မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုကို TNLA နှင့် MNDAA ပြင်းပြင်းထန်ထန် ရှုတ်ချ

 

ဒီဇင် ၁၇

The Kaladan Post

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည့် စစ်ရာဇဝတ်မှုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကိုးကန့်အမျိုးသားဒီမိုကရက်တစ် တပ်မတော် (MNDAA) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဆေးကုသမှုခံယူနေသည့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား ၃၃ ဦး သေဆုံးခဲ့ရပြီး ၇၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ဆေးရုံအဆောက်အအုံ နီးပါး ပျက်စီးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုများသည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်သို့ တွန်းပို့နေခြင်းဖြစ်ကြောင်း TNLA နှင့် MNDAA က ထုတ်ပြန်ကြေညာချက်တွင် ထောက်ပြထားသည်။ ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၃ ရက်တို့တွင်လည်း ကျောက်ဖြူမြို့နယ်ရှိ စစ်ရှောင်စုစည်းရာနေရာများနှင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများကို ဗုံးကြဲခဲ့ရာ အရပ်သား အများအပြား ထပ်မံသေဆုံးခဲ့သည်ဟု ဆိုသည်။ အဆိုပါ စစ်ရာဇဝတ်မှုများကို အမြန်ဆုံး ရပ်တန့်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အင်အားကြီးများက ကူညီဆောင်ရွက်ပေးရန် အဆိုပါအဖွဲ့နှစ်ဖွဲ့က တိုက်တွန်းထားသည်။

ယင်းမာပင်နှင့် မုံရွာတွင် စစ်ကောင်စီ စစ်ကြောင်းထိုး၊ ရွာများမီးရှို့ ပြည်သူထောင်ချီ ထွက်ပြေး

 

ဒီဇင် ၁၇

The Kaladan Post

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကျောက်မှော်ကျေးရွာသို့ ဒီဇင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ကျောက်မှော်နှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၀ ခုကျော်မှ ပြည်သူ ရာထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။ စစ်ကြောင်းအင်အား ၂၀၀ ခန့်က ရွှေတောင်ဦးဘက်မှ တဆင့် ခွဲထွက်ကာ ကျောက်မှော်နှင့် အင်ဖျားရွာများတွင် ယာယီတပ်စွဲထားပြီး နဘူးတော၊ ဂွေ့ချောင်း၊ စုန်းချောင်း၊ ကျောက်ကုန်း၊ ပတိမ်ပြင်၊ ကြက်လျှာ၊ အင်းပတ်စသည့် ရွာများမှ ဒေသခံများ အထိတ်တလန့် တိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။

အလားတူ မုံရွာမြို့နယ်တွင်လည်း ဒီဇင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်က အင်အား ၁၅၀ ပါ စစ်ကြောင်းထိုးဝင်ရောက်ကာ နဂါးတွင်းရွာတွင် နေအိမ် အလုံး ၅၀ နီးပါးနှင့် ပေါက်ပင်ရွာတွင် နေအိမ် ၄ လုံး မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်ကြောင်းများက ထနောင်းတောတောင်ရွာ၊ ထနောင်းတောမြောက်ရွာ၊ မြင်သာရွာ၊ မင်းကုန်း၊ ဆူးလေကုန်း၊ ထန်းလေးပင်ရွာများသို့ ဆက်လက်ထိုးနေသဖြင့် ဒေသခံများ ထပ်မံ ထွက်ပြေးရှောင်တိမ်းနေရကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်း တရုတ်နှင့်သဘောတူ ကွန်ကရစ်ကျောက်ဖြည့်တမံ တည်ဆောက်မည်ဟု စိုးဝင်းပြော

 

ဒီဇင် ၁၇

The Kaladan Post

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းတွင် တမံအမျိုးအစားကို ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ (CFRD) အဖြစ် ပြောင်းလဲတည်ဆောက်ရန် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် သဘောတူညီချက်ရရှိထားပြီးဖြစ်ကြောင်း စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်ကြီး စိုးဝင်းက မြစ်ကြီးနားတွင် ပြောကြားလိုက်သည်။ တပ်ဆင်အင်အား ၅၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ငလျင်ဒဏ်ခံနိုင်သည့် ဒီဇိုင်းဖြင့် တည်ဆောက်မည်ဖြစ်ကာ မြစ်ကြီးနားရေကြီးရေလျှံမှု ကင်းရှင်းစေမည်ဟုလည်း ၎င်းက ဆိုသည်။

၂၀၁၁ ခုနှစ်က ပြည်သူလူထု ပြင်းထန်ကန့်ကွက်မှုကြောင့် ယာယီရပ်ဆိုင်းခဲ့ရသည့် အဆိုပါစီမံကိန်းကို ယခုအခါ ဩဂုတ်လက ဖွဲ့စည်းထားသော ဦးဆောင်အဖွဲ့က တရုတ်ကုမ္ပဏီနှင့် ပူးပေါင်း၍ သုတေသန၊ နည်းပညာနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး မြစ်ဆုံနေရာ၏ သဘာဝအတိုင်း ထိန်းသိမ်းရန်နှင့် နှစ်နိုင်ငံ စီးပွားရေးအကျိုးရှိစေရန် ရည်ရွယ်ကြောင်း စိုးဝင်းက ထည့်သွင်းပြောဆိုခဲ့သည်။

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု တစ်နိုင်ငံလုံး မဟာဗျူဟာ စစ်ဆင်ရေး စီမံချက် ရေးဆွဲနေ

 

ဒီဇင် ၁၇

The Kaladan Post

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) က မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံသည့် မဟာဗျူဟာမြောက် စစ်ဆင်ရေး စီမံချက်များကို ရေးဆွဲနေပြီး မကြာမီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ တပ်ပေါင်းစု၏ ပြောရေးဆိုခွင့်ရှိသူနှင့် ကျောင်းသားလက်ရုံးတပ်တော် ဒုတိယ ဥက္ကဋ္ဌ ရဲဘော် မင်းဟန်ထက်က ပြောကြားသည်။ ကနဦး အဖွဲ့ဝင် ၁၉ ဖွဲ့ ပါဝင်သည့် အဆိုပါ တပ်ပေါင်းစုသည် နေရာအသီးသီးတွင် လှုပ်ရှားနေသော တော်လှန်ရေး အဖွဲ့များဖြစ်ပြီး မဟာဗျူဟာကျသည့် နေရာများကို ရွေးချယ်၍ စစ်ဆင်ရေး ဖော်ဆောင်သွားမည်ဖြစ်ကာ လူအင်အား၊ လက်နက်ခဲယမ်း၊ နည်းပညာ စသည်တို့ကို ချိတ်ဆက် ပံ့ပိုးမှုများ ဆောင်ရွက်မည်ဟု ဆိုသည်။

လက်ရှိ မဟာဗျူဟာ စစ်ဆင်ရေး စီမံချက်များကို ကျယ်ပြန့်စွာ ဆွေးနွေးနေပြီး တစ်နိုင်ငံလုံး လွှမ်းခြုံ စဉ်းစားနိုင်မှုသည် အဓိက အားသာချက်ဖြစ်ကြောင်း ရဲဘော် မင်းဟန်ထက်က ရှင်းပြသည်။ တပ်ပေါင်းစု၏ ဦးစီးကော်မတီက စစ်ဆင်ရေး လုပ်ငန်းစဉ်များကို ကွပ်ကဲ ဆောင်ရွက်မည်ဖြစ်ပြီး အဖွဲ့ဝင်များမှ ကိုယ်စားလှယ်များ ပါဝင်သည့် ကျစ်လစ်သော ဖွဲ့စည်းမှုကြောင့် မကြာမီ စစ်ဆင်ရေး စတင်နိုင်မည်ဟု ဆိုသည်။

ကျောက်ပန်းတောင်တွင် စစ်ကြောင်းကို ကြားဖြတ်တိုက်၊ စစ်သား ၄ ဦးသေ ဖမ်းဆီးပြည်သူ ၂ ဦးကို သိန်း ၂၀၀ စီဖြင့် ပြန်ရွေးခိုင်း

 

ဒီဇင် ၁၇

The Kaladan Post

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နယ် အင်ပင်ကြီးကျေးရွာသို့ နိုဝင်ဘာ ၆ ရက်နေ့က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကျားသစ်နက် မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်တပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့သည်။ တိုက်ပွဲအပြီး စစ်ကောင်စီတပ်က ရွာအတွင်း နေအိမ် ၁ လုံး မီးရှို့ဖျက်ဆီးကာ အသက် ၄၀ အရွယ် အမျိုးသား ၂ ဦးကို ဖမ်းဆီးရိုက်နှက်ပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခံရသူ ၂ ဦးကို ကျောက်ပန်းတောင်မြို့ပေါ်သို့ ခေါ်ဆောင်သွားပြီး တစ်ဦးလျှင် ငွေကျပ် သိန်း ၂၀၀ ဖြင့် ပြန်ရွေးခိုင်းကာ နိုဝင်ဘာ ၈ ရက်နေ့တွင် လွှတ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုကို ကျားသစ်နက် မြို့ပြပြောက်ကျားတပ်ဖွဲ့ (L.P.D.F)၊ ချောက်မြို့နယ် ပကဖ၊ ညောင်ဦး ယင်း (၄) နှင့် No Chair ပြောက်ကျားတပ်ဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မူးမြို့နယ်တွင် အတင်းစစ်မှုထမ်းစေခံရသည့် တပ်သား ၅ ဦး KNLA ထံ အလင်းဝင်

 

ဒီဇင် ၁၇

The Kaladan Post

ပဲခူးတိုင်း၊ မူးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ခလရ ၃၀ နှင့် ခမရ ၄၃၉ တပ်ရင်းများမှ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံထားရသည့် စစ်မှုထမ်းတပ်သား ၅ ဦး ဒီဇင်ဘာ ၁၆ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈ ထံ အလင်းဝင်ရောက်လာခဲ့သည်။ အလင်းဝင်လာသူများမှာ မောင်ချမ်းငြိမ်းဇော် (၂၁ နှစ်)၊ မောင်အောင်ဖြိုးဦး (၃၅ နှစ်)၊ မောင်ရဲမောင်မောင် (၃၂ နှစ်)၊ မောင်ဘိုဘိုဟိန်း (၂၄ နှစ်) နှင့် အောင်လင်းသက် (၃၆ နှစ်) တို့ဖြစ်ကြောင်း KNU က ထုတ်ပြန်သည်။

ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူများဖြစ်သည့် အဆိုပါ တပ်သားများကို KNU က စည်းမျဉ်းစည်းကမ်းနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားပြီး စစ်ကောင်စီတပ်အတွင်း အလားတူ ခံစားနေရသည့် တပ်သားများကို နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ အလင်းဝင်လာကြရန် KNU က တိုက်တွန်းထားသည်။

 

နတ်တလင်းတွင် စစ်ကြောင်းကို ကြားဖြတ်တိုက်၊ ဗိုလ် ၁ ဦးအပါအဝင် ၁၁ ဦးသေ လက်နက် ၄ လက် သိမ်းဆည်းရရှိ

 

ဒီဇင် ၁၇

The Kaladan Post

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ဒမငယ်ကျေးရွာသို့ ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၈၀၁ တပ်ရင်းနှင့် မဟာမိတ်တပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၁ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ တော်လှန်ရေးတပ်ဘက်မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ် ၃၈၀၁ တပ်ရင်း ဒုတပ်ရင်းမှူး ရဲဘော်ညီညီက ပြောသည်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ် ဆုတ်ခွာသွားရာ လက်နက်ငယ် ၄ လက်၊ ခဲယမ်းများ၊ စကားပြောစက်နှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်။ စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဒမငယ်ရွာကို ပစ်ခတ်ခဲ့သဖြင့် ပြည်သူပိုင်နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ပကဖ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ (၂၂)၊ အမှတ် (၃၈၀၁) နှင့် (၃၈၀၂) တပ်ရင်းများ၊ ဒရုန်းတပ်ဖွဲ့များ၊ Spring Bees UAV Force၊ နတ်တလင်းနှင့် ဇီးကုန်း ပကဖတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရွှေဘိုတွင် စစ်တပ် ဂျက်ဖိုက်တာ၊ ဂိုင်ရိုကော့ပတာ အသုံးပြု ဗုံးကြဲ၊ သံဃာ ၁ ပါးအပါအဝင် ၄ ဦးသေ၊ ၅ ဦးဒဏ်ရာရ

 

ဒီဇင် ၁၇

The Kaladan Post

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ကျေးရွာများကို ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာ ၄ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၁၆ ကြိမ်နှင့် မွန်းလွဲပိုင်းတွင် ဂိုင်ရိုကော့ပတာ ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အချို့မှာ ဒဏ်ရာပြင်းထန်သည်ဟု ဒေသခံများနှင့် Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ဆိုသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သဲကျွန်းရွာ အရှေ့ဘက်နှင့် အမှတ်-၃ လမ်းမနေရာများတွင် ကုန်တင်ကားနှင့် အိမ်စီးကားများ မီးလောင်ပျက်စီးခဲ့ရပြီး အရှေ့မြောက်ပိုင်းနှင့် အရှေ့တောင်ခြမ်း ပိုင်းရှိ ကျေးရွာများကို အဓိက ပစ်မှတ်ထားခဲ့ကြောင်း သိရသည်။

ဒိန်းဒေါင်မွေးနေ့ကို နေပြည်တော်တွင် ၇ ရက်တိတိ ပျော်ပွဲရွှင်ပွဲ ကျင်းပနိုင်ရန် စစ်တပ်က လုံခြုံရေးယူပေး

 

ဒီဇင် ၁၇

The Kaladan Post

စစ်ကောင်စီဘက်တော်သား ဟာသမင်းသား ဒိန်းဒေါင်၏ အသက် ၅၂ နှစ်ပြည့် မွေးနေ့ကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဟာသအစည်းအရုံးတွင် ဒီဇင်ဘာ ၂၅ ရက်မှ ၃၀ ရက်အထိ ၇ ရက်တိတိ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲများဖြင့် ကျင်းပခွင့်ပြုထားကြောင်း နေပြည်တော်သတင်းရင်းမြစ် က ဆိုသည်။ ဒီဇင်ဘာ ၂၈ ရက်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပမည့်နေ့ ဖြစ်သဖြင့် ပွဲလမ်းသဘင်များ ပိတ်ပင်ထားချိန်တွင်ပင် ဒိန်းဒေါင်ပွဲကို အထူးခွင့်ပြုချက်ဖြင့် ကျင်းပနိုင်ရန် စစ်တပ်က စစ်သားများ၊ ပျူစောထီးများဖြင့် လုံခြုံရေးယူပေးထားသည်။

ဒိန်းဒေါင်နေအိမ်နှင့် ပွဲစီစဉ်သူများ၏ နေရာများတွင်လည်း စစ်တပ်က လုံခြုံရေးစိုက်ထားကြောင်း သိရသည်။ စစ်ကောင်စီကို အပြတ်အသပ် ထောက်ခံသူ ဒိန်းဒေါင်အား ယခင်က မြေကွက်များ ချထားပေးခဲ့သလို နိုဝင်ဘာ ၁၄ ရက်တွင်လည်း မင်းအောင်လှိုင်က လူမှုထူးချွန်ဆု ချီးမြှင့်ခဲ့ သေးသည်။

ယင်းမာပင် ဇီးတောရွာ နတ်နန်းအနီး စစ်တပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၊ ပြည်သူ ၅ ဦးသေ

 

ဒီဇင် ၁၇

The Kaladan Post

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဇီးတောရွာရှိ အမေရေယာဉ် နတ်နန်းအနီးကို ဒီဇင်ဘာ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာနေပြည်သူများ ဆက်လက်ဗုံးကြဲခံရမည်ကို စိုးရိမ်၍ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

အလားတူ ဒီဇင်ဘာ ၃ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ် သစ်ရာပင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မွေးမြူထားသော နွား ၃ ကောင် သေဆုံးကာ နေအိမ်များ ပျက်စီးခဲ့ရသည်။