စစ်တပ်က ကန့်ဘလူတွင် ပြည်သူ ၁၁ ဦးဖမ်းဆီး၊ ၄ ဦးကို ညှဉ်းပန်းသတ်ဖြတ်

ဒီဇင် ၂

The Kaladan Post

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ စပါယ်နံ့သာဂိတ်တွင် နိုဝင်ဘာ ၂၆ ရက်က အကြမ်းဖက်စစ်တပ်က ဖားကန့်-တန့်ဆည်ကားလမ်းခရီးသည်များထဲမှ တန့်ဆည်မြို့ နယ်သား ၁၁ ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦးပါဝင်ပြီး ဖားကန့်တွင် အလုပ်လုပ်ကိုင်ပြီး နေရပ်ပြန်လာသူများဖြစ်ကြောင်း သိရသည်။ စစ်သားများက တန့်ဆည်သားများကို သီးသန့်ခွဲ၍ လက်ပြန်ကြိုးတုပ်၊ ဝါးရင်းတုတ်အစိုဖြင့် ရိုက်နှက်၊ အစာရေမျှ မပေးဘဲ နှိပ်စက်ခဲ့သည်။

နိုဝင်ဘာ ၂၇ ရက်တွင် ကားသမားတစ်ဦးကို အပြင်ခေါ်သွားပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး ၂၉ ရက်နံနက်တွင် အမျိုးသား ၅ ဦးကို တန်ပိုဂိတ်သို့ ခေါ်ဆောင်သွားရာ ထွက်ပြေးရန်ကြိုးစားရာ ၃ ဦး ပြန်လည်ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း ထွက်ပြေး လွတ်မြောက်လာသူများက ဆိုသည်။ လက်ရှိ ထွက်ပြေးလွတ်မြောက်လာသည့် ၂ ဦးမှာ PDF နယ်မြေတွင် ရောက်ရှိနေပြီး ဆေးကုသမှုခံယူနေသည်။ ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှား သူများအဖွဲ့က ဗျူဟာလမ်းကြောင်းများတွင် မမေးမမြန်း မသွားလာကြရန်နှင့် လူငယ်လူရွယ်များ အထူးသတိထားကြရန် သတိပေးထားသည်။

မင်းအောင်လှိုင် Non-CDM ဝန်ထမ်းများကို ကြံ့ဖွတ်ပါတီကိုသာ မဲပေးရန် ဖိအားပေး

 

ဒီဇင် ၂

The Kaladan Post

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြင်ဦးလွင်ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ ရဲအရာရှိသင်တန်း ကျောင်းနှင့် မီးသတ်သင်တန်းကျောင်းတို့တွင် ယမန်နေ့ တွေ့ဆုံစဉ် Non-CDM ဝန်ထမ်းများ အနေဖြင့် စစ်တပ်နှင့် သဟဇာတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကိုသာ ဆန္ဒမဲပေး ရွေးချယ်ရန် ပေါ်ပေါ်တင်တင် ဖိအားပေးပြောဆိုခဲ့သည်။ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာနိုင်သူ၊ စစ်တပ်ကိုိ အခိုင်မာဆုံး အဖွဲ့အစည်းအဖြစ် လက်ခံပြီး စစ်တပ်နှင့် လက်တွဲနိုင်သူများကိုသာ မဲပေးရန် မင်းအောင်လှိုင်က နှုတ်မိန့်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများကရှိခဲ့သဖြင့် စစ်တပ်က နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ရသည်ဟုလည်း ထပ်မံအလေးပေး ပြောကြားခဲ့သည်။

လာမည့် ဒီဇင်ဘာ ၂၈ ရက် ရွေးကောကက်ပွဲမတိုင်မီ ရက်ပေါင်း ၂၆ ရက်သာ လိုတော့သည့်အချိန်တွင် နေပြည်တော်နှင့် နိုင်ငံတစ်ဝန်း ဝန်ကြီးဌာနအသီးသီးရှိ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်များကို စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီကိုသာ မဲပေးရန် နှုတ်မိန့်ဖြင့် တစ်သီးပုဂ္ဂလ ညွှန်ကြားမှုများ ပြုလုပ်လာကြောင်း နေပြည်တော်အခြေစိုက် ဝန်ထမ်းသတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။ ယခုကဲ့သို့ ဖိအားပေးမှုများသည် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲ၏ လွတ်လပ်မျှတမှု မရှိကြောင်း ထင်ရှားစေသည်ဟု ဝန်ထမ်းအသိုင်းအဝိုင်းက သုံးသပ်နေကြသည်။

ဝက်လက် နတ်မှော်ဦးရွာကို စစ်တပ်လေယာဉ်ဖြင့် ဗုံးကြဲ၊ အသက် ၂ နှစ်ကလေး အပါအဝင် ပြည်သူ ၅ ဦးသေဆုံး

 

ဒီဇင် ၂

The Kaladan Post

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နတ်မှော်ဦးရွာကို ယနေ့ ဒီဇင်ဘာ ၂ ရက် နံနက် ၁၂ နာရီ ၆ မိနစ်ခန့်တွင် စစ်တပ်လေတပ်၏ ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ၂၅၀ ပေါင်ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများမှာ ကိုရှိုင်းကို (၂၅ နှစ်)၊ မစုမြတ်လင်း (၂၄ နှစ်)၊ ရွှေပုံစံ (၂ နှစ်)၊ မောင်မာင်ဝင်း (၂၁ နှစ်) နှင့် ရန်နိုင်ဝင်း (၄၀ နှစ်) တို့ဖြစ်သည်။ ထိခိုက်ဒဏ်ရာရသူ ၅ ဦးရှိပြီး အထဲတွင် ကလေးငယ်တစ်ဦး မျက်လုံးဒဏ်ရာဖြင့် အခြေအနေစိုးရိမ်ရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူနေထိုင်ရာ ရွာလူနေအိမ်များပေါ် ဗုံးတိုက်ရိုက်ကျရောက်ပေါက်ကွဲ ခဲ့ခြင်းဖြစ်ကာ နေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက အတည်ပြုသည်။ စစ်တပ်သည် ရည်ရွယ်ချက်ရှိရှိ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

မိုးကုတ်-မိုးမိတ်ပြန်ပေးရမှုကြောင့် နစ်နာသူများကို တောင်းပန်ကြောင်း TNLA ဗိုလ်ချုပ် တာဘုန်းကျော် ထုတ်ဖော်

 

ဒီဇင် ၂

The Kaladan Post

တအာင်း (TNLA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်တာဘုန်းကျော်က ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထားသည့် မိုးကုတ်-မိုးမိတ်မြို့များကို တရုတ်ကြားဝင်စေ့စပ်မှုဖြင့် စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရမှုကြောင့် နစ်နာသူများအား ရင်ထဲလှိုက်လှိုက်လှဲလှဲ နာကျင်ရ၍ အနူးအညွတ် တောင်းပန်ကြောင်း လူမှုကွန်ရက်တွင် ထုတ်ဖော်ရေးသားလိုက်သည်။ မိုးကုတ်မြို့မှာ နှစ်ပေါင်းထောင်ချီကတည်းက တအာင်းလူမျိုး တည်ထောင်ခဲ့သည့် မြို့ဖြစ်သဖြင့် တအာင်းပြည်နယ်အတွင်း ပြန်လည်ပါဝင်အောင် ကြိုးပမ်းသွားမည်ဟုလည်း ကတိပြုထားသည်။

စစ်တပ်ထံ မြို့ပေးရမှုကို သစ္စာဖောက်ဟု ဆဲဆိုနေသူများကို “နားနားပြီးဆဲကြပါ” ဟု ပြန်လည်တုံ့ပြန်ထားပြီး၊ နွေဦးတော်လှန်ရေးတွင် အင်အား၊ လက်နက်၊ ဘတ်ဂျက် ထောင်ချီပေးဆပ်ခဲ့ရသည့်အပြင် တကယ်တိုက်ချိန်တွင် အထီးကျန်ခဲ့ရကြောင်း၊ ပွဲမပြီးသေးကြောင်း၊ မိုးကုတ်ကို ပြန်သိမ်းတာ မြင်ချင်ရင် ဆက်လက်တိုက်ပါလို့ တိုက်တွန်းထားသည်။ တော်လှန်သူများအတွက် TNLA တံခါးအမြဲဖွင့်ထားမည်ဟုလည်း ဗိုလ်ချုပ်တာဘုန်းကျော်က အတိအလင်း ဖော်ပြထားသည်။

၄ လအတွင်း စစ်ကိုင်း-မကွေး-နေပြည်တော်-ရန်ကုန်တွင် ပြည်သူ ၂၈၄ ဦးသတ်ဖြတ်ခံရ၊ နေအိမ် ၂၂၇၃ လုံး မီးရှို့ဖျက်ဆီး

 

ဒီဇင် ၂

The Kaladan Post

၂၀၂၅ ဇူလိုင် ၁ မှ အောက်တိုဘာ ၃၁ အထိ ၄ လတာကာလအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းတို့တွင် လက်နက်ကိုင်အဖွဲ့များက ကျူးလွန်သည့် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု ၃၉၇ ခု ဖြစ်ပွားခဲ့ရာ အရပ်သားပစ်မှတ် ၃၅၃ ခုအထိ ပါဝင်ကြောင်း ပဉ္စမမဏ္ဍိုင် (PMCSG) အဖွဲ့က ထုတ်ပြန်သည်။ ယင်းဖြစ်စဉ်များကြောင့် ပြည်သူ ၂၈၄ ဦး သေဆုံးခဲ့ရပြီး ၉၅၄ ဦး ဖမ်းဆီးခံရကာ နေအိမ်နှင့် အဆောက်အအုံ ၂၃၆၃ လုံးထိခိုက်ပျက်စီးခဲ့သည်။ အထူးသဖြင့် နေအိမ် ၂၂၇၃ လုံးမှာ မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှု ၉၇ ကြိမ်အထိ အများဆုံးဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၂၂ ကြိမ်အားလုံးလည်း စစ်ကိုင်းတိုင်းတစ်ခတ်ခဲ့ခြင်းဖြစ်ကာ အရပ်သား ၄၅ ဦးသေဆုံး၊ ၁၂၉ ဦး ဒဏ်ရာရခဲ့သည်။ အောက်တိုဘာ ၆ ရက်က ချောင်းဦးမြို့နယ် ဘုံတိုကျေးရွာ ဆီမီးထွန်းပွဲအား စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၂၄ ဦးသေဆုံး၊ ၆၀ ကျော် ဒဏ်ရာရခဲ့သည်။ PMCSG က စစ်တပ်သည် အရပ်သားများကို ဦးတည်တိုက်ခိုက်မှု အများဆုံးကျူးလွန်ထားကြောင်း၊ တော်လှန်ရေးတပ်များလည်း စည်းကမ်းထိန်းသိမ်းမှု ပိုမိုလိုအပ်လာကြောင်း ထောက်ပြထားသည်။

သာယာဝတီ ခမရ ၃၅ ဂိတ်စခန်းကို တော်လှန်ရေးတပ်ပေါင်းစု တိုက်ခိုက်ရှင်းလင်း၊ စစ်သား ၅ ဦးသေ

 

ဒီဇင် ၂

The Kaladan Post

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ လိပ်ဥကုန်းလမ်းဆုံရှိ ခမရ ၃၅ တပ်ရင်း အထိုင်ဂိတ်စခန်းကို နိုဝင်ဘာ ၃၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁ နာရီခန့်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်သား ၅ ဦး သေဆုံးခဲ့ပြီး ကာဘိုင် ၁ လက်၊ MA-1 ၁ လက်၊ ၅.၅၆ ကျည် ၁၅၀ တောင့်နှင့် မိုဘိုင်းဖုန်း ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ ဗိုလ်တိမ်တိုက်က အတည်ပြုသည်။ တိုက်ခိုက်ပြီးနောက် ဂိတ်စခန်းတစ်ခုလုံးကို မီးရှို့ရှင်းလင်းခဲ့ပြီး စစ်တပ်ဘက်မှ ပြန်လည်အထိုင်ချခြင်း မတွေ့ရသေးကြောင်း သိရသည်။

ယခုစစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၊ သာယာဝတီခရိုင် ပကဖ (ရွှေတန်းမြေ) နှင့် လက်ပံတန်းမြို့နယ် ပကဖ (အထူးတိုက်ခိုက်ရေးအဖွဲ့) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်တိမ်တိုက်က စစ်ရေးအခြေအနေ တင်းမာနေသဖြင့် ပြည်သူများ စစ်တပ်နှင့် ဝေးရာတွင်နေကြရန်လည်လည်း အသိပေးတိုက်တွန်းထားသည်။

မောတောင်သိမ်းခံရမှုကြောင့် ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန် နေပြည်တော်က ပြင်းထန်သတိပေးခံရ

 

ဒီဇင် ၂

The Kaladan Post

နိုဝင်ဘာ ၁၄ ရက်က KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တနင်္သာရီတိုင်း၊ မောတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့မှု၊ စစ်သုံ့ပန်း ၄၃ ဦးနှင့် လက်နက်ခဲယမ်းများစွာ ဆုံးရှုံးခဲ့မှုတို့ကြောင့် ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို နေပြည်တော်စစ်ရုံးချုပ်က တရားဝင် ပြင်းထန်စွာ သတိပေးခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က အတည်ပြုသည်။ ထို့အပြင် ဩဂုတ်လတွင် ဘုတ်ပြင်း စကခမှူး ဗိုလ်မှူးကြီးမျိုးသန့် သေဆုံးခဲ့မှု၊ မေလက ထီးခီးဗျူဟာကုန်းလည်း လက်လွှတ်ခဲ့ရမှုများပါ ပါဝင်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို နေပြည်တော်သို့ အထူးခေါ်ယူ၍ ထုချေလွှာတင်ပြခိုင်းပြီး မောတောင်၊ ထီးခီး၊ မင်းသမီးစခန်းများကို ပြန်လည်သိမ်းပိုက်ရန်နှင့် တနင်္သာရီတိုင်းတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ၃ ရပ်လုံး လုံခြုံစွာကျင်းပနိုင်ရေး တာဝန်ချထားခံရသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ စစ်ရေးအရှုံးများပြားနေသော်လည်း မင်းအောင်လှိုင်၏ ယုံကြည်သူဖြစ်ခြင်း၊ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးခြင်းတို့ကြောင့် ချက်ချင်းရာထူးမဖြုတ်ဘဲ သတိပေးအဆင့်သာ ချမှတ်ထားကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

ကျွန်းစုတွင် PDF အယောင်ဆောင် ငွေညှစ်သူ ပျူခေါင်းဆောင်ညီဝမ်းကွဲ ကျော်ဝင်း ထွက်ပြေးရင်း ပစ်ခတ်ခံရပြီး သေ

 

ဒီဇင် ၂

The Kaladan Post

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် PDF အယောင်ဆောင်ကာ ကျေးရွာများမှ ငွေကျပ်သိန်းချီ ခြိမ်းခြောက်တောင်းခံနေသူ ကျော်ဝင်း (ခ) ထောင်မှူးကို ပကဖက နိုဝင်ဘာလကုန်ပိုင်း အရှင်ဖမ်းဆီးရမိခဲ့သည်။ ၎င်းမှာ ပန်းဇင်ကျေးရွာ ကြံ့ဖွတ်ပါတီပျူစောထီးခေါင်းဆောင် တင်စိုး၏ ညီတစ်ဝမ်းကွဲဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ ကျော်ဝင်းအပါအဝင် လူ ၅ ဦးပါဝင်သည့် အဖွဲ့သည် လွန်ခဲ့သော ၂ နှစ်ကျော်ကတည်းက အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာသားများနှင့် ဆရာတော်များထံ တယ်လီဖုန်းဖြင့် ခြိမ်းခြောက်ကာ ငွေသိန်းရာချီ တောင်းခံခဲ့ကြောင်း ထွက်ဆိုချက်အရ သိရသည်။

နိုဝင်ဘာ ၃၀ ရက် နံနက်အစောပိုင်း စစ်ဆေးနေစဉ် ကျော်ဝင်းက လက်ထိပ်ချွတ်ပြီး ထွက်ပြေးခဲ့ရာ ဒီဇင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် ပြန်တွေ့ရှိချိန် ခုခံထွက်ပြေးရန်ကြံစည်သဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပကဖက အတည်ပြုသည်။ ကျန်ရှိ တရားခံ ၄ ဦး၏ အမည်နှင့် နေရပ်ကို သိရှိထားပြီး ဆက်လက်အရေးယူသွားမည်ဖြစ်ကာ တော်လှန်ရေးတပ်များက ငွေကြေးတောင်းခံခြင်း လုံးဝမရှိကြောင်း ပြည်သူများကို အသိပေးထားသည်။

ချောင်းဦး ကျီကုန်းရွာတွင် စစ်တပ်စီးနင်း၊ ပြည်သူ ၁ ဦးပစ်သတ်ခံရ၊ နတ်တလင်း PDF ဒရုန်းသင်တန်းဆင်းပွဲကို စက်တပ်လေထီး ၃ စီးဖြင့် ဗုံးကြဲ

 

ဒီဇင် ၂

The Kaladan Post

နိုဝင်ဘာ ၃၀ ရက်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာကို စစ်တပ်နှင့် ပျူစစ်ကြောင်းပေါင်းစီးနင်းရာ အသက် ၄၄ နှစ်အရွယ် အမျိုးသား ၁ ဦးကို ဖမ်းဆီးပြီး ခေါင်း၂ချက်၊ ရင်၁ချက် အနီးကပ်ပစ်သတ်ခဲ့သည်။ စစ်ကြောင်းက နေအိမ်၁လုံးကို လက်နက်ကြီးဖြင့်ပျက်စီးစေကာ စတားလင့်စက်၊ ကွန်ပျူတာ၊ ဆိုင်ကယ်များကိုလည်း လုယက်ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက အတည်ပြုသည်။ ရွာသားအများစုမှာ စစ်ကြောင်းဆင်းလာမှုကို ကြိုသိရှောင်တိမ်းနိုင်ခဲ့သော်လည်း အသတ်ခံရသူမှာ နောက်ကျခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁ ရက် နံနက် ၈ နာရီခန့်က ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကျင်းပပြီးစီးခါနီး သာယာဝတီခရိုင် PDF ဒရုန်းသင်တန်းဆင်းပွဲနှင့် ရေနောက်ရွာကို စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ဗုံး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ သင်တန်းဆင်းပွဲ ပြီးဆုံးချိန်ဖြစ်သဖြင့် PDF ရဲဘော်များနှင့် ကျေးရွာသားများ အချိန်မီ တိမ်းရှောင်နိုင်ခဲ့ပြီး လူထိခိုက်မှုမရှိသော်လည်း နွား ၂ ကောင် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ခံ ရဲဘော်သစ္စာက အတည်ပြုသည်။

တောင်ငူတွင် ပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သားသစ် ညီ PDF ထံ ချိတ်ဆက်ပြီး အလင်းဝင်

 

ဒီဇင် ၂

The Kaladan Post

နိုဝင်ဘာ ၂၉ ရက်က ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ နေအိမ်အတွင်း ဝင်ရောက်ပေါ်တာဆွဲခံရသည့် စစ်မှုထမ်းအပတ်စဉ် ၁၂ တပ်သားသစ် အောင်ကိုဝင်း သည် သထုံခရိုင် အမှတ် ၉ ခြေမြန်တပ်ရင်းမှ ထွက်ပြေးကာ ညီအရင်း ဖြစ်သူ PDF – Tatkon Battalion 803 တပ်ဖွဲ့ဝင်ထံ ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခဲ့သည်။ ၎င်းသည် ဝဲကလိ စစ်သင်တန်းကျောင်းတွင် သင်တန်းတက်ခဲ့ပြီး တပ်ရင်းတွင် ၅ လနီးပါး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အောင်ကိုဝင်းသည် ညီဖြစ်သူ တာဝန်ထမ်းဆောင်နေသော တပ်ရင်း ၈၀၃ တွင် ရဲဘော်အဖြစ် ပါဝင်လျက် အကြမ်းဖက်စစ်တပ်ကို တွန်းလှန်တိုက်ခိုက်ရန် ဆုံးဖြတ်ထားကြောင်း တပ်ရင်းမှူး ရဲဘော်ရာမွန်က အတည်ပြုသည်။ လက်နက်များကို လမ်းတွင် ဝှက်ထားခဲ့ပြီး လက်နက်မပါဘဲ အလင်းဝင်ခဲ့ခြင်းဖြစ်ကာ နောက်ထပ် အလင်းဝင်လိုသူများကို တပ်ရင်းက ထွေးနွေးစွာ ကြိုဆိုထားကြောင်း ရဲဘော်ရာမွန်က တိုက်တွန်းထားသည်။