နိုဝင် ၈

The Kaladan Post

 

နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေး၊ ပြည်သူလူထု၏ သာယာဝပြောရေးနှင့် တောက်ပသည့် ဒီမိုကရေစီအနာဂတ်အတွက် ခိုင်မာကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်တစ်ခုသည် အသက်သွေးကြောပင်ဖြစ်သည်။ မြန်မာ့အုပ်ချုပ်ရေးသမိုင်းကို ပြန်လည်လေ့လာကြည့်လျှင် ဘုရင်ခေတ်မှ ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီခေတ်၊ တပ်မတော်အစိုးရခေတ်မှ ယနေ့ ပါတီစုံဒီမိုကရေစီခေတ် (နွေဦးတော်လှန်ရေးကာလ) အထိ အသွင်သဏ္ဌာန်များစွာ ပြောင်းလဲခဲ့သည်ကို တွေ့ရသည်။ ဤခေတ်အဆက်ဆက်မှ သင်ခန်းစာယူကာ ယနေ့ကြုံတွေ့နေရသည့် အုပ်ချုပ်ရေးယန္တရားဆိုင်ရာ စိန်ခေါ်မှုများကို ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်အောင် မည်သို့ဖြေရှင်းကြမည်နည်းဟူသည်မှာ အရေးကြီးသော မေးခွန်းဖြစ်သည်။
အစိုးရအဖွဲ့သည် ဥပဒေပြုလုပ်ငန်း၊ အုပ်ချုပ်မှုလုပ်ငန်းနှင့် တရားစီရင်မှုလုပ်ငန်းများကို အာဏာသုံးရပ်ခွဲဝေ၍ ဆောင်ရွက်ရမည်ဟု ဂရိပညာရှင် ပလေတိုက ဆိုခဲ့သည်။ အုပ်ချုပ်ရေးဟူသည် ဆုံးဖြတ်ချက်များချမှတ်နိုင်သည့် လုပ်ပိုင်ခွင့် (Authority) ဖြစ်ပြီး ယင်းသည် ဥပဒေမှ ပေါက်ပွားလာသည်ဖြစ်စေ၊ အလိုအလျောက် ဖြစ်ပေါ်လာသည်ဖြစ်စေ အမိန့်ပေးခြင်း (Command) သဘောဖြစ်၍ မလုပ်လျှင်မနေရဟူသော သဘောသက်ရောက်သည်။ သို့သော် ဆွဲဆောင်ခြင်း (Persuasion) နှင့် အကြံပေးခြင်း (Suggestion) စသော သဘောများ ပါဝင်သော ဩဇာပေးခံရသူတွင် မလုပ်လျှင်မနေရဟူသော သဘောမရှိပေ။ စစ်မှန်သော ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်မှာ “လူတိုင်းလူတိုင်းသည် လူ့ဘဝ၊ လူ့ဇာတိ၊ လူ့အဖြစ်ကို အကြောင်းပြု၍ ရိုသေအပ်၊ လေးစားအပ်သူချည်းသာ ဖြစ်သည်။ မည်သူ့ကို မည်သူကမှ မထီမဲ့မြင် မလေးမစား မပြုအပ်၊ လူဆိုလျှင် တန်းတူချည်းဖြစ်သည်” ဟူသော ယုံကြည်ချက်ပင်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့အုပ်ချုပ်ရေး (Public Administration) သည် ပြည်သူတို့၏ အရေးအရာကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးရသော ကြီးမားသည့် လုပ်ငန်းဖြစ်သည်။ ၎င်းကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ပြီးလျှင် အစိုးရ၏ စတုတ္ထအကိုင်း (Fourth Branch) ဟုပင် ခေါ်ဆိုကြသည်။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တွင် အများစုပါဝင်စေခြင်း၊ စည်းမျဉ်းစည်းကမ်းဥပဒေကို လိုက်နာခြင်း၊ ကြိုတင်ခန့်မှန်းနိုင်မှုရှိခြင်း၊ ပွင့်လင်းထင်သာမြင်သာဖြစ်ခြင်း၊ ပြည်သူ့အသံကို တုံ့ပြန်မှုရှိခြင်း၊ အများစု၏ သဘောတူညီမှုရယူလုပ်ကိုင်မှုကို ရှေးရှုခြင်း၊ ညီမျှခြင်းနှင့် အများစုအား ထည့်သွင်းစဉ်းစားခြင်း၊ ထိရောက်မှုရှိခြင်းနှင့် စွမ်းဆောင်ရည်ပြည့်ဝခြင်း အပြင် တာဝန်ယူမှုရှိခြင်းတို့ ပါဝင်ရမည်ဖြစ်သည်။
သို့သော် ယနေ့ နွေဦးတော်လှန်ရေးကာလတွင် တည်ဆောက်လျက်ရှိသော အုပ်ချုပ်ရေးယန္တရားနှင့် ပတ်သက်၍ အလေးအနက် သုံးသပ်ရန် လိုအပ်သည့်အချက်များ ရှိနေပါသည်။ ပြည်သူလူထု၏ နစ်နာမှုများကို ရှောင်ရှားနိုင်ရန် လွဲမှားနေသော အယူအဆ များကို ပြုပြင်ပြောင်းလဲရန် အရေးတကြီး လိုအပ်နေသည်။ လက်ရှိအုပ်ချုပ်ရေးစနစ်သည် တစ်ပါတီအာဏာရှင်စနစ်ကဲ့သို့ ဖြစ်လာနေခြင်းက ပထမဆုံးစိုးရိမ်စရာပင်ဖြစ်သည်။ တော်လှန်ရေးတွင် တစိုက်မတ်မတ် ပါဝင်သူဖြစ်ရမည်ဟူသော မူဝါဒကို ကျင့်သုံးရာတွင် လက်ရှိအုပ်ချုပ်ရေးယန္တရားတွင် ပါဝင်လှုပ်ရှားနေသော အစုအဖွဲ့များအတွက် သီးခြား ကန့်သတ်ချက်တစ်ခု ဖြစ်လာနေသည်။ ထို့အပြင် သက်တမ်းတိုးကာ အလှည့်ကျ အုပ်ချုပ်ရေး စနစ် သို့မဟုတ် တစ်ဦးတည်းဦးဆောင်ခွင့်ပြုသော အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံး လာခြင်းသည် ပြည်သူလူထုကို မျက်နှာမူသော၊ ဗဟိုပြုသော အုပ်ချုပ်ရေးစနစ် မဟုတ်တော့ဘဲ မိမိအာဏာတည်မြဲရေးကိုသာ အလေးထားသည့် သဘောသက်ရောက်နေခြင်းကိုလည်း တွေ့မြင်နေရသည်။
ထို့ပြင် အုပ်ချုပ်ရေးအဆင့်ဆင့်၏ ကွာခြားမှုများသည်လည်း ပြည်သူလူထုအတွက် စိန်ခေါ်မှုများ ဖြစ်စေသည်။ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့သာလျှင် လူထုက ရွေးချယ် တင်မြှောက်သော အလေ့အထရှိနေခြင်းကို ကြည့်လျှင် ဒီမိုကရေစီစနစ်အစစ်အမှန် ကျင့်သုံးနေသော အုပ်ချုပ်ရေးယန္တရားသည် ကျေးလက်နေပြည်သူများတွင်သာ ခေတ်အဆက်ဆက် စနစ်ကောင်းအမွေတစ်ခုကဲ့သို့ တည်ရှိနေသည်ကို တွေ့မြင်နေရသည်။ သို့သော် မြို့နယ်အဆင့် အုပ်ချုပ်ရေးသည် စစ်အာဏာရှင်တို့၏ အုပ်ချုပ်ရေးယန္တရားကဲ့သို့ ပြည်သူလူထုအား မတရားအခွန်ကောက်ခံခြင်းများနှင့် ငွေကြေးအလွဲသုံးစားမှုများ ဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် ဒေသလက်နက်ကိုင်အဖွဲ့များမှ စစ်အုပ်ချုပ်ရေးယန္တရားအဖြစ် အသွင်ပြောင်းအုပ်ချုပ်ရေးယန္တရား ဖော်ဆောင်၊ အကောင်အထည်ဖော် ဆောင်ရွက်လာကြသည်ကို တွေ့မြင်နေရသည်။ ဤအခြေအနေသည် အရပ်ဖက်အုပ်ချုပ်ရေးစနစ် ခိုင်မာအားကောင်းလာရေးထက် မိမိအာဏာတည်မြဲရေးဖြင့် အုပ်ချုပ်ရေးအသွင်ပြောင်းကာ အနှစ်သာရအားဖြင့် ကင်းမဲ့နေသော အုပ်ချုပ်ရေးပင် ဖြစ်လာစေသည်။ လွဲမှားနေသော အုပ်ချုပ်ရေးအယူအဆများဖြင့် အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်ခြင်းသည် ပြည်သူလူထုနစ်နာစေရုံသာမက မိမိတို့လိုချင်သော ဗဟိုချုပ်ကိုင်မှုကင်းသော အုပ်ချုပ်ရေးစနစ် ဘယ်သောအခါမျှ ပေါ်ပေါက်လာနိုင်မည် မဟုတ်ပေ။
အုပ်ချုပ်ရေးကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့် သဘောတရားကို နားလည်ပြီး “Keep Policy, Keep Principle, Keep Procedure” ဟူသော ဆောင်ပုဒ်အတိုင်း မူဝါဒများ၊ အခြေခံသဘောတရားများ၊ လုပ်ထုံးလုပ်နည်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်သည်။ ခေတ်ပြောင်းလျှင် နိုင်ငံရေးစနစ် ပြောင်းသည်။ နိုင်ငံရေးစနစ်ပြောင်းလျှင် အုပ်ချုပ်ရေးစနစ်လည်း ပြောင်းရပါမည်။ ဤပြောင်းလဲမှု ဖြစ်စဉ်တွင် ကောင်းမွန်သော အုပ်ချုပ်ရေးဖြစ်ရန် လိုအပ်သည်များကို ပြုပြင်ဆောင်ရွက်သင့်သည်။ ပြည်သူ့အုပ်ချုပ်ရေး ပညာသည် သိပ္ပံပညာရပ်သဘော ဆောင်သကဲ့သို့ နိုင်ငံနှင့် လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သော ကျင့်ဝတ်သိက္ခာများ၊ ယုံကြည်မှုနှင့် တန်ဖိုးထားမှု အလေးထားရသည့် ဝိဇ္ဇာပညာရပ်သဘော ဆောင်သော လက္ခဏာများလည်း ရှိသည်။ ထို့ကြောင့် ၎င်းသည် ဝိဇ္ဇာ၊ သိပ္ပံပညာရပ် နှစ်မျိုးစလုံး ပါဝင်သော (Multi-dimensional study) ဖြစ်သည်။ အုပ်ချုပ်ရေးဟူသည် သဘောတရားနှင့် လက်တွေ့ပေါင်းစပ် ကျင့်သုံးရသော အလုပ်ဖြစ်ပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ကို အရင်းခံ၍ အတွေ့အကြုံဖြင့် ပေါင်းစပ်သင်ယူရန် လိုအပ်သည်။
နွေဦးတော်လှန်ရေးသည် မြန်မာ့ဒီမိုကရေစီအနာဂတ်အတွက် အရေးကြီးသော လမ်းဆုံလမ်းခွဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရာတွင် အုပ်ချုပ်ရေးယန္တရားကို ဒီမိုကရေစီအခြေခံမူများနှင့်အညီ၊ ပြည်သူလူထုဗဟိုပြုသော စနစ်အဖြစ် တည်ဆောက်ရန် မဖြစ်မနေ လိုအပ်သည်။ လွဲမှားနေသော အုပ်ချုပ်ရေးအယူအဆများကို ပယ်ရှားပြီး ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ ပြည်သူပါဝင်မှုရှိသော ခိုင်မာသည့် အရပ်ဖက်အုပ်ချုပ်ရေး စနစ်ကို တည်ဆောက်နိုင်မှသာ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်ကို အောင်မြင်စွာ တည်ဆောက်နိုင်မည် ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။