ စစ်ကိုင်းတို့ ဟာမျိုးဆိုရင်တော့ ခင်ဗျားတို့ နေပြည်တော်ကို မသိမ်းနိုင်ဘူးဆိုရင် ကျွန်တော်တို့ကို သိမ်းရင်လည်း ဘာအကျိုးရမလဲဆိုတဲ့ ဟာမျိုးတွေ အချင်းချင်း အဲ့ဒီမှာ တာဝန်ရှိတဲ့သူတွေကို လက်နက်ချဖို့ သွားပြောတဲ့အချိန်မှာ အဲ့လို တုံ့ပြန်မှုဟာမျိုး ကျွန်တော်တို့ ရလေ့ရှိတယ်ဆိုတဲ့ ဟာမျိုး ပြောကြတဲ့အခါကျတော့ CDM မဝင်ချင်သေးတဲ့ စစ်ဗိုလ်တွေ နေပြည်တော်ကို ပစ်မှတ်ထားဖို့ ဒါမှသာလျှင် ကျွန်တော်တို့ နေပြည်တော်ကို ခင်ဗျားတို့နိုင်ရင် ကျွန်တော်တို့ အလိုလို လက်နက်ချမှာပဲဆိုတဲ့ ဟာမျိုးက လက်တွေ့ဖြစ်နိုင်ရဲ့လား။ စစ်တပ်ထဲက အရာရှိ ဟောင်းတစ်ယောက်အနေနဲ့။ အခုချိန်မှာ ကျွန်တော်တို့ အရင်တုန်းက NUG ကြွေးကြော် ခဲ့သလို လမ်းများအားလုံး နေပြည်တော်ကို ဦးတည်ပြီးတော့မှ လုပ်တယ်ဆိုရင် တခြား စစ်ကောင်စီသစ္စာခံတဲ့ ထိန်းချုပ်နယ်မြေဆိုတဲ့ဟာမျိုး မပေါ်လာနိုင်ဘူးလား။ အဲ့ဒီအပေါ်မှာ သုံးသပ်ပေးပါဦးဆရာ။
ဆရာနောင်ရိုး – စစ်ရေးအရတော့ ဒီနည်းဗျူဟာတွေမှာဆိုရင် ဒါ အရင်းသတ်ရင် အဖျားလည်း သေတယ်ပေါ့နော်။ အဲ့ကျတော့ နေပြည်တော်ကို သိမ်းနိုင်ပြီဆိုရင်တော့ အစွန်အဖျားမှာရှိတဲ့ တပ်တွေက အလိုအလျောက် လက်နက်ချပြီးသား အလိုအလျောက်ဖြစ်သွားမှာပေါ့နော်။ သူ့ရဲ့ command ပေးနေတဲ့ ထိန်းချုပ်နေတဲ့ အပေါ်ဌာနတစ်ခုလုံးပေါ့။ သို့သော် ဟိုအခြေအနေ တွေက ပြောတာပါ။ တော်လှန်ရေးအင်အားစု၊ ကျွန်တော်တို့ တော်လှန်ရေးအရွေ့တွေဆိုတာ ချက်ချင်းနေပြည်တော်ကို ပင်မဗဟိုချက်ဆီ သွားတိုက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့ကျတော့ ဗဟိုချက် ပင်မအရင်းအမြစ်သေသွားရင်လည်း အကိုင်းအခတ်တွေ သေသွားနိုင်သလို အကိုင်းအခတ်တွေကို ဖြည်းဖြည်းချင်းချိုးပြီးတော့မှ ပင်စည်ကို သတ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရတာလည်း ရှိမှာပေါ့နော်။ ရန်သူ့တပ်ကို ပြိုကွဲတယ်ဆိုတာ စစ်ရေးဖိအား ဒါလည်း အင်မတန်မှ အရေးကြီးတယ်။ အဲ့လိုပဲ ကျွန်တော်တို့ စစ်တပ်တွေရဲ့ အမိန့်နာခံနေတယ်၊ သစ္စာခံနေတယ်ဆိုတာက အစောနက ကျွန်တော်တို့ စိတ်ဓာတ်ခံယူချက်၊ ရပ်တည်ချက် တွေနဲ့။ အစောနကလိုပေါ့နော်။ သူက လက်နက်ချမယ်ဆိုတာ ငါတို့ဗဟိုတောင်မကျသေးဘဲနဲ့ ငါတို့ဘာလို့လက်နက်ချမှာလဲဆိုတာ သူ့ရဲ့ရပ်တည်ချက် စိတ်ဓာတ်ခံယူချက်။ ဟာငါကတော့ ဆက်နေနေဦးမယ်။ ဆက်တိုက်နေဦးမယ်ဆိုတာ ဒါစစ်သားတွေရဲ့ သစ္စာခံနေမှု ခံယူချက်ပေါ့။ အဲ့ကျတော့ ဒီရဲ့စိတ်ဓာတ်ခံယူချက်၊ အမြင်ပြောင်းလဲသွားအောင် လုပ်နိုင်တယ်ဆိုရင် လက်နက်ကိုင်စစ်သားက စစ်ကောင်စီတပ်သားမဟုတ်တော့ဘူး။ သူက လူပဲမဟုတ်ဘူး၊ သစ္စာခံမှုပျက်သွားတာပဲ။ အဲ့ကျတော့ ဆိုလိုရင်းကတော့ ကျွန်တော်တို့ ဗဟိုနေပြည်တော်ဆီ သွားနိုင်ဖို့ ကြားထဲမှာ အခုခံအတားအဆီးတွေရဲ့ ရပ်တည်ချက်တွေကို စစ်ရေးနည်းလမ်း တစ်ခုတည်းနဲ့တင် မဟုတ်ဘဲနဲ့ စည်းရုံးရေးနည်းလမ်း လုပ်ဆောင်နိုင်မယ်ဆိုရင်လည်း ကျွန်တော်တို့ စစ်ကောင်စီတပ်ကို ဖြိုခွဲလို့ရနိုင်ပါတယ်။ ဆိုလိုရင်းကတော့ စစ်ရေးနည်းလမ်း တစ်ခုတည်းနဲ့တင် ရန်သူကို အနိုင်ယူလို့ရတာမဟုတ်ဘူး။ တခြားသော စည်းရုံးရေးနည်း နာတွေနဲ့ မတိုက်ခိုက်ဘဲနဲ့ အနိုင်ယူခြင်းက အကောင်းဆုံးစစ်ဗျူဟာဖြစ်တယ်ဆိုတော့ ဒါ စည်းရုံးရေးဟာတွေက အင်မတန်မှ အရေးကြီးပါတယ်။ လက်တွေ့ကျကျဖော်ဆောင်နိုင်ဖို့ လိုတယ်။ ရှင်းရှင်းပြောရရင် ကိုယ့် ကိုယ်တိုက်နေရတဲ့ ရန်သူ့အဖွဲ့အစည်းထဲက လူထုတွေ အား ကျွန်တော်တို့သွားနေတဲ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ဟာ သူတို့အတွက်လည်း ဖြစ်တယ်။ ငါတို့က တိုင်းပြည်တည်ဆောက်ဖို့သွားနေတာ၊ အနာဂတ်တည်ဆောက်ဖို့သွား နေတာ။ ငါတို့ဟာ စနစ်ဆိုးကို တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းစကားကို သူတို့ကိုယ်တိုင် နားလည် အောင် ဘာလို့လဲဆိုတော့ စစ်တပ်ကလည်း အထဲမှာ သူ့ဝါဒ propaganda ရိုက်ထုတ်နေ တာလေ။ ဒီကောင်တွေက တိုင်းပြည်ဖျက်နေတဲ့ကောင်တွေ၊ အရပ်သားဟိုဒင်း တွေကို ဒလန်လို့စွပ်စွဲပြီးတော့ ဆရာဆရာမတွေ ဘုန်းကြီးတွေကို သတ်နေတာ။ မင်းတို့ကို ဒဏ်ခတ် တိုင်းပြည်ကိုဖျက်ဆီးနေတဲ့ကောင်တွေဆိုတော့ ဝါဒဖြန့်နေတာပဲလေ။ အဲ့ကျတော့ ငါတို့က တိုင်းပြည်ကို ကာကွယ်နေတယ်လို့ မြင်နေတဲ့ စစ်သားတွေ ရှိနေတာပဲ။ ဒါကြောင့် ခံတိုက်နေကြတာပေါ့နော်။ ဆိုလိုရင်းကတော့ ကျွန်တော်တို့ နေပြည်တော်ဗဟိုချက်ဆီသွားဖို့ ဆိုတာ ဗျူဟာကြွေးကြော်တာတွေဖြစ်တယ်။ ဒီလိုသွားတဲ့အခါ စစ်ရေးနည်းလမ်းတစ်ခုတည်း နဲ့တင် ကျွန်တော်တို့က တော်လှန်ရေးအရွေ့ကို သွားဖို့မလို့။ မှန်ကန်တဲ့ ချဉ်းကပ်မှု နိုင်ငံရေး စည်းရုံးရေးနည်းနာဟာလည်း လက်နက်ကိုင်တိုက်ပွဲမှာ အင်မတန်မှ အရေးကြီးတယ်။ လူတစ်ယောက်ရဲ့ ရပ်တည်ချက် ပြောင်းလဲနိုင်တာဟာ သူ့ရဲ့ အသိအမြင်၊ ရပ်တည်ချက် ပြောင်းလဲသွားဖို့။ အဲ့ဒါက အစောနကပြောတဲ့ နောက်ဆုံးကျတော့ နိုင်ငံရေးတော်လှန်ရေးရဲ့ အရွေ့က ဘာလဲဆိုတဲ့ဟာကို။ ဆိုလိုရင်းက ကျွန်တော်တို့ စစ်သားတွေက အကုန်လုံးက ပြောင်းလဲသွားချင်မှ ပြောင်းလဲသွားနိုင်မယ်။ ဒါပေမဲ့ လုပ်ဖို့လိုတယ်။ လုပ်ကိုလုပ်ရမယ်။ ဒါမှသာလျှင် အယောက်တစ်ရာကျော်သွားရင် အယောက်တစ်ရာ ကျွန်တော်တို့ နေပြည်တော် ဆီသွားဖို့ တစ်ရက်ပိုစောသွားမယ်ပေါ့နော်။ ဒါကို ကျွန်တော်တို့ စစ်တပ်တစ်ခုတည်း လုပ်တာမဟုတ်ဘူး။ အမေရိကန်စစ်တပ်လည်း လုပ်တာပဲ။ မဟာမိတ်စစ်တပ်တွေပဲ။ အီရတ်ကို သွားတိုက်တော့လည်း တစ်ဖက်က ဗုံးကြဲနေသလို တစ်ဖက်က ရိက္ခာတွေချနေ သလို တစ်ဖက်က စည်းရုံးရေးဝါဒ မင်းတို့နိုင်ငံကို ငါတို့က စနစ်ကို ပြောင်းဖို့ လာတိုက်နေ တာ။ ဆက်ဒမ်ဟူစိန်အစိုးရကို လာတိုက်နေတာဖြစ်တယ်ဆိုတဲ့ သတင်းစကားကို ပေးဖို့လို တယ်။ ဒါက အင်မတန်မှ အရေးကြီးတယ်။ အဲ့ကျတော့ ကျွန်တော်တို့ တော်လှန်ရေးမှာလည်း ဒါဟာ မဖြစ်မနေ ချဉ်းကပ်ပူးပေါင်းဆောင်ရွက်နေတဲ့ နည်းနာဗျူဟာဖြစ်တယ်။ မပေါ့ဆ သင့်ဘူးဆိုတဲ့ဟာလည်း အလေးအနက်ထားသင့်တယ်ဆိုတဲ့ဟာလည်း ကျွန်တော် သတင်း စကားပါချင်တယ်ပေါ့နော် ဆရာ။ ဟုတ်ကဲ့။
ဆလိုင်း ဒိုခါရ်- ဆရာတို့ ဒီသုတေသနလုပ်ဆောင်ချက်ကို အခြေခံပြီးမှပဲဖြစ်ဖြစ်၊ အတွေ့အကြုံ အခြေခံပြီးတော့မှပဲဖြစ်ဖြစ် တခြားတော်လှန်ရေးအင်အားစုတွေ၊ အထူးသဖြင့် တော်လှန်ရေး အင်အားစုကြီးတွေ NUG တို့ဟာမျိုး၊ တခြားတိုင်းရင်းသားလက်နက်ကိုင်တွေ ဟာမျိုးကို ဒီလိုပုံစံမျိုး ချဉ်းကပ်မှုနဲ့ စစ်ကောင်စီတွေကို စည်းရုံးဖို့ လိုအပ်တယ်ဆိုတဲ့ဟာမျိုး သုတေသန တွေ့ရှိချက်ပေါ်အခြေခံပြီးတော့မှ ပြောဆိုတဲ့ဟာတွေ ရှိလား။ ချပြလို့ရသလောက်ပေါ့နော် ဆွေးနွေးချပြပေးလို့ရမလား။
ဆရာနောင်ရိုး – စည်းရုံးရေးဟာ အရေးကြီးတယ်။ ဒီရန်သူကိုလည်း စည်းရုံးဖို့လိုအပ်တယ် ဆိုတာက တော်လှန်ရေးအစုအဖွဲ့အသီးသီး၊ NUG အပါအဝင် အစုအဖွဲ့အသီးသီးက လက်မှု အားဖြင့် လက်ခံကြတာတော့ ရှိတယ်။ လုပ်ဆောင်မှုအတိုင်းအတာတစ်ခုလည်း ရှိကြမယ်လို့ ကျွန်တော်နားလည်တယ်ပေါ့။ သို့သော်လည်း ဒီဟာအပေါ်မှာ အလေးအနက်ထား မဟာ ဗျူဟာတစ်ရပ်အနေနဲ့ဆိုရင်တော့ ကျွန်တော်သိပ်မမြင်ရဘူးလို့ပဲ။ ကျွန်တော်အကုန် မသိ နိုင်တာလည်း ဖြစ်နိုင်တာပေါ့နော်။ အဲဒီကာလမှာ စစ်ရေးနည်းလမ်းကသာလျှင် အဓိက အကျဆုံးဖြစ်တယ်။ ဦးစားပေးအကျဆုံးဖြစ်တယ်။ ကျန်တဲ့ စည်းရုံးရေးဗျူဟာ၊ နည်းနာ ဗျူဟာတို့ဆိုတဲ့ဟာအပေါ်မှာတော့ အရမ်းကြီးအလေးအနက်မထားဘူး၊ လက်တွေ့ကျင့်သုံး နေတာ သိပ်မမြင်ရဘူးလို့ပဲ ကျွန်တော်တို့ ပြောလို့ရနိုင်မယ်ပေါ့နော်။ ထိုက်သင့်သလောက် အတိုင်းအတာတစ်ခုထိ အားနည်းနေသေးတယ်လို့ ကျွန်တော်တို့ထင်တယ်။ သို့သော်လည်း ကျွန်တော်တို့က တော်လှန်ရေးဦးဆောင်တဲ့အဖွဲ့တွေကတော့ နိုင်ငံရေးရည်မှန်းချက် ပန်းတိုင် ဆီကို သွားတဲ့အခါမှာ တကယ့်ကို အရေးကြီးတဲ့ ဗျူဟာတိုင်းကတော့ ခေတ်အခြေအနေတွေ ပဲရှိရှိ၊ မြေပြင်မှာ အခြေအနေတွေကြုံနေပါစေ။ ဒီအတားအဆီးရန်သူကို အနိုင်ယူနိုင်ဖို့ဆိုရင် တော့ ဒါတွေက တကယ့်ကို စစ်ရေးဗျူဟာနဲ့အတူ တစ်ပြိုင်နက်တည်း ကျင့်သုံးလုပ်ဆောင် ရမယ့် မဟာဗျူဟာလို့တော့ ကျွန်တော်တို့ပြောချင်တယ်ပေါ့။ ဒါဟာ ကျွန်တော်တို့ အခုမှ မဟုတ်ပါဘူး။ ကမ္ဘာ့စစ်တပ်အသီးသီး ကျင့်သုံးတဲ့၊ ကျွန်တော်တို့မှ မဟုတ်ဘူး၊ ဟိုးတရုတ် ခေတ် ဟိုဟာ ဆွန်ဇူးခေတ်တွေက လမ်းညွှန်ထားတဲ့ အချက်တွေဖြစ်ပါတယ်။ ဒါ ခေတ်တိုင်း မှာ မှန်နေတဲ့ တကယ့်ကို အခြေခံအကျဆုံးနည်းလမ်းနည်းတွေထဲမှာ ပါတယ်ဆိုတဲ့ဟာ ပြောချင်ပါတယ် ဆရာ။ ဟုတ်ကဲ့။
ဆလိုင်း ဒိုခါရ် – ဆရာအနေနဲ့ အခုလက်ရှိ ကျွန်တော်တို့ တော်လှန်ရေး လေးနှစ်၊ ငါးနှစ်တာ အရွေ့ကို ကျေနပ်အားရမှုရှိလား။ ဒီထက် ပိုကောင်းအောင် ရွေ့စေချင်တဲ့ဟာမျိုးလေးတွေ ရှိလား။ အဲ့ဒီအပေါ်မှာ ဆွေးနွေးသုံးသပ်ပေးပါဦးခင်ဗျ။
ဆရာနောင်ရိုး – တော်လှန်ရေးတစ်ခုလုံး ဒီလေးနှစ်ခွဲရဲ့ ပြောင်းလဲလာနိုင်တဲ့အရွေ့မှာ ကျွန်တော်တို့ ကျေနပ်စရာလားဆိုရင်တော့ အများကြီးကျေနပ်စရာဟာလို့ ကျွန်တော်တို့ ပြောလို့ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစု ပြည်သူတွေဟာ စစ်ကောင်စီတပ်ကို ပြန်လည်တွန်းလှန်ဖို့၊ တိုက်ခိုက်ချေမှုန်းနိုင်ဖို့ စိတ်ဓာတ်တစ်ခုတည်းနဲ့ စခဲ့ကြပေမဲ့ ဒီကနေ့ကျွန်တော်တို့ အများကြီးပြောင်းလဲသွားပြီ ပေါ့နော်။ အနောက်ဘက် ချင်းပြည်ကနေပြီးတော့ ကချင်ကနေပြီးတော့ တောင်ပိုင်း ကော့သောင်းအထိ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အများကြီးဖြစ်လာခဲ့ပြီ၊ အများကြီးပြောင်းလဲလာခဲ့ပြီ။ ကျေနပ်အားရစရာရလဒ်ပါ။ ဒီလေးနှစ်ခွဲအတွင်းမှာ အများကြီး ပြောင်းလဲလာနိုင်ခဲ့တယ်ပေါ့နော်။ သို့ပေမဲ့လို့ ရောက်သင့်သလောက် ရောက်ခဲ့ရဲ့လား ဆိုတဲ့ဟာအပေါ်မှာတော့ ကျွန်တော်တို့ပြန်ဆင်ခြင်သုံးသပ်ရမယ်ဆိုရင်တော့ ဒီထက်အများ ကြီး ပိုရောက်ခဲ့သင့်တဲ့အနေအထားတွေ ကျွန်တော်တို့ ကြုံခဲ့ဖူးပါတယ်။ ဒီစစ်ကောင်စီ တပ်ဟာ အများကြီး weak point ဖြစ်သွားခဲ့တဲ့အနေအထားတွေ၊ အခွင့်အလမ်းတွေ အများကြီး ဖမ်းဆုပ်ဖို့ ရခဲ့တဲ့ အနေအထားတွေ ကြုံခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီဟာတွေတော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအပေါ်မှာ အထူးသဖြင့် NUG အပါအဝင်မှာတော့ တချို့အခွင့်အရေးတွေကို မဖမ်းဆုပ်နိုင်ခဲ့တဲ့၊ ရသင့်သလောက် အရွေ့မရရမယ့် ဟာမျိုးတွေ မှာတော့ အားနည်းချက်တွေလည်း ရှိခဲ့တယ်လို့ ကျွန်တော်တို့နားလည်တယ်ပေါ့။ ကျွန်တော် တို့ အခြေအနေတစ်ခုအထိ အများကြီးတိုးတက်လာခဲ့တယ်။ ကိုယ့် တစ်စုတစ်ဖွဲ့ တစ်နေရာ ချင်းစီမှာ တစ်စုတစ်ဖွဲ့အစုအဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်ကို ချိနဲ့အောင် ကျွန်တော်တို့ တိုက်ခိုက်နိုင်ခဲ့တယ်။ သို့သော် လမ်းများအားလုံး နေပြည်တော်ဆီသွားဖို့၊ တိုင်းပြည်ရဲ့ အပြောင်းအလဲတစ်ခုလုံးကို စစ်တပ်ကြီးတစ်ခုလုံးကို ဖြိုလှဲနိုင်တဲ့အထိ အနေအထားမျိုးဆိုရင် ကျွန်တော်တို့ အဲ့အနေအထားမရောက်သေးဘူးလို့ ကျွန်တော်တို့ပြောရမယ်။ တစ်စုတစ်ဖွဲ့ ချင်းစီပဲ ကျွန်တော်တို့က အားကောင်းနေကြတာ။ အစုအဖွဲ့ကြီးတစ်ခုအဖြစ် ကျွန်တော်တို့ အခုချိန်အထိ မပြောင်းလဲနိုင်ဘူးပေါ့နော်။ ဒါပေမဲ့ ပြောင်းလဲရမယ့်အနေအထားကို ရောက်နေပြီ။ စစ်တပ်ကို စစ်တပ်အတောအဖြစ် ဒုနဲ့ပြန်တိုက်ရတော့မယ့် အခြေအနေကို ရောက်နေပြီ။ အဲ့လိုမျိုးတိုက်တာနဲ့ စစ်တပ်က ပြိုလဲသွားနိုင်တယ်။ ဒါကို ရှမ်းမြောက်မှာ သက်သေပြခဲ့ပြီးပြီ၊ ရခိုင်မှာ သက်သေပြခဲ့ပြီးပြီ။ သို့သော် ကျွန်တော်တို့ ပြည်မပိုင်းတွေ၊ ကျန်တဲ့နေရာတွေမှာကျတော့ စစ်တပ်ကို အဲ့လိုဒုနဲ့တိုက်ရတော့မယ့် အချိန်အခါကို ရောက်လာပေမဲ့လို့ ဒုအဖြစ်ကျွန်တော်တို့ မပြောင်းလဲနိုင်ဘူး။ ကျွန်တော်တို့က အင်အား တွေကတော့ အရေအတွက်တွေ အများကြီးဖြစ်နေတယ်။ တပ်ပေါင်းအစုအဖွဲ့အဖြစ် ကျွန်တော်တို့ မပြောင်းလဲနိုင်ဘူး။ တစ်စုတစ်ဖွဲ့စီအနေနဲ့ပဲ ဖြစ်နေတယ်ပေါ့နော်။ ဒီအခြေ အနေကို ကျွန်တော်တို့ မဖမ်းဆုပ်နိုင်သေးဘူး။ ဒီလိုမျိုးအခြေအနေကို မဖမ်းဆုပ်နိုင်ဘူးဆိုရင် ရန်သူကို အဆုံးတိုင်အလဲဖြိုဖို့ဆိုတာ ကျွန်တော်တို့ အလွယ်တကူမဖြစ်နိုင်ဘူး။ ခက်ခဲနေ ဦးမယ်။ ကျွန်တော်တို့ ပန်းတိုင်ဆီသွားတာကို အများကြီး အဟန့်အတားအဆီးတွေ ရှိနိုင်သေး မယ်လို့ ကျွန်တော်တို့ထင်တယ်ပေါ့နော်။ အဲ့ကျတော့ ဒီနေရာမှာ ကျွန်တော်တို့ ဒီတော်လှန် ရေးဦးဆောင်တဲ့အဖွဲ့တွေမှာလည်း အတိုင်းအတာတစ်ခုအထိ လိုအပ်မယ်လို့ထင်တယ်။ ဒီအစုအဖွဲ့တွေကို ဦးဆောင်ဖို့ကြိုးစားတဲ့အခါမှာ ကောင်းမွန်တဲ့ ဦးဆောင်မှုအနေအထားတွေ လည်း ဖြစ်ဖို့လိုတယ်ပေါ့။ ဒါလည်း ဆရာခင်က မြေပြင်က တော်လှန်ရေး ခေါင်းဆောင်တွေ ပြောသလိုပေါ့နော်။ ဒီအချိန်မှာ ကျွန်တော်တို့က ပြည်သူ့ရဲ့ကိုယ်စားပြုမှုတင်မဟုတ်ဘူး၊ ခေါင်းဆောင်မှုနေရာနဲ့ ပြည့်ဝတဲ့၊ အရည်အချင်းထိုက်တန်တဲ့ခေါင်းဆောင်မှုလည်း ပြသနိုင်ဖို့ လိုလာတဲ့အချိန်ကို ရောက်ပြီ။ ဆိုလိုရင်းကတော့ တော်လှန်ရေးဦးဆောင်တဲ့ အဖွဲ့တွေမှာ လည်း စည်းရုံးရေးစွမ်းရည်၊ စုဖွဲ့မှုစွမ်းရည်၊ မဟာဗျူဟာချမှတ်နိုင်တဲ့ စွမ်းရည်တွေနဲ့ ပြည့်စုံတဲ့ ခေါင်းဆောင်တွေ ဖြစ်ဖို့လိုတယ်။ နောက်တစ်ခုက မြေပြင်က အဖွဲ့တွေ တစ်ဦးတစ်ဖွဲ့ချင်းက ဟာ ငါတို့တော်လှန်ရေးအစတုန်းကတော့ တစ်ဦးတစ်ဖွဲ့စီ တစ်နေရာစီမှာ အခြေအနေတွေ အရ စုဖွဲ့တည်ဆောက်တော်လှန်ခဲ့တာမှန်တယ်။ ဒါပေမဲ့ ငါတို့ဒီကနေ့စနစ်ကြီးတစ်ခုလုံးကို ပြောင်းချင်တာ စစ်တပ်ကြီးတစ်ခုလုံးကို ဖြိုလဲချင်တာဆိုရင် တစ်စုတစ်ဖွဲ့ချင်းတိုက်နေလို့ မရပါဘူး။ တစ်စုတစ်ဖွဲ့ချင်းတိုက်နေတယ်ဆိုရင်တော့ ကိုယ်ကျိုးစီးပွားရှေ့တန်းတင်မှုတွေ ဖြစ်သွားနိုင်ပါတယ်ပေါ့။ အဲ့ကျတော့ ငါတို့သည်ဒီစနစ်ပြောင်းဆီသွားရမှာ၊ ပြည်သူ့ရဲ့ လိုလားချက်ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ ပန်းတိုင်ဆီသွားမှာဆိုရင် အစုအဖွဲ့တွေအဖြစ် ပူးပေါင်းကြဖို့က အရေးကြီးတယ်။ ဒီနေရာမှာ နှစ်ခုလုံးပေါ့နော်။ တော်လှန်ရေးဦးဆောင် တွေမှာလည်း လိုအပ်တယ်။ မြေပြင်အဖွဲ့တွေမှာလည်း လိုအပ်တယ်။ အဲ့လိုပဲ တိုင်းရင်းသား ခေါင်းဆောင်တွေမှာလည်း လိုအပ်တယ်လို့ ကျွန်တော်မြင်တယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားတွေလွတ်မြောက်နေရုံနဲ့ သူတို့အနာဂတ်က မလွတ်မြောက်နိုင်သေးပါဘူး။ စစ်တပ်ဟာ အားကောင်းလာတဲ့တစ်နေ့ ချင်းလည်းမရှောင်ပါဘူး။ ရခိုင်လည်းမရှောင်ပါဘူး။ ဘယ်သူမှမရှောင်ပါဘူး။ နောက်ဆုံး ဝတောင် သူအားကောင်းလာရင် ဝတောင်ရှောင်မှာ မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ အားမကောင်းနေသေးလို့ လွှတ်ပေးထားတာပေါ့။ အဲ့ကျတော့ ပြည်မမှာ တိုင်းရင်းသားတွေရဲ့နဲ့ တန်းတူအခွင့်အရေးကို လွတ်လပ်ပေးမဲ့ လိုက်ခံပေးမဲ့ ပြည်မကမဟာမိတ်တွေ၊ ကိုယ့်မဟာမိတ်တော်လှန်ရေးရဲဘော်တွေက ပြည်မမှာ အပြောင်း အလဲမဖော်ဆောင်နိုင်မချင်းနဲ့ ဘယ်တိုင်းရင်းသားတွေမှာလည်း လုံခြုံမှုက အနာဂတ် အာမခံချက်မရှိဘူး။ ဆိုလိုရင်းကတော့ တိုင်းရင်းသားတွေချည်းပဲ၊ EROချည်းပဲ တိုက်ခိုက် လို့လည်း အနာဂတ်က မသေချာဘူး။ ပြည်မက ဗမာတိုင်းရင်းသားခေါင်းဆောင်တွေ ချည်းပဲလည်း မဟုတ်ဘဲနဲ့ အားလုံးစုဖွဲ့နိုင်တဲ့ အနေအထားတစ်ခုပေါ့ဗျာ။ ကျွန်တော်တို့ လိုလားချက်တွေ တစ်စုတစ်ဖွဲ့ချင်းရဲ့ လိုလားချက်တွေကြားထဲမှာ ပြည့်ဆိုတာတော့ ဖက်ဒရယ်ကြီးကော ဖက်ဒရယ်လည်း အကုန်ဖြစ်ချင်မှဖြစ်မယ်။ ဖက်ဒရယ်ကြီးပါလား။ ကျွန်တော်တို့ ကိုယ့်လိုလားချက်ကိုယ်စီရှိတယ်။ ဒီအပေါ်မှာပဲ တည်ဆောက်နိုင်တဲ့ ဘုံအကျိုး စီးပွားအခြေခံအပေါ်မှာ လက်တွဲနိုင်မှသာလျှင် စစ်အာဏာရှင်စနစ်ကို အလုံးစုံဖယ်ရှား နိုင်မယ်။ ဒါမှသာလျှင် ကျွန်တော်တို့တိုင်းရင်းသားညီအစ်ကိုတွေ အားလုံးလိုအပ်တဲ့ အနာဂတ်ကို စိတ်ချလက်ချ တစ်ဆင့်ချင်းတည်ဆောက်သွားလို့ရနိုင်မယ်လို့ ကျွန်တော်လည်း မြင်တယ်ပေါ့နော်။ ဒါလေးလည်း သတင်းစကားပါရင်းနဲ့ ဆွေးနွေးချင်ပါတယ် အစ်ကို။ ဟုတ်ကဲ့။
ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် ဆရာနောင်ရိုးရေ။
ဆရာနောင်ရိုး – ဟုတ်ကဲ့ပါ အစ်ကို။