ဖေဖေါ် ၂၀
The Kaladan Post
အမေရိကန် သမ္မတ Donald Trump က အီရန်အနေနဲ့ နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီမှုတစ်ရပ်ကို အမြန်ဆုံး ရရှိအောင် ကြိုးပမ်းသင့်ပြီး သဘောတူညီမှု မရပါက “အလွန်ဆိုးရွားသော အကျိုးဆက်များ” ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေး ပြောကြားလိုက်သည်။
ထရမ့်က အီရန်နှင့် ဆွေးနွေးနေသည့် နျူကလီးယား ထိန်းချုပ်ရေးကိစ္စကို ၁၀ ရက်မှ ၁၅ ရက်အတွင်း အပြီးသတ် သဘောတူညီမှု ရရှိရန် လိုအပ်ကြောင်း အချိန်ကာလ သတ်မှတ်ပြောကြားခဲ့သည်။ ယင်းပြောကြားချက်သည် အမေရိကန်က အီရန်အနီးအနားတွင် စစ်အင်အား တိုးမြှင့် ဖြန့်ကျက်ထားပြီး နှစ်ဖက် စစ်ရေးတင်းမာမှု မြင့်တက်နေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဝါရှင်တန်ဒီစီတွင် ကျင်းပသည့် ပထမဆုံး “BoP” (Board of Peace) အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ထရမ့်က “အဓိပ္ပါယ်ရှိသော သဘောတူညီမှုတစ်ခုဆီ အီရန်ဘက်က ခြေလှမ်းတိုးလာရန် လိုအပ်သည်။ မဟုတ်ပါက အလွန်ဆိုးရွားသော အရာများ ဖြစ်ပေါ်လာနိုင်သည်” ဟု ပြောကြားခဲ့သည်။ BoP သည် ဂါဇာဒေသ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ထရမ့် ဦးဆောင် ဖွဲ့စည်းထားသည့် နိုင်ငံတကာ ငြိမ်းချမ်းရေး အင်အားစုသစ်ဖြစ်သည်။
ဖေဖော်ဝါရီ ၁၉ ရက်တွင် သမ္မတစီးတော်လေယာဉ် Air Force One ပေါ်၌ သတင်းထောက်များနှင့် ပြောကြားရာတွင်လည်း ထရမ့်က ၁၀ ရက်ခန့်အတွင်း အခြေအနေ အဖြေထွက်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ အလွန်ဆုံး ၁၅ ရက်အတွင်း တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ရှင်းလင်းလာသင့်ကြောင်း ထပ်မံ အတည်ပြုခဲ့သည်။
ယခင် ဇွန်လက အီရန်–အစ္စရေး ၁၂ ရက်ကြာ တင်းမာမှုအတွင်း အမေရိကန်က အီရန်၏ နျူကလီးယား အဆောက်အအုံများကို လေကြောင်းမှ တိုက်ခိုက်ခဲ့ဖူးပြီး ထရမ့်က အီရန်၏ နျူကလီးယား အလားအလာများကို ထိခိုက်စေခဲ့ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
လက်ရှိတွင် အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသရှိ မဟာမိတ်နိုင်ငံများထံ တိုက်လေယာဉ်များနှင့် စစ်သည်အင်အားများ တိုးမြှင့် ဖြန့်ကျက်ထားပြီး အီရန်နှင့် မဝေးသည့် ရေပြင်တွင် လေယာဉ်တင် သင်္ဘောကြီး အနည်းဆုံး နှစ်စီးကို တပ်ချထားရန် ပြင်ဆင်နေသည်ဟု သိရသည်။
အီရန်အစိုးရကတော့ António Guterres ထံ သဘောထားစာ ပေးပို့ရာတွင် မည်သည့်နိုင်ငံနှင့်မှ စစ်ပွဲကို စတင်မည် မဟုတ်ကြောင်း၊ သို့သော် မိမိတို့အပေါ် စစ်ရေးကျူးကျော်မှု ဖြစ်ပေါ်လာပါက ထိရောက်စွာ တုံ့ပြန်မည်ဖြစ်ကြောင်း အသိပေးထားသည်။
ယခုသီတင်းပတ်အစောပိုင်းတွင် အမေရိကန်နှင့် အီရန် ကိုယ်စားလှယ်များသည် Geneva ၌ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း နျူကလီးယား ထိန်းချုပ်ရေး အပြီးသတ် သဘောတူညီမှုတစ်ရပ် မရရှိခဲ့ကြောင်း သိရသည်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီယာဗစ်က အခြေခံမူအချို့တွင် သဘောတူညီမှုရရှိခဲ့သော်လည်း အရေးကြီးသည့် အပိုင်းများတွင် သဘောထားကွဲလွဲမှုများ ဆက်လက် ရှိနေကြောင်း ပြောကြားခဲ့သည်။
Source – Reuters
Photo – Reuters