ဗန်းမောက်ရွှေတွင်းကို စစ်တပ်လေယာဉ်ဗုံးကြဲ၊ အရပ်သား ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရပြီး ၂ ဦးအခြေအနေဆိုး
ဒီဇင် ၈
The Kaladan Post
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် တောင်ပိုင်း သုံးပင်ကျေးရွာအနီး ရွှေလုပ်ကွက်နေရာတွင် ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က စစ်တပ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ရာ အသက် ၃၃ နှစ်အရွယ် ကိုငြိမ်း အပါအဝင် အရပ်သား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူ ၂ ဦးမှာ အခြေအနေပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံများက အတည်ပြုသည်။ အဆိုပါနေရာတွင် တိုက်ပွဲမရှိသလို လက်နက်ကိုင်တပ်ဖွဲ့လည်း အခြေစိုက်ခြင်းမရှိဘဲ ရွှေတူးသမားပြည်သူများသာ ရှိနေသည့်ကြားက တမင်ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက စွပ်စွဲပြောဆိုကြသည်။
ထပ်မံ၍ ယင်းနေ့ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ကရင်နီပြည် ဒီမော့ဆိုမြို့နယ်အနောက်ခြမ်း ပဆေးလာကျေးရွာကို စစ်တပ်လေယာဉ်က ဗုံးနှစ်လုံးဆက်တိုက်ကြဲချသွားခဲ့ပြီး လူနေထူထပ်သည့်နေရာဖြစ်သဖြင့် ထိခိုက်သေဆုံးမှုများရှိနိုင်သော်လည်း လတ်တလော အသေးစိတ်အချက်အလက်များ မသိရသေးကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များဘက်က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၀ အသံတိတ်သပိတ်ကို နှိပ်ကွပ်၊ ဆိုင်ပိတ်ရင် ဖမ်းမည်၊ ပွဲလုပ်ခိုင်းမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
ဒီဇင် ၈
The Kaladan Post
ဒီဇင်ဘာ ၁၀ ရက် အသံတိတ်သပိတ်နေ့တွင် ဆိုင်များ၊ စားသောက်ဆိုင်များ၊ အလုပ်ရုံစက်ရုံနှင့် ကုမ္ပဏီများ ပိတ်ပါက ဖော်ထုတ်ဖမ်းဆီးကာ ချိတ်ပိတ်အရေးယူမည်ဖြစ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရွေးကောက်ပွဲနှောင့်ယှက်မှုတို့ဖြင့် အမှုဖွင့်အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံးရှိ အုပ်ချုပ်ရေးအဖွဲ့များထံ လျှို့ဝှက်ညွှန်ကြားထားကြောင်း နေပြည်တော် သတင်းရင်းမြစ်များက အတည်ပြုသည်။ ထို့ပြင် ပြည်သူများ စုဝေးပါဝင်နိုင်သည့် စျေးရောင်းပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ရပ်ကွက်/မြို့နယ်အဆင့် လူထုလှုပ်ရှားပွဲများကို မဖြစ်မနေ ကျင်းပဆောင်ရွက်ရမည်ဟုလည်း စစ်ကောင်စီက ညွှန်ကြားထားသည်။
အလားတူ နေပြည်တော်အပါအဝင် တစ်နိုင်ငံလုံးရှိ ဝန်ကြီးဌာနအားလုံးတွင် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဝန်ထမ်းမည်သူ့ကိုမျှ ခွင့်ရက်လုံးဝမပေးရန်၊ လူစုံတက်စုံ ရုံးတက်ခိုင်းရန် ရုံးတွင်းအမိန့်များ ထုတ်ပြန်ထားပြီး ကျန်းမာရေး သို့မဟုတ် နာရေးကိစ္စဖြင့်ပင် ခွင့်ယူလိုပါက ဝန်ကြီးဌာနအကြီးအကဲများ၏ ခွင့်ပြုချက်ရယူမှသာ ခွင့်ပြုရမည်ဟု တင်းကြပ်စွာ ညွှန်ကြားထားကြောင်း သိရသည်။

မြောက်ဥက္ကလာမြို့နယ်ခန်းမကို မြို့ပြကြွက်အဖွဲ့ ဗုံးပစ်ဖောက်ခွဲ၊ ရဲ ၂ ဦး ပြင်းထန်ဒဏ်ရာရ
ဒီဇင် ၈
The Kaladan Post
ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ်ခန်းမကို ဒီဇင်ဘာ ၆ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်က မြို့ပြကြွက်အဖွဲ့ဝင်များက လက်လုပ်မိုင်းနှင့် လက်ပစ်ဗုံးများဖြင့် ပစ်သွင်းဖောက်ခွဲတိုက်ခိုက်ရာ လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူနှင့် ဒေသခံများက အတည်ပြုသည်။ ပေါက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ပြီး ချက်ချင်း မြို့နယ်ရဲစခန်းနှင့် ထွေ/အုပ်ရုံးမှ အင်အားများ ရောက်ရှိကာ အဝိုင်းလမ်းကို ပိတ်ဆို့ရှာဖွေခဲ့သော်လည်း တိုက်ခိုက်သူများ လွတ်မြောက်သွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
မြို့ပြကြွက်အဖွဲ့က စစ်အာဏာရှင်လက်ပါးစေများကို နေရာအချိန်မရွေး ဆက်လက် တိုက်ခိုက်ချေမှုန်းမည်ဟု သတိပေးထုတ်ပြန်ထားပြီး ဒီဇင်ဘာ ၁၀ ရက် အသံတိတ်သပိတ်တွင် ပြည်သူများ အပြင်းအထန် ပါဝင်ပေးကြရန်လည်း တိုက်တွန်းထားသည်။ “ပြည်သူတွေ အသံတိတ်သပိတ်မှာ ပါဝင်ပေးကြပါ။ ကြွက်ကလေးတွေကလည်း အသံများများထွက်အောင် ကြိုးစားပါ့မယ်။ ရွေးကောက်ပွဲဖိအားပေးသူတွေရဲ့ အချက်အလက်ကို ကျွန်တော်တို့ page မှာ လာပေးလို့ရပါတယ်” ဟု အဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။

ခမရ ၅၆၃ က ဒုတပ်ကြပ်နှင့်တပ်သားသစ် ၄ ဦး သေနတ် ၄ လက်နဲ့ အလင်းဝင်၊ ထွက်ပြေးလာတဲ့ စစ်မှုထမ်း ၃ ဦးလည်း အရှင်ဖမ်းမိ
ဒီဇင် ၈
The Kaladan Post
ရခိုင်ပြည် ဂွမြို့နယ်အခြေစိုက် ခမရ ၅၆၃ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦးအပါအဝင် စစ်မှုထမ်းတပ်သားသစ် ၄ ဦးသည် အောက်တိုဘာ ၂၃ ရက်က အမ်း-ပဒန်းလမ်းပိုင်း ဇင်ပြွန်းကျေးရွာအနီး တာဝန်ကျနေစဉ် MA-1၊ MA-2၊ MA-3 သေနတ် ၄ လက်နှင့် ခဲယမ်းများ ယူဆောင်ကာ People’s Revolution Alliance ထံ ဆက်သွယ်အလင်းဝင်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူက အတည်ပြုသည်။ အဆိုပါ အလင်းဝင်သူများမှာ ရှေ့တန်းတာဝန်ထမ်းဆောင်နေစဉ် တိုက်ရိုက်ချိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ပညာအရည်အချင်းအရ ဒုတပ်ကြပ်ရာထူးရရှိထားသူလည်း ပါဝင်ကြောင်း သိရသည်။
ထို့ပြင် နတ်ရေကန်တောင်နှင့် အမ်း-ပဒန်းလမ်းပိုင်း တိုက်ပွဲများအတွင်း ထွက်ပြေးလွတ်မြောက်လာသော ခလရ ၂၉၅ နှင့် ခလရ ၃၅ တပ်ရင်းများမှ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသည့် တပ်သားသစ် ၃ ဦးကိုလည်း ငဖဲမြို့နယ်အတွင်း အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ လူသားချင်းစာနာထောက်ထားမှုဖြင့် ထိန်းသိမ်းထားကြောင်း People’s Revolution Alliance က ထုတ်ပြန်သည်။

တောင်ကိုရီးယားရောက် မြန်မာပြည်သူများ ဒယ်ဂူးမြို့တွင် စစ်အုပ်စု ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ
ဒီဇင် ၈
The Kaladan Post
တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် နိုင်ငံရောက် မြန်မာပြည်သူများက စစ်အုပ်စု၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံရှိ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) က ဦးဆောင်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ အပါအဝင် တော်လှန်ရေးအဖွဲ့ ၃၉ ခု ပါဝင်သည့် “စစ်အုပ်စု ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ” က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသေးစိတ်သိရသည်။
ဆန္ဒပြပွဲတွင် စစ်အုပ်စု၏ ရွေးကောက်ပွဲကို မတရားဟု ရှုတ်ချကာ ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်နှင့် တော်လှန်ရေးအောင်ပွဲအတွက် ပြည်ပရောက် မြန်မာပြည်သူများ၏ စည်းစည်းစည်း ပူးပေါင်းမှုကို ပြသခဲ့ပြီး နိုင်ငံတကာ အားပေးမှုကိုလည်း တောင်းဆိုခဲ့ကြောင်း ပါဝင်သူများက ပြောဆိုသည်။

မောတောင်မှာ စစ်တပ်ကို မူးယစ်ဆေးရောင်း၊ စစ်ရှောင်တွေကို ဗုံးကြဲခိုင်းတဲ့ ဒလန်အမျိုးသမီး အရှင်ဖမ်းမိ
ဒီဇင် ၈
The Kaladan Post
တနင်္သာရီတိုင်း မောတောင်မြို့တွင် စစ်တပ်နှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါးရောင်းချပြီး စစ်ရှောင်ပြည်သူများနှင့် PDF တပ်ဖွဲ့များကို ဗုံးကြဲသတ်ဖြတ်ရန် TikTok စသည့်လူမှုကွန်ရက်များတွင် လှုံဆော်ရေးသားနေသည့် စစ်တပ်သတင်းပေး ဒေါ်ဌေးဌေးရီကို တော်လှန်ရေးတပ်ဖွဲ့များက စစ်ဘေးရှောင်စခန်းတစ်ခုတွင် အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။ ဖမ်းဆီးရမိစဉ် သူမလက်ကိုင်ဖုန်းနှင့် TikTok အကောင့်တွင် စစ်တပ်နှင့် ဆက်သွယ်ထားသည့် အထောက်အထားများနှင့် ဗုံးကြဲသတ်ဖြတ်ရန် လှုံဆော်ထားသည့် ပို့စ်များကို တွေ့ရှိခဲ့ပြီး မူးယစ်ဆေးရောင်းချခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
ဒေါ်ဌေးဌေးရီကို သုံ့ပန်းဥပဒေနှင့်အညီ လူသားချင်းစာနာမှုဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး သူမကလေး ၃ ဦးကိုလည်း စစ်ရှောင်စခန်းတွင် ဆက်လက်ကြည့်ရှုစောင့်ရှောက်ထားကြောင်း၊ ရိုက်နှက်နှိပ်စက်ခြင်း လုံးဝမရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ဖော်ပြောဆိုသည်။ နောက်ဆက်တွဲ အရေးယူဆောင်ရွက်မှုများကို သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့များက ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

စစ်အရာရှိတွေ အမိန့်ပေး၍ တပ်သားသစ်တွေကို ဆေးထိုးပြီး ရှေ့တန်းတက်ခိုင်း၊ ပြည်သူတွေကို မုဒိမ်းကျင့် သတ်ဖြတ်ခိုင်း
ဒီဇင် ၈
The Kaladan Post
ရာမညမွန်တပ်တော်(RMA)ထံ အလင်းဝင်လာသည့် စစ်သားနှင့် ရဲ ၈ ဦးက စစ်တပ်အတွင်း စစ်မှုထမ်းတပ်သားသစ်များနှင့် အောက်ခြေစစ်သားများကို မူးယစ်ဆေးဝါး(WY) အတင်းထိုးသုံးစေပြီး ရှေ့တန်းစစ်ကြောင်းထိုးခိုင်း၊ ပြည်သူများကို ဖမ်းဆီး၊ မုဒိမ်းကျင့်၊ သတ်ဖြတ်ရန် စစ်အရာရှိများက တိုက်ရိုက်အမိန့်ပေးကြောင်း ဗီဒီယိုဖြင့် ထုတ်ဖော်ဝန်ခံလိုက်သည်။ တပ်ရင်းမှူးများအဆင့်ထိ ဆေးရောင်းချသုံးစွဲနေပြီး ဆေးဖိုးအတွက် ပြည်သူ့နေအိမ်များကို လုယက်ခိုင်း၊ ဆေးကြောင်သူများကို ရက်စက်ယုတ်မာမှုများတွင် အဓိကအသုံးချကြောင်း၊ ဆေးကြောင်ကြောင်း အချင်းချင်း ပစ်ခတ်မှုများပါ ဖြစ်ပွားနေကြောင်း အလင်းဝင်သူများက အသေးစိတ်ဖော်ပြထားသည်။
စစ်တပ်အတွင်း အစာရေစာ ဝလင်အောင်မကျွေး၊ လစာမပေး၊ လိုင်းခန်းသန့်ရှင်းရေးခိုင်း၊ သေနတ်မပေးဘဲ ကင်းစောင့်ခိုင်းစသည့် ဖိနှိပ်မှုများအပြင် အလင်းဝင်ရန်ကြိုးစားပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း၊ သို့သော် အလင်းဝင်လာသူများကို တော်လှန်ရေးတပ်များက ညီအစ်ကိုလို နွေးထွေးစွာ ဧည့်ခံကြောင်း၊ ရိုက်နှက်နှိပ်စက်ခြင်း လုံးဝမရှိကြောင်း အလင်းဝင်သူများက ပြောဆိုကာ ကျန်ရှိတပ်သားများအား အမြန်ဆုံး အလင်းဝင်ရန်နှင့် ပေါ်တာဆွဲခံရမည့် လူငယ်များ တော်လှန်ရေးဘက်သို့ ပူးပေါင်းရန် တိုက်တွန်းထားသည်။

စလင်းမြို့မှ ကင်းပတ်စစ်ကြောင်းကို PDF ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ ဦး ပွဲချင်းပြီးသေ၊ လက်နက်ခဲယမ်း သိမ်းဆည်းရရှိ
ဒီဇင် ၈
The Kaladan Post
မကွေးတိုင်း စလင်းမြို့နယ်တွင် ဒီဇင်ဘာ ၆ ရက် ညနေ ၂ နာရီ ၃၆ မိနစ်ခန့်က စလင်းမြို့မရဲစခန်းမှ ကားတစ်စီး၊ ဆိုင်ကယ် ၄ စီးဖြင့် စိမ်းစိုဂိတ်သို့ ကင်းပတ်ထွက်လာသော စစ်သား၊ ရဲ ၂၀ ဦးခန့်ပါဝင်သည့် စစ်ကြောင်းကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရထားလမ်းပိုင်း၌ ကြားဖြတ်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုသည်။ မိုင်းနှင့်ထိမှန်သူ တစ်ဦးမှာ လက်မောင်းပြတ်၊ ပေါင်စုတ်ပြတ်ကာ တဲတဲအပိုင်းအစသာ ကျန်ရှိခဲ့ပြီး နောက်တစ်ဦးမှာ မျက်နှာတစ်ခြမ်းစုတ်ပြတ်၊ လည်ပင်းပေါက်ကာ ပွဲချင်းပြီးခဲ့ကြောင်း၊ အခြားသော စစ်သား၊ ရဲများလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း မြင်းတင်ရပ်ကွက်နေ ရဲတပ်သား အောင်ညီညီနှင့် ဖောင်လင်းနယ်ထိန်းရဲ မင်းခန့်တို့ အပြင်းအထန် ဒဏ်ရာရရှိကာ စလင်းဆေးရုံသို့ အရေးပေါ်တင်ပို့ထားရပြီး အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေရှိကြောင်း၊ G-3 ကျည်ဘောက် ၂ ဘောက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အတောင့် ၃၀ ခန့်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း စလင်းမြို့နယ် PDF က ထုတ်ပြန်သည်။ တိုက်ခိုက်ရေးရဲဘော်များ အထိအခိုက်မရှိ ဘေးလွတ်ရာသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

တောင်သာ-မြင်းခြံ လမ်းပိုင်း စစ်ကြောင်းက ပြည်သူတွေကို လူသားဒိုင်းလုပ်၊ ကျေးရွာ ၆ ရွာ မီးရှို့၊ နေအိမ် ၂၀၀ နီးပါး ပြာကျ
ဒီဇင် ၈
The Kaladan Post
မန္တလေးတိုင်း တောင်သာ-မြင်းခြံ လမ်းပိုင်းတွင် နိုဝင်ဘာ ၁၉ ရက်မှ စတင်ကာ စစ်ကြောင်းထိုးနေသော စစ်တပ်နှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့က ကျေးရွာဝင်တိုင်း ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုပြီး တမံကြီး၊ ဆည်ကုန်း(မ)၊ ညောင်ဒို၊ ပဲခင်းကျော်၊ ခြုံကြီး၊ အင်းတဲ စသည့် ကျေးရွာ ၆ ရွာမှ နေအိမ် ၂၀၀ နီးပါးကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက အတည်ပြုသည်။ စစ်ကြောင်းသည် လက်ရှိအချိန်ထိ အဆိုပါလမ်းပိုင်းတွင် ဆက်လက်တပ်စွဲထားဆဲဖြစ်သဖြင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
စစ်ကြောင်းက ရွာတစ်ရွာဝင်ရောက်တိုင်း ပြည်သူများကို ရှေ့မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ ရွာထဲရောက်မှ ပြန်လွှတ်ပေးပြီး နေအိမ်များကို မီးရှို့သွားခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၁ ရက်ကလည်း တောင်သာ-ငါ့သရောက်လမ်းခွဲ ညောင်တိုရွာအနီး တော်လှန်ရေးတပ်ဖွဲ့၏ ဂိတ်စခန်းကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ဂျပန်အိုဆာကာမြို့မှာ အမေစု လွတ်မြောက်ရေး သံဃာတော်ကြီးများ မေတ္တာရပ်ခံပေးဖို့ တောင်းဆိုပွဲ ကျင်းပ
ဒီဇင် ၈
The Kaladan Post
ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် Hands Of Peace (ငြိမ်းချမ်းရေးကမ်းလက်များ) အဖွဲ့က ဦးဆောင်ကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ မေတ္တာရပ်ခံပေးရန် တောင်းဆိုသည့် ပွဲကို ကျင်းပခဲ့ကြောင်း အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက အတည်ပြုသည်။
အဆိုပါ တောင်းဆိုပွဲသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို လိုလားသည့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဂျပန်ပြည်သူများ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး သံဃာတော်ကြီးများ၏ မေတ္တာရပ်ခံချက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား များ အမြန်ဆုံး လွတ်မြောက်ရေးအတွက် အရေးကြီးသည်ဟု ပွဲစီစဉ်သူများက တိုက်တွန်းခဲ့သည်။
