မေးမြန်းသူ- RAIN, Program Host

ဖြေဆိုသူ- ဖတ်ဖတ် (တာဝန်ခံ-၁)၊ SSNDF/KNDF ဗျူဟာအမှတ်(၉) ဘဏ္ဍာရှာဖွေရေး

 

မေးမြန်းသူ – အားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affairs Program ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကျွန်မတို့ ကရင်နီပြည်က ထောက်ပို့ရဲဘော်တစ်ဦးဖြစ်တဲ့ ဆရာဖက်ဖက်နဲ့ ကျွန်မတို့ အင်တာဗျူးအစီအစဉ်ကို ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်ရှင်။ မင်္ဂလာပါ ဖက်ဖက်ရေ။

 

ဖြေကြားသူ – ဟုတ်ကဲ့ပါဗျာ။ မင်္ဂလာပါ။ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ ဆရာမ။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့ ကျွန်မတို့ The Kaladan Post မှာ လာရောက်ပြီးတော့ အချိန်ပေးတဲ့အတွက် အရင်ဦးဆုံးအနေနဲ့ ကျေးဇူးတင်တယ်ကြောင်း ပြောကြားလိုပါတယ်။ ဆိုတော့ ပထမဦးဆုံးအနေနဲ့ ဖက်ဖက်ရဲ့ နာမည်ရယ်၊ ပြီးတော့ လက်ရှိတာဝန်ယူနေတဲ့ အဖွဲ့အစည်းနဲ့ ရာထူးလေးတွေကို အရင်ဆုံး မိဘပြည်သူတွေကို မိတ်ဆက်ပေးပါဦးရှင့်။

 

ဖြေကြားသူ – ဪ ဟုတ်ကဲ့ဗျ။ ကျွန်တော့်ရဲ့ နာမည်ကတော့ ဖက်ဖက်ပေါ့နော်။ ဒီ ရဲဘော်မုတ်ဖက်လို့လည်းခေါ်တယ်။ ကောင်မလေးတွေကတော့ အစ်ကိုဖက်လို့ခေါ်ရောပေါ့။ ဒီကျွန်တော်က လက်ရှိက ဒီ SSNDA / KNDF ရဲ့ ဗျူဟာအမှတ်(၉)မှာ ဘဏ္ဍာရှာဖွေရေး တာဝန်ခံ(၁)အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်ဗျ။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့ နောက်တစ်ခုအနေနဲ့ ရဲဘော်အနေနဲ့ပေါ့နော်၊ ဒီ သာမန်အရပ်သား လူငယ်ဘဝကနေပြီးတော့မှ တော်လှန်ရေးရဲဘော်တစ်ဦးအနေနဲ့ လောလောဆယ် အထူးသဖြင့် ဗျူဟာအမှတ်(၉)ရဲ့ ဘဏ္ဍာရှာဖွေရေးလိုမျိုး အရေးကြီးတဲ့ တာဝန်တွေကို မိမိဆန္ဒအလျောက် ရွေးချယ်ထမ်းဆောင်ဖို့အတွက် ရဲဘော်အနေနဲ့ ဘယ်လိုခံစားချက်တွေ၊ ဘယ်လိုအဖြစ်အပျက်တွေက အဓိကတွန်းအားပေးခဲ့တယ်ဆိုတာ လေးကိုလည်း မျှဝေပေးပါဦးရှင့်။

 

ဖြေကြားသူ – ဒီနေ့က ပေါ့နော် ကျွန်တော် အိမ်က စထွက်လာတာပေါ့နော်။ တောထဲမရောက်ခင် အိမ်က စပြီးတော့ တောထဲသွားမယ်ဆိုပြီး ထွက်လာတာ သုံးနှစ်ပြည့်တဲ့နေ့ပေါ့နော် ဒီနေ့ကတော့။ ဒါ ဒီလိုညနေဆိုရင် အဲ့ဒါ ကျွန်တော် တောထဲသွားဖို့ ဟို တောထဲသွားဖို့ဆိုပြီး လမ်းတစ်ဝက်ကို ရောက်နေတဲ့နေ့ပေါ့နော်။ ကျွန်တော် တောထဲဝင်ဖို့ ကျွန်တော် အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ပြီးတော့ ဒီတော်လှန်ရေးတပ်ဖွဲ့တွေ ပေါ့နော် အများကြီးနဲ့လည်း ကျွန်တော် ချိတ်ဆက်တယ်။ ပြီးဆို ကရင် DKBA တို့၊ ပြီးဆို KNDF တို့၊ ပြီးဆို PDF ပေါ့နော်။ ကျွန်တော် အညာတွေ အဲ့လိုမျိုး ကျွန်တော် အစုံပဲ ကျွန်တော် သွားပြီးတော့ ဒီတော်လှန်ရေးထဲ ပေါ့နော် ဝင်ရောက်ဖို့အတွက် ကျွန်တော် အများကြီးကို ချိတ်ဆက်ခဲ့တယ်ပေါ့။ နော် အဆင်တော့မပြေဘူး။ ပြေတော့လည်း ကျွန်တော် ဒီ ရှမ်းတောင် တပ်ရင်းတစ်ဖွဲ့တစ်ခုနဲ့ ကျွန်တော် အဆင်ပြေတယ်။ ကျွန်တော် တောထဲရောက်လာခဲ့တယ်။ ကျွန်တော်ရဲ့ အဓိကက ဘာလဲဆိုတော့ ကျွန်တော် တောထဲမလာခင်မှာပေါ့၊ ဒီ ၂၀၂၁ အာဏာသိမ်းပြီးထဲက ဒီ မိုးဗြဲဖက်ကုန်းဘက်မှာဆိုရင် ကရင်နီပတ်မှာပေါ့နော်၊ သူတို့တွေ တာဝါတိုင်တွေ ဖြိုနေပြီ။ ပြီးရင် ရဲစခန်းတွေဘာတွေ ဝင်ပစ်နေကြပြီပေါ့။ အဲ့ဒီလိုမျိုးဟာတွေ ကျွန်တော် အများကြီးမြင်ရတယ်။ တိုက်ပွဲသေးသေးလေးတွေလည်း ကျွန်တော်တို့ အများကြီးမြင်တွေ့ခဲ့ရပြီပေါ့နော်။ ပြီးပြီဆိုရင် တခြား ကျွန်တော် ချိတ်ဆက်တဲ့ကြားထဲမှာ အကြောင်းမျိုးကြောင့် ကျွန်တော် မလာနိုင်ခဲ့ဘူး။ အဲ့လိုပဲ ဒီ ပထမဦးဆုံး ကြိုးပေးတဲ့ ပေါ့နော် ကိုဖြိုးဇေယျာသော်တို့၊ ကိုဂျင်မီတို့လေ လေးယောက်ပေါ့နော်။ အဲ့နေ့ ကြိုးပေးတဲ့အချိန်ဆို ကျွန်တော် ရန်ကုန်မှာ ရှိနေခဲ့တာပေါ့နော်။ စိတ်ကလည်း တစ်မျိုးကြီးဖြစ်သွားတယ်ဗျာ သိရဲ့မလား။ အဲ့လိုမျိုး ကြိုးပေးလိုက်ပြီ ဘာညာဆိုတော့ အား မဖြစ်ဘူး၊ ဒါ ငါတို့ ဒီတော်လှန်ရေးက ငါတို့ကိုယ်တိုင်၊ ငါတို့လူငယ်တွေ လက်တွေ့ဝင်ပါဝင်မှရမယ်။ အဲ့ဒါတွေပေါ့နော်၊ ဒီအတွက်လည်း ကျွန်တော်တို့ အများကြီးပြန်ပြီးတော့ ကြိုးစားရမယ်။ ဒါကြောင့်လည်း မပေးဆပ်သင့်ဘဲ ပေးဆပ်ခဲ့ရတဲ့ အသက်တွေလေနော်။ အဲ့ဒီအတွက် ကျွန်တော်တို့ ပိုပြီးကြိုးစားရမယ်ဆိုတဲ့ ခံယူချက်တွေ၊ ပြီးပြီဆိုရင် ကျွန်တော်တို့ ပထမတော့ ခံစားချက်တွေပေါ့နော်။ မကျေနပ်တဲ့ ခံစားချက်တွေကနေပြီးတော့ ကျွန်တော်တို့ ခံယူချက်တွေအဖြစ် ပြောင်းလဲပြီးတော့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တာဖြစ်ပါ တယ်ဗျ။ တွန်းအားပေးတာကတော့ ဒီအာဏာရှင်စနစ်ဆိုးတွေကြောင့်ပါပဲ။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ၊ ဆိုတော့ နောက်တစ်ခုအနေနဲ့ ဘဏ္ဍာငွေဟာဆိုလို့ရှိရင် ဒီတော်လှန်ရေးရဲ့ အသက်သွေးကြောလို့ ပြောရမှာပေါ့နော်။ ဆိုတော့ ဘဏ္ဍာရှာဖွေရေး တာဝန်ခံတစ်ယောက်အနေနဲ့ ပြည်တွင်းပြည်ပက ပြည်သူတွေရဲ့ ထည့်ဝင်လှူဒါန်းငွေတွေကို ဒီစစ်မြေပြင်မှာ အမှန်တကယ်လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေ၊ ဆေးဝါး၊ စားနပ်ရိက္ခာ တွေအဖြစ်နဲ့ အချိန်မီ ဖြည့်ဆည်းပေးနိုင်ဖို့ကို ဆိုလို့ရှိရင် ဘယ်လိုမျိုး စီမံခန့်ခွဲရပါသလဲရှင့်။ ဒီလုပ်ငန်းစဉ်မှာပေါ့နော်၊ ဖက်ဖက်အနေနဲ့ ကြုံတွေ့ရတဲ့ အကြီးမားဆုံးအခက်အခဲတွေ ဆိုရင်ရော ဘာတွေဖြစ်မလဲ။

 

ဖြေကြားသူ – ဘဏ္ဍာရှာဖွေတဲ့သူတစ်ယောက်အတွက်က အရမ်းအရေးကြီးတယ်ဗျာ။ လုပ်ငန်းစဉ်ထဲမှာပေါ့နော် ဘဏ္ဍာငွေကိုင်တဲ့သူနဲ့ ရှာတဲ့သူက အရမ်းကိုအန္တရာယ်များတယ် ပေါ့နော်။ အမှားမခံတဲ့ လုပ်ငန်းတစ်ခုပေါ့ဗျာ။ အဲ့လုပ်ငန်းတစ်ခုမှာဆို ကျွန်တော်တို့က ဒီ ပြည်တွင်းပြည်ပက ထောက်ပံ့လာတဲ့ မိဘပြည်သူတွေရဲ့ ဟာကို ကျွန်တော်တို့ သေသေချာချာ အရမ်းစီစစ်ရပါတယ်။ ဘယ်အကောင့်ထဲကို ဝင်သွားရလဲ၊ ပြီးဆို ကျွန်တော်တို့ တစ်ပြားတစ်ချက်မှ အမှားယွင်းမခံလို့မရဘူးပေါ့နော်။ ဒီရှေ့တန်းနဲ့ နောက်တန်းမှာ ကျွန်တော်တို့ ဒီ ကဏ္ဍတွေအများကြီး ခွဲရတယ်ပေါ့။ အဲ့အချိန်မှာဆိုရင် ဟို လိုအပ်ချက်တွေကများနေပြီးတော့ ကျွန်တော်တို့ဝင်လာတဲ့ငွေတွေမပြည့်ဘူးဆိုရင် ငါ ဘယ်နေရာကငွေတွေကို ကျွန်တော်တို့ ဘယ်လိုယူသုံးရမလဲ၊ လှည့်သုံးရမလဲ၊ ပြီးဆို ဘယ်လိုပြန်ဖြစ်ရမလဲ။ ခဲယမ်းတွေကို ကျွန်တော်တို့ ဘယ်လိုစုဆောင်းရမလဲ။ ပြီးဆို အဓိက ကျွန်တော်တို့ တိုက်ပွဲတွေမှာဆို ရဲဘော်တွေဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့အချိန်မှာရော သူတို့ရဲ့လိုအပ်ချက်တွေကို ငါတို့ဘယ်လိုမျိုးအကောင်းဆုံး ဖြည့်ဆည်းပေးကြမလဲ။ ဒီဘက်က ဆေးရုံဆေးခန်းတွေက ဆေးဝါးတွေကို အခမဲ့ကုသပေးတယ်။ ဒီရဲဘော်တွေ နောက်တန်း ပြန်ရောက်လာပြီဆိုရင်တော့ ကျွန်တော်တို့အနေနဲ့က ဒီကျန်းမာရေးစောင့်ရှောက်မှုတွေ ပြန်ပေးရတာရှိတယ်။ ကျွန်တော်တို့မှာ အကဏ္ဍတွေ အများကြီးအများကြီးခွဲရတာပေါ့နော်။ ကျွန်တော်တို့ ဒီ လိုင်းပိုင်လိုင်းတွေပြန်ဆွဲ၊ ဆွဲပြီးပြီဆိုရင် ဘယ်ကဏ္ဍတွေမှာ ဘယ်လောက်သုံးမလဲဆိုတာကိုပေါ့နော်၊ ကျွန်တော်တို့ သေချာစီမံရပါတယ်ဗျ။ အခက်အခဲ တွေက ဘာတွေရှိမလဲဆိုတော့ ကျွန်တော်တို့ပေါ့ ဒီစိတ်အရမ်းပူလာတဲ့အခါ၊ ခဲယမ်းအရမ်းလိုလာတဲ့အခါ ကျွန်တော်တို့ ထောက်ပံ့ငွေတွေက ယုတ်လျော့နည်းလာပြီဆိုရင် ကျွန်တော်တို့မှာပေါ့နော်၊ အဲ့ဒီအချိန်ကာလကတော့ ကျွန်တော်တို့ အခက်အခဲဆုံးကာလလို့ ပြောလို့ရပါတယ်ဗျ။ စဉ်းစားဆုံးဖြတ်ရတဲ့ဟာပေါ့နော်။ ဘယ် ဟို လိုင်းတိုင်းက အရမ်းအရေးကြီးနေတာဗျာ ဆရာမ။ အဲ့လိုမျိုး အရေး အရမ်းအရေးကြီးနေတဲ့ အချိန်တွေမှာ ဘယ်ကဏ္ဍကဟာတွေကို ကျွန်တော်တို့ ဟိုဟာပဲ ယူသွားရမလား၊ ဒီဟာပဲ ပြီးရင် ငါတို့ ယူသုံးပြီးရင်ရော ဘယ်လိုပြန်ဖြည့်ကြမလဲဆိုတဲ့ ဟာတွေ ဟို အဓိက ခဲယမ်းလိုအပ်ချက် တွေမှာ ကျွန်တော်တို့ တော်တော်ခေါင်းပူအောင် စဉ်းစားရပါတယ်ဗျ။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့ ပြည်သူလူထုရဲ့ ချွေးနည်းစာနဲ့ လှူဒါန်းထားတဲ့ ဒီရန်ပုံငွေ တွေအပေါ်မှာ ပြည်သူ့ယုံကြည်မှုက အင်မတန်မှပဲ အရေးကြီးပါတယ်ပေါ့နော်။ ဆိုတော့ ဒီရန်ပုံငွေတိုင်းကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အကျိုးအရှိဆုံးဖြစ်အောင် သုံးစွဲနိုင်ဖို့ဆိုလို့ရှိရင် ဘယ်လိုမူဝါဒတွေ၊ ဘယ်လိုမျိုးစနစ်တွေနဲ့ ထိန်းကျောင်းထားပါသလဲရှင့်။ ဒီရဲဘော်တို့ရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့ မိဘပြည်သူတွေကို အာမခံချက် ဘယ်လိုမျိုး ပေးနိုင်မလဲရှင့်။

 

ဖြေကြားသူ – ဟုတ်ကဲ့ဗျာ။ ဒီကျွန်တော်တို့ပေါ့နော် ပြည်တွင်းပြည်ပက တော်လှန်ထောက်ပံ့ ငွေတွေပေါ့နော်။ ကျွန်တော်တို့ကို ဒီ ရန်ပုံငွေထောက်ပံ့ပေးတယ်။ ပြီးပြီဆိုရင် ဘယ်လို မျိုးရှိလဲဆိုတော့ ကျွန်တော်တို့က တစ်ခုလုပ်မယ်ဆိုရင် ကျွန်တော်တို့ လိုင်းဘိုင်လိုင်းနဲ့ အရင်ဆွဲတယ်ပေါ့။ လိုင်းဘိုင်လိုင်းတွေ အရင်ဆွဲပြီးရင် ဘယ်ကဏ္ဍတွေမှာ ငါတို့က ဘယ်လောက်သုံးကြမယ်၊ စစ်ရေးမှာ ဘယ်လောက်ရာခိုင်နှုန်းသုံးမယ်၊ နောက်တန်းရိက္ခာ အတွက် ဘယ်လောက်သုံးမယ်၊ ပြီးဆို ကျွန်တော်တို့ ထောက်ပို့တို့၊ ရေးတို့ အဲ့လိုမျိုး အပိုင်းအပိုင်းပိုင်းတွေမှာပေါ့နော်၊ ကျွန်တော်တို့ ဘယ်လိုမျိုးသုံးကြမလဲဆိုတာ ကျွန်တော်တို့ ပြန်ခွဲဝေကြတယ်ပေါ့။ ရတဲ့အပေါ်မှာ မူတည်ပြီးတော့ စစ်ရေးအသုံးစရိတ်ကိုတော့ ကျွန်တော်တို့ အများဆုံးအသုံးပြုပေးတယ်ပေါ့နော်။ ပြီးပြီဆိုရင် ကျွန်တော်တို့ ဒီ တပ်တည်တပ်ဆောက်တွေကလည်း ကျွန်တော်တို့က အမြဲတမ်းလိုအပ်နေပါတယ်ပေါ့။ အဲ့ဒီကဏ္ဍတွေမှာ ကျွန်တော်တို့ သုံးစွဲဖြစ်ပါတယ်။ ပြီးပြီဆို ကျွန်တော်တို့အနေနဲ့ ဘာအာမခံချက်ပေးနိုင်လဲဆိုတော့ ကျွန်တော်တို့မှာ စာရင်းဇယားတွေရှိတယ်ပေါ့နော်။ ကျွန်တော်ဆိုရင် ကျွန်တော် စပြီးတော့ တာဝန်ယူခဲ့တဲ့ အချိန်ပေါ့၊ ဘဏ္ဍာရှာဖွေရေးကို စပြီးတာဝန်ယူခဲ့တဲ့ အချိန်တွေက စပြီးတော့ စာရင်းတွေကို ကျွန်တော်တို့ ကြိုက်တဲ့အချိန်မေး ပေါ့နော်။ အဖွဲ့အစည်းအနေနဲ့သော်လည်းကောင်း၊ တစ်ဦးတစ်ယောက်အနေနဲ့သော် လည်းကောင်း၊ ကျွန်တော်တို့ စစ်လို့ရတယ်ပေါ့နော်။ ကျွန်တော်တို့မှာ စာရင်းဇယားတွေ အတိအကျတွေရှိပါတယ်ဗျ။ ကျွန်တော်တို့ အဓိကသုံးစွဲတဲ့ကဏ္ဍအလိုက်ဆိုရင်တော့ ကျွန်တော်တို့မှာ စာရင်းတွေအတိအကျရှိပါတယ်။ အဲ့ဒါ ကျွန်တော်တို့ စစ်မယ်ဆိုရင်ပေါ့နော် အချိန်ပေးပြီးစစ်မယ်ဆိုရင် ကျွန်တော်တို့မှာ အချိန်မရွေးလာစစ်လို့ရပါတယ်ဗျ။ ပြည်သူတွေ ကို ပွင့်လင်းမြင်သာမှုရှိအောင် ကျွန်တော်တို့ ဒီတချို့အခါကြတော့ ရန်သူတွေရဲ့ အခြေအနေ ပေါ်မူတည်ပြီး ကျွန်တော်တို့ချမပြတာရှိတယ်။ ဒါပေမဲ့ တစ်ဦးတစ်ယောက်အနေနဲ့ပေါ့နော်၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ လာစစ်မယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ စစ်ခွင့်ရှိပါတယ်ဗျ။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့ ဒီရန်ပုံငွေအင်အား အတိုးအလျော့က ဒီစစ်ရေးစီမံချက် တွေ၊ တိုက်ပွဲတွေရဲ့ အရှိန်အဟုန်အပေါ်မှာ ဘယ်လောက်ထိ တိုက်ရိုက်သက်ရောက် မှုရှိတယ်လို့ ဖက်ဖက်အနေနဲ့ ထင်လဲပေါ့နော်။ ဥပမာအားဖြင့်ဆိုလို့ရှိရင် ရန်ပုံငွေပြည့်စုံတဲ့ အခါနဲ့ ဒီအကျပ်အတည်းဖြစ်နေတဲ့အခါမှာ ရဲဘော်တွေရဲ့ စိတ်ဓာတ်၊ စစ်အင်အား၊ စစ်ဆင်ရေးတွေ ဘယ်လိုမျိုးကွာခြားသွားနိုင်လဲရှင့်။

 

ဖြေကြားသူ – ဒီအခုအချိန်နဲ့ ပြောရမယ်ဆိုရင်တော့ ဒါ ရန်ပုံငွေအတိုးအလျော့က အရမ်းကိုများပြားတဲ့အချိန်ပေါ့နော်။ အလျော့တွေက ပိုများလာတယ်ပေါ့။ အရင်တုန်းက တိုးခဲ့တဲ့အချိန်တုန်းက ကျွန်တော်တို့ ဒီခဲယမ်းဈေးကလည်း သက်သာတယ်၊ ခဲယမ်းဝယ် မလားပေါ့။ တခြားဘာတွေဝယ်ကြမလဲ၊ ကားတွေဝယ်ကြမလား၊ ကျွန်တော်တို့ စစ်ရေး အတွက် ကြိုစုဖြစ်တယ်ပေါ့နော်။ စုဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ ကုန်ဈေးနှုန်းတွေကလည်း သက်သာတဲ့အတွက် ကျွန်တော်တို့ အများကြီး တိုက်ပွဲတွေအတွက် ကျွန်တော်တို့ အလုပ်ပေးနိုင်တယ်ပေါ့နော်။ အခုနောက်ပိုင်းကျတော့ ကုန်ဈေးနှုန်းကလည်း တဖြည်းဖြည်း ပိုပြီးမြင့်တက်လာတယ်။ မြင့်တက်လာတဲ့အပြင်မှာမှ ကျွန်တော်တို့အနေနဲ့ ဒီဘဏ္ဍာ ဟို ဝင်လာတဲ့အခြေအနေကလည်း လျော့နည်းသွားတဲ့အချိန်ပေါ့နော်။ အဲ့အချိန်မှာဆိုရင်တော့ ဒီစစ်ရေးကိုတော့ ဘယ်လိုပြောမလဲဆိုတော့ ၇၅ ရာခိုင်နှုန်းလောက်ကတော့ ဒါတော့ ပတ်သက်မှုရှိတယ်လို့ ကျွန်တော်မြင်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီခဲယမ်းတွေက ဈေးနှုန်းတွေက တက်လာတယ်၊ ငွေကိုချက်ချင်းမပေးနိုင်တဲ့အတွက် တချို့ခဲယမ်းတွေဆိုရင် ငါ မရတဲ့ဟာတွေရှိတယ်ပေါ့နော်။ အခုအချိန်တွေမှာဆိုရင် ခဲယမ်းဆိုလည်း ဈေးကြီးနဲ့ ပေးဝယ်နေရတာရှိတယ်ပေါ့။ ကျွန်တော်တို့ ဒီငွေရှိမှပဲ ကျွန်တော်တို့ စခန်းသိမ်းနိုင်တဲ့ ပုံစံမျိုးဖြစ်နေတာပေါ့နော်။ ကျွန်တော်တို့ ထောက်ပံ့များများရှိမှ ကျွန်တော်တို့မှာ စခန်းတစ်ခု သိမ်းတဲ့အခါမျိုးဆိုလည်း ကျွန်တော်တို့မှာ အရန်ပစ္စည်းတွေ အများကြီးရှိနေဦးမှပေါ့နော်။ အဲ့အချိန်မှာဆိုရင် ကျွန်တော်တို့ ပစ္စည်းဆုံးရှုံးမှုတွေကလည်း များတယ်ပေါ့။ ဥပမာ ကားလည်းပျက်တာပဲ၊ ခဲယမ်းဆိုလည်း ဒါ ကုန်သွားတာပဲပေါ့။ ဥပမာ လက်နက်က အဖတ်တင်ပြီးကျန်နေမယ်ဆိုရင် ကျွန်တော်တို့ ဒီကျည်တွေပေါ့၊ ကျည်တွေဆိုရင် ဒါ သုံးပြုလိုက်တာနဲ့ ဒါ ပြန်မရတဲ့ပစ္စည်းတစ်ခုပေါ့။ လက်နက်ဝယ်မယ်ဆိုရင်တော့ လက်နက်တွေ ကကျန်မယ်။ ပြီးပြီဆိုရင် ဒရုန်းတို့၊ ဘုံကျည်တို့ကျတော့ ကျွန်တော်တို့က ဝယ်ပြီးတော့ ဒါ အဖတ်မတင်တဲ့အရာတွေပေါ့။ ဘာလို့ဆိုတော့ တိုက်ပွဲတွေမှာ ဒါ အသုံးပြုလိုက်တဲ့အရာတွေဆိုရင်တော့ ကျည်တွေရှိပါတယ်။ အတိုးအလျော့ကလည်း ကျွန်တော်တို့ ဘဏ္ဍာစီမံတဲ့အချိန်တွေမှာ သက်ရောက်မှုရှိတယ်ပေါ့နော်။ ဘဏ္ဍာအတိုး အလျော့တွေက။ ရန်ပုံငွေက ဒီပေါ့ ကျပ်တည်းလာတဲ့အခါမှာဆိုရင် ကျွန်တော်တို့ စစ်နဲ့ပတ်သက်ရင်တော့ ထိခိုက်ပါတယ်ပေါ့။ ကျွန်တော်တို့ အမြဲပြောနေကြတာ ဒုတိယ ဘုရားသခင်ဆိုပြီး ကျွန်တော်တို့က အမြဲတမ်း ဘန်းစကားအနေနဲ့ ပြောနေကြတာပေါ့နော်။ အဲ့လိုပုံစံမျိုးပဲ သက်ရောက်နေပြီဗျ။ ကျွန်တော်ထင်ခဲ့တာလည်း တော်လှန်ရေးမှာ ငွေကအဲ့လောက်ထိ အရေးမပါခဲ့ဘူးပေါ့နော်။ ကျွန်တော် ဟို စထင်ခဲ့တာပေါ့နော်။ ဒါပေမဲ့ တကယ်တော့မဟုတ်ဘူးဗျာ။ ငွေဟာလည်း ဒါ သွယ်ဝိုက်ပြီးမဟုတ်ဘူး၊ တိုက်ရိုက်ကြီးကို ပတ်သက်နေတယ်။ဪ ဒီငွေရှိမှ စစ်တိုက်၊ တချို့ဆို စစ်ကိုအကြွေးနဲ့တိုက်နေတဲ့ ကဏ္ဍတွေအထိတောင် ဖြစ်လာတယ်ပေါ့နော်။ အဲ့ဒါတွေဪ ဒီငွေကတော်တော် အရေးကြီးပါလားပေါ့။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့ ကရင်နီပြည်နယ်အတွင်းမှာ KNDF နဲ့အတူ တော်လှန်ရေးတပ်ပေါင်းစုအဖြစ်နဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ မဟာမိတ်အဖွဲ့အစည်းတွေ အများကြီးရှိတယ်ပေါ့နော်။ ဆိုတော့ သူတို့နဲ့အတူ ရန်ပုံငွေအရင်းအမြစ်ခွဲဝေသုံးစွဲမှုအပိုင်းမှာ ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်မှုတွေရှိလဲရှင့်။ ဒီဘဏ္ဍာရေးဆိုင်ရာညီညွတ်မှုကရော ဟို စစ်ရေးညီညွတ်မှုအတွက် ဘယ်လောက်ထိအရေးပါပါသလဲ။’

 

ဖြေကြားသူ – တခြားတပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ပေါ့နော်၊ ဒီကမ်ပိန်းတွေကို ပူးတွဲပြီးတော့ ရှာကြတာတော့ရှိပါတယ်။ ဟိုးအရင်တုန်းကတော့ ကျွန်တော်တို့ ဒီ တစ်ကရင်နီလုံးပေါ့နော်၊ ကရင်နီတစ်ခါးပေါ့။ အဲ့အချိန်မှာတော့ ကျွန်တော်တို့ တပ်ရင်းတစ်ဖွဲ့နဲ့ ပူးပေါင်းပြီးရှာတယ်။ ရှာတဲ့ရတဲ့အကျိုးအမြတ်တွေကို ကျွန်တော်တို့ ဒီပေါ့ ဘယ်အတွက်၊ ဘယ်အတွက် ဘာပစ္စည်းတွေဝယ်ကြမယ်ဆိုပြီးတော့ ဒါ ပူးပေါင်းပြီးရှာတဲ့အဖွဲ့တွေရှိတယ်ပေါ့နော်။ အခုအချိန်တွေမှာတော့ ၂၀၂၅ မှာတော့ ဒီတခြားတပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်နေတဲ့ ဖက်တို့အနေနဲ့ကျတော့ တွဲတော့မလုပ်ဖူးသေးဘူးပေါ့နော် အဲ့ကဏ္ဍအတွက်။ ဖက်လည်း မှန်းထားပါတယ်။ ဘယ်လိုမျိုးမှန်းထားလဲဆိုတော့ ကိုယ့်အဖွဲ့အစည်းတစ်ခုတည်းမဟုတ်ဘဲနဲ့ တပ်ရင်းတပ်ဖွဲ့တွေ အကုန်လုံးပေါင်းပြီးတော့ပေါ့နော် သုံးဖွဲ့လား၊ ငါးဖွဲ့လား ပေါင်းပြီးတော့ ဒီ project တစ်ခုတည်၊ တည်ပြီးတော့ ကျွန်တော်တို့ ဒီ ရည်ရွယ်ချက်တစ်ခုအတွက်ပေါ့နော်၊ စုချင်တာမျိုးတော့ရှိပါတယ်ဗျ။ ပြီးပြီဆိုရင် ဒါလည်း ထိရောက်မှုတစ်ခုရှိပါတယ်။ ကျွန်တော်တို့ ကိုယ့်တပ်ရင်း၊ ကိုယ့်တပ်ဖွဲ့တည်းရှာတာမဟုတ်ဘဲနဲ့ ဒါ လိုအပ်ချက်ကတော့ ရင်းတိုင်းရင်းတိုင်းမှာ၊ အဖွဲ့အစည်းအဖွဲ့အစည်းတိုင်းမှာရှိတဲ့အတွက် ဒါ ဒါတွေကလည်း ဒါ ဘုံကမ်ပိန်းသဘောမျိုးနဲ့၊ ဘုံ project တစ်ခုမျိုးနဲ့တည်ပြီးတော့ သွားမယ်ဆိုရင်တော့ ဒါ စစ်ရေးအရွေ့မှာလည်း ဒါ ကျွန်တော်တို့အတွက် အများကြီးအထောက်အကူပြုတယ်ပေါ့နော်။ ကျွန်တော်တို့အနေနဲ့ ဒီ ခဲယမ်းအနေနဲ့လည်း ကျွန်တော်တို့ စုပြီးဝယ်မယ်ဆိုရင်တောင်မှ ဒါ ပိုပြီးတော့ စုစည်းပြီးသွားမယ်လို့တော့ ထင်ပါတယ်ဗျ။

 

မေးမြန်းသူ – ဆိုတော့ ဒီတော်လှန်ရေးမှာ အမျိုးသမီးတွေနဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍက အရင်အချိန်တွေထက် ထူးခြားပြီးတော့မှ အားကောင်းလာတာကိုတွေ့ရတယ်ပေါ့နော်။ ဆိုတော့ ဟို ဖက်ဖက်တို့ ဗျူဟာ(၉)အတွင်းမှာကော အမျိုးသမီးရဲမေတွေဟာ ဒီဘဏ္ဍာရေး၊ ပြီးတော့ ဒီထောက်ပံ့ပေါ့နော်၊ စီမံခန့်ခွဲမှုနဲ့ တိုက်ပွဲဝင်တဲ့ကဏ္ဍတွေမှာကော ဘယ်လိုမျိုး ပါဝင်နေကြတာမျိုးရှိလဲ။ သူတို့ရဲ့ ပါဝင်မှုတွေကော တော်လှန်ရေးကို ဘယ်လိုမျိုး အားသာချက်တွေယူဆောင်လာပေးတယ်လို့ ဖက်ဖက်အနေနဲ့ ဟို သုံးသပ်ပါလဲရှင့်။

 

ဖြေကြားသူ – ဟုတ်ကဲ့ဗျာ။ ဒီကျွန်တော်တို့ ဒီကဏ္ဍတွေမှာပေါ့နော် ကျွန်တော်တို့က ကျားမမခွဲခြားဘူး။ ပြီးပြီဆိုရင် LGBT ပေါ့နော်၊ ဒီအဖွဲ့တွေပေါ့၊ အဲ့ဒါတွေလည်း ကျွန်တော်တို့မှာရှိတယ်ပေါ့နော်။ သက်ဆိုင်ရာတာဝန်အလိုက်ပေါ့ ဥပမာ ပြီးပြီဆိုရင် ရုံးပိုင်းလည်း တာဝန်ထမ်းဆောင်တဲ့ရဲမေရှိတယ်။ ပြီးဆို တိုက်ခိုက်ရေးမဟုတ်ပေမဲ့ ဆေးပိုင်းကဏ္ဍတွေမှာ အများဆုံးပါဝင်နေတယ်။ တချို့သူလည်း ယောက်ျားလေးတွေနဲ့ တန်းတူလုပ်နိုင်တဲ့ အမျိုးသမီးတွေလည်း အများကြီးရှိတယ်ဗျ။ ဒီတော်လှန်ရေးကလည်း ဒီလူငယ်တွေကလည်း အရမ်းအားကောင်းလာတယ်ဆိုတာ ကျွန်တော်တို့က ကိုယ့်ရဲ့ လွတ်လပ်ခွင့်ကို ကိုယ်လိုချင်ကြတယ်။ ကျွန်တော်တို့လွတ်လပ်ခွင့်ဆိုတာ စည်းပျက် ကမ်းပျက်လွတ်လပ်ခွင့်မျိုးတော့မဟုတ်ဘူးပေါ့နော်။ အဲ့အတွက် ကျွန်တော်တို့ တိုက်ယူကြ တယ်။ အခုက ကျွန်တော်တို့က ဆိုရှယ်ခေတ်မှာ ကျွန်တော်တို့က သူများနိုင်ငံက ဒီလိုလုပ်ခွင့်ရရင် ငါတို့နိုင်ငံက ဘာလို့လုပ်ခွင့်မရတာလဲ။ သူများတွေက ဒီအခွင့်အရေးရှိရင် ငါတို့ကဘာလို့အခွင့်အရေးမရှိရတာလဲ။ ကျွန်တော်တို့က အဲ့ဒါတွေနဲ့ သိမြင်ရတယ်ပေါ့နော်။ အဲ့အတွက် ကျွန်တော်တို့က ဒီ တော်လှန်ရေးမှာလည်း လူငယ်တွေ ပူးပေါင်းပါဝင်လာ မိတယ်လို့ ကျွန်တော့်အနေနဲ့မြင်တယ်ပေါ့နော်။ ကျွန်တော်လည်း ဒီလိုမျိုးပဲ ဒါတွေကို မြင်တွေ့ခဲ့ရပြီးတော့ ကျွန်တော်လည်း ဒီလိုမျိုး ဒီတော်လှန်ရေးထဲရောက်လာတဲ့ လူငယ်တစ်ယောက်ပါပဲပေါ့နော်။ ကျွန်တော်တို့ ဘဏ္ဍာရေးအဖွဲ့မှာလည်း ဒါ အမျိုးသမီး ရဲမေရှိပါတယ်။ သူ့အနေနဲ့ဆိုလည်း အများကြီးလုပ်နိုင်တယ်ဗျာ။ ကျွန်တော်တို့ ဒီ ဘဏ္ဍာရေး ထောက်ပံ့ပိုင်းမှာ သူ့အနေနဲ့ ကျွန်တော့်ထက်တောင် အများကြီးအများကြီး ချိတ်ဆက်ကောင်း ကောင်းနဲ့ သူ အများကြီးစွမ်းဆောင်နိုင်တယ်ပေါ့နော်။ အဲ့လိုမျိုးတွေလည်းရှိတယ်။ ပြီးပြီဆို ရုံးပိုင်းမှာလည်း ထက်မြက်မြက်အမျိုးသမီးတွေအများကြီးရှိတယ်။ ဆေးဝါးပိုင်းမှာတွေရော၊ ဒါ ရှေ့တန်းအထိတောင် မကြောက်မရွံ့တက်ဆွဲတဲ့ အမျိုးသမီးရဲဘော်တွေလည်း အများကြီး ရှိတယ်ဗျ။

 

မေးမြန်းသူ – ဆိုတော့ ဒီစစ်မြေပြင်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ဒီနောက်ကွယ်ကနေ စစ်ဘေးရှောင်ပြည်သူတွေအပါအဝင် တနိုင်ငံလုံးက ပြည်သူလူထုရဲ့ အားပေးထောက်ပံ့မှုနဲ့ သူတို့ရဲ့ပေးပို့တဲ့ သတင်းစကားတွေ၊ အားပေးစကားတွေက ဟို ဖက်ဖက်တို့လိုမျိုး ရဲဘော်တွေရဲ့ စိတ်ဓာတ်ခွန်အားတွေကိုရော ဘယ်လိုမျိုးပြန်လည် ပြီးတော့မှ ဖြည့်တင်းပေးတယ်လို့ထင်လဲပေါ့နော်။ ဟို ပြည်သူတွေကိုရော ဘယ်လိုမျိုး ကျေးဇူးတင်စကားမျိုးပြောချင်လဲရှင့်။

 

ဖြေကြားသူ – ဪ ဟုတ်ကဲ့ဗျ။ ဒီကျွန်တော်တို့ စစ်မြေပြင်မှာပေါ့နော် အခက်အခဲ တွေကတော့ အများကြီးရှိတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဒီစိတ်ဓာတ်ယိုင်နဲ့ ကျွန်တော်တို့ တစ်ခါတလေ ပြန်လာတယ်ပေါ့နော်။ အဲ့လိုမျိုးပြန်လာပြီဆိုပေမဲ့ ကျွန်တော်တို့က စစ်ကြောင်းတစ်ခုသွားလိုက်၊ဪ ဒီစစ်ကြောင်းမှာ ကလေးတွေ၊ အနာဂတ်တွေ၊ ကျောင်းတွေအများကြီးရှိတယ်ဗျာ။ အဲ့ဒီကျောင်းတွေ၊ စစ်ရှောင်စခန်းတွေ ကျွန်တော်တို့ အများကြီးရောက်သွားခဲ့တယ်၊ တွေ့သွားခဲ့တယ်ဆိုတော့မှ ကျွန်တော်တို့အနေနဲ့ အား ကျွန်တော်တို့ ဒီလိုမျိုးကဏ္ဍတွေမှာ သူတို့ကိုတွေ့မြင်ရတဲ့အတွက် ငါတို့ဘယ်လိုမျိုးလုပ် ပေးရမလဲ၊ သူတို့ထက်ငါတို့အများကြီးပိုပြီးကြိုးစားပေးရမယ်၊ ငါတို့ဒီစစ်နိုင်မှ သူတို့ရဲ့အိမ် တွေ၊ အိုးအိမ်တွေ ကျွန်တော်တို့ ဟို အရင်အတိုင်းပြန်ပြီးတော့ ထူထောင်ပေးနိုင်မယ်။ သူတို့ရဲ့မြို့တွေကို ကျွန်တော်တို့ ပြန်ပေးနိုင်မယ်။ သူတို့မြို့တွေကို သူတို့ပြန်ရောက်မှလည်း သူတို့ရဲ့လုပ်ကိုင်စားသောက်နိုင်မယ်ပေါ့နော်။ အရင်တုန်းက သူတို့ပျော်ပျော်ရွှင်ရွှင် ပြန်နေနိုင်မယ်။ အဲ့ဒါတွေကို ကျွန်တော်တို့က ပြန်တွေးရင်းတွေးရင်းနဲ့ ကျွန်တော်တို့ လုပ်စရာရှိတာကိုပေါ့ ကျွန်တော်တို့နော် ဆက်လုပ်ဖို့အတွက် ခွန်အားလည်းရပါတယ်ဗျ။ ပြီးပြီဆိုရင် ဒီပြည်သူတွေကပေါ့နော်၊ ဒီမြို့မှာနေတဲ့ တချို့ဆို ဘယ်လိုပြောမလဲဆိုတော့ စစ်ကားဘယ်နှစ်စီးဖြတ်သွားပြီ၊ ဘယ်လောက်တက်လာတယ်၊ ဘယ်လိုဘယ်လိုတွေရှိတယ်၊ သူတို့အင်အားတွေနဲ့ ဘယ်နေရာမှာ ဘယ်လိုမျိုးနေကြတယ်ဆိုတာ သူတို့သတင်းစကားတွေ ကလည်း ကျွန်တော်တို့အတွက်ပေါ့နော် ခွန်အားဖြစ်တယ်ပေါ့။ဪ သူတို့ ဒီရန်သူဘက်က ငါတို့ဘက်ကိုတက်လာတော့မယ်။ တက်လာတော့မယ်ဆိုပေမဲ့ ဒီပြည်သူတွေက ကျွန်တော် တို့ ပို့ပေးတဲ့သတင်းကြောင့် ကျွန်တော်တို့က ကြိုတင်ပြင်ဆင်ခွင့်ရတဲ့ တချို့ကဏ္ဍ တွေရှိတယ်ပေါ့နော်။ အဲ့ဒီလိုမျိုးကြောင့် ကျွန်တော်တို့ရဲ့ ရဲဘော်တွေအတွက်လည်း ခွန်အားဖြစ်တယ်ပေါ့။ ဒါ အထိအခိုက်အဆုံးအရှုံးမှု ဒါ အနည်းဆုံးကို ဒါ ပြည်သူတွေက ပူးပေါင်းပေးနေတာပေါ့နော်။ အဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ပြီးပြီဆို ပြည်သူတွေ ကလည်း ကျွန်တော်တို့ ပြည်တွင်းမှာကော၊ ပြည်ပမှာကော ထောက်ပို့ပြည်သူတွေကလည်း ကျွန်တော်တို့ အခုအချိန်အထိကို ကျွန်တော်တို့ပေါ့နော် အားသွန်ခွန်စိုက်နဲ့ ထောက်ပံ့ပေး နေတာတွေရှိတယ်ပေါ့။ အဲ့ဒီအတွက်ကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ခွန်အားတွေလည်း ရတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ ကျွန်တော်တို့အနေနဲ့ ဘာပြောချင်လဲဆိုတော့ ကိုင်းကျိုးမှီ၊ ကျွန်းကိုင်းမှီ၊ ကျွန်တော်တို့က ခွေးလိုပေါ့နော် ဘယ်လိုပြောမလဲ တပ်မတော် သာအမိ၊ တပ်မတော်သာအဖမဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့က ပြည်သူသာအမိ၊ ပြည်သူသာအဖဆိုပြီး ကျွန်တော်တို့က ကြွေးကြော်ခဲ့တယ်ပေါ့နော်။ အခုအချိန်အထိလည်း ကျွန်တော်တို့ ဒီပြည်သူသာအမိ၊ ပြည်သူသာအဖပဲပေါ့။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့က ကျွန်တော်လက်ဆောင်ပြန်ပေးချင်တာပေါ့နော်။ သူတို့မြို့၊ သူတို့ရွာတွေကို ကျွန်တော်တို့ အနေနဲ့ လက်ဆောင်ပြန်ပေးချင်တယ်။ ကျေးဇူးတင်စကားကတော့ ကျွန်တော်တို့ ပြည်သူ ထောက်ခံမှုမရှိရင် ကျွန်တော်တို့တော်လှန်ရေးက ဒါ ရပ်တန့်သွားမှာကျိန်းသေတယ်။ ဒါလည်း တော်လှန်ရေးအသိုင်းအဝိုင်းအကုန်လုံးက နားလည်ကြတယ်ပေါ့နော်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့က ပြည်သူတွေရဲ့ချစ်ခြင်းကိုပဲ လိုချင်ပါတယ် ကျွန်တော်တို့အနေနဲ့က။ ပြီးပြီဆိုရင် ကျွန်တော်တို့က ပြည်သူတွေရဲ့ မြို့တွေရွာတွေကို ကျွန်တော်တို့အောင်မြင်မှုတွေ၊ ကျွန်တော်တို့ လက်ဆောင်ပြန်ပေးချင်ပါတယ်ဗျ။ အခုအချိန်အထိ ကျွန်တော်တို့ဘက်မှာ ရပ်တည်ချက်ခိုင်ခိုင်မာမာနဲ့ ကျွန်တော်တို့ စိတ်မယိုင်မလဲသွားဘဲ ရပ်တည်ပေးနေတဲ့ အတွက်လည်း ပြည်သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပင်တင်ရှိပါတယ်ဗျ။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့ ဒီပြည်သူ့လှူဒါန်းငွေအပေါ်မှာပဲ မှီခိုမနေဘဲနဲ့ ဒီကရင်နီ ပြည်နယ်အတွင်းမှာ တော်လှန်ရေးအတွက် ရေရှည်ရပ်တည်နိုင်မယ့် ဒီကိုယ်ထူကိုယ်ထ စီးပွားရေးလုပ်ငန်းတွေ ဖော်ဆောင်နိုင်ဖို့ အစီအစဉ်တွေ၊ စိတ်ကူးတွေရော ဖက်ဖက်အနေနဲ့ ရှိလားရှင့်။

 

ဖြေကြားသူ – ဟို ရှိပါတယ်ဗျ။ ဘယ်လိုမျိုးဆိုတော့ ကျွန်တော်တို့ပေါ့နော်၊ ဒီကာလက ကျွန်တော်တို့ပေါ့နော် ဘယ်လိုအခြေအနေမျိုးလဲဆိုတော့ ပြည်သူတွေလည်းပေါ့နော် အရမ်းကျပ်တည်းလာတဲ့ ကာလတစ်ခုပေါ့။ အဓိကတော့ ကုန်ဈေးနှုန်းတွေတက်တယ်။ အခုဆို ဒါ ရေကြီးသွားပြီဗျ ဆရာမ။ ရေကြီးတဲ့အချိန်ကာလရောက်နေတဲ့အတွက် ဒါ သူတို့ရဲ့ အိုးအိမ်တွေ၊ ကျောင်းတွေ သူတို့ပြေးရတယ်။ ပြီးပြီဆို စစ်တွေကြောင့် စစ်တန်ရှောင်ရ တယ်ပေါ့။ ဘာလို့ဆိုတော့ ဒီစစ်ကလည်း ကျွန်တော်တို့က ကျယ်ပြန့်လာတယ်ပေါ့နော်။ အဲ့အတွက် ကျွန်တော်တို့ ထောက်ပံ့ငွေတွေက ဒါ လျော့သထက်လျော့လာတယ်။ အဲ့အတွက် ကျွန်တော်တို့အနေနဲ့ ရေရှည်တပ်တွေအနေနဲ့ ကျွန်တော်တို့ ဒီနောက်တန်းမှာ စားဖို့ လောက်ကတော့ ကျွန်တော်တို့အနေနဲ့ လုပ်ငန်းတွေလုပ်ချင်တယ်ပေါ့နော်။ လုပ်ငန်းဆိုတာ ကျွန်တော်တို့ ဘယ်လိုမျိုးလဲဆိုတော့ တစ်နိုင်တစ်ပိုင်ပေါ့။ လုပ်ငန်းတွေတော့ ကျွန်တော်တို့ လုပ်ဖို့ရည်ရွယ်ထားတာရှိပါတယ်။ အဲ့လုပ်ငန်းတွေလည်း ကျွန်တော်တို့ ကြိုးစားနေပါ တယ်ဗျ။ ဟုတ်ကဲ့။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့ ကမ္ဘာ့အသိုင်းအဝိုင်းကနေပြီးတော့ စစ်ကောင်စီရဲ့ ရန်ပုံငွေနဲ့ ဒီလက်နက်စီးဆင်းမှုကို ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့အချိန်မှာ တော်လှန်ရေးအင်အားစု တွေအတွက်ကျတော့ရော ထိရောက်တဲ့အကူအညီတွေ ရောက်မလာသေးဘူးပေါ့နော်။ ဆိုတော့ ရဲဘော်အနေနဲ့ ဒီနိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေကို ဘာတွေ လက်တွေ့ ကျကျလုပ်ဆောင်ပေးဖို့ တောင်းဆိုချင်ပါလဲရှင့်။

 

ဖြေကြားသူ – ဟုတ်ကဲ့ပါ။ စိုးပဲ၊ စိတ်ကူးထဲကပဲ စိုးရိမ်မနေနဲ့ပေါ့နော်။ တံခါးပိတ်လိုက်၊ တံခါးဖွင့်လိုက်၊ စိုးရိမ်လိုက်ဆိုရင် ဒါကတကယ်တော့ မြေပြင်မှာအလုပ်မဖြစ်ဘူးဗျာ။ အဲ့အတွက်ကြောင့် ကျွန်တော်တို့ပေါ့နော်၊ စစ်ကောင်စီနဲ့ မဆက်သွယ်ဘဲနဲ့ ကျွန်တော်တို့ ပေါ့နော်၊ ကျွန်တော်တို့ဘက်ကို ဘာတွေပေးနိုင်မလဲပေါ့ အကူအညီ၊ ဆေးဝါးလား၊ စစ်ရှောင် ကဏ္ဍလား၊ အဲ့လိုမျိုးပေါ့ အဓိက ပေးလို့ရတဲ့ကဏ္ဍတွေကိုဗျာ ပေးပေးဖို့ပေါ့နော် ကျွန်တော် တို့အနေနဲ့ တောင်းဆိုချင်ပါတယ်။ ထိရောက်တဲ့အကူအညီတွေတော့ လိုချင်ပါတယ်ဗျ။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဒီတော်လှန်ရေးအောင်ပွဲပြီးတဲ့အခါမှာ Federal Democracy နိုင်ငံတော်သစ်တည်ဆောက်တဲ့အခါမှာပေါ့နော်၊ ရဲဘော်တစ်ဦးအနေနဲ့ ကိုယ်တိုင်ကရော ဘယ်ကဏ္ဍကနေပြီးတော့မှ ဆက်လက်ပါဝင်တည်ဆောက်သွားချင်တာမျိုးရှိလဲပေါ့နော်။ ကိုယ်ပိုင်ဘဝအတွက်ရော ဒီတည်ဆောက်ချင်တဲ့နိုင်ငံတော်သစ်အတွက်ရော ဘယ်လို အိပ်မက်တွေ ရှိလဲဆိုတာလေးလည်း ပြောပြပေးပါဦးရှင့်။

 

ဖြေကြားသူ – အရင်တုန်းကဗျာ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေက ပွင့်လင်းပြောရင် ဗမာဆိုမုန်းကြတယ်ဗျာ။ ဘာလို့သူတို့မုန်းလဲဆိုတော့ စစ်တပ်ကြောင့် သူတို့မုန်းကြတယ်။ အဲ့လိုမျိုး စစ်တပ်ကြောင့် သူတို့မုန်းတယ်။ စစ်တပ်ကလည်း သိရဲ့မလား၊ ဗမာစစ်တပ်လာ ပြီဆို တချို့ရွာတွေဆို ပြေးတဲ့ကဏ္ဍတွေတောင်ရှိတယ်ပေါ့နော်။ အဲ့လိုမျိုးကျတော့ အခုအချိန် မှာ ကျွန်တော်တို့က အဲ့အကြွေးကို ကျွန်တော်တို့ ပြန်ပေးဆပ်နေတယ်ပေါ့။ ဘာလို့လဲဆိုတော့ ဗမာတိုင်းရင်းသားဆိုတာကလည်း ဒီကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ တစ်သွေးတစ်သားတည်းဖြစ်ကြောင်းပေါ့နော်။ ဒါ ကျွန်တော်တို့ ပြန်ပေးပြီးတော့ ရင်းနှီးမှု၊ ယုံကြည်မှုတွေတစ်ခု ပြန်တည်ဆောက်နေတယ်။ ဒီစစ်ကြီးပြီးသွားခဲ့ရင်ဆိုရင်ပေါ့နော်၊ ကျွန်တော့်အနေနဲ့ ဘယ်လိုကဏ္ဍကပါဝင်လဲဆိုတော့ ပြန်လည်ထူထောင်ရေးကဏ္ဍတွေမှာ ပြန်ပြီးတော့ ဆက်လက်ပါဝင်ချင်သေးတယ်ပေါ့။ အဲ့အချိန်မှာတော့ ဟို လက်နက်လည်း မကိုင်ချင်တော့ဘူးပေါ့နော် ကျွန်တော်တို့။ အဲ့လိုမျိုး ကိုယ်နိုင်တဲ့ကဏ္ဍတွေနဲ့ ဝင်ပါမယ်။ ပြီးပြီဆိုရင် ကျွန်တော်ကတော့ အေးအေးဆေးဆေးလေး ဈေးလေးပြန်ရောင်းမှာပေါ့နော်။ ကျွန်တော်ဖြစ်ချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဆိုတဲ့ အိပ်မက်ကိုလည်း ကျွန်တော်အကောင် အထည်ဖော်မှာပေါ့နော်။ ဟို စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့ အိပ်မက်က ၂၅ မှာ အသက် အငယ်ဆုံးနဲ့ အောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ရမယ်ဆိုပြီးတော့ ကိုယ်ကတွက် ထားတာ သိရဲ့မလား။ အား ဟုတ်ပြီ ဟုတ်ပြီ။ ဒါပေမဲ့ တကယ်တမ်းကျတော့လည်း မဖြစ်မလာဘူးပေါ့နော်။ ဖြစ်မလာဘူးဆိုပေမဲ့ ဒါပေမဲ့ ဟို ဖြစ်ခွင့်ရသေးတယ်ဆိုရင်တော့ အလုပ်လေးတော့ ပြန်ကြိုးစားချင်တယ်ပေါ့။ ပြီးပြီဆိုရင် အိမ်မှာပဲ အေးအေးဆေးဆေးလေးနဲ့ ဈေးရောင်းချင်ပါတယ်လို့။ ဒီအခုအချိန်အတိုင်းပဲ အားတက်သရော၊ ဒီထက်ပိုပြီးတော့ အဆပေါင်းများစွာ ကိုယ်ပါဝင်လို့ရတဲ့ကဏ္ဍတွေမှာ ပါဝင်ပါ့မယ်လို့။ ပြီးပြီဆိုရင်လည်း ဒီကျွန်တော်သွားချင်တာကတော့ လူမျိုးမခွဲခြားဘဲနဲ့ ကျွန်တော်တို့ အကုန်လုံးပေါ့။ ဒါလည်း ငါ့လူမျိုး၊ ဟိုဥစ္စာလည်း ငါ့လူမျိုးပေါ့နော်။ တစ်သွေးတစ်သားတည်းသွားတဲ့ဟာမျိုးကို လိုချင်ပါတယ်ဗျ။

 

မေးမြန်းသူ – ဒီနောက်ဆုံးအနေနဲ့ပေါ့နော်၊ ဒီတော်လှန်ရေးကို အဆုံးအဖြတ်ကာလရောက်နေ ပြီလို့ ယုံကြည်ကြတဲ့ ပြည်သူလူထုကိုရော၊ ဒီအကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးနဲ့ အနည်းငယ်အဆက်ပြတ်နေတဲ့သူတွေကိုရောပေါ့နော်၊ ဒီအင်တာဗျူးကနေတစ်ဆင့် အမှာ စကား၊ မျှော်လင့်ချက်နဲ့ ဒီယုံကြည်ချက်စကားတွေကိုလည်း မျှဝေပေးပါဦးရှင့်။

 

ဖြေကြားသူ – ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ကတော့ ဟိုပေါ့၊ အချိန်တိုင်းအချိန်တိုင်း ကျွန်တော်တို့ ကြိုးစားနေတယ်ပေါ့နော်။ ပြီးပြီဆို ကျွန်တော်တို့အနေနဲ့ ဟို ဖောက်ပြန်ပြီးတော့ ခွေးနဲ့လည်း သွားပေါင်းမှာမဟုတ်ဘူးပေါ့နော် သိတယ်မလား။ ကျွန်တော်တို့ ခံယူချက်ပေါ့နော်။ ကျွန်တော် တို့က သစ္စာအဓိဋ္ဌာန်မှာ ပေါ့ ပါပြီးသားလေ။ အာဏာရှင်နဲ့ အာဏာရှင်အမွေခံသမျှကို ကျွန်တော်တို့က အပြီးတိုင်တွန်းလှန်သွားမယ်ဆိုတဲ့ ပါပြီးသားပေါ့။ ကျွန်တော်တို့က အဲ့လိုမျိုး အဆုံးထိသွားမယ်။ ပြီးပြီဆိုရင် ဒီတော်လှန်ရေးက အောင်မြင်ခါနီးလေ ကျွန်တော်တို့ သွေးထိုးလှုံ့ဆော်မှုတွေက အများကြီးနဲ့ အများကြီး အများကြီး အများကြီး ပိုကြုံရလေပဲ ပေါ့နော်။ အဲ့ဒီလိုမျိုးအခက်အခဲတွေကို ကျွန်တော်တို့ အတူတူရင်ဆိုင်ကြမယ်။ ပြီးပြီဆိုရင် ဒီရန်သူကလည်း သူက ရွေးကောက်ပွဲတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ သူကလုပ်လာမှာပဲ။ အဲ့ဒါကိုလည်း ကျွန်တော်တို့က နားမယောင်ဘဲနဲ့ ကျွန်တော်တို့ ဆက်လက်ပြီးတော့ အရင်သွားခဲ့တဲ့အတိုင်းပဲ သွားမယ်။ ပြီးရင် အကြောင်းမျိုးကြောင့်မို့လို့ တော်လှန်ရေးနဲ့ အဆက်ပြတ်နေတဲ့သူတွေကိုလည်း ဟို ဘယ်လိုလဲ မုဆိုးမလေးမကင်းက ပေါ့နော် အပိုင်းငါးကျော်လောက်ကို ဟို ပြီးခဲ့တဲ့နီးလောက်မှာ မကြည့်ဘဲနဲ့လို့မထင်ဘဲနဲ့ပေါ့နော်၊ အရင်တုန်းကဟာတွေရော ပြန်ပြီးတော့ စဉ်းစားမှုနဲ့ တွေးတောပြီးတော့ ကျွန်တော်တို့ အခုအချိန်မှာ အဖွဲ့အစည်းတိုင်းကတော့ အမှားနဲ့မကင်းဘူးပေါ့နော်။ အဲ့လိုမျိုးကျတော့ တချို့ဟာတွေဆို ကောင်းတဲ့သတင်းကျတော့ အပြင်မထွက်ဘူးဗျာ။ အဲ့လိုမျိုး မကောင်းတဲ့ သတင်းကျတော့ အပြင်ထွက်တယ်လေ။ အဲ့လိုမျိုးကဏ္ဍတွေမှာဆိုလည်း အရှေ့အနောက်နဲ့ ဆက်စပ်ပြီးတော့ တွေးတောသုံးသပ်ပေးပါလို့ ကျွန်တော်ကတော့ အဲ့ဒါပဲပြောချင်ပါတယ်။ ပြီးပြီဆိုရင် အခုအချိန်မှာဆိုရင် ခွေးတွေက သူတို့ ရွေးကောက်ပွဲလုပ်ဖို့အတွက် သူတို့မြို့ တွေပြန်သိမ်းလာတယ်။ ဟို လူသားဒိုင်းကာတွေလုပ်ပြီး ပြန်သိမ်းလာတယ်။ စစ်မှုထမ်းတွေ ကို အခုဆိုရင် ရှေ့လထဲကထွက်လာတာပေါ့နော်။ အသက်ပြည့်ပြီးတဲ့သူတိုင်း ပျက်ကွက်မရှိ နှစ်နှစ်တာဝန်ထမ်းဆောင်ရမယ်။ အရင်တုန်းက သူက မဲဖောက်တယ်။ အခုမဲမဖောက် တော့ဘူး။ ပျက်ကွက်မရှိ တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး သူက စာတွေထုတ်လာကြပြီ။ အဲ့လိုမျိုးဆိုရင်ကော ကျွန်တော်တို့အနေနဲ့ တော်လှန်ရေးထဲတော့ ငါမသွားချင်ဘူး၊ ငါအဖမ်းခံမှ လက်နက်ကိုင်ပြီးတော့ ပြန်တိုက်မယ်ဆိုတာ ဒါ စကားသပ်သပ်ပဲ ဖြစ်တယ်ပေါ့နော်။ ဒါ စိတ်ကူးယဉ်သပ်သပ်ပဲဖြစ်တယ်ပေါ့။ ဒါတကယ်လက်တွေ့မှာ ဟို ဖြစ်လာနိုင်တာ ၁၀၀ ရာခိုင်နှုန်းမှာ 5% တောင်မရှိဘူးပေါ့နော်။ ၅ ရာခိုင်နှုန်းတောင်မရှိတဲ့ ဒါ စိတ်ကူးယဉ်သပ်သပ်ပဲတစ်ခုဖြစ်ပါတယ်ဗျ။ အဲ့ဒီလိုမျိုး ဟို လူငယ်တွေ အခုဆိုရင် ကျွန်တော်တို့ တွေ့ခဲ့တဲ့တိုက်ပွဲတွေမှာဆိုရင် လူငယ်တွေ အလွန်အကျွံ စတေးခံရတယ်။ သူတို့မြို့တစ်မြို့၊ ရွာတစ်မြို့ကိုရဖို့ သူတို့နှစ်တွေ နှစ်ပေါက်အောင်တိုက်တယ်။ နှစ်ပေါက် ခါနီးအထိကို ရာသီတွေ နှစ်မျိုးသုံးမျိုးပြောင်းသွားတဲ့အထိကို သူတို့တိုက်တာ။ လူငယ်တွေကို ထိုးကျွေးတယ်။ ခုနက လူငယ်ချင်းပြန်တိုက်နေတဲ့အတွက် ကိုယ့်သားသမီးတွေရဲ့ အနာဂတ်တွေ၊ အသက်တွေကို နှမြောတယ်ဆိုရင် စစ်မှုထမ်းပါမှ လိုက်သွားရမယ်၊ သင်တန်း တက်ပြီးမှ ထွက်ပြေးမယ်ဆိုတာ မဖြစ်နိုင်တဲ့ဟာအတွက် ကျွန်တော်တို့ အိပ်မက်မမက်ဘဲနဲ့ ကိုယ့်မိသားစုတွေ ပြန်တွေ့ချင်တယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေနဲ့ ဒီကိုပူးပေါင်းပြီး အပ်ပေးပါ။ ကိုယ်တိုင်ပဲ လိုက်အပ်တာပဲဖြစ်ဖြစ်၊ ပြီးပြီဆိုရင် ဒီ ဟို တကယ်လုပ်နေတဲ့ ကိုင်နေတဲ့အဖွဲ့အစည်းတွေဆီကို ဆက်သွယ်ပြီးတော့ သွားဝင်ရောက်ပေး ဖို့တောင်းဆိုပါတယ်။ ကျွန်တော်တို့ကတော့ ဒီတော်လှန်ရေးကိုပေါ့နော်၊ နိုင်မယ်ထင်လို့ ကျွန်တော်တို့ တိုက်ခဲ့တာမဟုတ်ဘူးပေါ့နော်၊ ဝင်ရောက်ခဲ့တာလည်းမဟုတ်ဘူး။ နိုင်ကို နိုင်မယ်ဆိုတဲ့စိတ်တွေနဲ့ ကျွန်တော်တို့ ဝင်ရောက်ခဲ့တာပေါ့။ ကျွန်တော်တို့ တစ်မြို့နယ် လောက် ပြန်ပါသွားတဲ့ဟာကိုပေါ့နော်၊ ကျွန်တော်တို့ အကြောင်းအမျိုးမျိုးကြောင့်ဗျာ မြေပြင်မှာ အကြောင်းအမျိုးမျိုးကြောင့် ပြန်ပြီးတော့ တစ်မြို့နယ်လောက် ဆုတ်ပေး လိုက်ရတယ်။ အဲ့ဒါကို အရမ်းကြီးပေါ့နော်၊ ကျွန်တော်တို့ စိတ်ထဲမှာ တော်လှန်ရေးက ကျရှုံးသွားပြီလားဆိုတဲ့ဟာကြီးကို မတွေးစေချင်ဘူးပေါ့။ အဲ့ဒီမှာ မတွေးဘဲနဲ့ အရင်ထက် ငါတို့ပိုကြိုးစားကြမယ်၊ ပိုပြီးတော့ ငါတို့အလုပ်တွေလုပ်ကြမယ်ဆိုပြီးတော့ တွေးတောစေ ချင်ပါတယ်ဗျ။ ပြည်သူတွေအနေနဲ့လည်း ရဲဘော်တွေဘက်ကပေါ့နော်၊ ရှောင်ပေးပါလို့ ပြောပြီဆိုရင် ကျွန်တော်တို့ ဟို ခေါင်းမမာပါနဲ့ပေါ့နော်။ အတွေးတွေမများပါနဲ့ပေါ့။ ရှောင်ပေးပါပေါ့။ ဒါလည်း တော်လှန်ရေးအတွက်ကို ကူညီရာရောက်ပါတယ်။ ဘာလို့ဆိုတော့ ငါတို့ဘက်ကိုတော့ ရောက်မလာနိုင်ပါဘူးလေလို့ တွေးပြီးတော့ မရှောင်ခဲ့တဲ့ဟာကလည်း ခရီးတစ်ခုမှာ အနှောင့်အယှက်တွေအများကြီးဖြစ်ပါတယ်ဗျ။ ပြည်သူတွေကို ကျွန်တော်တို့ အပြစ်ပုံချနေတာမဟုတ်ဘူးပေါ့နော်။ ဘယ်လိုဆိုတော့ ရှောင်ရှားသင့်တာပေါ့နော်၊ လိုက်နာစေချင်တာပါဗျ။ ကျွန်တော်လည်း အရှေ့မှာလည်း ကြုံခဲ့တယ်ဆိုတဲ့အတွက် ကြောင့်ပေါ့နော်။ ရှောင်ဆိုတာနဲ့ ရှောင်ပေးပါ။ ကျွန်တော်တို့ ဒီဘက်မှာ အလုပ်တွေက ကျွန်တော်တို့ လုပ်စရာလေးရှိတယ်ပေါ့နော်။ အဲ့ဒီအတွက် ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပေးပါလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ဟို အမှားတွေတော့ ပါသွားမှာတော့ အရမ်းကြောက်တယ်ပေါ့နော်။ ဖြေနေရင်းနဲ့ သားကြီးတို့ ဆက်ဆက်တုန်နေလို့။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ The Kaladan Post ကိုလာရောက်ပြီး အချိန်ပေးတဲ့အတွက် ဖက်ဖက်ကို အများကြီးကျေးဇူးတင်ပါတယ်ရှင်။

 

ဖြေကြားသူ – ဟုတ်ကဲ့ပါ၊ ဆရာမတို့ကိုလည်း ကျေးဇူးတင်ပါတယ်ဗျ။