အိန္ဒိယအစိုးရနှင့် လွှတ်တော်သို့ မြန်မာပြည်သူများ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆို
ဒီဇင် ၁၃
The Kaladan Post
ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မြန်မာပြည်သူလူထုကိုယ်စား အရပ်ဘက်အဖွဲ့အစည်း (၁၁၃) ဖွဲ့နှင့် တသီးပုဂ္ဂလ (၂၉) ဦးတို့က အိန္ဒိယနိုင်ငံ အစိုးရနှင့် လွှတ်တော်သို့ ယနေ့ အိတ်ဖွင့်ပေးစာတစ်စောင် တရားဝင်ပေးပို့ခဲ့သည်။ အကြမ်းဖက်စစ်အုပ်စုက တရားမဝင် ကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲကို အိန္ဒိယနိုင်ငံက လက်ခံ အသိအမှတ်မပြုရန်နှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကိုယ်စားလှယ်များ လုံးဝမစေလွှတ်ရန် အဓိက တောင်းဆိုထားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် စစ်မှန်သော နိုင်ငံရေးတည်ငြိမ်မှုနှင့် ဒီမိုကရေစီစနစ် ပြန်လည်ရရှိရေး အတွက် လက်တွေ့ကျပြီး ထိရောက်သော အကူအညီများသာ ပံ့ပိုးပေးရန် ပေးစာတွင် ထည့်သွင်း တောင်းဆိုထားသည်။ အိတ်ဖွင့်ပေးစာကို နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် နာမည်ကြီး တက်ကြွလှုပ်ရှားသူများ ပါဝင်လက်မှတ်ရေးထိုး ထောက်ခံ ထားခြင်းဖြစ်ရာ စစ်အာဏာသိမ်းမှု (၅) နှစ်ပြည့်ခါနီးတွင် ပြည်သူလူထု၏ တညီတညွတ်တည်း ဆန္ဒသံတစ်ခု ထပ်မံကျယ်လောင်လာခဲ့ခြင်းဖြစ်သည်။

ရေဖြူမြို့ အပြီးသတ်သိမ်း– PDF တပ်များ ဌာနဆိုင်ရာရုံးအားလုံး၊ မဲပေးစက်များ မီးရှို့ရှင်းလင်း
ဒီဇင် ၁၃
The Kaladan Post
ရေဖြူမြို့ပေါ်ရှိ ရဲစခန်း၊ ထွေ/အုပ်ရုံး၊ လဝကရုံးအပါအဝင် ဌာနဆိုင်ရာရုံးအားလုံးကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၇ နာရီခန့်က စတင်၍ PDF တပ်ဖွဲ့များက အလျင်အမြန် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး မဲပေးစက်များနှင့် စာရွက်စာတမ်းအားလုံးအပါအဝင် အဆိုပါရုံးများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်များက အတည်ပြုသည်။ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး ရဲစခန်းကိုသာ မီးရှို့နိုင်ခြင်း မရှိခဲ့ဘဲ ကျန်ရုံးများအားလုံး ပြာကျသွားခဲ့သည်။ နံနက် ၁၀ နာရီခန့်တွင် မြို့တွင်း မီးခိုးလုံးများ မိုးထိအောင် ထွက်နေသည်ကို ဒေသခံများ မြင်တွေ့ခဲ့ရသည်။
တိုက်ပွဲပြီးဆုံးသည့်နောက် မွန်းလွဲပိုင်းတွင် ထားဝယ်ဘက်မှ အကြမ်းဖက်စစ်ကောင်စီတပ်သား များကို ရေလမ်းဖြင့် အလုံးအရင်းဖြင့် ရေဖြူသို့ ပြန်လည်စေလွှတ်ခဲ့ပြီး အလောင်းများရှင်းလင်း၊ ပစ်ခတ်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခုတိုက်ခိုက်မှုသည် စစ်အုပ်စုက မကြာမီ ကျင်းပရန် စီစဉ်ထားသည့် အတုအယောင်ရွေးကောက်ပွဲကို ရေဖြူမြို့တွင် လုံးဝမဖြစ်နိုင်တော့ ကြောင်း ပြတ်နံ့ထင်ရှားစေသည့် အကြီးဆုံးနိုင်ငံရေးရိုက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

ရွေးကောက်ပွဲလုပ်ချိန် “စစ်ရေးသတိထား မနေရင် မရဘူး” ဟု မင်းအောင်လှိုင် ခြိမ်းခြောက်
ဒီဇင် ၁၃
The Kaladan Post
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမည့် ဒီဇင်ဘာလအတွင်း စတင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကာလတွင် “စစ်ရေးအသိ၊ စစ်ရေးသတိ အမြဲရှိနေကြရမည်” ဟု ယမန်နေ့ မှော်ဘီ အမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်လိုက်သည်။ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကို “လက်နက်စွန့်ပြီး နိုင်ငံရေး နည်းနဲ့ပဲ လာဖြေ” ဟု ထပ်မံစိန်ခေါ်ကာ စစ်တပ်သည် ဘယ်တော့မှ လိုက်လျောမည်မဟုတ် ကြောင်း ထုတ်ဖော်ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံကို အကာအကွယ်ယူပြီး “တပ်မတော်ရဲ့ အဓိကတာဝန်က ဖွဲ့စည်းပုံကို ကာကွယ်ရန်သာ” ဟု အလေးပေးပြောဆိုကာ လက်ရှိအာဏာသိမ်းထားမှု၊ ရွေးကောက်ပွဲလိမ်လည် မှုအားလုံးကို “ဥပဒေးနဲ့အညီ” ဟု ဆက်လက်အကြောင်းပြသွားသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို “ပြင်ပလှုံ့ဆော်မှုနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းမတက်ဘူး” ဟု စွပ်စွဲရင်း ရွေးကောက်ပွဲ ကာလ တိုက်ပွဲပိုပြင်းထန်လာနိုင်ကြောင်း သွယ်ဝိုက်ခြိမ်းခြောက်သွားခဲ့သည်။

ဖားကန့်ပြည်သူ လမ်းပေါ်ပြန်ထွက်။ “ဖက်ဆစ်ရွေးကောက်ခွေး ထွက်ပေါက် မဲမပေး” ဟစ်ကြွေး ကျယ်လောင်
ဒီဇင် ၁၃
The Kaladan Post
ဖားကန့်မြို့တွင် ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူထောင်ချီ လမ်းမများပေါ်ထွက်ကာ တရုတ်အစိုးရ အားပေးထောက်ပံ့ပြီး မင်းအောင်လှိုင်ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည်။ “ပြည်သူ့ဆန္ဒနဲ့ မသမာတဲ့ ရွေးကောက်ပွဲကို ငြင်းပယ်လိုက်”၊ “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့် မပေးနဲ့”၊ “ဖက်ဆစ်ရွေးကောက်ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်” စသည့် စာတန်းများကို ကိုင်ဆောင်ကာ ချီတက်ဟစ်ကြွေးခဲ့ကြပြီး တနိုင်ငံလုံး ပြည်သူများကို ဤအတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ခြင်း လုံးဝမပြုကြရန် အသံကျယ်ကျယ်ဖြင့် တိုက်တွန်းခဲ့ကြသည်။
ထို့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကိုလည်း တညီတညွတ်တည်း တောင်းဆိုခဲ့ကြပြီး နိုင်ငံတကာအသိုင်းအဝိုင်းအား မင်းအောင်လှိုင်၏ ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုရန်နှင့် အကျဉ်းသားများ လွတ်မြောက်ရေးတွင် ဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်းခဲ့ကြကြောင်း သိရသည်။

ကုလ IIMM က မြောက်ဦးဆေးရုံတိုက်ခိုက်မှု သက်သေ၊ မှတ်တမ်း အရေးတကြီးတောင်းခံ
ဒီဇင် ၁၃
The Kaladan Post
ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်နှင့် မြောက်ဦးမြို့နယ်တို့ကို အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၁၂ ည ၉ နာရီမှစ၍ ဂျက်တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့နံနက် ၁၂ နာရီ ၂၀ မိနစ်အထိ ဆက်လက်ဗုံးကြဲနေဆဲဖြစ်ကြောင်း AA နှင့် ဒေသခံများက အတည်ပြုသည်။ ခမောင်းတော၊ ဝါဘို၊ သဲခုံ၊ ရေပိုက်ဆုံ၊ မူစဲကျွန်းနှင့် မြောက်ဦးမြို့ပေါ် ရပ်ကွက် ၃ ခုအထိ ဗုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး လက်ရှိအချိန်ထိ ထိခိုက်သေဆုံးမှုမှု အတိအကျ မသိရသေးပေ။
တစ်ဖက်တွင် ဒီဇင်ဘာ ၁၀ ရက်က ပြည်သူ ၃၃ ဦးသေဆုံးခဲ့သည့် မြောက်ဦးပြည်သူ့ဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အမှီအခိုက်မဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) က မျက်မြင်သက်သေ၊ ဓာတ်ပုံ၊ ဗီဒီယို၊ ဒရုန်းရိုက်ချက်၊ လက်နက်အပိုင်းအစများ၊ လေယာဉ်အမျိုးအစား၊ စခန်းချရာလေတပ်စခန်း စသည့် အချက်အလက် အားလုံးကို လုံခြုံစွာ ပေးပို့ကြရန် ယနေ့ အရေးတကြီး ထုတ်ပြန်တောင်းဆိုလိုက်သည်။ ဆေးရုံ အပါအဝင် ကျန်းမာရေးဌာနများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုမြောက်ကြောင်း IIMM က ထပ်လောင်းသတိပေးထားသည်။

မွန်ဝန်ကြီးချုပ် ညိုစော ရှယ်ယာ၄၀% ပါ Puma Power ဆီမသမာမှု အရေးမယူ၊ ဆီပြတ်လပ်မှု ဆက်ဖြစ်
ဒီဇင် ၁၃
The Kaladan Post
မွန်ပြည်နယ်တွင် ဝန်ကြီးချုပ် ညိုစောရဲ့ ရှယ်ယာ ၄၀ ရာခိုင်နှုန်း ပါဝင်နေသော Puma Power စွမ်းအင်ကုမ္ပဏီက စက်သုံးဆီ တင်သွင်းခွင့်နှင့် ခွဲတမ်းချပေးမှုတွင် စျေးနှုန်းမမှန်ကန်ခြင်း၊ မရောင်းချခြင်း၊ မှောင်ခိုထုတ်ခြင်းများကြောင့် ဆီပြတ်လပ်မှု မကြာခဏ ဖြစ်ပွားနေဆဲဖြစ်ကြောင်း စက်သုံးဆီအသိုင်းအဝိုင်းက ပြောဆိုသည်။ အောက်တိုဘာ၊ နိုဝင်ဘာလများတွင် မုဒုံနှင့် မော်လမြိုင်မြို့နယ်များတွင် ဆီအကြီးအကျယ် ပြတ်လပ်ခဲ့ပြီး ကုမ္ပဏီ၏ မသမာမှုများကို စစ်ခေါင်းဆောင်ထံ တိုင်ကြားခဲ့သော်လည်း အရေးယူမှု လုံးဝမရှိဘဲ မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာ Puma Power ဆိပ်ကမ်းမှ ဆီတင်သွင်းမှု ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။ ဝန်ကြီးချုပ် ညိုစော နောက်ခံ ရှိနေခြင်းကြောင့် လက်ဝါးကြီးအုပ်မှုများ ဆက်ဖြစ်နေကြောင်း ဆီအသိုင်းအဝိုင်းက ဝေဖန်ထားသည်။
နိုဝင်ဘာလတွင် ဝန်ကြီးချုပ် ညိုစောနှင့် နီးစပ်သူ စွမ်းအင်ဒုဝန်ကြီး ဦးသန့်စင်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးရွှေမော်တို့ကို ဆီခွဲတမ်း အခွန်ကွာဟမှု ငွေကျပ်ဘီလီယံ ၅၄၀ ကျော်နှင့် လာဘ်ပေးလာဘ်ယူမှုဖြင့် စစ်ထောက်လှမ်းရေးက ဖမ်းဆီးခဲ့ပြီး ထိုအဂတိမှု၌ ညိုစော ပါဝင်ပတ်သက်မှု ရှိနိုင်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇူလိုင်လကုန်မှ ဝန်ကြီးချုပ်ဖြစ်လာသော ညိုစောသည် ဗိုလ်ချုပ်ကြီးအဖြစ် မင်းအောင်လှိုင်၏ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုများနှင့် အပုတ်နံ့ လှိုင်လှိုင်ထွက်နေသော်လည်း အရေးယူမှု မရှိဘဲ နိုင်ငံခြားငွေ ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌအဖြစ် သွင်းကုန်လိုင်စင်များကို နီးစပ်သူများကို ချထားပေးနေကြောင်း တိုင်ကြားမှုများ ရှိနေသည်။

ဂန့်ဂေါမြို့ပေါ် ဒရုန်းဗုံးကြဲရာ ရဲစခန်း-ထွေ/အုပ်ရုံး ထိမှန်၊ စစ်သား-ရဲ ဒဏ်ရာရဆေးရုံတင်
ဒီဇင် ၁၃
The Kaladan Post
ဂန့်ဂေါမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်တပ်စွဲထားသော ရဲစခန်းနှင့် မြို့နယ်ထွေ/အုပ်ရုံးကို ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့က အတည်ပြုသည်။ တနိုင်ငံလုံး အသံတိတ်သပိတ်ကို ဂုဏ်ပြုသောအားဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုတွင် ရဲစခန်းအနီး ပန်းခြံထဲအတွင်းသို့ပါ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။ ရဲနှင့်စစ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဂန့်ဂေါပြည်သူ့ဆေးရုံသို့ အမြန်သယ်ဆောင်သွားရကြောင်း သိရသည်။
တိုက်ခိုက်ခံရမှုကြောင့် စိတ်ဆိုးမာန်ဆိုးဖြစ်သွားသော စစ်တပ်က သစ်ထုတ်လုပ်ရေးရုံးဝင်း အတွင်းမှ မြို့အနောက်ဘက် မြစ်သာမြစ်တစ်ဖက်ကမ်း စိုင်ဒူးနှင့် ဇဟောကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ဘီးလင်း-မိုးကုတ် ပြည်သူတွေ စစ်တပ်လက်ချက်နဲ့ အသတ်ခံရ၊ လေယာဉ်၊ လက်နက်ကြီး ရမ်းပစ် အရပ်သား ၂ ဦးသေဆုံး
ဒီဇင် ၁၃
The Kaladan Post
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဖိုးဝါးသိမ်ရွာကို အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကြောင်းထိုးဝင်ရောက်ပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ အသက် ၅၃ နှစ်အရွယ် ဦးကြည်လွင် (ဖိုးဝါးသိမ်ရွာ) နှင့် အသက် ၅၀ နှစ်အရွယ် ဦးမောင်လုံး (ရှမ်းစုရွာ) တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက အတည်ပြုသည်။ စစ်တပ်၏ လက်နက်ကြီးကျည်များ ရွာအတွင်းသို့ တိုက်ရိုက်ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အရပ်သားနှစ်ဦး အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
တစ်ဖက်တွင် မန္တလေးတိုင်း မိုးကုတ်မြို့နယ် အနောက်ပိုင်း သစ်ဆိမ့်ကုန်းရွာကို ယင်းနေ့ မွန်းလွဲပိုင်းတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နံနက်ပိုင်းမှစ၍ ဆက်အင်းပြန့်ရွာ အနီးတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ မိုးကုတ်မြို့အတွင်း မစိုးရိမ်တိုက်သစ်ဘုန်းကြီးတောင်ကုန်းနှင့် ဗျူဟာကုန်းများမှ စစ်သားများက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေးနေသဖြင့် သစ်ဆိမ့်ကုန်းရွာ ဗုံးကြဲခံရချိန်တွင် ပြည်သူများ ထိခိုက်ဒဏ်ရာရမှု ရှိမရှိ အတည်မပြုနိုင်သေးပေ။

တီးတိန် ခလရ(၂၆၉) စစ်မှုထမ်းသစ် ၂ ဦး သေနတ် ၂ လက်နဲ့ အလင်းဝင် – PDF Zoland ဂုဏ်ပြုဆုချ
ဒီဇင် ၁၃
The Kaladan Post
တီးတိန်မြို့ ခလရ(၂၆၉) တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် လယ်လင်ဖွီအာ နှင့် မင်းကျော်သိန်း တို့ ၂ ဦးသည် ဒီဇင်ဘာ ၁၀ ရက်က သိုင်ငင်းစခန်းမှ ထွက်ပြေးလွတ်မြောက်လာပြီး MA သေနတ် ၂ လက်အပြည့်အစုံ ယူဆောင်ကာ PDF Zoland ထံ အလင်းဝင်ရောက်ခဲ့ကြောင်း အတည်ပြုသည်။ အဆိုပါ ရဲဘော်သစ် ၂ ဦးကို PDF Zoland က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပြီး လူမှုကွန်ရက်ပေါ် တွင်လည်း ပြည်သူများက အားပေးဂုဏ်ပြုစကားများ အများအပြား ပို့စ်တင်နေကြသည်။
PDF Zoland က ခလရ(၂၆၉) တပ်ရင်းအပါအဝင် တီးတိန်မြို့တွင်း၊ မြို့ပြင်ရှိ စစ်ကောင်စီ စခန်းအားလုံးမှ ကျန်ရှိနေသေးသည့် တပ်သားများအား “အချိန်မနှောင်းမီ လက်နက်နဲ့အတူ အလင်းဝင်လာကြဖို့” ထပ်မံတိုက်တွန်းထားသည်။ စစ်မှုထမ်းဥပဒေဖြင့် အတင်းဆွဲခေါ်ခံထားရ သူများ အလင်းဝင်လာပါက လုံခြုံရေးအာမခံချက်နှင့် ဂုဏ်ပြုဆုငွေများ ဆက်လက်ပေးအပ်သွား မည်ဟုလည်း ကြေညာထားသည်။

ပုသိမ်-မုံရွာလမ်းပေါ် WY ၁ သောင်း သယ်လာတဲ့ ပျူခေါင်းဆောင်တပည့် နေသွေး အရှင်ဖမ်း၊ ဆေးပြား အကုန်မီးရှို့
ဒီဇင် ၁၃
The Kaladan Post
မင်းတုန်းမြို့နယ်၊ ညောင်ပင်သာရွာအခြေစိုက် လက်နက်ကိုင်ပျူစောထီးခေါင်းဆောင် ဖိုးပြား၏ လက်ပါးစေ နေသွေးကို နိုဝင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီခန့်တွင် ပုသိမ်-မုံရွာလမ်းပိုင်းတွင် သရက်ခရိုင်အမှတ်(၄)တပ်ရင်း PDF က ဆိုင်ကယ်နှင့် တစ်ဦးတည်း ထွက်လာစဉ် အရှင်ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးချိန်တွင် နေသွေးထံမှ WY မူးယစ်ဆေးပြား အလုံးရေ ၁၀,၀၀၀ အပြည့်အစုံ သိမ်းဆည်းရမိခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်တွင် တော်လှန်ရေးရဲဘော်များက ဆေးပြားအားလုံးကို အများပြည်သူရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
နေသွေးသည် ဖိုးပြားနှင့်အတူ ကျေးရွာအတွင်း မူးယစ်ဆေးမှောင်ခိုရောင်း၊ လောင်းကစားလုပ်၊ လမ်းပေါ်ဂိတ်ဖွင့်ကာ ခရီးသွားများထံ ပိုက်ဆံကောက်၊ စစ်ကြောင်းထိုးရာတွင် ပေါ်တာဆွဲဖမ်းဆီးခြင်းများကို ဦးဆောင်လုပ်ဆောင်နေသူဖြစ်ကြောင်း တပ်ရင်းတာဝန်ရှိသူက ပြောသည်။ လက်ရှိတွင် နေသွေးအား ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး ညွှန်ကြားချက်နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု သရက်ခရိုင်တပ်ရင်း(၄)က ကြေညာထားသည်။
