ဝက်လက်မြို့နယ် စစ်ဘေးရှောင်စခန်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ကလေး ၄ နှစ်အရွယ်အပါအဝင် အရပ်သား ၄ ဦးသေဆုံး

 

ဒီဇင် ၁၄

The Kaladan Post

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုရွာတောင်ဘက်ရှိ သန်းကုန်းတောတိုက်တွင် စစ်ဘေးရှောင်နေထိုင်သည့် အရပ်သားများကို အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၁၃ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်က တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၄ နှစ်အရွယ် မအေးမြတ်သူဇာ၊ အသက် ၃၄ နှစ်အရွယ် သူဇာနွယ်၊ အသက် ၂၆ နှစ်အရွယ် ကိုတွတ်ပီနှင့် အသက် ၇၀ နှစ်အရွယ် ဦးခင်မောင်လွင် တို့ သေဆုံးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက အတည်ပြုပြောဆိုသည်။ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိပြီး အချို့၏ အခြေအနေ စိုးရိမ်ရပေၚ နေအိမ် ၈ လုံးလည်း မီးလောင်ပျက်စီးခဲ့သည်။

ဗုံးကြဲခံရသည့်နေရာမှာ ရွှေဘိုမြို့နယ် ကုလားမရွာမှ စစ်ဘေးစစ်ဘေးတိမ်းရှောင်လာသည့် အရပ်သားများ ခိုလှုံနေထိုင်ရာ စခန်းဖြစ်ကြောင်း သိရှိရသည်။ အလားတူ ဒီဇင်ဘာ ၂ ရက်ကလည်း ဝက်လက်မြို့နယ် နတ်မှော်ဦးရွာကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ရသဖြင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းက ဒေသခံများကို ကြောက်ရွံ့ထိတ်လန့်မှုများ ပိုမိုဖြစ်ပေါ်စေနေသည်။

နယူးဇီလန်နှင့် နယ်သာလန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြ

 

ဒီဇင် ၁၄

The Kaladan Post

နယူးဇီလန်နိုင်ငံ၏ ဝယ်လင်တန်၊ အောက်ကလန်၊ နယ်လ်ဆင်နှင့် ဒန်နီဒင်မြို့များတွင် ဒီဇင်ဘာ ၁၃ ရက်က တစ်ပြိုင်နက် ကျင်းပခဲ့သည့် ဆန္ဒပြပွဲများတွင် မတရားအာဏာသိမ်းပြီး အဓမ္မဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်ပေးရေးနှင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကြွေးကြော်ခဲ့ကြသည်။ ထို့ပြင် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင်လည်း မြန်မာ့အရေးကို အားပေးသူများနှင့် မြန်မာ့တိုင်းရင်းသားများ စုပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများက အတည်ပြုပြောဆိုသည်။

အဆိုပါ ဆန္ဒပြပွဲများသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာ့ဒီမိုကရေစီလိုလားသူများ၏ တက်ကြွမှုကို ထင်ရှားစေပြီး အကြမ်းဖက်စစ်အုပ်စုကို ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

လန်ဒန်ပါလီမန်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြ၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်

 

ဒီဇင် ၁၄

The Kaladan Post

ယူကေနိုင်ငံ လန်ဒန်မြို့ ပါလီမန်အဆောက်အအုံရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ သား ကိုကင်မ်အာရစ် (ကိုထိန်လင်း) ဦးဆောင်ကာ ယူကေနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ရုံးမှ ပူးပေါင်းစီစဉ်သည့် ဆန္ဒပြပွဲကို ကျင်းပခဲ့ရာ ယူကေတစ်နိုင်ငံလုံးမှ မြန်မာတိုင်းရင်းသားပေါင်းစုံ ၇၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရှိရသည်။ ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်ပေးရေးနှင့် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ကြွေးကြော်ခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ရခိုင်ပြည်နယ် မြောက်ဦးဆေးရုံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့သူများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော သူရဲကောင်းများအတွက် တစ်မိနစ် ငြိမ်သက်အလေးပြုခဲ့ကြပြီး ယူကေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်အောင်၊ ဒေါက်တာသက်ကိုကိုနှင့် တိုင်းရင်းသားကိုယ်စားလှယ်များက မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဆန္ဒပြပွဲသည် နိုင်ငံတကာတွင် မြန်မာ့ဒီမိုကရေစီလိုလားသူများ၏ တက်ကြွမှုကို ထင်ရှားစေသည့်အပြင် အကြမ်းဖက်စစ်အုပ်စုအပေါ် ဖိအားများ ပိုမိုတိုးမြင့်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်သည်။

အာဆီယံဥက္ကဋ္ဌ မလေးရှား မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ရှုတ်ချ၊ ဂျနီဗာကွန်ဗင်းရှင်း ချိုးဖောက်မှုဟု ကြေညာ

 

ဒီဇင် ၁၄

The Kaladan Post

အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဆေးရုံကို အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၁၀ ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား အနည်းဆုံး ၃၁ ဦး သေဆုံးပြီး ၇၆ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ကို နက်ရှိုင်းစွာ စိုးရိမ်ပူပန်ကြောင်း၊ အပြင်းအထန် ရှုတ်ချကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အရပ်သားများနှင့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ၁၉၄၉ ဂျနီဗာကွန်ဗင်းရှင်းများအပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး အာဆီယံပဋိညာဉ်စာတမ်းတွင် ပါဝင်သော အခြေခံမူများနှင့် မညီညွတ်ကြောင်း အလေးပေး ရှုတ်ချခဲ့သည်။

သေဆုံးသူများ၏ မိသားစုများနှင့် ဒဏ်ရာရရှိသူများအတွက် အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်စကားများ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးကို ခွဲခြားမှုမရှိဘဲ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ အရပ်သားများနှင့် အရပ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း ရပ်စဲရန်၊ ထိန်းသိမ်းမှုအမြင့်ဆုံး လုပ်ဆောင်ရန်နှင့် အရပ်သားများ၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် ၂၀၂၅ မေလ ၂၆ ရက်က အာဆီယံခေါင်းဆောင်များ၏ ကြေညာချက်တွင် ပါဝင်သည့် မြန်မာနိုင်ငံတစ်ဝန်း ချဲ့ထွင်တိုးချဲ့ထားသော အပစ်အခတ်ရပ်စဲရေးကို အပြည့်အဝ အကောင်အထည်ဖော်ရန်နှင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus) ကို အပြည့်အဝ အကောင်အထည်ဖော်ရန် ထပ်မံ တောင်းဆိုခဲ့သည်။

မြဝတီ ဒေါနတောင်ခြေ ကျားဖြန့်မြို့သစ် အရှိန်အဟုန်ဖြင့် တည်ဆောက်နေ၊ စစ်တပ်နှင့် BGF ပူးပေါင်း တရုတ်များရွှေ့ပြောင်း

 

ဒီဇင် ၁၄

The Kaladan Post

ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေါနတောင်ခြေ သစ်ကတီကျေးရွာပတ်ဝန်းကျင်တွင် စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ဦးဆောင်ကာ ကျားဖြန့်အဆောက်အအုံအသစ်များ ရက်ပိုင်းအတွင်း အရှိန်အဟုန်ဖြင့် တည်ဆောက်နေပြီး ရွှေကုက္ကိုလ်နှင့် KK Park မှ အရေးပါသော တရုတ်သူဌေးများနှင့် လုပ်သားများကို စစ်တပ်နှင့် BGF ပူးပေါင်း ကားများဖြင့် ရွှေ့ပြောင်းပေးနေကြောင်း ဒေသခံ ကျားဖြန့်အလုပ်သမားများနှင့် စစ်ရေးသတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။ လက်ရှိတွင် အဆောက်အအုံ ၅၀ ကျော်ရှိလာပြီး ရေ၊ လျှပ်စစ်၊ အင်တာနက်နှင့် လမ်းများ သွယ်တန်းနေသည့်အပြင် ကုန်စုံဆိုင်များ၊ KTV နှင့် ဖျော်ဖြေရေးနေရာများပါ ဖွင့်လှစ်လည်ပတ်နေပြီဖြစ်သည်။

BGF ဗိုလ်တင်ဝင်း ဦးဆောင်သော အဆိုပါ ကျားဖြန့်ဝင်းအသစ်များသို့ မြဝတီမြို့နှင့် ရွှေကုက္ကိုလ်မှ အမျိုးသမီးများကို ခေါ်ယူကာ ကာရာအိုကေ၊ အနှိပ်ခန်းများ ဖွင့်လှစ်ထားပြီး ဆောက်လုပ်ရေးပစ္စည်းများကို စစ်တပ်ခွင့်ပြုချက်ဖြင့် သယ်ယူနေကြောင်း သိရှိရသည်။ ဝင်းအတွင်း လုံခြုံရေး တင်းကျပ်ထားပြီး ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခွင့်မရှိသလို တရုတ်များကို နေထိုင်ခွင့်လက်မှတ်များ ထုတ်ပေးနေကြောင်း ဒေသခံများက ဆိုသည်။

တောင်ငူမြို့နယ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၉ ဦးသေဆုံး

 

ဒီဇင် ၁၄

The Kaladan Post

ပဲခူးတိုင်း တောင်ငူမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက်စစ်တပ် အင်အား ၆၀ ခန့်ပါ တပ်ဖွဲ့ကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၅ နာရီ ၂၀ မိနစ်ခန့်က ထုံးဘိုကြီးရွာအထွက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦး နေရာတင်သေဆုံးခဲ့ကြောင်း Kenni Twilight Zone မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ဦးခန့်ရှိပြီး အချို့၏ အခြေအနေ ဆိုးရွားကြောင်း၊ အလောင်းများနှင့် ဒဏ်ရာရသူများကို ပဒဲကျေးရွာသို့ သယ်ဆောင်ကာ လူနာတင်ကား ၄ စီးဖြင့် ပြန်လည်ပို့ဆောင်ခဲ့ရသည်ဟု သိရှိရသည်။

စစ်ကြောင်းမှာ တောင်ငူ-လိပ်သိုလမ်းတစ်လျှောက် လှုပ်ရှားနေသည့် တပ်ဖွဲ့ဖြစ်ပြီး ပဒဲရွာဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း၊ ပြည်သူများကို ဖမ်းဆီးခြင်း သို့မဟုတ် နေအိမ်များ မီးရှို့ခြင်း မရှိခဲ့ဟု ဆိုသည်။ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခြင်း မရှိခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ခဲယမ်း ကူညီပံ့ပိုးမှု တောင်းခံထားသည်။ လက်ရှိတွင် တောင်ငူ-လိပ်သိုလမ်းပိုင်းတွင် စစ်ကြောင်းများ မကြာခဏ ထိုးနေသဖြင့် ပြည်သူများ သတိထားသွားလာနေထိုင်ကြရန် Kenni Twilight Zone အဖွဲ့က အသိပေးနှိုးဆော်ထားသည်။

မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် ဂျိုင်ရိုကော့ပတာ ၁ စီး ပျက်ကျ၊ စစ်သား ၂ ဦးသေဆုံး

 

ဒီဇင် ၁၄

The Kaladan Post

စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် ဒီဇင်ဘာ ၁၃ ရက် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က မိတ္ထီလာရှမ်းတဲ လေတပ်မှ ရောက်ရှိလာသော ဂျိုင်ရိုကော့ပတာ (Gyrocopter) ၃ စီးကို စက်စမ်းလေ့ကျင့်နေစဉ် ၁ စီး ပျက်ကျခဲ့ရာ မောင်းနှင်သူ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Monywa Revolution မှ တာဝန်ရှိသူနှင့် ဒေသခံများက အတည်ပြုပြောဆိုသည်။ ပျက်ကျမှုမှာ ပစ်ချခြင်း မဟုတ်ဘဲ စက်စမ်းနေစဉ် နည်းပညာပြဿနာကြောင့် ဖြစ်ပြီး အကြမ်းဖက်စစ်သားများက အင်အားအလုံးအရင်းဖြင့် ချက်ချင်း ရောက်ရှိကာ ရှင်းလင်းရေး လုပ်ဆောင်ခဲ့သဖြင့် ဓာတ်ပုံ ရိုက်ကူးနိုင်ခြင်း မရှိခဲ့ဟု သိရှိရသည်။

အလားတူ နိုဝင်ဘာ ၆ ရက်ကလည်း ဖြူးမြို့နယ် ပဒက်ခင်ရွာနှင့် တံခွန်တိုင်ရွာ အကြားတွင် အကြမ်းဖက်စစ်တပ်၏ ဂျိုင်ရိုကော့ပတာ ၁ စီး ပျက်ကျခဲ့ရာ မောင်းနှင်သူ စစ်သား ၂ ဦး သေဆုံးခဲ့ဖူးသည်။

မြင်းခြံနှင့် ဒီပဲယင်း ကျေးရွာများကို တိုက်ပွဲမရှိဘဲ လက်နက်ကြီး၊ ဂျိုင်ရိုကော့ပတာဖြင့် တိုက်ခိုက်၊ အမျိုးသမီး ၁ ဦးသေဆုံး

 

ဒီဇင် ၁၄

The Kaladan Post

မန္တလေးတိုင်း မြင်းခြံမြို့နယ် နန်းမြင့်တောင်တိုးဂိတ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၁၀ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောက်တန်းရွာမှ အသက် ၆၂ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။ အလားတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကျေးရွာများကို ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက မုံရွာမှ တက်လာသော ဂျိုင်ရိုကော့ပတာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်မှုကို အတည်မပြုရသေးဘဲ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ဒီဇင်ဘာ ၅ ရက်ကလည်း မရကန်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်တွင် ဘောလုံးပွဲကြည့်နေသည့် ပြည်သူများကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၈ ဦး သေဆုံးခဲ့ဖူးသည်။

မင်းအောင်လှိုင် ရာထူး ၃ ခုရယူထားပြီး လစာတစ်မျိုးတည်းသာ ယူဟု တပ်တွင်းပြော

 

ဒီဇင် ၁၄

The Kaladan Post

ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ (စကမက) ဥက္ကဋ္ဌ ရာထူး ၃ ခုကို တစ်ပြိုင်နက် ရယူထားသည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်ထံမှ လစာတစ်မျိုးတည်းသာ ရယူကြောင်း တပ်တွင်းအစည်းအဝေးများတွင် ပြောဆိုခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။ အသက် ၇၀ ပြည့်ပြီဖြစ်သော်လည်း ကျန်းမာရေးကောင်းမွန်နေဆဲဖြစ်သဖြင့် နိုင်ငံတော်အတွက် ကျရာအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်လိုကြောင်း ဆန္ဒရှိနေကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု သိရှိရသည်။

လစာတစ်မျိုးတည်းသာ ရယူသည်ဟု ဆိုသည့် မင်းအောင်လှိုင်မှာ သားဖြစ်သူ အောင်ပြည့်စုံကို ဝန်ကြီးဌာနတင်ဒါများ၊ အစိုးရဆောက်လုပ်ရေးလုပ်ငန်းများနှင့် စီးပွားရေးနယ်ပယ်အသီးသီးတွင် လုပ်ကိုင်ခွင့်များ ချထားပေးထားပြီး ဘုန်းမြတ်ပြည့်စုံ၊ Sky One၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf၊ Aung Myint Mo Min Insurance၊ Azura Beach Resort၊ A & M Mahar စသည့် ကုမ္ပဏီများဖြင့် နိုင်ငံ၏ စီးပွားရေးကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရရှိနေကြောင်း ပြည်တွင်းစီးပွားရေးအသိုင်းအဝန်းထံမှ သိရှိရသည်။

ယင်းမာပင်မြို့နယ်တွင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပိုစတာများ စိုက်ထူ၊ လူထုလှုပ်ရှားမှုပြု

 

ဒီဇင် ၁၄

The Kaladan Post

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ သပိတ်အင်အားစုက အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် ပိုစတာဗီနိုင်းများကို မြို့နယ်အတွင်း အများပြည်သူ သွားလာရာ လမ်းမကြီးဘေးများတွင် စိုက်ထူခဲ့ရာ လူထုလှုပ်ရှားမှု တစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လှုပ်ရှားမှုသည် စစ်အုပ်စု၏ ရွေးကောက်ပွဲအစီအစဉ်ကို ပြည်သူလူထုက လက်မခံကြောင်း ရဲရဲတင်းတင်း ထုတ်ဖော်ပြသခြင်းဖြစ်ပြီး နွေဦးတော်လှန်ရေးအင်အားစုများ၏ တက်ကြွမှုကို ထင်ရှားစေသည်။