မိုးကုတ်-မိုးမိတ်လမ်းပိုင်း KIA ဦးဆောင်ပူးပေါင်းတပ်များ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်
ဒီဇင် ၁
The Kaladan Post
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ မိုးမိတ်မြို့ဘက်သို့ ချီတက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းကို KIA၊ KPDF နှင့် တော်လှန်ရေးပူးပေါင်းတပ်များက နိုဝင်ဘာ ၃၀ ည ၈ နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။ တိုက်ပွဲဖြစ်ပွားရာ မိုးကုတ်-မိုးမိတ်လမ်းပိုင်းတွင် ဆက်သွယ်ရေးခက်ခဲ နေသဖြင့် အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဗိုလ်မှူးကြီးနော်ဘူက ယခင်ကလည်း မိုးမိတ်မြို့နယ်အတွင်း KIA တပ်ရင်း ၃၄ နှင့် ABSDF၊ PDF များ ပူးတွဲအခြေစိုက်ထားပြီး TNLA ဆုတ်ခွာပါက မဟာမိတ်တပ်များအား စစ်ရေးကူညီမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကလည်း မည်သည့်အခြေအနေတွင်မဆို ပြည်သူနှင့်အတူ ရှိနေမည်ဟု ကတိပြုထားပြီး တော်လှန်ရေးအောင်ပွဲအတွက် ညီနောင်မဟာမိတ်များနှင့် အတူ ဆက်လက်တိုက်ပွဲဝင်သွား မည်ဟု ကြေညာထားသည်။ TNLA သည် အောက်တိုဘာ ၂၉ ရက်က တရုတ်ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီတပ်နှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး မိုးကုတ်၊ မိုးမိတ်မှ ဆုတ်ခွာရန် တရားဝင်ထုတ်ပြန်ထားသည်။

ချောင်းဦးမြို့နယ် ချောင်းမနားရွာ Gyrocopter နှင့် ဗုံးကြဲခံရ၊ အရပ်သား ၂ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ
ဒီဇင် ၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းမနားကျေးရွာကို နိုဝင်ဘာ ၃၀ ရက် ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်က Gyrocopter ၂ စီးဖြင့် တိုက်ပွဲမရှိဘဲ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက အတည်ပြုသည်။ ပထမအကြိမ် ဗုံးကြဲချမှုတွင် ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကာ ဒုတိယအကြိမ်တွင် သံဃာတော် ၁ ပါးအပါအဝင် ပြည်သူ ၈ ဦး ဒဏ်ရာရရှိပြီး နောက်ထပ် ၁ ဦး သေဆုံးခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အချို့မှာ အလွန်စိုးရိမ်ရသူများ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ ၂ ရက်ကလည်း ချောင်းဦးမြို့ပေါ် အုပ်ချုပ်ရေးမှူးရုံးအခြေစိုက် စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီး ၄ လုံးဖြင့် ရမ်းသမ်းပစ်ခတ်ရာ ငါးလုံးတင်ကျေးရွာတွင် အသက် ၁၆ နှစ်နှင့် ၂၂ နှစ်အရွယ် အမျိုးသမီး ၂ ဦး သေဆုံးပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေးမြို့နယ် ခမရ ၅၈၆ မှ စစ်မှုထမ်းသစ် ၃ ဦး ထွက်ပြေး၊ ရေးဘီလူးတပ်က ဖမ်းဆီး
ဒီဇင် ၁
The Kaladan Post
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခမရ ၅၈၆ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၃ ဦး နိုဝင်ဘာ ၃၀ ရက်က လက်နက်မပါဘဲ ထွက်ပြေးလာရာ ရေးဘီလူးတပ်ဖွဲ့က ရှေ့တန်းစစ်မျက်နှာတွင် ဖမ်းဆီးရရှိခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့က အတည်ပြုသည်။ ထွက်ပြေးလာသူ ၃ ဦးမှာ စစ်မှုထမ်းအပတ်စဉ် ၁၂ မှ အသက် ၂၄ နှစ်အရွယ် အောင်သန်းဦး၊ အသက် ၂၉ နှစ်အရွယ် ရန်နိုင်ဝင်း၊ အသက် ၂၃ နှစ်အရွယ် ချစ်ထွန်း တို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့က တပ်မှ ထွက်ပြေးရင်း ရေးဘီလူးတပ်ဖွဲ့ စစ်မျက်နှာသို့ အကူအညီတောင်းခံလာသဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ရေးဘီလူးခေါင်းဆောင်က ရှင်းပြသည်။ စစ်ကောင်စီတပ်သည် နိုင်ငံတစ်ဝန်း လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးကာ စစ်မှုထမ်းခိုင်းနေပြီး ယခုအခါ အပတ်စဉ် ၂၀ သို့ ရောက်ရှိနေပြီဖြစ်သည်။

ချင်းပြည်သို့ ထိုးစစ်ဆင်လာသော စစ်ကြောင်း ၃ ခုကို ချင်းတပ်ပေါင်းစု ပြင်းထန်ခုခံ၊ ဗိုလ်မှူးအပါအဝင် စစ်သားများစွာ ချေမှုန်း
ဒီဇင် ၁
The Kaladan Post
ချင်းပြည်နယ်အတွင်းသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် စစ်ကြောင်း ၃ ကြောင်းကို ချင်းတော်လှန်ရေးတပ်ပေါင်းစုက ပြင်းထန်ခုခံတိုက်ခိုက်ရာ ဗိုလ်မှူး လှမျိုးထွဋ်အပါအဝင် ဗိုလ်ကြီးများနှင့် စစ်သားအများအပြားကို ချေမှုန်းနိုင်ခဲ့ကြောင်း CDF-CDM Siyin က နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည်။ တိုက်ပွဲများအတွင်း ချင်းလဲန်းအင်အားစုဘက်မှ ရဲဘော် ၇ ဦး ကျဆုံးခဲ့ရပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့သည်။
ယခင် မေ မှ ဩဂုတ်လအတွင်း ကလေးမှ ထိုးလာသော အင်အား ၈၀၀ ကျော်ပါ စစ်ကြောင်းကိုလည်း ချင်းတပ်ပေါင်းစုက ခိုင်ကမ်းစစ်ကြောင်းအဖြစ် သတ်မှတ်ကာ ပြင်းထန်ခုခံခဲ့ရာ ရဲဘော် ၁၂ ဦး ကျဆုံးခဲ့ရသည်။ အောက်တိုဘာလကုန်ပိုင်းမှစ၍ တီးတိန်၊ ကလေးတောင်ပိုင်းမှ စစ်ကြောင်း ၃ ကြောင်း ထပ်မံထိုးစစ်ဆင်လာရာ အင်အားမမျှမှုကြောင့် ထိန်းချုပ်နယ်မြေအချို့ လက်လွတ်ခဲ့ရသော်လည်း ချင်းတပ်ပေါင်းစုက ဆက်လက်ပြင်းထန်ခုခံ နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးကုတ်အနောက်ပိုင်း စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်များ ပြင်းထန်ခုခံ၊ စစ်တပ် နောက်ဆုတ်
ဒီဇင် ၁
The Kaladan Post
မန္တလေးတိုင်း၊ မိုးကုတ်မြို့ပြင် အနောက်ပိုင်းသို့ နိုဝင်ဘာ ၃၀ ညနေပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာရာ တော်လှန်ရေးတပ်များက ပြင်းထန်ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာပြီး နောက်ပြန်ဆုတ်ခွာသွားခဲ့ကြောင်း မိုးကုတ်ဒေသခံများနှင့် တော်လှန်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။ စစ်ကောင်စီတပ်သည် မိုးကုတ်မြို့ထဲမှ ထွက်ကာ အနောက်ဘက် တောင်ပေါ်နှင့် မြို့ပြင်သို့ ကျူးကျော်ဝင်ရောက်လာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်များ ကြိုတင်သိရှိထားသဖြင့် ရှေ့ဆက်မတိုးနိုင်အောင် အပြင်းအထန် တိုက်ခိုက်နိုင်ခဲ့သည်။ မိုးကုတ်မြို့ပြင်ပတ်လည်တွင် တော်လှန်ရေးတပ်များ အထိုင်ချထားပြီး မြို့ထဲကို ဆုတ်ခွာပေးထားကြောင်း၊ စစ်တပ်က မြို့ပြင်အထိ ထွက်လာသဖြင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ရှင်းပြသည်။ စစ်တပ်သည် အထိနာပြီး ပြန်ဆုတ်သွားသော်လည်း နောက်တကြိမ် ပြန်လည်ဝင်ရောက်လာနိုင်သေးကြောင်း ဒေသခံများက သတိပေးထားသည်။
အောက်တိုဘာ ၂၇-၂၈ ရက်က တရုတ်ကြားဝင်ညှိနှိုင်းမှုဖြင့် TNLA က မိုးကုတ်မြို့ကို စစ်ကောင်စီထံ ပြန်အပ်ခဲ့သော်လည်း တော်လှန်ရေးတပ်များက မြို့ကို စစ်ကောင်စီလက်အောက် မကျရောက်စေရန် အစွမ်းကုန် ကာကွယ်နေဆဲဖြစ်သည်။TNLA က မိုးကုတ်နှင့် မိုးမိတ်မှ ဆုတ်ခွာမှုအတွက် တအာင်းဒေသအပေါ် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲခြင်းနှင့် ထိုးစစ်မဆင်ရန် ကတိပြုထားကြောင်း သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA သိမ်းပိုက်ခဲ့သော မြို့အများအပြားအနက် မိုးကုတ်နှင့် မိုးမိတ်ကို စွန့်လွှတ်ရမည်ဖြစ်ပြီး ကျန်မြို့ ၇ ခုသာ လက်ထဲတွင် ကျန်ရှိတော့မည်ဖြစ်သည်။

မြင်းခြံတွင် ပျူစောထီး ၅ ဦး ပါသည့်ကားကို ပကဖ ကြားဖြတ်တိုက်ပြီး သေနတ် ၃ လက်သိမ်း
ဒီဇင် ၁
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်ဦး-မြင်းခြံလမ်းပိုင်းတွင် နိုဝင်ဘာ ၂၉ ရက် နံနက် ၁၁ နာရီခန့်က ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်အဖွဲ့မှ ပျူစောထီး ၅ ဦး လိုက်ပါလာသည့် ကားကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်ရင်း ၁ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက အတည်ပြုသည်။
တိုက်ခိုက်မှုတွင် G4 သေနတ် ၁ လက်၊ ကာဘိုင် ၂ လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ရဲဘော်ဒီးနှင့် ရဲဘော်ဓာတ်ဗူး ဦးဆောင်သည့် အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ပါလာတဲ့ ၅ ယောက်လုံး နေရာတင်သေတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းသူတွေ ဘယ်နေရာမှာပဲနေနေ လုံခြုံမှုမရှိဘူးဆိုတာ အသိပေးချင်တယ်” ဟု ရဲဘော်မှိုင်းက ပြောသည်။

စကစစစ်ကြောင်းကို ပကဖပူးပေါင်းတပ်များကို တိုက်ခိုက်ရာ ဗိုလ်ကြီးအပါ ၄ ဦးသေ
ဒီဇင် ၁
The Kaladan Post
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေသော ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်ရင်းများမှ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်ကို ရေစကြိုပကဖနှင့် ပူးပေါင်းတပ်များက နိုဝင်ဘာ ၂၅ မှ ၂၉ ရက်အထိ ၃ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး ဗိုလ်ကြီးမင်းတေဇ အပါအဝင် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ပကဖ သတင်းတာဝန်ခံက အတည်ပြုသည်။ နိုဝင်ဘာ ၂၅ ရက်တွင် ရွာသစ်-ထန်းဆယ်ဆင်ပင်ကျေးရွာအကြား ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီးမင်းတေဇအပါ ၃ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်တွင် ညောင်စောက်ကျေးရွာအတွင်း အနီးကပ်တိုက်ခိုက်ရာ နောက်ထပ် ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ စစ်တပ်ဘက်က သေဆုံးသူအလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ပြီး ညောင်စောက်ကျေးရွာတွင် နေအိမ် ၁၀ လုံးကို မီးရှို့ကာ ပြည်သူပိုင်ပစ္စည်း၊ ရွှေလက်ဝတ်ရတနာများကို လုယက်သယ်ဆောင်သွားခဲ့သည်။ တိုက်ပွဲများအတွင်း ပြည်သူ ၅၀၀ နီးပါးကို ဖမ်းဆီးကာ ဘုန်းကြီးကျောင်းထဲတွင် ချုပ်နှောင်ထားခဲ့ကြောင်း သိရသည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုများကို ရေစကြိုပကဖ၊ ပခုက္ကူခရိုင်တပ်ရင်း(၉) နှင့် နွေဦးစစ်သည် ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကလေးမြို့တွင် အတုအယောင်ရွေးကောက်ပွဲ လူထုဆန့်ကျင်ရေး ဟောပြောပွဲ ကျင်းပ
ဒီဇင် ၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒေသခံပြည်သူများ နှင့်အတူ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် လူထုဟောပြောပွဲ လှုပ်ရှားမှုကို နိုဝင်ဘာ ၃၀ ရက်က ကျင်းပခဲ့သည်။လှုပ်ရှားမှုတွင် ခေတ်အဆက်ဆက် တော်လှန်ရေးအတွက် အသက်ပေးဆပ်ခဲ့သည့် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများအား အလေးပြုဂုဏ်ပြုခဲ့ပြီး ဌာနစုံ CDM ပြည်သူ့ဝန်ထမ်းများကို လက်ခုပ်တီးဂုဏ်ပြုခဲ့သည်။ ထို့ပြင် ကျဆုံးအာဇာနည်များအား တစ်မိနစ်တိတ်ဆိတ်ငြိမ်သက်စွာ အောက်မေ့ဂုဏ်ပြုခဲ့ကြပြီး ရွေးကောက်ပွဲဆန့်ကျင်ရေး ကြက်ခြေခတ်နီ (cross sign) နှင့် ကြွေးကြော်သံများကို ကိုင်ဆောင်ကာ လှုပ်ရှားခဲ့ကြကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုသည် စစ်ကောင်စီ၏ တရားမဲ့ ရွေးကောက်ပွဲကို လူထုတစ်ရပ်လုံး ပူးပေါင်းဆန့်ကျင်ကြောင်း ပြသရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

စစ်အာဏာရှင်တော်လှန်ရေး အရင်းအနှီးကြီးလွန်း၍ တိုင်းပြည်အတွက် အမြတ်ကြီးကြီးရရန်လို ဟု NUG ဝန်ကြီးချုပ်ပြော
ဒီဇင် ၁
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စစ်အာဏာရှင်အမြစ် ဖြတ်ချေမှုန်းရေး တော်လှန်ရေးသည် အရင်းအနှီးကြီးလွန်းသဖြင့် အနာဂတ်တိုင်းပြည်အတွက် အမြတ်ကြီးကြီးရရှိရန် လိုအပ်ကြောင်း နိုဝင်ဘာ ၂၈ ရက် မန္တလေးဒေသလွှတ်တော် ပထမအကြိမ် အစည်းအဝေးနှင့် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပွဲတွင် ပြောကြားခဲ့သည်။
မန္တလေးဒေသတွင် အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းယူရန် စတင်လိုက်ပြီဖြစ်ကာ စစ်ရေးသာမက နိုင်ငံရေးအရပါ ပြည်သူဗဟိုပြု ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်ကို တည်ဆောက်နေပြီဟု ၎င်းက အလေးပေးပြောဆိုသည်။ မန္တလေးဒေသသည် ဗမာလူမျိုးအများစုနေထိုင်ရာ ဒေသတွင် ဖက်ဒရယ်မူကို အုပ်ချုပ်ရေးယန္တရားဖြင့် အသက်သွင်းနိုင်ခဲ့ခြင်းက စစ်မှန်သော ဖက်ဒရယ် နိုင်ငံတော်တည်ဆောက်ရေးအတွက် ရှေ့ဆောင်ခြေလှမ်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ပထမအကြိမ် မန္တလေးဒေသလွှတ်တော်အစည်းအဝေးတွင် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဦးမြင့်အောင်မိုး ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ ကောင်စီဝင် ၉ ဦးဖြင့် ဖွဲ့စည်းအတည်ပြုခဲ့သည်။
အဆိုပါကောင်စီသည် တရားဥပဒေစိုးမိုးရေး၊ စစ်ဘေးရှောင်စောင့်ရှောက်ရေး၊ ကျန်းမာရေး၊ ပညာရေးစနစ်များကို ပြည်သူဗဟိုပြု စနစ်အဖြစ် အမြန်ဆုံးတည်ဆောက်ရန် ရှေ့တန်းမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး NUG အနေဖြင့် လိုအပ်သည့် ပံ့ပိုးမှုနှင့် အရင်းအမြစ်များ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည်ဟု ဝန်ကြီးချုပ်က အာမခံခဲ့သည်။

မူဆယ်-မန္တလေး ရထားလမ်းသစ်စီမံကိန်း ကော်မတီဖွဲ့၊ မြထွန်းဦး ဥက္ကဋ္ဌတာဝန်ပေး
ဒီဇင် ၁
The Kaladan Post
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နှင့်ပူးပေါင်း ဆောင်ရွက်မည့် မူဆယ်-မန္တလေး ရထားလမ်းသစ်ဖောက်လုပ်ရေး နိုင်ငံတော်အဆင့် စီမံကိန်းဦးဆောင်ကော်မတီကို ဩဂုတ် ၃၀ ရက်က အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီးဟောင်း မြထွန်းဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။
ကော်မတီတာဝန်များတွင် နှစ်နိုင်ငံ အစိုးရအချင်းချင်း မူဘောင်ရေးဆွဲအတည်ပြုရေး၊ သဘောတူ ညီချက်လက်မှတ်ထိုးရေး၊ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရေး၊ အတိုးနှုန်းသက်သာ ဖွံ့ဖြိုးရေးရန်ပုံငြိမ်းရှာ ဖွေရေး စသည်တို့ ပါဝင်သည်။ စီမံကိန်းသည် ကီလိုမီတာ ၄၀၀ ကျော်အရှည်ရှိပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဝန်းကျင် ခန့်မှန်းထားကာ တရုတ်၏ ဘေကျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းနှင့် ချိတ်ဆက်မည်ဖြစ်သည်။ ရန်ကုန်-မန္တလေး-မူဆယ်လမ်းကြောင်းမှတစ်ဆင့် ကျောက်ဖြူအထိ တိုးချဲ့ရန် ရည်ရွယ်ထားပြီး တရုတ်တောင်ပိုင်းပြည်နယ်များအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်လာမည်ဟု မင်းအောင်လှိုင်က ယခင်က ပြောဆိုခဲ့သည်။
စီမံကိန်းအတွက် တရုတ်ဘက်က ဒီဇိုင်းများ တင်ပြထားသော်လည်း စစ်ကောင်စီက ရွေးချယ်ဆဲ ဖြစ်ကာ ရှမ်းမြောက်နှင့်ရခိုင်တို့တွင် တိုက်ပွဲများကြောင့် မြေပြင်လေ့လာမှုများ ယာယီရပ်ဆိုင်း ထားရကြောင်း သိရသည်။
