ဖေဖေါ် ၂၁
The Kaladan Post
မြောက်ကိုရီးယား စစ်တပ်အတွက် ဒုံးကျည်လောင်ချာစနစ် ၅၀ ကို လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို နိုင်ငံခေါင်းဆောင် Kim Jong Un ကိုယ်တိုင် တက်ရောက် ဦးဆောင်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန Korean Central News Agency (KCNA) က ဖော်ပြခဲ့သည်။
အဆိုပါ အခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုံယမ်းမြို့တော်၌ ကျင်းပခဲ့ပြီး ကင်မ်ဂျုံအွန်းသည် လောင်ချာစနစ် တပ်ဆင်ထားသည့် စစ်ထရပ်ကားတစ်စီး၏ ယာဉ်မောင်းနေရာတွင် ကိုယ်တိုင် တက်ထိုင်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။
KCNA ၏ ဖော်ပြချက်အရ ယခု လွှဲပြောင်းပေးအပ်ခဲ့သည့် ဒုံးကျည်လောင်ချာစနစ်များသည် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သည့် ဒုံးကျည်များကို ပစ်လွှတ်နိုင်ပြီး အထူးတိုက်ခိုက်ရေး စွမ်းရည်မြင့်မားသည့် လက်နက်စနစ်များဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် ပြည်တွင်းထုတ် တာဝေးပစ် ဒုံးကျည်များတွင် ဉာဏ်ရည်တု (AI) နည်းပညာ ပေါင်းစပ်အသုံးပြုထားကာ ခေတ်မီ ပစ်မှတ်ရှာဖွေ ပဲ့ထိန်းစနစ်များ တပ်ဆင်ထားကြောင်းလည်း ဖော်ပြခဲ့သည်။
အဆိုပါ လက်နက်အင်အား သရုပ်ပြမှုကို အာဏာရ Workers’ Party of Korea ၏ ပြည်လုံးကျွတ် ညီလာခံ မတိုင်မီ တစ်ရက်အလိုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညီလာခံကို ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ခဲ့သည်။ ကင်မ်ဂျုံအွန်းက ညီလာခံအတွင်း နိုင်ငံ၏ နျူကလီးယား တိုက်ခိုက်ရေး စွမ်းရည်များ မြှင့်တင်ရေးကို ဆွေးနွေးသွားမည်ဟုလည်း ပြောကြားခဲ့သည်။
ထို့အပြင် ကင်မ်ဂျုံအွန်း၏ ညီမဖြစ်သည့် Kim Yo Jong က သီးခြားကြေညာချက် ထုတ်ပြန်ရာတွင် တောင်ကိုရီးယားနှင့် ထိစပ်ရာ နယ်စပ်ဒေသများတွင် လုံခြုံရေး အစီအမံများ တိုးမြှင့်ထားကြောင်း ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် လုံခြုံရေးနှင့် အစိုးရတည်တံ့ရေးအတွက် နျူကလီးယား လက်နက်များအပေါ် အဓိက အားထားခဲ့သော်လည်း မကြာသေးမီက ရုရှားနှင့် စစ်ရေးမဟာမိတ် ဆက်ဆံရေး တိုးမြှင့်လာပြီးနောက် သမားရိုးကျ စစ်လက်နက်နည်းပညာများကိုပါ ပိုမိုဖွံ့ဖြိုးလာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားကြသည်။
Source – Metro
Photo – KCNA