မေးမြန်းသူ – RAIN
ဖြေဆိုသူ – နေကျော်စိုး၊ ဥက္ကဋ္ဌ၊ All Arakan Students’ & Youths’ Congress – AASYC
RAIN – မိဘပြည်သူများ အားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Exclusive Interview အစီအစဉ်ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် Interview အစီအစဉ်မှာတော့ AASYC ရဲ့ ဥက္ကဋ္ဌ ဆရာနေကျော်စိုးကို ဖိတ်ခေါ်ထားပါတယ်ရှင်။ မင်္ဂလာပါဆရာ။
နေကျော်စိုး၊ – ဟုတ်ကဲ့ မင်္ဂလာပါ။ ကျွန်တော်ကတော့ AASYC ရဲ့ ဥက္ကဋ္ဌ ကိုနေကျော်စိုး ဖြစ်ပါတယ်ခင်ဗျာ။
RAIN – ဟုတ်ကဲ့ပါ။ အရင်ဆုံးအနေနဲ့ ကျွန်မတို့ အင်တာဗျူးအစီအစဉ်ကို လက်ခံပြီး တော့ အခုလို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်ရှင်။
နေကျော်စိုး၊ – ဟုတ်ကဲ့။ အခုလို အသိအမှတ်ပြု မေးမြန်းပေးတဲ့အတွက်လည်း ကျွန်တော့် အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်ခင်ဗျာ။
RAIN – ဆိုတော့… အရင်ဆုံးအနေနဲ့ ပေါ့နော်။ ဆရာတို့ ဒီလက်ရှိ ဆရာတို့အဖွဲ့ရဲ့ တော်လှန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေလေးကို အရင်ဆုံး သိပါရစေရှင်။
နေကျော်စိုး၊ – ကျွန်တော်တို့ AASYC အနေနဲ့ကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကိုကျတော့ ကျွန်တော်တို့ တောက်လျှောက် ဆန့်ကျင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်ပေါ့နော်။ စစ်တပ် က ရေးဆွဲပြီး အတည်ပြုတဲ့ အဲ့ဒီကတည်းကလည်း ကျွန်တော်တို့ တောက်လျှောက် ဆန့်ကျင် တယ်။ ၂၀၁၀ ရွေးကောက်ပွဲ လုပ်တဲ့အချိန်မှာလည်းပဲ ကျွန်တော်တို့အနေနဲ့ တောက်လျှောက် ဆန့်ကျင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ ဒီစစ်တပ်ရဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုကိုလည်း ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်း မြို့ပေါ်တွေမှာရော၊ ရန်ကုန်မြို့ပေါ်မှာပါ ဆန္ဒပြတာတွေ ရှိတယ်။ ဆန့်ကျင်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေကို တောက်လျှောက်လုပ်ခဲ့တယ်ပေါ့နော်။ ဒီနေ့ ဒီအချိန်မှာဆိုရင်လည်းပဲ ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ ရွေးကောက်ပွဲ ဆန့်ကျင်ရေးတွေကိုလည်း ကျွန်တော်တို့ လုပ်နေတယ်။ အဓိကတော့ Strategic Initiative Forum (SIF) ပေါ့နော်၊ အဲ့ဒီလို ပူးပေါင်းပြီးတော့ လုပ်တယ်။ ပြီးလို့ရှိရင် နောက်တစ်ခုက ကျွန်တော်တို့ ဒီ မြန်မာနိုင်ငံ ကျောင်းသားလူငယ်ကွန်ဂရက် (SYCB) ကိုလည်း ကျွန်တော်တို့ ဒီ SYCB ရဲ့ အခန်းကဏ္ဍကနေပြီးတော့ အခု ပါဝင်ပြီးတော့ လုပ်နေတယ်ပေါ့နော်။ နောက်တစ်ခုကကျတော့ ကျွန်တော်တို့ Federal Democracy Constitution တည်ဆောက်ရာမှာ အခြေခံရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပေါ့.. အဲ့ဒါ ကျွန်တော်တို့ ရခိုင်အမျိုးသားတို့ မျှော်မှန်းတဲ့ ဖွဲ့စည်းပုံ (State Constitution) ရေးဆွဲရေးကော်မတီ ဆိုပြီးတော့ လုပ်နေတဲ့အထဲမှာလည်း ကျွန်တော်တို့ တောက်လျှောက် ပါဝင်နေတယ်ပေါ့နော်။ ဒီကျွန်တော်တို့ ရခိုင်လူထုကြားမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေး ကိစ္စတွေကို ပညာပေးတာတွေ၊ လူ့အခွင့်အရေး လေ့လာစောင့်ကြည့် ပြီးတော့ နိုင်ငံတကာကို တင်ပြတာတွေ၊ အစီရင်ခံစာတွေ၊ ပြည်သူတွေကို ကျွန်တော်တို့ ဒီလူ့အခွင့်အရေး အစီရင်ခံစာတွေကို ထုတ်ပြန်ပေးတာတွေ၊ အဲ့ဒီ နိုင်ငံရေးလှုပ်ရှားမှုတွေ ကိုတော့ ကျွန်တော်တို့ အစဉ်တစိုက် လုပ်ဆောင်လျက် ရှိပါတယ်ခင်ဗျာ။
RAIN – ဟုတ်ကဲ့ပါ။ နောက်ထပ် အရေးကြီးတဲ့ မေးခွန်းတစ်ခုအနေနဲ့ ညီညွတ်ရေး အပိုင်းကို ပေါ့နော်.. ဆွေးနွေးစေချင်ပါတယ်။ ပြည်သူတွေ မျှော်လင့်ထားသလောက် တော်လှန်ရေး ဦးဆောင်မှုကဏ္ဍမှာ ညီညွတ်မှုအား မကောင်းလာဘူးလို့ ဝေဖန်သုံးသပ်တာ လေးတွေလည်း ရှိနေပါတယ်ရှင်။ ဆိုတော့ ဒီလိုအခြေအနေမျိုး ဖြစ်ရတာက ဘယ်လို အကြောင်းရင်းတွေ၊ အခက်အခဲတွေကြောင့်လို့ ဆရာ့အနေနဲ့ သုံးသပ်ထားပါသလဲရှင်။
နေကျော်စိုး၊ – ဘယ်လိုအခြေအနေလဲ ဆိုတော့ ကျွန်တော်တို့ တော်လှန်ရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ထင်သလောက် ညီညွတ်မှု မရှိဘူးဆိုတာက.. ကျွန်တော်တို့ ဒီ ဒီမိုကရေစီ အင်အားစု (Democratic Forces) တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အော်ဂနိုက်ဇေးရှင်း (EROs) တွေကြား.. ဒီအုပ်စုနှစ်ခုကြားထဲမှာ ကျွန်တော်တို့ ဘယ်အတိုင်းအတာထိ ယုံကြည်မှု တည်ဆောက်နိုင်သလဲ ဆိုတဲ့ အခန်းကဏ္ဍအပေါ်မှာလည်း အများကြီး မူတည်တယ်လို့ ထင်တယ်ပေါ့နော်။ နောက်တစ်ခုက ဒီ NLD ရဲ့ အခန်းကဏ္ဍ၊ ဒီ NUG ပေါ့.. NUG နဲ့ ဒီ EROs တွေကြားမှာ ယုံကြည်မှု ဘယ်အတိုင်းအတာထိ တည်ဆောက်ခဲ့သလဲ၊ ထပ်ပြီးတော့ အခုရော ဘယ်အခြေအနေထိ တည်ဆောက်နေပြီလဲ ဆိုတဲ့အပေါ်မှာလည်း အများကြီး မူတည်တယ် ပေါ့နော်။ မူအနေနဲ့ ပြောလို့ရှိရင်တော့ ကျွန်တော်တို့ အားလုံးသဘောတူ လက်ခံနိုင်တဲ့ နိုင်ငံရေးသဘောတူညီချက် ကတိကဝတ်တွေ အများကြီး လိုတယ်ပေါ့နော်။ ကတိကဝတ်က ဘာလဲဆိုတော့ ဗမာပြည်နယ် ဖွဲ့စည်းရေးပေါ့နော်။ ဒီအမျိုးသားတန်းတူရေး၊ တိုင်းရင်းသား တွေရဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ အခန်းကဏ္ဍတွေက အများကြီး ပါလာတယ်ပေါ့နော်။ နောက်တစ်ခုက ဒီ ကျွန်တော်တို့ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တွေပဲ ဖြစ်ဖြစ်၊ ပြည်ထောင်စု အဖွဲ့ဝင်တွေရဲ့ သဘောဆန္ဒ အလျောက် ပူးပေါင်းတည်ဆောက်ရေး (Bottom-up approach) ဆိုတဲ့ အခန်းကဏ္ဍကလည်း ကျွန်တော်တို့ အများကြီး အရေးကြီးလာတယ်ပေါ့နော်။ ဒါပေမဲ့ ဒီမှာ ဒီ NUG တို့ NLD တို့အနေနဲ့ကျတော့ လက်ခံနိုင်စွမ်း အားနည်းမယ်လို့တော့ ကျွန်တော်တို့အနေနဲ့ ထင်တယ် ပေါ့နော်။ အရင်အစိုးရ အဆက်ဆက် ခေတ်မှာဆိုရင် “ပြည်နယ်(၇)ပြည်နယ်၊ တိုင်း(၇)တိုင်း” ဆိုတဲ့ အခန်းကဏ္ဍ ရှိခဲ့တယ်ပေါ့နော်။ အခုကျတော့ ကြည့်လိုက်ရင်လည်းပဲ အရင်ကတော့ “တိုင်း”၊ အခုကျတော့ နောက်တစ်ခုကကျတော့ တစ်ဆင့်မြှင့်ပြီးတော့ “တိုင်းဒေသကြီး” ဖြစ်သွားတယ်။ နောက်တစ်ကြိမ် လာပြန်ပြီကျတော့ ဘာဖြစ်လဲဆိုတော့ တိုင်းဒေသကြီးကို နာမည်ပြောင်းပြီးတော့ “Federal Unit” ဆိုပြီးတော့ ဖြစ်သွားတယ်။ Federal Unit ကလည်း (၇)တိုင်းကိုနေပြီးတော့ အခြေခံပြီးတော့ Federal Unit (၇)ခု ဖြစ်သွားတယ်ပေါ့နော်။ ဒါကတော့ နာမည်ပဲ ပြောင်းသွားတယ်၊ အခြေခံက ဘာမှမပြောင်းဘူး ဆိုတဲ့.. ဒီ ဗမာပြည်နယ် တည်ဆောက်ရေး ဆိုတဲ့ အပေါ်မှာ သူတို့ လက်ခံနိုင်စွမ်း မရှိဘူးဆိုတဲ့ အခြေခံကို ကျွန်တော်တို့ သွားတွေ့ရတယ်ပေါ့နော်။ ဒါကလည်း အချက်တစ်ချက်ပေါ့။ ဒီဟာတွေကို ကျွန်တော်တို့ အရေးကြီးတယ်။ ပြည်ထောင်စု တည်ဆောက်ရေးမှာကျတော့ ကျွန်တော်တို့ ဒီ NLD အနေနဲ့ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေနဲ့ ကိုက်ညီတဲ့ ပုံစံမရှိတဲ့ ပြဿနာ တစ်ခုလည်း ဖြစ်မယ်လို့ ထင်တယ်ပေါ့နော်။ ဒီကျွန်တော်တို့ လူအနေနဲ့ ပြောရရင် ဆိုရင်လည်းပဲ လက်နက်ကိုင် တော်လှန်ရေးထဲမှာ NLD အနေနဲ့ ဒီ ပြည်ထောင်စုအဆင့်လို့ပဲ ပြောရမယ်၊ အဲ့ဒီမှာနေပြီးတော့ ဦးဆောင်နိုင်စွမ်း ရှိသလား ဆိုတဲ့ အခန်းကဏ္ဍမှာ ကျွန်တော်တို့ ဘယ်သူလဲ ဆိုတာ မေးခွန်းထုတ်စရာလည်း ရှိလာတယ်ပေါ့နော်။ ဒီ လွှတ်တော်နိုင်ငံရေးနဲ့ သွားခဲ့တဲ့ NLD ဦးဆောင်မှု ကာလတစ်လျှောက်လုံးမှာလည်းပဲ ကျွန်တော်တို့ ရခိုင်မှာလည်း တိုက်ပွဲဖြစ်တယ်၊ ရှမ်းမှာလည်း ဖြစ်တယ်၊ ကချင်မှာလည်း ဖြစ်တယ်။ အဲ့ဒီအပေါ်မှာလည်းပဲ NLD ရဲ့ သဘောထားက ဘာဖြစ်လဲဆိုတော့ EROs တွေဟာ လက်နက်ကိုင်ပြီးတော့ လိုချင်တာကိုပဲ တောင်းဆိုနေကြတယ် ဆိုတဲ့ သူတို့ရဲ့ သဘောထား ရှိတယ်။ ဒီသဘောထားက ကျတော့ ကျွန်တော်တို့ EROs တွေရဲ့ လိုလားတဲ့ အခန်းကဏ္ဍနဲ့ ကျတော့ သူတို့ရဲ့ မူကို ကျွန်တော်တို့ တိုင်းရင်းသားတွေ အနေနဲ့ မေးခွန်းထုတ်စရာ အခန်းကဏ္ဍတွေ ဖြစ်လာတယ်ပေါ့နော်။ နောက်တစ်ချက်က ကျတော့ NLD မှာ သူတို့ရဲ့ တောက်လျှောက်.. NLD မှာကျတော့ လူထုတိုက်ပွဲ လမ်းစဉ်လို့ပဲ ပြောရမယ်ပေါ့။ အဲ့ဒီ လူထုတိုက်ပွဲလမ်းစဉ် သူတို့မှာ မရှိဘူးလို့ပဲ ကျွန်တော်တို့ ယူဆတယ်။ လက်နက်ကိုင် တိုက်ပွဲလမ်းစဉ် မရှိဘူးလို့ပဲ ကျွန်တော်တို့ ယူဆတယ်ပေါ့နော်။ လူထုတိုက်ပွဲ လမ်းစဉ် မရှိဘူးဆိုတာ ၈၈ မှာလည်းပဲ NLD က ဦးဆောင်ခဲ့တာ မတွေ့ရဘူး။ အဓိကတော့ ကျောင်းသားလူငယ်တွေ ဦးဆောင်သွားတဲ့ နောက်မှာပဲ NLD က လိုက်တာပဲ ရှိတယ်။ ဒီ ၂၀၂၁ မှာလည်းပဲ ဒီအတိုင်းပဲ။ စစ်တပ်က အာဏာသိမ်းလိုက်ပြီ၊ NLD က ဘာနိုင်ငံရေး ရပ်တည်ချက် ဝေဝေဝါးဝါးပဲ သူတို့ သိပ်မရှိဘူး။ ဒီ ကျောင်းသားနဲ့ လူငယ်တွေကပဲ လမ်းပေါ်ထွက်ပြီးတော့ လူထုလှုပ်ရှားမှုကိုပဲ အဓိက ဦးဆောင်တယ်။ အဲ့ဒီ လူငယ်တွေရဲ့ ဦးဆောင်မှု နောက်မှာပဲ NLD အနေနဲ့ နောက်ကလိုက်တဲ့ သဘောသဘာဝလောက်ပဲ ရှိတယ်။ ပြီးတော့လည်းပဲ သူတို့က ဒီနိုင်ငံရေးကို ဦးဆောင်မယ် ဆိုတဲ့ အခန်းကဏ္ဍ ရှိတယ်။ အဲ့တော့ ဘာဖြစ်လဲဆိုတော့ ဒီလက်နက်ကိုင် လမ်းစဉ်လည်း သူတို့မှာ မရှိဘူး။ ဒီလူထုလှုပ်ရှားမှု တိုက်ပွဲလမ်းစဉ်တွေ လည်း မရှိဘူးဆိုတာ ကျွန်တော်တို့ မြင်ရတယ်ပေါ့နော်။ ဟိုအဲ့ဒီ အခြေခံအပေါ်မှာပဲ စဉ်းစားပြီးတော့ပဲ လက်နက်ကိုင် လမ်းစဉ်မရှိတဲ့ အခြေခံမှာကျတော့ ဒီကျွန်တော်တို့ ဒီအခုလက်ရှိ တော်လှန်ရေးကာလမှာကျတော့ PDF တွေပဲ ပြောပြော၊ တခြားသော EROs တွေ ကိုပဲ ပြောပြောပေါ့နော်… အဲ့ဒီအပေါ်မှာ ကျွန်တော်တို့ ဒီဦးဆောင်မှု အခန်းကဏ္ဍမှာ အများကြီး နောက်ကျခဲ့တယ်ပေါ့။ အမိန့်မနာခံမှုတွေ ရှိတယ်။ အဲ့ဒီအပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ယုံကြည်မှု တည်ဆောက်မှုပေါ့နော်.. NLD ပဲ ဖြစ်ဖြစ်၊ ဒီ NUG ပဲ ဖြစ်ဖြစ် အဲ့ဒီအပေါ်မှာ EROs တွေရဲ့ ယုံကြည်မှု ကျဆင်းတယ်။ ဒါကြောင့် ဒီအုပ်စုနှစ်အုပ်စုရဲ့ ယုံကြည်မှု ကျဆင်းတဲ့အပေါ်မှာ ဟိုအဲ့ဒီအပေါ်မှာတော့ တော်တော်လေး ညှိယူရမယ်။ အဲ့ဒီလိုပဲ ကျွန်တော့်အနေနဲ့ မြင်ပါတယ်လို့။
RAIN – ဟုတ်ကဲ့ပါ။ ဒါဆိုလို့ရှိရင် ဆရာရေ၊ ဒီအခုလက်ရှိ သွားနေတဲ့ ပုံစံ၊ ရှိနေတဲ့ အနေအထားအတိုင်းသာ ဒီအတိုင်း ဆက်သွားမယ် ဆိုလို့ရှိရင်ပေါ့နော်.. ဒီတော်လှန်ရေး ခရီးက ဘယ်ကို ဦးတည်သွားနိုင်မလဲ။ ဟို ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကိုရော ရောက်နိုင်ပါ့ မလား ဆိုတာ ဆရာ့ရဲ့ နိုင်ငံရေးအမြင်နဲ့ သုံးသပ်ပေးပါဦးရှင်။
နေကျော်စိုး၊ – ဘယ်ကို ဦးတည်သွားနိုင်မလဲ ဆိုတော့ ကျွန်တော်တို့ ဒီအတိုင်းသွားရင်တော့ တော်လှန်ရေးက ဒီအကျဘက်ကိုပဲ ရောက်သွားလိမ့်မယ်ပေါ့နော်။ အတိုက်ခံအင်အားစု အချင်းချင်းကြားမှာ မညီညွတ်မှုတွေ ဖြစ်လာမယ်။ ညီညွတ်မှု မရှိဘူး… တော်လှန်ရေး အစတုန်းက ညီညွတ်မှု တည်ဆောက်ထားခဲ့တဲ့ အတိုင်းအတာ အခြေအနေက အဲ့ဒီထက် တစ်ဆင့်ပြီး တစ်ဆင့် လျော့ကျလာမယ်။ အဲ့ဒီ လျော့ကျမှုအပေါ်မှာ ကျွန်တော်တို့ ပြည်သူလူထုရဲ့ ယုံကြည်မှုကလည်း တဖြည်းဖြည်းချင်း လျော့ကျလာမယ်ပေါ့နော်။ ထောက်ခံ အားပေးမှု လျော့ကျလာတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဒီတော်လှန်ရေးဟာ ဘက်ကွေ့ပြီး တော့ပဲ.. ကျွန်တော်တို့ တဖြည်းဖြည်း တော်လှန်ရေး အကျဘက်ကို ရောက်သွားလိမ့်မယ်လို့ပဲ မြင်တယ်။ အခုလည်း ရွေးကောက်ပွဲက လာနေပြီပေါ့နော်။ ရွေးကောက်ပွဲက သူတို့က ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင်ကတော့ လုပ်မှာပဲ ရွေးကောက်ပွဲကို။ ရွေးကောက်ပွဲ လုပ်တော့ ဘာဖြစ်လဲဆိုတော့ အခုကတည်းက အုပ်စုတွေ ကွဲနေတယ်။ ဒီမိုကရေစီအုပ်စုထဲမှာ ကိုယ်တိုင်က အကွဲအကွဲအပြဲပြဲ များနေကြတယ်ပေါ့နော်။ အဲ့ဒီအချိန်မှာ ရွေးကောက်ပွဲက လာနေပြီ။ ဒီတော့ ရွေးကောက်ပွဲကို တချို့က ဆန့်ကျင်ကြတယ်။ အဲ့ဒီ ဆန့်ကျင်တဲ့ အထဲမှာပင်လျှင် တချို့က ကျတော့ ပြောမယ်ဆိုရင်ဗျာ.. ဟို မင်းအောင်လှိုင်က သူ့ကို ကြောက်ပြီးတော့ လက်သီးလက်မောင်းတန်းပြီးတော့ “ငါက ကွ ဒီမှာ မင်းကို တော်လှန် နေတာ” ဆိုပြီးတော့ အဲ့ဒီ စစ်တပ်ရဲ့ အာရုံကို ဖမ်းစားတဲ့ အနေနဲ့လည်း ပိုပြီးတော့ ရဲရဲတောက် တော်လှန်ပြတဲ့ လူလည်း ရှိကောင်းရှိမယ်ပေါ့နော်။ ဒီရွေးကောက်ပွဲ ပြီးသွားလို့ရှိရင်တော့ ထင်ပါတယ်… ၂၀၁၀ လိုမျိုးပေါ့။ အကုန်လုံး ပြန်လာကြပါ၊ ဘယ်သူ့ကိုမှ အပြစ်မယူပါဘူး ဆိုပြီးတော့ ကြေညာချက်တွေ ထုတ်ပြီးတော့ ပြည်တွင်းကို ခေါ်လာနိုင်တဲ့ အခန်းကဏ္ဍ ရှိတယ်။ အဲ့ဒီအချိန်မှာ ဝင်ကြမှာပဲ။ အဲ့ဒီ ခေါ်တဲ့အချိန် ကျလို့ရှိရင် တချို့ ဒီဘက်မှာ ကျတော့ ဒုက္ခတွေ မခံနိုင်တဲ့လူတွေက အများကြီး ရှိလာကြပြီ။ အဲ့ဒီ အခြေအနေ အပေါ်မှာပဲ တချို့က ဝင်သွားမယ်။ ဝင်သွားလို့ရှိရင်တော့ ဒီဘက်မှာ တော်လှန်ပြီးတော့ ကျန်ခဲ့တဲ့ အုပ်စုတွေက တဖြည်းဖြည်း နည်းသွားလိမ့်မယ်။ အဲ့ဒီ ဝင်သွားကြလို့ရှိရင် သူတို့တွေကတော့ အဲ့ဒီအတိုင်းပဲ စစ်တပ်ရဲ့ အောက်မှာပဲ ကြားဖြတ် ရွေးကောက်ပွဲတွေ ပေါ်လာမယ်။ အဲ့ဒီ ကြားဖြတ် ရွေးကောက်ပွဲတွေမှာ သူတို့တွေ ဝင်ပြီးတော့ လှုပ်ရှားကြမယ်။ အဲ့ဒီလို ဆိုလို့ရှိရင် တော်လှန်တဲ့ အုပ်စုတွေက ဒီဘက်မှာ တဖြည်းဖြည်း နည်းကျန်ခဲ့မယ် ဆိုလို့ရှိရင် ဒီမင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကတော့ တဖြည်းဖြည်း… ရွေးကောက်ပွဲ ပြီးတာက ရွေးကောက်ပွဲ အောင်မြင်တာ မဟုတ်သေးဘူး။ အဲ့လိုမျိုး ကျွန်တော်တို့ ဒီအခု တော်လှန်နေတဲ့ တော်လှန်ရေး အုပ်စုတွေကသာ ရွေးကောက်ပွဲ ပြီးတဲ့နောက် ပြည်တွင်းထဲကို ဝင်သွားပြီး တော့ မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲ ကဏ္ဍတွေမှာ ပါဝင်သွားခဲ့မယ် ဆိုလို့ရှိရင် စစ်တပ်ရဲ့ အတုအယောင် ဟန်ပြလုပ်နေတဲ့ ဒီရွေးကောက်ပွဲက သူ့ဟာသူ အောင်မြင်မှုကို ရသွား လိမ့်မယ်။ အဲ့ဒီတော့ ကျွန်တော်တို့ရဲ့ တော်လှန်ရေးက တဖြည်းဖြည်း အကျဘက်ကို ရောက်သွားနိုင်တယ် လို့တော့ ခန့်မှန်းပါတယ်ဗျ။
RAIN – ဟုတ်ကဲ့ပါ။ ဆက်စပ်ပြီးတော့ မေးချင်တာကတော့ တိုင်းရင်းသားအရေးပါ ဆရာ။ ဒီလက်ရှိ နိုင်ငံရေး ရှုပ်ထွေးမှုနဲ့ ဗဟိုရဲ့ ဦးဆောင်မှု အားနည်းချက်တွေက ရခိုင် အပါအဝင် ပေါ့နော်.. တိုင်းရင်းသားလူမျိုး တချို့ကို ပြည်ထောင်စုကနေပြီးတော့ ခွဲထွက် ချင်စိတ် ဖြစ်အောင် တွန်းအားပေးရာများ ရောက်နေသလားပေါ့လေ။ ဆိုတော့ တိုင်းပြည် အနေနဲ့ နိုင်ငံရေးအရ အကွဲအပြဲကြီး ဖြစ်လာနိုင်ခြေ ရှိနေပြီလား ဆိုတာကိုလည်း သုံးသပ် ပေးပါဦးရှင်။
နေကျော်စိုး၊ – အကွဲအပြဲ ရှိနေပြီလား ဆိုတော့… ကျွန်တော်တို့ ဒီမြန်မာနိုင်ငံရဲ့ ဟိုဟာ ၁၉၄၇ ဖွဲ့စည်းပုံ၊ ၁၉၄၇ ဖွဲ့စည်းပုံမှာ ကိုယ်တိုင်က ကျွန်တော်တို့ ဒီအမျိုးသားတန်းတူရေး၊ ကိုယ့် ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး ဆိုတဲ့ အခြေခံ ပြည်ထောင်စု တည်ဆောက်ခဲ့ ကြတယ်ပေါ့နော်။ သို့သော်လည်းပဲ ဒီ ၁၉၄၇ ဖွဲ့စည်းပုံ ပင်လုံစာချုပ် ပင်လုံကတိကဝတ်၊ အဲ့ဒီ ကတိကဝတ်တွေက မဖော်ဆောင်နိုင်ခဲ့ဘူးပေါ့နော်။ မဖော်ဆောင်နိုင်ခဲ့ဘူး ဆိုတော့ ၁၉၆၁ မှာ တောင်ကြီးညီလာခံ ကျင်းပတယ်ပေါ့နော်။ ကျင်းပပြီးတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု စစ်စစ်မူ ဆိုပြီးတော့ တင်သွင်းခဲ့ကြတယ်။ ဒါ ဒါကိုလည်းပဲ ပြည်ထောင်စုက ခွဲထွက်ရေး ကြိုးပမ်းမှု လို့ပဲ သတ်မှတ်ပြီးတော့ ဗိုလ်နေဝင်းက အာဏာသိမ်းခဲ့တယ်ပေါ့နော်။ အဲ့ဒီ အာဏာသိမ်းမှု အပေါ်ကိုပဲ ဗမာအများစုက ဗိုလ်နေဝင်းရဲ့ အာဏာသိမ်းမှုကို ဒီလူ့အခွင့်အရေးရှုထောင့် ရယ်၊ လူတန်းစားရှုထောင့် ပေါ်ကပဲ ဒီမနှစ်သက်တာ တချို့ ရှိတယ် ပေါ့နော်။ ဟို ဒါပေမဲ့ လူမျိုးရေး ရှုထောင့်အရ သုံးသပ်ပြီးတော့ ဒီဗမာမဟုတ်တဲ့ တိုင်းရင်းသား တွေ အပေါ်မှာ စာနာနားလည်မှု အင်မတန် နည်းခဲ့တယ် လို့ပဲ ကျွန်တော်တို့ မြင်တယ် ပေါ့နော်။ ဒီနေ့ ဒီအချိန်မှာလည်းပဲ ကျွန်တော်တို့ ဒီဒီမိုကရေစီ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြပေမဲ့ ဒီအမျိုးသားတန်းတူရေး ကိစ္စ အခြေခံကျတဲ့ ရင်းမြစ်ပြဿနာတွေကို ကျတော့ EROs တွေ ဆိုတာလည်း ဒေသခံ.. ဒေသခံလူမျိုးတွေရဲ့ အားပေးထောက်ခံမှုကြောင့် ပေါ်ပေါက်လာတဲ့ အစုအဖွဲ့ ဆိုပြီးတော့ သူတို့ မြင်တာကို သိပ်မတွေ့ရဘူးပေါ့နော်။ အဲ့လိုတော့ မြင်တယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အောက်မှာ ရွေးကောက်ခံပြီးတော့ တက်လာတဲ့ ပြည်ထောင်စုအရေးကိုပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ သူတို့ ထင်နေတယ်ပေါ့နော်။ ဟို အဲ့လို ကျဉ်းမြောင်းတဲ့ အမြင် ကျတော့ ပြည်ထောင်စု ပြိုကွဲရေးကို အဓိက ဖြစ်စေမယ့် တွန်းအား လို့တော့ မြင်ပါတယ်လို့။
RAIN – ဟုတ်ကဲ့ပါ ဆရာ။ နိုင်ငံတကာအမြင်ကိုလည်း ဆက်ပြီးတော့ ဆွေးနွေး ချင်ပါတယ်ဆရာ။ ကျွန်မတို့ တော်လှန်ရေးအင်အားစုတွေကြားမှာ မညီညွတ်ဘူးဆိုလို့ရှိရင် ဒီနိုင်ငံတကာအသိုင်းအဝန်းက စစ်ကောင်စီဆောင်ရွက်မယ့် ရွေးကောက်ပွဲဘက်ကို အားပေး ထောက်ခံတာမျိုး၊ ဒါမှမဟုတ်လည်း အသိအမှတ်ပြုဆက်ဆံတာမျိုး ပိုလုပ်လာနိုင် သလားပေါ့လေ။ ဆိုတော့ ဒီအန္တရာယ်အပေါ်မှာ ဆရာ့ရဲ့အမြင်ကိုလည်း သိချင်ပါတယ်ဆရာ။
နေကျော်စိုး၊ – နိုင်ငံတကာကတော့ စောင့်ကြည့်နေမှာပဲဗျ။ နိုင်ငံတကာဆိုတာကတော့ သူတို့ ဒီအာဏာရှိတဲ့လူနဲ့ ပေါင်းမယ်ဆိုတဲ့ မူဝါဒကတော့ တစ်ကမ္ဘာလုံး နိုင်ငံတော်တော်များများ နိုင်ငံကြီးတွေအပါအဝင်ပေါ့၊ နိုင်ငံကြီးပဲဖြစ်ဖြစ် နိုင်ငံသေးပဲဖြစ်ဖြစ် အဓိက နိုင်ငံတစ်နိုင်ငံမှာ တရားဝင်မှု (Legitimacy) ရှိနေတဲ့ အစိုးရက ဘယ်သူလဲဆိုတာ ကြည့်မယ်။ အဲဒီအပေါ်မှာပဲ သူတို့က ပေါ်လစီ ပူးပေါင်းမယ်ပေါ့နော်။ အဲဒီလိုမျိုး အခြေအနေ ရှိတယ်။ ဒီနေ့အချိန်မှာတော့ ကျွန်တော်တို့ တော်လှန်ရေးအားကောင်းနေသေးတဲ့ အချိန်မှာမို့လို့သာ စစ်တပ်ကို နေပြီး တော့ ဒီနေ့ခေတ်မှာမို့လို့ လူ့အခွင့်အရေးရှုထောင့် အဲဒီကဏ္ဍနဲ့ပဲ စစ်တပ်နဲ့နေပြီးတော့ ဆက်ဆံမှု နှေးကွေးနေတဲ့ သဘောမျိုးရှိတယ်ပေါ့နော်။ ကျွန်တော်တို့ ဒီတော်လှန်ရေး အဖွဲ့တွေကြား အချင်းချင်းမှာ ညီညွတ်မှုကျဆင်းတာပဲဖြစ်ဖြစ်၊ ဒီပြည်သူလူထုရဲ့ ယုံကြည်မှု မျှော်လင့်ချက်တွေ ကျဆင်းတာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ ဒီတော်လှန်ရေးအဖွဲ့တွေ၊ နိုင်ငံရေး၊ စစ်ရေး ထိုးစစ်ဆင်နိုင်မှုတွေ ကျဆင်းလာတဲ့အချိန်မှာ ဒီစစ်ကောင်စီရဲ့ ယန္တရားက သူတို့ရဲ့ အုပ်ချုပ်မှုယန္တရား တည်ငြိမ်သွားပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ တော်လှန်မှု နှေးကွေးရင် သူတို့ရဲ့ အုပ်ချုပ်မှုယန္တရား တည်ငြိမ်သွားလိမ့်မယ်ပေါ့နော်။ အဲဒီလို တည်ငြိမ်တဲ့အပေါ်မှာ ဒီနိုင်ငံကြီးတွေ တခြားနိုင်ငံတကာတွေကကျတော့ သူတို့ရဲ့ အုပ်ချုပ်မှု တည်ငြိမ်တယ်ဆိုပြီး တော့ သူတို့ကို တရားဝင်အစိုးရ (De facto government) ပုံစံမျိုး သတ်မှတ်ပြီးတော့ သူတို့နဲ့ ပူးပေါင်းဆက်ဆံမှုကို သွားလိမ့်မယ်လို့ မြင်တယ်။ ဒီအပေါ်မှာတော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကိုပေါ့နော်၊ နိုင်ငံတကာ အင်အားစုတွေကလည်း စာနာနားလည် မှုရော၊ အားပေးထောက်ခံမှုရော ကျွန်တော်တို့ဘက်ကို သိသိသာသာကြီး ကျဆင်းသွား ပါလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော်တို့ကို လူသားချင်းစာနာမှု ထောက်ပံ့တဲ့ အခန်းကဏ္ဍ လောက်သာ ကူညီပြီးတော့ တစ်ဖက်မှာ Government to Government (အစိုးရချင်း) ဆက်ဆံရေးကျတော့ တစ်ဖက် အဲဒီစစ်အုပ်စုဘက်ကို ပိုပြီးတော့ ရောက်သွားနိုင် လိမ့်မယ် လို့တော့ ခန့်မှန်းမိပါတယ်။
RAIN – ဟုတ်ကဲ့ပါ။ နောက်ဆုံးမေးခွန်း အနေနဲ့ ဒီ အိမ်နီးချင်း အိန္ဒိယနိုင်ငံ အကြောင်းလေးလည်း မေးပါရစေရှင်။ ဒီအခုတလောမှာ ဒီအိန္ဒိယအစိုးရ အနေနဲ့ ပေါ့နော်.. စစ်ကောင်စီအပေါ်ကို ပိုပြီးတော့မှ ချဉ်းကပ်ဆက်ဆံလာတာတွေကိုလည်း တွေ့နေရပါတယ်။ ဆိုတော့ ဒီလို အိန္ဒိယရဲ့ ဒီသဘောထား အပြောင်းအလဲနဲ့ လုပ်ရပ်တွေ အပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုများ သုံးသပ်ထားပါသလဲရှင်။
နေကျော်စိုး၊ – အိန္ဒိယနိုင်ငံ အနေနဲ့ကျတော့ ဒီလက်ရှိ စစ်ကောင်စီနဲ့ ချဉ်းကပ်မှုက သူတို့ အရင်အတိုင်းပဲ ရှိတယ်ပေါ့နော်။ သူတို့ စစ်ကောင်စီနဲ့ ချဉ်းကပ်မှုက ကျဆင်းသွားတာမျိုး မရှိဘူး။ အိန္ဒိယ အနေနဲ့ စစ်တပ်နဲ့ သူတို့ ကျတော့ သူတို့နိုင်ငံရဲ့ အကျိုးစီးပွား အပေါ်မှာ အဓိက မူတည်ပြီးတော့ အလုပ်လုပ်တယ် လို့ပဲ ကျွန်တော်တို့ မြင်တယ်။ ဘာလို့လဲဆိုတော့ သူတို့က ဒီမိုကရေစီနိုင်ငံ လို့ပဲ ပြောပေမဲ့ သူတို့ရဲ့ အကျိုးစီးပွားကို အဓိက ဦးတည်တယ်။ ပြီးလို့ရှိရင် သူတို့ မြန်မာနိုင်ငံနဲ့ ကျတော့ သူတို့ ဒီစစ်တပ်နဲ့ ပူးပေါင်းရတာက သူတို့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက သူတို့မှာလည်း နိုင်ငံရေး အခြေအနေ ရှိတယ်။ သူတို့မှာ ဆိုလို့ရှိရင် ဒီ မီဇိုရမ်၊ မဏိပူရ ပေါ့.. အဲ့ဒီမှာ ကျတော့ သူတို့ အိန္ဒိယထဲက ခွဲထွက်ရေး အဖွဲ့တွေ ရှိတယ်။ အဲ့ဒီ ခွဲထွက်ရေး အဖွဲ့တွေကိုပဲ သူတို့က ဒီမြန်မာစစ်တပ်နဲ့ပဲ ပူးပေါင်းပြီးတော့ သူတို့ နယ်စပ်မှာ နှိမ်နင်းရတဲ့ အခန်းကဏ္ဍတွေ ရှိတယ်ပေါ့နော်။ အဲ့ဒီ အခန်းကဏ္ဍ အပေါ်မှာ မူတည်ပြီးတော့ သူတို့က ဒီမြန်မာစစ်တပ်ကို သူတို့က တောက်လျှောက် ဆက်ဆံနေတဲ့ သဘော ရှိတယ်။ နောက်တစ်ခုက ကျတော့ ကျွန်တော်တို့ ဒီ ကျွန်တော်တို့ ရခိုင်မှာ ဆိုလို့ရှိရင် သူတို့ ဒီကုလားတန် စီမံကိန်းပေါ့။ အဲ့ဒီ ကုလားတန် စီမံကိန်းမှာ ဆိုလို့ရှိရင်လည်း သူတို့ ပြောမယ်ဆိုရင် ဒီကုလားတန် စီမံကိန်းကလည်း ကျွန်တော်တို့ ဒီတရုတ် ရွှေဂက်စ် စီမံကိန်း ပေါ့.. အဲ့ဒီ ရွှေဂက်စ် စီမံကိန်းနဲ့ ဟို သိပ်မတိမ်းမယိမ်း သူတို့ အကောင်အထည် ဖော်ခဲ့တာပေါ့နော်။ ဒါပေမဲ့ ဟိုဟာ အဲ့ဒီ တရုတ်ရဲ့ ရေနံပိုက်လိုင်းရော ဓာတ်ငွေ့ပိုက်လိုင်းရော အကုန်ပြီးသွားလို့ အလုပ်လုပ်ငန်း လည်ပတ်နေပြီ။ ဒါပေမဲ့ အဲ့ဒါနဲ့ မတိမ်းမယိမ်း လုပ်ငန်း စခဲ့တဲ့ ကုလားတန် စီမံကိန်း ပရောဂျက်တွေ ကျတော့ သူတို့ ဒေါ်လာ သန်း ၄၀၀-၅၀၀ ကုန်သွားပြီ။ မျှော်မှန်းထားတာ ထက် ပိုပြီးတော့တောင် ကုန်ကျစရိတ်က ပိုပြီးတော့ များသွားပြီ။ ဒါပေမဲ့ လုပ်ငန်းက အခုထိ မလည်ပတ်ရသေးတဲ့ အခန်းကဏ္ဍ ရှိတယ်။ အဲ့ဒီ မလည်ပတ်ရသေးတဲ့ အခန်းကဏ္ဍမှာ နောက်တစ်ဆင့် တက်ဖို့၊ နှစ်ပူဆင့် ဆိုသလိုပဲ ကျွန်တော်တို့ ဒီရခိုင်တိုက်ပွဲက ကြီးကျယ်သွားတော့ သူတို့ အလုပ်လုပ်ရတဲ့ အခန်းကဏ္ဍတွေမှာ ပိုပြီးတော့ ကန့်သတ်ချက်က ပိုပြီးတော့ များသွားလိမ့်မယ်ပေါ့နော်။ အဲ့ဒီအချိန်မှာ သူတို့ ဘာဖြစ်လဲဆိုတော့ ဒီမြန်မာစစ်တပ်ကိုပဲ အဓိက Supporting ပေးပြီးတော့ လုပ်ငန်းလည်ပတ်ဖို့တော့ အဓိက သူတို့ ကြိုးစားတယ် လို့ပဲ မြင်တယ်။ ပြီးလို့ရှိရင် သူတို့မှာ ဒီမှာ နောက်တစ်ခုက ကျတော့ ဒီ ကုလားတန် စီမံကိန်း အပါအဝင် ဒီသူတို့မှာ ဒီ Hight way လမ်းမကြီး စီမံကိန်း ရှိတယ်။ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ။ အဲ့ဒီ စီမံကိန်းကလည်း သူတို့အတွက် အင်မတန် အရေးကြီးတယ်ပေါ့နော်။ ဒီဘန်ကောက်ကို တစ်ယောက်တည်း ကားလမ်းမ ဖောက်ဖို့ ကိစ္စ။ အဲ့ဒီ ကိစ္စတွေကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံ အနောက်ဘက် ကျွန်တော်တို့ ရခိုင်ရယ်၊ ချင်းရယ်၊ စစ်ကိုင်းရယ် အကုန်လုံးက တိုက်ပွဲဧရိယာ ကြီးကျယ်သွားတော့ သူတို့အနေနဲ့ တော်တော်လေး လုပ်ရကိုင်ရ ခက်တဲ့ အနေအထားမှာ ရှိတယ်။ ဒီတော့ သူတို့က ဘာဖြစ်လဲဆိုတော့ သူတို့ရဲ့ အမြင်မှာ ကျတော့ ဒီစစ်တပ်ကိုပဲ အဓိက ကိုင်ပြီးတော့ ဒီစီမံကိန်းတွေကို သူတို့ လုပ်နိုင်မယ်၊ တခြားသော ဒီ EROs တွေ လက်နက်ကိုင်တွေ ဆိုတာ စစ်တပ်ရဲ့ ဖိနှိပ်မှုအောက်မှာ တစ်ချိန်ချိန် ထိုးစစ်တွေ အများကြီးနဲ့ ဖိနှိပ်မှုအောက်မှာ ကျတော့ ERO အဖွဲ့တွေဟာ တစ်ချိန်ချိန် ငြိမ်သွားမယ် ဆိုတဲ့ သူတို့ရဲ့ Policy မူဝါဒ ပေါ့.. အဲ့လို အတွေးမျိုးနဲ့ နေပြီးတော့ သူတို့က ဒီစစ်တပ်ကိုပဲ အဓိက ကိုင်တွယ်ပြီးတော့ လုပ်ရမယ်။ ဒီတရုတ်ကို လည်းပဲ သူတို့ တရုတ်နဲ့ အဓိက ဆက်ဆံနေတာ လည်းပဲ ဒီစစ်တပ်ပဲ။ မြန်မာစစ်တပ်ကပဲ အဓိက ဆက်ဆံနေတာ။ အဲ့ဒီအပေါ်မှာ သူတို့က သူ့ဘက်က လက်လျှော့လိုက်ရင် ဒီဗမာစစ်တပ်ကတော့ ဒီတရုတ်ဘက်ကို အပြီးပိုင် ပါသွားမယ်။ အဲ့ဒီအပေါ်မှာ သူတို့က သူတို့ရဲ့ အကျိုးစီးပွားအတွက် ဒီစစ်တပ်ကို သူတို့က ထပ်ပြီးတော့ နောက်လည်းပဲ ထပ်ပြီးတော့ သူတို့ Supporting လုပ်နေဦးမယ် လို့ မြင်တယ်။ ဒါပေမဲ့ အဲ့ဒါကတော့ ဟို အခြေအနေအရ ကျွန်တော်တို့ ဒီမြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ အဓိက တော်လှန်နေတဲ့ တော်လှန်ရေး အင်အားစုတွေကသာ ဒီထက်ပိုပြီးတော့ အားကောင်း မယ် ဆိုလို့ရှိရင်တော့ သူ့ရဲ့ နိုင်ငံခြားရေး Policy တွေကလည်း သူတို့အနေနဲ့ တစ်ချိန်ချိန်မှာ တော့ ပြန်ပြီးတော့ စဉ်းစားပြီးတော့ ပြောင်းလဲပေးရမယ် လို့တော့ မြင်တယ်။ ဒီနေ့ ဒီအချိန်မှာ တော့ သူတို့ အဲ့ဒီ နိုင်ငံခြားရေး Policy က သူတို့ ပြောင်းတာတော့ သိပ်မတွေ့ရသေးဘူး။ သူတို့ရဲ့ Policy ကတော့ အင်အားရှိတဲ့ ဒီစစ်တပ်နဲ့ပဲ အဓိက အလုပ်တွဲလုပ်မယ် ဆိုတဲ့ မူဝါဒ ကိုတော့ ကျွန်တော်တို့ မြင်တွေ့နေရပါတယ် လို့။
RAIN – ဟုတ်ကဲ့ပါ။ ဒီနေ့ ဒီအချိန်ထိ တော်လှန်ရေးကို ပေါ့နော်.. ဆင်နွှဲနေကြတဲ့ မိဘပြည်သူများ ကို ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက်ပြီးတော့မှ ပြောကြားလိုပါသလဲရှင်။
နေကျော်စိုး၊ – တော်လှန်ရေးမှာ ကျတော့ တော်လှန်ရေး ကြာလာရင်တော့ လူထုကလည်း ဒုက္ခတွေ ခံရတာ များလာလို့ရှိရင် ဒီစိတ်ပါဝင်စားမှု လျော့ကျသွားတာတွေ ရှိတယ်ပေါ့နော်။ ဟို အဲ့ဒီအပေါ်မှာ ကျွန်တော်တို့ ဒီတော်လှန်ရေး အောင်မြင်ဖို့အတွက် ကျတော့ ဟို ထပ်ပြီး တော့ တောင့်ခံရပါမယ်။ ဒီတော်လှန်ရေးကိုလည်းပဲ ဒီဆက်ပြီးတော့… ဒီမင်းအောင်လှိုင် ရွေးကောက်ပွဲ ဘယ်လောက်ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ တော်လှန်ရမှာက ထပ်ပြီးတော့ တော်လှန်ရမယ်။ သူတို့မှာ ဘယ်လွှတ်တော်ပဲ ပေါ်ပေါ် ဒီစစ်တပ်လုပ်တဲ့ အုပ်စု တစ်အုပ်စု လုံးကို ကျွန်တော်တို့က ဆက်ပြီးတော့ပဲ တော်လှန်နေရပါမယ်။ အများကြီးလည်း ဆက်ပြီး တော့ တော်လှန်ရဦးမယ်။ အဲ့ဒီအပေါ်မှာ စိတ်ပျက်အားငယ်ပြီးတော့ ဟို စစ်တပ်ရဲ့ နိုင်ငံရေး လမ်းစဉ် အောက်မှာပဲ မျောသွားလိုက်မယ် ဆိုရင်တော့ ကျွန်တော်တို့ တော်လှန်ရေး ကျဆုံး မြန်မြန်ကျဆုံးသွားလိမ့်မယ်။ အဲ့လို မဟုတ်ဘဲနဲ့ လက်ရှိ တော်လှန်ရေး ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ တော်လှန်နေရမယ် ဆိုတဲ့ ပြောမယ်ဆိုရင် စစ်တပ်ရဲ့ ရွေးကောက်ပွဲ၊ စစ်တပ်ရဲ့ အစိုးရ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့ အသိအမှတ် မပြုဘူး ဆိုတဲ့ အသိတော့ ကျွန်တော်တို့ ရှိနေရမယ်။ ဒါကြောင့် ကျွန်တော်တို့ ပြည်တွင်းကပဲ ဖြစ်ဖြစ်၊ ပြည်ပကပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ထပ်ပြီးတော့ တော်လှန်နေရမယ်။ သူတို့ရဲ့ လမ်းစဉ်တွေကို ကျွန်တော်တို့ အသိအမှတ် မပြုဘဲနဲ့ ကျွန်တော်တို့ ထပ်ပြီးတော့ တော်လှန်နိုင်ပါတယ် လို့.. ဒါကြောင့်ပဲ ကျွန်တော်တို့ အနေနဲ့ ဟို ပြည်သူတွေကိုတော့ အဓိက ဘာပဲဖြစ်ဖြစ် ဘယ်လိုပုံစံပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဆက်ပြီး တော်လှန်နေရပါမယ် လို့ ပြောချင်ပါတယ်ဗျ။
RAIN – ကျေးဇူးတင်ပါတယ် ဆရာ။
နေကျော်စိုး၊ – အခုလို မေးမြန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လို့။