ယာယီသမ္မတ ဒူဝါလရှီးလ အသံတိတ်သပိတ်ကို ဦးညွှတ်၊ လက်နက်အာဏာသာယာသူများ ရှိကြောင်း ဝန်ခံ
ဒီဇင် ၁၁
The Kaladan Post
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ၂၀၂၅ ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်သော အခမ်းအနားအစီအစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများကို လက်မခံနိုင်ကြောင်း ပြသသည့် အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲကြသည့် ပြည်သူများကို လေးစားစွာ ဦးညွှတ်ကြောင်း မိန့်ကြားသည်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့ ပြည်သူများ၏ လူ့အခွင့်အရေးမှာ နေ့စဉ်ဆုံးရှုံးနေရဆဲဖြစ်ကြောင်း သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
တော်လှန်ရေး ငါးနှစ်နီးပါးကာလအတွင်း အာဏာ၊ လုပ်ပိုင်ခွင့်နှင့် လက်နက်ကိုင်စွဲထားမှုကြောင့် တချို့တွင် သာယာဝါဒ ပေါ်ပေါက်လာပြီး တော်လှန်ရေးကျင့်ဝတ်နှင့် စံနှုန်းများမှ လွဲချော်လာသည် ကို တွေ့ရှိရကြောင်း ယာယီသမ္မတက ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။ နွေဦးတော်လှန်ရေးသည် စစ်အုပ်စုပြုတ်ကျရေးသာမက ဖက်ဆစ်စစ်တပ်၏ အတွေးအခေါ်၊ အမှုအကျင့်အားလုံးကို အမြစ်ပြတ်ဖျက်သုဉ်းရေးအထိ ရည်မှန်းထားသည့် တော်လှန်ရေးဖြစ်သောကြောင့် ထိုအဆိပ် အတောက်များ ကူးစက်မခံရန် အထူးသတိထားရမည်ဟုလည်း တိုက်တွန်းမိန့်ကြားခဲ့သည်။

ကမ္ဘာ့ဘိန်းဖြူဈေးကွက်သစ်ကို မြန်မာဘိန်းက ထိုးဖောက်နေ၊ ကုလသမဂ္ဂ အစီရင်ခံစာ ထုတ်ပြန်
ဒီဇင် ၁၁
The Kaladan Post
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ နောက်ဆုံးအစီရင်ခံစာအရ မြန်မာနိုင်ငံသည် ကမ္ဘာ့အမှတ်(၁) ဘိန်းစိုက်ပျိုးထုတ်လုပ်သူ နေရာကို ဆက်လက်ဆုပ်ကိုင်ထားပြီး ယခုနှစ်တွင် ဘိန်းခင်းဧကပေါင်း ဟက်တာ ၅၃,၀၀၀ (ဧက ၁၃၁,၀၀၀ ကျော်) အထိ စံချိန်တင် တိုးလာခဲ့သည်။ အာဖဂန်နစ္စတန်တွင် တာလီဘန်က ဘိန်းလုပ်ငန်းကို နှိမ်နင်းပြီးနောက် မြန်မာ့ဘိန်းဖြူ (Heroin) များသည် ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံဈေးကွက်သစ်များဆီသို့ စတင်ထိုးဖောက်ဝင်ရောက်နေသည့် အစောပိုင်းလက္ခဏာများ ပေါ်ထွက်လာကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။
၂၀၂၄-၂၀၂၅ အတွင်း ထိုင်းနိုင်ငံမှ ဥရောပသို့ လေယာဉ်ဖြင့် သယ်ဆောင်လာသည့် ခရီးသည်များထံမှ မြန်မာမူလဇစ်မြစ်ဟု ယူဆရသော ဘိန်းဖြူ ၆၀ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိခဲ့ပြီး ပမာဏများမှုမရှိသေးသော်လည်း ဈေးကွက်ပုံစံ ပြောင်းလဲလာခြင်းကို ထင်ရှားစေကြောင်း UNODC က သတိပေးထားသည်။ ပြည်တွင်းစစ်ကြောင့် ဗဟိုအုပ်ချုပ်ရေး အားနည်းလာမှု၊ စီးပွားရေး ပျက်စီးမှုနှင့် ဆင်းရဲမွဲတေမှုများက လယ်သမားများကို ဘိန်းစိုက်ပျိုးခြင်းဆီသို့ တွန်းပို့နေပြီး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဒေသခံတို့ နှစ်ဖက်စလုံး၏ စစ်ရေးရန်ပုံငွေ အဓိကအရင်းအမြစ် တစ်ခု ဖြစ်လာနေကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆ ၂၀ ကျော် ထိုးကျ၊ စစ်အုပ်စုကြောင့် စီးပွားရေး အဖတ်မဆည်ဟု NUG ထုတ်ဖော်
ဒီဇင် ၁၁
The Kaladan Post
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆပေါင်း ၂၀ ကျော် ထိုးကျသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။ အာဏာမသိမ်းမီ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က ဒေါ်လာ ၄ ဒသမ ၈၇ ဘီလီယံ ရရှိခဲ့ရာမှ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၉ လအတွင်း ဒေါ်လာ ၂၄၈ သန်းသာ ကျန်ရှိတော့ကြောင်း ၎င်းက ထောက်ပြသည်။
အကြမ်းဖက်စစ်အုပ်စု၏ စီမံအုပ်ချုပ်မှု ညံ့ဖျင်းမှုကြောင့် နိုင်ငံတကာ၏ ယုံကြည်မှု ကင်းမဲ့လာပြီး ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းခံနေရကြောင်း၊ ထို့ကြောင့် စီးပွားရေး အဖတ်တင်နိုင်ခြင်း မရှိတော့ကြောင်း ဦးနေဘုန်းလတ်က ဆိုသည်။ စစ်အုပ်စုသည် ပြည်သူနှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့် မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ရန်နှင့် ဘယ်လာရုစ်စသည့် နိုင်ငံများနှင့် လက်တွဲကာ စီမံကိန်းများဖြင့် ဝင်ငွေရှာဖွေပြီး လက်နက်အင်အား ဖြည့်တင်းနေ ကြောင်း၊ ထိုစီမံကိန်းများသည် မြန်မာနှင့် ဒေသတွင်းနိုင်ငံများအတွက် ကြီးမားသော ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သဖြင့် နိုင်ငံတကာက ဂေဟစနစ်ဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ကိစ္စအဖြစ် သတ်မှတ်ကာ ဝိုင်းဝန်းကန့်ကွက်ပေးရန် တိုက်တွန်းကြောင်း ပြောဆိုခဲ့သည်။

စလေမြို့အဝင် ဘီယာဆိုင်ထဲ မူးနေတဲ့ ပျူခေါင်းဆောင် မိုးအောင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေ
ဒီဇင် ၁၁
The Kaladan Post
မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့အဝင်ရှိ ဘီယာဆိုင်တွင် ဒီဇင်ဘာ ၁၀ ညပိုင်းက အရက်သောက်စားမူးယစ်နေသည့် ချောင်းပိုက်ရွာပျူစောထီးအဖွဲ့ ခေါင်းဆောင် မိုးအောင်ကို မကွေးခရိုင်အမှတ်(၁) တပ်ရင်း ရဲဘော်များက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း တပ်ရင်းတာဝန်ရှိသူက အတည်ပြုသည်။
တိုက်ခိုက်မှုတွင် မိုးအောင်ထံမှ သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည်ဆံ ၁၀ တောင့် သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဘေးလွတ်ရာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့ထွေအုပ်ရုံး လက်နက်ကြီးစခန်း ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်သားများ ထိခိုက်သေဆုံးနိုင်
ဒီဇင် ၁၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ထွေအုပ်ရုံးနှင့် ဘောလုံးကွင်းအတွင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသော စစ်အုပ်စုကို ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီမှ ၂ နာရီ ၃၀ မိနစ်အထိ စစ်ကိုင်းခရိုင်အမှတ် ၁၈၂၅ ဒရုန်းတပ်ရင်း-SDDF၊ CHU PDF နှင့် HAWK GUERRILLA FORCE ပူးပေါင်းအဖွဲ့များက Fixed Wings Drone များဖြင့် ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း တပ်ရင်းမြေပြင်ထောက်လှမ်းရေးတာဝန်ခံ ရဲဘော်မာဝီက ပြောဆိုသည်။
ဗုံးကြဲမှုကြောင့် လက်နက်ကြီးပစ်ခတ်မှု ခဏရပ်ဆိုင်းခဲ့ပြီး စစ်သားများ စခန်းထဲ ပြေးဝင်သွားကာ ည ၉ နာရီကျော်မှ ပြန်ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတိအကျ မသိရသေးသော်လည်း ပျူစောထီးအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ စစ်အုပ်စုက ချောင်းဦးမြို့နယ် ကျီကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ သံဃာတော်များနှင့် ပြည်သူများကို သတ်ဖြတ်မီးရှို့၊ ပစ္စည်းလုယက်နေသဖြင့် ထောင်ချီသော ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

သန်လျင်ရေနံချက်စက်ရုံ ပြန်လည်လည်ပတ်ရေး၊ မင်းအောင်လှိုင်သား အောင်ပြည့်စုံ ဦးဆောင်တဲ့ကုမ္ပဏီ အဓိကလုပ်ပိုင်ခွင့်ရ
ဒီဇင် ၁၁
The Kaladan Post
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ အမှတ်(၁) ရေနံချက်စက်ရုံကို ပြန်လည်လည်ပတ်ရေးနှင့် စက်ရုံသစ်တည်ဆောက်ရေး စီမံကိန်းတွင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ဦးဆောင်သော Prime စွမ်းအင်ကုမ္ပဏီက အဓိက လုပ်ပိုင်ခွင့် ၆၀ ရာခိုင်နှုန်းခန့် ရရှိထားပြီး ကျန် ၄၀ ရာခိုင်နှုန်းကို သမ္မတဟောင်း သိန်းစိန်သမီး ရှယ်ယာပါဝင်သည့် Myan Oil နှင့် Heyday ကုမ္ပဏီတို့က ခွဲဝေရယူထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က အတည်ပြုသည်။
ပထမအဆင့်အနေဖြင့် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၅ သိန်း ချက်လုပ်နိုင်သည့် Modular Type စက်ရုံအဖြစ် နောက်နှစ်ဆန်းတွင် စတင်လည်ပတ်မည်ဖြစ်ပြီး ဒုတိယအဆင့်တွင် တစ်နှစ်လျှင် တန်ချိန် ၃ သန်း ချက်လုပ်နိုင်သည့် စက်ရုံသစ်ကို တည်ဆောက်သွားမည်ဟု သိရသည်။ စက်သုံးဆီပြတ်လပ်မှုနှင့် ပြည်ပတင်သွင်းစရိတ်မြင့်မားမှုကို လျှော့ချရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၃ ခုနှစ်က မင်းအောင်လှိုင်ကိုယ်တိုင် အမိန့်ပေးခဲ့သည့် ဤစီမံကိန်းသည် ယခုအခါ မိသားစုနှင့်နီးစပ်သူများ၏ ကုမ္ပဏီများက အဓိကအကျိုးအမြတ်ခံစားရမည့် ပုံစံသို့ ရောက်ရှိနေပြီဖြစ်သည်။

မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်တပ်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲ၊ ပြည်သူ ၃၃ ဦးသေ၊ အများအပြား ဒဏ်ရာရ
ဒီဇင် ၁၁
The Kaladan Post
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးကို ဒီဇင်ဘာ ၁၀ ရက် ည ၉ နာရီ ၁၃ မိနစ်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး တိုက်ရိုက်ကြဲချခဲ့ရာ ဆေးကုသမှု ခံယူနေသည့် ပြည်သူ ၃၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အလွန်များပြားကြောင်း ဒေသခံ လူမှုကူညီရေးဆောင်ရွက်သူများက အတည်ပြုသည်။
ဗုံးကြဲချမှုကြောင့် ဆေးရုံတစ်ခုလုံး မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်ပင် နောက်ထပ်ဗုံးကြဲခံရမည်ကို စိုးရိမ်ကာ အလွန်သတိထားလုပ်ကိုင်ခဲ့ရသည် ဟု မြောက်ဦးဒေသခံများက ပြောဆိုသည်။ ဒဏ်ရာပြင်းထန်သူများလည်း ရှိနေသဖြင့် သေဆုံးသူ ဦးရေ ထပ်မံတိုးလာနိုင်ကြောင်း သိရသည်။

နတ်တလင်းမှာ ရွာကို ဗုံးလာကြဲတဲ့ စစ်တပ်ဒရုန်း ပျက်ကျ၊ PDF က အလုံးအရင်းနဲ့ သိမ်းဆည်းရမိ
ဒီဇင် ၁၁
The Kaladan Post
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ သရက်ပင်ကံရိုးရွာထက်သို့ ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က ဗုံးလာကြဲသည့် စစ်ကောင်စီတပ်၏ ဒရုန်း ၁ စီး စက်ချို့ယွင်းပျက်ကျခဲ့ပြီး ပဲခူးရိုးမ PDF ဗျူဟာ ၂၂ လက်အောက်ခံ ၈၀၁ တပ်ရင်း တပ်ခွဲ ၄၊ ၆၊ ၇ နှင့် တပ်ရင်းဒရုန်းအဖွဲ့တို့က နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် ဒရုန်းတစ်ခုလုံး အပြည့်အစုံ သိမ်းဆည်းရရှိခဲ့ကြောင်း ဗျူဟာတာဝန်ရှိသူက အတည်ပြုသည်။
ဒုတိယအကြိမ် ဗုံးကြဲချစဉ် ပျက်ကျသွားသည့် အဆိုပါဒရုန်းကြောင့် ပြည်သူထိခိုက်မှု မရှိခဲ့ဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်များလည်း အထိအခိုက်မရှိ ဘေးလွတ်ရာသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ ယခုလိုပျက်ကျမှုမျိုးမှာ ယခင် အောက်တိုဘာ ၁၉ ရက်က လက်ပံတန်းမြို့နယ် သရက်ချောင်းရွာအနီးတွင်း စစ်တပ်ဒရုန်းတစ်စီး ပျက်ကျပြီး သာယာဝတီဂဠုန်တပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည့်ဖြစ်စဉ်နှင့် ဒုတိယအကြိမ်အဖြစ် မှတ်တမ်းဝင်သွဖစ်လာခဲ့သည်။

တောင်သာမြို့နယ်ထဲ စစ်ကြောင်း ၂ ကြောင်း ဝင်ထိုး၊ ပြည်သူ ၁၀ ဦးကို လူသားဒိုင်းလုပ်၊ နတ်စောင့်ရွာအပါအဝင် နေအိမ် ၂၀၀ နီးပါး မီးရှို့ခံရ
ဒီဇင် ၁၁
The Kaladan Post
မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်း ၂ ကြောင်း ဝင်ရောက်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၀ ရက်တွင် နတ်စောင့်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး လမ်းသွယ်ပြည်သူ ၁၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ မင်းရင်ရွာအတွင်း အိမ်ထောင်စုစာရင်း လိုက်စစ်ခဲ့ကြောင်း ဒေသခံများက အတည်ပြုသည်။
နိုဝင်ဘာလ ၁၉ ရက်မှစ၍ တောင်သာ-မြင်းခြံလမ်းပိုင်းတစ်လျှောက် တမံကြီး၊ ဆည်ကုန်း(မ)၊ ညောင်တို၊ ပဲခင်းကျော်၊ ခြုံကြီး၊ အင်းတဲ စသည့်ရွာ ၆ ရွာအပါအဝင် နေအိမ် ၂၀၀ နီးပါး မီးရှို့ခံခဲ့ရပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ အလျင်အမြန် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်တပ်ရွေးကောက်ပွဲ လွတ်လပ်၍ တရားမျှတမှု လုံးဝမရှိနိုင်ဟု ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျ တပြိုင်နက် ကြေညာ
ဒီဇင် ၁၁
The Kaladan Post
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်တွင် ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျ အစိုးရလေးခုက တပြိုင်နက် ထုတ်ပြန်ကြေညာချက်များတွင် မြန်မာစစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၊ တရားမျှတ၊ အားလုံးပါဝင်နိုင်သည့် အခြေအနေ လုံးဝမရှိကြောင်း၊ စစ်တပ်၏ တရားဝင်မှုကို တဖန်ပုံဖော်ရန်သာ ရည်ရွယ်ထားသည့် အတုအယောင်လုပ်ငန်းစဉ်သာဖြစ်ကြောင်း ပြတ်သားစွာ ထောက်ပြထားသည်။
နိုင်ငံအနှံ့ အကြမ်းဖက်မှု၊ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာ ဆက်လက်ဖမ်းဆီးခံထားရမှု၊ လူနည်းစုနှင့် လူကြိုက်များပါတီများ ပါဝင်ခွင့်ပိတ်ပင်ခံရမှု၊ ဝေဖန်သူများကို ရာဇဝတ်မှုမြောက် အောင် ဥပဒေအသစ်များဖြင့် ဖိနှိပ်မှုများကြောင့် ယုံကြည်စိတ်ချရသည့် ရွေးကောက်ပွဲ လုံးဝ မဖြစ်နိုင်ကြောင်း နိုင်ငံလေးနိုင်ငံက တညီတညွတ်တည်း သတိပေးထားပြီး အကြမ်းဖက်မှုရပ်တန့်၊ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေး၊ အားလုံးပါဝင်သော ဆွေးနွေးပွဲများ ချက်ချင်း စတင်ရန်သာ ငြိမ်းချမ်းရေးလမ်းကြောင်းအစစ်အမှန်ဖြစ်ကြောင်း ထပ်လောင်းတိုက်တွန်း ထားသည်။
