ဆားတောင်တံတားအောက်တွင် စစ်တပ်သတ်ဖြတ်ထားသော ပြည်သူ ၅ ဦးအလောင်းတွေ့
ဒီဇင် ၃
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့၊ သိမ်ကျောင်းတံတားအောက်တွင် နိုဝင်ဘာ ၂၉ ရက်က အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့သည့် ပြည်သူ ၅ ဦးတို့၏ ရုပ်အလောင်းများကို ဒေသခံများက တွေ့ရှိခဲ့သည်။ အလောင်းများမှာ ပုပ်သိုးနေပြီး မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေး ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက အတည်ပြုသည်။ အဆိုပါနေရာသို့ ရွာသာကြီးရွာအခြေစိုက် စစ်ကြောင်းက အကြိမ်ကြိမ်ဝင်ရောက် စီးနင်းနေ ခြင်းဖြစ်ပြီး နိုဝင်ဘာ ၃ ရက်ကလည်း မောက်ကဒီးရွာမှ ပြည်သူ ၄၀ ကျပ်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယနေ့ထိ ပြန်လွတ်မြောက်ခြင်းမရှိသေးပေ။
ဝက်လက်မြို့နယ်အတွင်း အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ်က ရွာတော်ကုန်း၊ တမာကုန်း၊ ထုံးဘို၊ မူးကြီး၊ တံတားဦး စသည့် ကျေးရွာ ၁၅ ရွာထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သည်။ ရာနှင့်ချီသော နေအိမ်များ ပြာကျခဲ့ပြီး ရွာသာကြီး၊ ထုံးဘို၊ တံတားဦး၊ ကျီးကန်စသည့် ရွာများမှ ပြည်သူ ၂ သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရသည်။ စစ်ကြောင်းများ လက်ရှိအချိန်ထိ ဝက်လက်နှင့် ဆားတောင်ပတ်ဝန်းကျင်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်။

ကုန်းပေါင်းရွာဝင်စစ်ကြောင်းကို ချေမှုန်း၊ စစ်သား ၂၀ သေဆုံး၊ လက်နက် ၂၂ လက်သိမ်း
ဒီဇင် ၃
The Kaladan Post
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းပေါင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို နိုဝင်ဘာ ၁၀ ရက်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၂၀ ဦးသေဆုံးခဲ့သည်။ တိုက်ခိုက်ရာတွင် သေနတ် ၂၂ လက်အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အမှတ် ၁၀၀၅ တပ်ရင်း (ရှမ်းတောင်) တာဝန်ရှိသူက အတည်ပြုသည်။ အဆိုပါ စစ်ကြောင်းမှာ လင်ဖုန်ကြီးရွာအခြေစိုက်ကာ အင်အား ၅၀ ခန့်ပါဝင်သည့် အဓိကစစ်ကြောင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကို KA၊ KNDF နှင့် PDF တပ်ဖွဲ့များက ချေမှုန်းရေးနှင့် Drone ပါဝင်သော နည်းဗျူဟာဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အဆိုပါ အကြမ်းဖက်စစ်ကြောင်းသည် လင်ဖုန်ကြီးရွာအတွင်း၌ပင် ဆက်လက်တပ်စွဲထားဆဲဖြစ်ကြောင်း သိရှိရသည်။

ဖလူးကျားဖြန်ခြံဝင်းတွင် ထွက်ခွာငြင်းဆန်သူ နိုင်ငံခြားသား ၉၄၂ ဦး ကျန်ရှိ၊ စစ်တပ်ထိုးစစ်ကြောင့် လုံခြုံရေးအာမခံရန် ခက်ခဲဟု KNU သတိပေး
ဒီဇင် ၃
The Kaladan Post
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကျေးရွာ Shunda Park အွန်လိုင်းငွေလိမ်ခြံဝင်းအတွင်း ထွက်ခွာရန်ငြင်းဆန်သူ နိုင်ငံခြားသား ၉၄၂ ဦး (အမျိုးသား ၈၉၂၊ အမျိုးသမီး ၅၀) ကျန်ရှိနေဆဲဖြစ်ပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း KNU ဗဟိုက နိုဝင်ဘာ ၃၀ ရက်က ထုတ်ပြန်သည်။ အကြမ်းဖက်စစ်တပ်က မင်းလက်ပံဘက်သို့ စစ်ကြောင်းနှစ်ကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်လာပြီး ခြံဝင်းနှင့်အနီးတဝိုက်သို့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ကျန်ရှိနေသူများ၏ ဘေးကင်းလုံခြုံရေးကို အာမခံနိုင်ရန် အလွန်ခက်ခဲလာကြောင်း KNU က သတိပေးထားသည်။
စုစုပေါင်း ခြံဝင်းအတွင်းရှိ လူဦးရေ ၃,၅၈၂ ဦးအနက် ၂,၆၄၀ ဦး (၇၄ ရာခိုင်နှုန်းနီးပါး) ကို ဘေးကင်းစွာ ခေါ်ထုတ်ပေးနိုင်ခဲ့ပြီး ဒီဇင်ဘာ ၂ ရက်အထိ ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးထားသူ ၁၇၇ ဦးအပါအဝင် ကျန်ရှိသူများကို ဆက်လက်ကယ်ထုတ်နေဆဲဖြစ်သည်။ သောင်ရင်းမြစ်ကမ်းနားတွင် စောင့်ဆိုင်းနေရသူများအတွက်လည်း ကေအဲန်ယူက အစားအသောက်၊ မိုးကာတဲများ ဆက်လက်ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကူး ညောင်ဝန်းရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၊ အရပ်သား ၁ ဦးသေ၊ ၄ ဦးဒဏ်ရာရ
ဒီဇင် ၃
The Kaladan Post
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာကို ဒီဇင်ဘာ ၂ ရက်နေ့က အကြမ်းဖက်စစ်တပ်၏ ဂျက်ဖိုက်တာ တစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၃၅ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့သည်။ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း စဉ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက အတည်ပြုသည်။ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခုဖြစ်စဉ်အပြင် နိုဝင်ဘာ ၂၇ ရက်က စစ်ဘေးရှောင်နေရာများဖြစ်သည့် ဝါးရုံကုန်း၊ ပင်လယ်ကြီး၊ လျှောက်ပင်ရိုး၊ ပျင်းပင်ရွာများကို ဗုံးကြဲခဲ့ရာ ပြည်သူ ၇ ဦးသေဆုံးခဲ့သည်။ နိုဝင်ဘာ ၇ နှင့် ၁၂ ရက်များတွင်လည်း မာလဲနှင့် ရွှေပြည်ရွာ စာသင်ကျောင်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၉ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ခင်ဦးတိုက်ပွဲမှ သိမ်းဆည်းလက်နက် ၁၄ လက်ကို တော်လှန်ရေးရဲဘော်များထံ ဂုဏ်ပြုချီးမြှင့်
ဒီဇင် ၃
The Kaladan Post
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် နိုဝင်ဘာ ၂၃ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၈၀ ဝန်းကျင်သေဆုံးခဲ့ပြီး လက်နက် ၂၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။ ဒီဇင်ဘာ ၂ ရက်နေ့တွင် ယင်းတိုက်ပွဲမှ ရရှိခဲ့သော လက်နက်များအနက် MA1 သေနတ် ၁၀ လက်၊ G3 သေနတ် ၄ လက်အပါအဝင် သေနတ် ၁၄ လက်ကို ခင်ဦးမြို့နယ် ပကဖက တိုက်နယ်ပကဖများနှင့် UG ပကဖများထံ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း ခင်ဦးမြို့နယ် ပကဖ သတင်းရင်းမြစ်က အတည်ပြုသည်။
အဆိုပါတိုက်ပွဲမှာ ကန့်ဘလူမှ နည်းဗျူဟာ(၃၃၂)၊ ခမရ(၁၁၁) နှင့် ပျူစောထီးအင်အား ၁၈၀ ခန့်ပါဝင်သည့် စစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံရခြင်းဖြစ်ပြီး ရွှေဘိုခရိုင် အမှတ် ၃ တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ်(၁-၅) ပကဖများနှင့် ပလဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လက်နက်ပေးအပ်ပွဲကို မြို့နယ်ပကဖ ခေါင်းဆောင်များက ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။

စစ်တပ်နှင့် မပူးပေါင်းနိုင်လျှင် အစိုးရသစ် နောက်နေ့ပြုတ်ကျမည်ဟု ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ ခြိမ်းခြောက်
ဒီဇင် ၃
The Kaladan Post
နိုဝင်ဘာ ၂၇ ရက် ပုသိမ်မြို့ မဲဆွယ်ပွဲတွင် ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီက ရွေးကောက်ပွဲတွင် စစ်တပ်နှင့် အဆင်ပြေသော ပါတီသာ မဲရရှိရန် လိုကြောင်း ပြောဆိုခဲ့သည်။ အကြမ်းဖက်စစ်တပ်နှင့် ကျောချင်းကပ်၊ ရင်ချင်းကပ် မဆောင်ရွက်နိုင်ပါက အစိုးရသစ် တက်လာပြီး နောက်နေ့တွင်ပင် ပြုတ်ကျမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။ တိုင်းပြည်ပြန်လည်ထူထောင်ရေးတွင် အတွေ့အကြုံရှိပြီး စစ်တပ်နှင့် လက်တွဲနိုင်သူမျိုးကိုသာ ရွေးချယ်ရမည်ဟု အလေးပေး တိုက်တွန်းခဲ့သည်။
အလားတူ ဒီဇင်ဘာ ၁ ရက်က ပြင်ဦးလွင်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း စစ်တပ်သည် နိုင်ငံတော်တည်ရှိသရွေ့ အခိုင်မာဆုံး အဖွဲ့အစည်းဖြစ်သဖြင့် စစ်တပ်နှင့် သဟဇာတဖြစ်စွာ လက်တွဲနိုင်သူများကိုသာ မဲပေးရန် ဝန်ထမ်းများကို ဖိအားပေး ပြောဆိုခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပရန် အချိန်နီးကပ်လာသည်နှင့်အမျှ စစ်တပ်နှင့် ကြံ့ဖွတ်ပါတီ ပူးပေါင်းကာ မဲဆွယ်ဖိအားပေးမှုများ ပိုမိုပြင်းထန်လာနေကြောင်း တွေ့ရှိရသည်။

ဘုတလင် ကံသာရွာကို Gyrocopter ၂ စီးဖြင့် ဗုံးကြဲ၊ ပြည်သူ ၂ ဦး ဒဏ်ရာရ၊ နေအိမ်များ ပျက်စီး
ဒီဇင် ၃
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကံသာကျေးရွာကို ဒီဇင်ဘာ ၂ ရက် ညနေ ၅ နာရီခန့်က အကြမ်းဖက်စစ်တပ်က Gyrocopter ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိကြောင်း ဒေသခံများက အတည်ပြုသည်။ နေအိမ် ၂ လုံး ပျက်စီးခဲ့ရပြီး အဆိုပါနေ့တွင် ရွာအတွင်း တိုက်ပွဲတစ်စုံတစ်ရာ မဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကံသာကျေးရွာမှာ ဘုတလင်မြို့နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကြား တည်ရှိသည့် ကျေးရွာဖြစ်ပြီး ယခင်ကလည်း စစ်တပ်က အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့သည့် ရွာတစ်ရွာဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ဝန်ကြီးချုပ် ညိုစော လာဘ်စားမှု၊ ခရိုနီများကို လိုင်စင်ချပေးမှုနှင့် အဂတိအလွဲသုံးစားမှုများဖြင့် နာမည်ပျက်လှိုက်နေ
ဒီဇင် ၃
The Kaladan Post
ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး ၄ လကျော်အကြာ ညိုစောမှာ လာဘ်ပေးလာဘ်ယူမှုများ၊ နီးစပ်သူများကို သွင်းကုန်လိုင်စင်နှင့် နိုင်ငံခြားငွေအသုံးပြုခွင့်ချထားပေးမှု၊ အဂတိလိုက်စား နေသော လက်အောက်ငယ်သားများကို အကာအကွယ်ပေးမှုများဖြင့် နာမည်ပျက်စွဲကပ်နေပြီး တစ်စုံတစ်ရာ အရေးယူခံရခြင်း မရှိသေးကြောင်း နေပြည်တော်စစ်ဘက်ရင်းမြစ်များက အတည်ပြုသည်။ နိုဝင်ဘာလအတွင်း ညိုစော၏ သူငယ်ချင်းဖြစ်သူ စွမ်းအင်ဒုဝန်ကြီး ဦးသန့်စင်နှင့် ညွှန်ချုပ် ဦးရွှေမော်တို့ကို စက်သုံးဆီခွဲတမ်းချပေးရာတွင် ငွေကျပ်ဘီလီယံ ၅၄၀ ကျော် အခွန်ကွာဟမှုဖြင့် စစ်ထောက်လှမ်းရေးက ဖမ်းဆီးခဲ့သော်လည်း ညိုစောကိုမူ ထိခိုက်မှု မရှိခဲ့ပေ။
ညိုစော ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီတွင် ခရိုနီများကို သွင်းကုန်ပါမစ်နှင့် နိုင်ငံခြားငွေခွင့်ပြုချက်များ ဦးစားပေးချထားပေးနေပြီး ခွင့်ပြုချက်တစ်ခုလျှင် လာဘ်ငွေ သိန်းငါးရာမှ ထောင်ချီအထိ ကောက်ခံနေကြောင်း ကုန်သည်အသိုင်းအဝိုင်းက ဖွင့်ဟသည်။ ယခင်က သန်းရွှေ၏ ယုံကြည်အားထားရဆုံး တပည့်ဖြစ်ခဲ့သူ ညိုစောမှာ ယနေ့ထိ သန်းရွှေမိသားစုထံ အဝင်အထွက်ရှိနေဆဲဖြစ်ကြောင်း စစ်ဘက်ရင်းမြစ်များက ဆိုသည်။

မြင်းမူ မြောင်လမ်းခွဲ စစ်ဂိတ်ကို ဒရုန်း ၅ စီးဖြင့် ဗုံးကြဲ၊ စစ်သား ထိခိုက်ဒဏ်ရာရ
ဒီဇင် ၃
The Kaladan Post
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ် ဂိတ်ကို ဒီဇင်ဘာ ၁ ရက် ညနေ ၅ နာရီခန့်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက Fixed Wings ဒရုန်း ၅ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဗုံးများ ဂိတ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ စစ်သား ၂ ဦးမှ ၃ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး အသေအပါး အတည်မပြုနိုင်သေးကြောင်း Myaung Drone Force (MDF) တာဝန်ခံ ကျားခင်စိန်က အတည်ပြုသည်။ စစ်တပ်ဘက်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။
တိုက်ခိုက်မှုကို Myaung Drone Force (MDF) ဦးဆောင်ကာ မြင်းမူမြို့နယ် ပကဖ၊ SDDF စစ်ကိုင်းခရိုင်ဒရုန်းတပ်ဖွဲ့၊ HAWK GUERRILLA FORCE၊ ဧရာမြွေပွေး NZN၊ JUSTICE WARRIORS နှင့် Revolutionary Air Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ MDF အနေဖြင့် ဆက်လက်တိုက်ခိုက်ရန် ဒရုန်းဖိုးချေရန် လိုအပ်နေကြောင်း ကျားခင်စိန်က ထပ်မံတိုက်တွန်းသည်။

ရွှေဘို ကန်တော်ဂိတ်တွင် စစ်သားများ နေ့စဉ်ဓားပြတိုက် သိန်းရာချီကောက်ခံ၊ သီပေါတွင်လည်း ဈေးဆိုင် ၂ ဆိုင် ဓားပြဝင်တိုက်
ဒီဇင် ၃
The Kaladan Post
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ကန်တော်ဂိတ်တွင် ခမရ(၁၁)မှ ဒုအရာခံဗိုလ် သန်းဌေးဦးစီးသော စစ်သားများက နေ့စဉ် ပြည်သူများထံမှ ဓားပြတိုက်သလို ငွေကြေးကောက်ခံနေပြီး ဆန်ကား ၁ စီးလျှင် ၂ သောင်း၊ အခြားကုန်တင်ကား ၁ စီးလျှင် ၁ သိန်းမှ ၂ သိန်းအထိ တောင်းယူနေကြောင်း ဒေသခံများက အတည်ပြုသည်။ ဂိတ်ဖွင့်သည့် ၂ နှစ်အတွင်း သိန်းထောင်ချီ ကောက်ခံခဲ့သဖြင့် တိုင်ကြားစာများ ပေးပို့ခဲ့သော်လည်း အရေးယူခြင်းမရှိဘဲ ယခုအခါ ပိုမိုဆိုးရွားလာကြောင်း သိရသည်။
အလားတူ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ် ကွန်စံလိတ်ရွာတွင် နိုဝင်ဘာ ၂၈ ရက် အစောပိုင်းက စစ်သား ၂ ဦးက နေအိမ်ဈေးဆိုင် ၂ ဆိုင်အတွင်း သေနတ်ထောက်ကာ ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ငွေကျပ် ၇ သိန်းတန်ဖိုးရှိ ပစ္စည်းများနှင့် ငွေသားများ ယူဆောင်သွားခဲ့သည်။ တိုင်ကြားခဲ့ရာ ဆိုလာပြားနှင့် ဘက်ထရီအိုးတစ်လုံးသာ ပြန်ပေးခဲ့ပြီး ကျန်ပစ္စည်းနှင့် ငွေများကို ပြန်မပေးကြောင်း SSPP Info က ထုတ်ပြန်သည်။
