မေးမြန်းသူ – RAIN
ဖြေဆိုသူ – Shin Thant ၊ ဘုတလင်မြို့နယ်လူထုသပိတ်အင်အားစု
RAIN – မိဘပြည်သူများ အားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affairs Program ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် အင်တာဗျူးအစီအစဉ်မှာတော့ ဘုတလင်မြို့နယ် သပိတ်အင်အားစုမှ ဆရာရှင်းသန့်ရဲ့ တော်လှန်ရေးအပေါ်မှာ သဘောထားအမြင်တွေကို သုံးသပ်ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ် ရှင်။ မင်္ဂလာပါ ဆရာ။
Shin Thant – ဟုတ်ကဲ့၊ မင်္ဂလာပါခင်ဗျာ။
RAIN – ဟုတ်ကဲ့ပါ၊ အခုလိုမျိုး ကျွန်မတို့ The Kaladan Post ကို အချိန်ပေးပြီးတော့ လာရောက်ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
Shin Thant – ဟုတ်ကဲ့၊ မင်္ဂလာပါခင်ဗျာ။
RAIN – ဆိုတော့ ကျွန်မတို့ အင်တာဗျူးအစီအစဉ်လေး မစခင်လေးမှာ ဆရာ ဒီတော်လှန်ရေးမှာ ဘယ်လိုစတင်ပြီးတော့မှ ဘယ်လိုခံယူချက်တွေနဲ့ စတင်ဝင်ရောက် လာခဲ့လဲ ဆိုတာလေးရယ်၊ ပြီးတော့ လက်ရှိမှာရော ဆရာ ဆက်လက်ပြီးတော့မှ တော်လှန်ရေးမှာ ဘယ်လိုတွေ ပါဝင်နေလဲဆိုတာလေး အရင်ဆုံး မိတ်ဆက်ပေးပါဦးရှင်။
Shin Thant – ဟုတ်ကဲ့ ဟုတ်။ ကိုယ့်ကို မိတ်ဆက်ရမယ်ဆိုရင်တော့ ကျွန်တော့်နာမည် ရှင်းသန့်ပါ။ လက်ရှိ မိခင်အဖွဲ့အစည်းကတော့ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီမှာ အာဏာသိမ်းမှု ဖြစ်တော့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ် ပေါ့နော်။ ပါဝင်ခဲ့ပြီးတော့ ၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှာပဲ ကျွန်တော်တို့ ပုန်းခိုနေတဲ့အိမ်ကို ရဲနဲ့ ဝင်ဖမ်းတဲ့အတွက် ကျွန်တော် အဖမ်းခံခဲ့ရတယ်ပေါ့နော်။ ဖမ်းခံရပြီးတော့ နိုင်ငံရေး ကျဉ်းသားအဖြစ်နဲ့ မုံရွာထောင်နဲ့ မြင်းခြံထောင်မှာ ထောင် ၂ နှစ် ကျခံခဲ့ရတာ ဖြစ်ပါတယ်။ ကျခံခဲ့ရပြီးတော့ ပြန်လွတ်လာတဲ့အခါမှာ ကျွန်တော် ဒီတော်လှန်ရေးလုပ်ငန်းတွေကို ပြန်ပြီး တော့ ဆက်လုပ်နေတာ ဖြစ်ပါတယ်။ ဒီလက်ရှိအနေအထားမှာတော့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအပြင် လက်ရှိမှာဆိုရင်တော့ ဘုတလင်မြို့နယ် သပိတ်အင်အားစုမှာ လည်း တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပြီးလို့ရှိရင်တော့ ဒီစစ်ကိုင်းတိုင်းအဆင့် ပေါ့နော်၊ တိုင်းဒေသ Federal Unit အဆင့် ဖွဲ့ထားတဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု မှာလည်း အထွေထွေလုပ်ငန်းကော်မတီ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ တာဝန်ယူ ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ ဆိုတော့ တော်လှန်ရေးထဲ ပါခဲ့ပုံကို ပြောရမယ်ဆိုရင်တော့ ကျွန်တော် ကြားဖူးတဲ့ စကားရှိတယ်ပေါ့နော်။ ကျွန်တော်တို့ရဲ့ အစ်ကိုတစ်ယောက် ပြောဖူးတာလည်း ရှိတယ်။ အဲ့ဒါ ဘာလဲဆိုတော့ နောင်အနှစ် ၅၀ နေလို့ ကိုယ့်ရဲ့ လူငယ်ဘဝကို ပြန်ကြည့် လိုက်လို့ရှိရင် ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေ၊ ကိုယ်မလုပ်ခဲ့တာတွေအတွက် နောင်တမရချင်ဘူး။ အဲ့စကားလေးကို သူသိပ်ကြိုက်တယ်ပေါ့နော်။ အဲ့တော့ ကျွန်တော်လည်း အဲ့လိုမျိုးပဲ နောင်အနှစ် ၅၀ ကြာလို့ရှိရင် ဒီလိုမျိုး လူထုကို ဖိနှိပ်ရက်စက်တဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အာဏာရှင်စနစ်ဆိုးကို ကျွန်တော်က မတိုက်ထုတ်ခဲ့ဘူး၊ တိုက်ထုတ်တဲ့နေရာမှာ ကျွန်တော်မပါခဲ့ဘူးဆိုလို့ရှိရင် ကျွန်တော့်ကိုကျွန်တော် နောင်တရလို့ ဆုံးမှာမဟုတ်တော့ဘူး။ ဆိုတော့ ကျွန်တော် အဲ့ဒီနောင်တနဲ့ ကျွန်တော် အသက်မရှင်ချင်ဘူး။ ကျန်တဲ့ တိုင်းပြည် အတွက်၊ လူမျိုးအတွက် ဆိုတဲ့ဟာမျိုးတွေ နောက်မှာပေါ့နော်။ အဓိကကတော့ ကျွန်တော်တို့ အတ္တအရ ကိုယ့်ကိုကိုယ် ကိုယ့်ရဲ့ နောင်တမရလိုမှုနဲ့ပဲ ဒီတော်လှန်ရေးကို ကျွန်တော်တို့ ဆက်လုပ်နေတာ ဖြစ်တယ်။ ပါဝင်ခဲ့တာလည်း ဖြစ်တယ်ပေါ့နော်။ အဲ့အတွက်ကြောင့် နောက်ပိုင်းကဏ္ဍတွေမှာ ကျတော့မှ ဒီလူထုအတွက် ဖြစ်လာမယ်၊ စစ်အာဏာရှင်စနစ် ပြုတ်ကျဖို့နဲ့ ပြည်သူလူထု ကောင်းစားဖို့အတွက်ပဲ ဖြစ်တယ်ပေါ့နော်။ ဟုတ်။
RAIN – ဟုတ်ကဲ့ပါ၊ ဆိုတော့ ဒီတော်လှန်ရေးကာလဟာ ဆိုလို့ရှိရင် ဒါ ၄ နှစ်ကျော်လာပြီ၊ ၅ နှစ်တာကာလမှာ ပြည်သူလူထုအနေနဲ့လည်း တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ တချို့ ညည်းညူသံလေးတွေလည်း ကြားလာရတယ်ပေါ့နော်။ ဆိုတော့ လက်ရှိ ဆရာ့အနေနဲ့ ဒီနွေဦးတော်လှန်ရေးရဲ့ အခြေအနေကို ဘယ်အဆင့်ရောက်ရှိနေပြီလို့ ဆရာ့အနေနဲ့ သုံးသပ်ပါ လဲရှင်။ ပြီးတော့ ထူးသဖြင့်ပေါ့နော် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ဒီအထွေထွေသပိတ် ပေါင်းစပ် ညှိနှိုင်းရေး အင်အားစုရဲ့ ရှုထောင့်ကနေပြီးတော့မှ လက်ရှိအခြေအနေတွေကို သုံးသပ်ပေးပါ ဦးရှင်။
Shin Thant – ဟုတ်။ ဒီလက်ရှိ တော်လှန်ရေးက ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုရင်တော့ ကျွန်တော်တစ်ချက် ပြန်ကြည့်ရမယ်ဆိုရင်တော့ ကျွန်တော်မြင်တဲ့အတိုင်းဆိုရင်တော့ ဒီတော်လှန်ရေးသည် လမ်းခုလတ် ရောက်နေတဲ့ အနေအထား ဖြစ်တယ်ပေါ့နော်။ လမ်းခု လတ် ရောက်နေတဲ့ အနေအထား ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ဒီနယ်မြေ စိုးမိုးထိန်းချုပ်မှုတွေ အတော်အတန်သင့် ရနေတာတွေ ရှိတယ်။ ပြီးရင် တစ်ဖက်ကလည်း စစ်ကောင်စီက ပြိုကျလုဆဲဆဲ ရှိနေတာ ဖြစ်တယ်ပေါ့နော်။ ဒီနေရာမှာ ကျွန်တော်တို့တွေ လုပ်မှားကိုင်မှား ဆုံးဖြတ်ချက်တွေ မှားခဲ့လို့ရှိရင် ဒါ ကျွန်တော်တို့က ကျရှုံးတဲ့လမ်းကို ရောက်သွားမှာ ဖြစ်သလို၊ ကျွန်တော်တို့က ကောင်းကောင်းမွန်မွန် ဒီဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန်နဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ကောင်းမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့က အောင်မြင်မှုဆိုတဲ့လမ်းကို ရောက်သွားမှာ ဖြစ်တယ်ပေါ့နော်။ ဒီအချိန် ဒီနေ့အချိန်သည် အရေးကြီးဆုံးကာလ၊ လမ်းခုလတ်ကာလလို့ မြင်တယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီနယ်မြေထိန်းချုပ် စိုးမိုးမှု ရတဲ့အခါမှာ ကိုယ့်ရဲ့ရဲဘော်တွေရဲ့၊ ကိုယ့်ရဲ့ ရန္တရားတွေရဲ့ တချို့ လွဲမှားမှုတွေလည်း ရှိတယ်။ အဲ့အချိန်မှာ ပြည်သူလူထုက စိတ်ပျက် အားလျော့တာမျိုးတွေလည်း ရှိတယ်။ တစ်ဖက်ကလည်း စစ်တပ်ရဲ့ ဒီပြန်ပြီးတော့ကျတော့ ငြိမ်းနေတဲ့မီးစာ ဝုန်းကနဲ့ ထတောက်သလိုမျိုး သူတို့က ပြန်ပြီးတော့ကျတော့ လူအင်အား တွေနဲ့ ပြန်ပြီးတော့ကျတော့ ထိုးစစ်ဆင်လာတာမျိုးတွေ၊ တချို့မြို့တွေမှာ ကျွန်တော်တို့ လက်လွတ်ဆုံးရှုံးလိုက်ရတာမျိုးတွေ ရှိတဲ့အခါမှာ စိတ်ဓာတ်ကျတာမျိုး၊ စိတ်ညစ်တာမျိုးတွေ ရှိကြတယ်။ ဒါပေမဲ့ ဒါတွေကတော့ နိမ့်မြင့်တက်ကျ ဆိုတာတော့ ရှိမှာပဲ ဖြစ်တယ်ပေါ့နော်။ ဒီဟာမျိုး၊ ခုနကပြောသလို ယန္တရားတွေက လွဲချော်လုပ်တာကြောင့် ပြည်သူလူထု စိတ်ပျက် လို့ရှိရင် အဲ့ဒီယန္တရားကို ကျွန်တော်တို့က ပြုပြင်နိုင်ဖို့ လိုအပ်တယ်။ ပြည်သူလူထုကလည်း ဒီယန္တရားတွေကို ထိန်းကျောင်းတာမျိုး၊ တော်လှန်ရေးရဲ့ ယန္တရားတွေကို ထိန်းကျောင်းတာမျိုး တွေ လုပ်ဖို့ လိုအပ်တယ်။ တစ်ဖက်မှာလည်း စစ်တပ်က ခုနပြောသလိုပဲ လူတွေ စုတယ်၊ မတရား စစ်မှုထမ်း ခိုင်းတယ်၊ စစ်မှုထမ်းခိုင်းပြီးတော့ လူလှိုင်းနဲ့ ပြန်ပြီးတော့ကျတော့ စစ်ဆင်ရေးတွေ ပြန်လုပ်တဲ့အခါမျိုးမှာ ကျွန်တော်တို့က ပြန်ပြီးတော့ ဆုတ်ပေးလိုက်ရတာ မျိုးတွေ ရှိတယ်လို့လည်း ကျွန်တော်တို့ သိရတာပေါ့။ အဲ့အတွက်နဲ့ ပတ်သက်ပြီးတော့လည်း သိပ်တော့ စိတ်ညစ်စရာတော့ မရှိဘူးပေါ့နော်။ လက်ရှိအနေအထားမှာတော့ အဓိကတော့ ပြည်သူက အဓိကပဲ ဖြစ်တယ်။ ကျွန်တော်တို့ နယ်မြေ စိုးမိုးထိန်းချုပ်ထားတုန်းပဲ ရှိတယ်ပေါ့ နော်။ ဆိုတော့ အဲ့အတွက်ကြောင့် လက်ရှိအနေအထားအရ ပြောရမယ်ဆိုလို့ရှိရင်တော့ လမ်းခုလတ်မှာပဲ လို့ပဲ မြင်တယ်ပေါ့နော်။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေ၊ စုစည်း ညီညွတ်မှုတွေ ပိုပြီးတော့ လိုအပ်တယ်လို့ပဲ မြင်ပါတယ်ခင်ဗျာ။ ဟုတ်။
RAIN – ဟုတ်ကဲ့ပါ၊ နောက်တစ်ခုအနေနဲ့ကတော့ လက်ရှိ စကစက ပြင်ဆင်နေတဲ့ ဒီအတုယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဆရာ့ရဲ့ အမြင်သဘောထားကိုလည်း သိပါရစေရှင်။ ဒီလို စကစပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအပေါ်မှာရော တော်လှန်ရေး အင်အားစုတွေနဲ့အတူ ဒီပြည်သူလူထုတွေအနေနဲ့ရော ဘယ်လိုပူးပေါင်း ဆောင်ရွက်သင့်တယ် လို့ ဆရာ့အနေနဲ့ အကြံပြုလိုပါလဲရှင်။
Shin Thant – စစ်တပ်ရဲ့ ဒီတရားမဝင် အတုယောင် ရွေးကောက်ပွဲကတော့ သပိတ်အင်အားစု တွေ အမြဲတမ်းပြောနေသလိုပေါ့နော်။ ဒါသည် သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်ဆိုပြီးတော့ ပြောတယ်။ ဒါ နိုင်ငံရေးထွက်ပေါက် မဟုတ်ဘူး။ ထောင်ချောက် ဖြစ်တယ်။ တရားမဝင် အတုယောင် ရွေးကောက်ပွဲ ဖြစ်တယ်။ ထွက်ပေါက်မဟုတ်ဘူး၊ ထောင်ချောက်ဆိုတာ ကျွန်တော်တို့လည်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသား ဖြစ်တယ်ပေါ့နော်။ ဒီနေရာမှာ စစ်တပ် က ခုနပြောသလိုပဲ ၅ နှစ်အတွင်းမှာ သူတို့ လှုပ်ရှားခဲ့တာတွေ၊ သူတို့ မိုက်ရိုင်းခဲ့တာတွေ၊ သူတို့ စော်ကားခဲ့တာတွေအတွက် ခဝါချမယ့် ရွေးကောက်ပွဲလည်း ဖြစ်တယ်လို့လည်း မြင်တယ်ပေါ့ နော်။ ဒီလိုလှုပ်ရှားမှုတွေမှာ ကျွန်တော်တို့ လူထုလှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ ရဲဘော် တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင်တော့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကျွန်တော်တို့က သပိတ်မှောက်တာပေါ့နော်၊ ထပ်ပြီးတော့ကျ သပိတ်မှောက်ဖို့ လိုအပ်တယ်။ စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့က အသိအမှတ်မပြုဘဲ နေဖို့ လိုအပ်တယ်။ ဥပမာ ရွေးကောက်ပွဲမှာ မဲသွားမပေးတာမျိုး။ ဆိုတော့ ဒါမျိုးဆိုရင် သူ့ရဲ့ တရားဝင်မှုက ပိုပြီးတော့ လျော့ကျနိုင်စရာ ရှိတယ်။ လျော့ကျဖို့လည်း ဖြစ်မယ်ပေါ့နော်။ ဒီကို လူထုက မထောက်ခံဘူး ဆိုတာ သိရတာနဲ့ သူတို့ကတော့ လုပ်မှာပဲ ဖြစ်တယ်။ ဒါပေမဲ့ နောက်ဆုံးကျရင်တော့ အမှန်တရားပဲ ကျန်ခဲ့မှာ ဖြစ်တယ်။ အဲ့တော့ ပြည်သူလူထုအနေနဲ့ကလည်း တော်လှန်ရေး အင်အားစုတွေနဲ့ ပေါင်းပြီးတော့ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို၊ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို မပူးပေါင်း မပါဝင် မဆောင်ရွက်ဘဲနဲ့ နေဖို့လည်း တိုက်တွန်းချင်ပါတယ်။
RAIN – ဟုတ်ကဲ့ပါ၊ ဆိုတော့ ဒီတော်လှန်ရေးမှာ အားရကျေနပ်စရာကောင်းတဲ့ အရာတစ်ခု ပြောပေးရမယ်ဆိုရင်တော့ ဒီလူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ ဦးဆောင်ပါဝင်မှုလို့ ပြောရမယ်ပေါ့နော်။ ဆိုတော့ နွေဦးတော်လှန်ရေးကာလအတွင်းမှာ ခုနက ဒီအမျိုးသမီးငယ် လေးတွေနဲ့အတူ လူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှု ဦးဆောင်မှု အခန်းကဏ္ဍတွေမှာ တက်ကြွစွာ ပါဝင်လာတာကို ဆရာ့အနေနဲ့ ဒီအပေါ်မှာ ဘယ်လိုမျိုး သုံးသပ်ပြီးတော့ မြင်မိလဲပေါ့နော်။ ဆရာကိုယ်တိုင်လည်း လူငယ်ဖြစ်သည့်အားလျော်စွာ ဒီအပေါ်မှာ ဒီအားရကျေနပ်မှုရော ရှိလားပေါ့လေ။ သူတို့ရဲ့ ဒီပါဝင်မှုတွေကရော တော်လှန်ရေးရဲ့ မျက်နှာစာကို ဘယ်လိုမျိုး ပြောင်းလဲစေပြီးတော့ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိတယ်လို့ ယူဆပါလဲရှင်။
Shin Thant – လူငယ်တွေ ပါလာတာကို ပိုပြီးတော့ ကျွန်တော်တို့ ပျော်တာပေါ့လေ။ ကျွန်တော်တို့ဆိုရင် ဒီက ကျွန်တော်တို့ ကြည့်လိုက်တယ်။ ငါတို့ကတော့ ငါတို့တော်လှန်ရေး ထဲမှာတော့ ဘယ်သူကတော့ ပါတယ်၊ ဥပမာအနေနဲ့ Social Influencer တွေထဲကဆိုလည်း လူငယ်တွေ၊ လူငယ် Social Influencer တွေ ရှိမယ်၊ ကျော်ကြားတဲ့ အနုပညာရှင်တွေ လူငယ်တွေ ပါလာကြတာ ရှိတယ်ပေါ့နော်။ အဲ့ဒီမှာ ကျွန်တော်တို့က တော်လှန်ရေးမှာ သူတို့ပါတယ်ဆိုတာက ဒီတော်လှန်ရေးထဲမှာ လုပ်ဆောင်တာ မလုပ်ဆောင်တာဆိုတာထက် သူတို့က လူငယ်တွေက အောင်မြင်ကျော်ကြားနေတဲ့ လူငယ်တွေ၊ Social Influencer လူငယ်တွေရော၊ တခြားသော ပြည်ထဲမှာရှိတဲ့ ဒီတော်လှန်ရေးထဲမှာ ပါနေတဲ့ လူငယ်တွေရော က အဲ့လိုပါကြရင် ကျွန်တော်တို့က ဘာရလဲဆိုတော့ သူတို့နဲ့ ငါတို့နဲ့ အတူတူပဲဆိုတဲ့ စိတ် ခံစားချက် အရင်ဆုံး ရတယ်ပေါ့နော်။ ပထမဦးဆုံးကတော့ ငါတို့ လူငယ်တွေ၊ လူငယ်တွေ အတူတူရှိနေတယ်။ တခြားမြို့က လူငယ်တွေရော၊ ဒီဒေသမှာရှိတဲ့ လူငယ်တွေရော အတူတူ ရှိနေတယ်။ လူငယ်တွေ ငါတို့ အတူတူရှိနေတဲ့အတွက် စိတ် အရင်ဆုံး ရတယ်ပေါ့နော်။ ပြီးလို့ရှိရင် နောက်တစ်ခုကတော့ လုပ်ငန်းစဉ်တွေပေါ့။ လုပ်ငန်းစဉ်မှာ လူငယ်ဆိုတာကတော့ ဟို ကျွန်တော်တို့ ဒါအမြဲတမ်း အဓိပ္ပာယ်ဖွင့်နေကျလိုပါပဲ၊ တက်ကြွတယ်၊ ဖျတ်လတ်တယ်၊ လုပ်စရာရှိတာ လုပ်မယ်ဆိုတဲ့ စိတ်ပေါ့နော်။ ဒီဟာမျိုးတွေလည်း လက်ရှိတော်လှန်ရေးမှာ တွေ့ရတယ်ပေါ့။ ဘာလို့လဲဆိုတော့ တွေးခေါ်တွေ၊ တချို့ စစ်ရေးနည်းနာတွေပဲဖြစ်ဖြစ်၊ လူထုလှုပ်ရှားမှု နည်းနာတွေပဲဖြစ်ဖြစ်၊ ဒီနည်းနာတွေ၊ ဒီလှုပ်ရှားမှုတွေသည် တက်ကြွ ဖျတ်လတ်တဲ့ လူငယ့်အတွေးအခေါ်တွေဆီကပဲ လာတာ ဖြစ်တယ်။ အဲ့တော့ ဒါသည် ကျွန်တော်တို့အတွက် အားသာချက် ဖြစ်တယ်။ ကျွန်တော်တို့ ဘောင်ခတ်မထားဘူး။ လုပ်စရာရှိတာ လုပ်မယ်။ ဆိုတော့ လူငယ်ချင်းချင်းပဲ ပြောကြမယ်။ အဲ့ပြီးရင် စစ်အာဏာရှင် ကို ချကြမယ်ဆိုတဲ့ စိတ်နဲ့ပဲ အတူတူသွားနေကြတာ ဖြစ်တဲ့အတွက် ဝမ်းသာစရာလည်း ကောင်းတယ်၊ တော်တော်လည်း ပျော်စရာကောင်းပါတယ် ဟုတ်။
RAIN – ဟုတ်ကဲ့ပါ၊ ဆိုတော့ စစ်အာဏာရှင်ကို တော်လှန်ရင်းနဲ့ ဒီအဖွဲ့အစည်း အချင်းချင်းတွေကြားက စိတ်ဝမ်းကွဲမှုလေးတွေ၊ သဘောထားကွဲလွဲမှုလေးတွေ ရှိနေတဲ့အပေါ် မှာရော ဝေဖန်မှု တချို့တွေအပေါ် ဆရာ့အနေနဲ့ ဘယ်လိုများ မြင်မာသလဲပေါ့နော်။ ဆရာ့ အနေနဲ့ ဒီလို စိတ်ဝမ်းကွဲမှုတွေ ပိုပြီးတော့မှ ကင်းစင်လာပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာစေဖို့အတွက် ဟို ဘယ်လိုများ အကြံပြုလိုပါလဲရှင်။
Shin Thant – အဓိကတော့ စိတ်ဝမ်းကွဲမှုတွေ လျော့ကျအောင်ဆိုလို့ရှိရင်တော့ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုတွေ၊ တချို့ ယုံကြည်မှုတွေ ပျောက်တယ်ဆိုတာက မစည်းလုံးကြဘူး ဆိုတာက တချို့ပြောတဲ့ဟာတွေမှာ ကိုယ့်စကားကို တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာမျိုးတွေ ရှိမယ်။ ဥပမာ အဖွဲ့အစည်းတစ်ခုအနေနဲ့ စည်းဝေးထိုင်ကြတယ်၊ လမ်းစဉ်တွေမှာ ဆုံးဖြတ်ကြ တယ်ဆိုရင် အဖွဲ့အစည်းက ပြောတဲ့အတိုင်း တာဝန်ယူမှု ရှိရမယ်။ ပြီးလို့ရှိရင် ဒီဟာလုပ်မယ် ဆိုရင် ဒါ အတူတူလုပ်ကြမယ်ဆိုတဲ့ စိတ်နဲ့ နေရမယ်ပေါ့နော်။ ပြီးလို့ရှိရင် နောက်တစ်ခု အရေးကြီးဆုံးက ကိုယ်နဲ့ ပူးပေါင်းမယ့်အဖွဲ့အစည်း၊ ဥပမာ မပူးပေါင်းဘူးဆိုရင် မပူးပေါင်းဘူး၊ ပူးပေါင်းမယ်ဆိုတဲ့ အဖွဲ့အစည်းသည် သူတို့ ဘာကိုလုပ်နေလဲ။ ဒီတော်လှန်ရေးထဲမှာ လုပ်နေ တာလား။ ဟုတ်ပြီ၊ တော်လှန်ရေးထဲမှာ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်နေ တာလား။ ဆိုတော့ အဲ့ဒါက အဓိက အရေးကြီးဆုံးပဲလို့ မြင်တယ်ပေါ့နော်။ တစ်ဖက်နဲ့တစ်ဖက် ဟို အဖွဲ့နာမည်ကွဲတာပဲဖြစ်ဖြစ်၊ အလံကွဲတာပဲဖြစ်ဖြစ်၊ တံဆိပ်ကွဲတာပဲဖြစ်ဖြစ်၊ ခေါင်းဆောင် တဲ့သူ ကွဲတာပဲဖြစ်ဖြစ် အဓိကရည်ရွယ်ချက်သည် ဘာလုပ်နေတာလဲ။ စစ်အာဏာရှင်စနစ်ကို မှန်မှန်ကန်ကန် တိုက်ထုတ်နေတယ်ဆိုလို့ရှိရင် အရမ်းကြီး ကွဲစရာတော့ မရှိပါဘူး။ ကျွန်တော်တို့များများကတော့ စည်းလုံးကြပါတယ်။ ဆိုတော့ ဒီနေရာမှာလည်း ခုနပြောသလို စိတ်ဝမ်းကွဲကြတယ်ဆိုတဲ့ အနေအထားမျိုးမှာ တချို့ ကြည့်တဲ့ဘက်ကလည်း မူတည်တာမျိုး ပေါ့နော်။ ဆိုတော့ ဒီအားလုံး တစ်ခု တစ်စုတစ်စည်းတည်း ရှိချင်တယ်ဆိုတဲ့ စေတနာလည်း ရှိကြတယ်။ ဒါပေမဲ့ တချို့ ဒီမှာကျတော့လည်း မဟုတ်ဘူး၊ မင်းတို့ဘာသာ မင်းတို့ လုပ်စရာ ရှိတာ လုပ်၊ ဆိုတော့ ငါတို့ကတော့ ဒီဘက်က ဒီဘက်အဖွဲ့၊ ဒီဘက်အစုအဖွဲ့အနေနဲ့ ငါတို့က တိုက်မယ်ဆိုတာမျိုးတွေပဲ စဉ်းစားကြတာမျိုးတွေ ရှိတယ်။ ဒါကိုလည်း ကျွန်တော်တို့ တချို့သော အဖွဲ့အစည်းတွေ၊ တချို့သော လူပုဂ္ဂိုလ်တွေအနေနဲ့၊ ပြည်သူတွေအနေနဲ့လည်း နားလည်ပေးဖို့ လိုအပ်မယ်လို့ ကျွန်တော်က မြင်တယ်။ အဓိကရည်ရွယ်ချက်သည် စစ်အာဏာရှင်ကို တိုက်ထုတ်နေဖို့ပဲ ဖြစ်တယ်။ စစ်အာဏာရှင်ကို တိုက်ထုတ်နေတဲ့ ဘယ်အဖွဲ့အစည်းမဆို ကျွန်တော် ပူးပေါင်းဆောင်ရွက်လို့ ရတယ်။ စည်းလုံးကြတာပဲ ဖြစ်တယ်။ ပုံစံမျိုးမျိုးတော့ ကွဲရင် ကွဲမယ်ပေါ့နော်။ ဘယ်လိုပုံစံမျိုးနဲ့ တိုက်တိုက် ဒီဟာသည် အဓိက စစ်အာဏာရှင် ပြိုကျသွားဖို့ပဲလို့ပဲ မြင်တဲ့အတွက် အရမ်းကြီးတော့ စိတ်ပူစရာ မရှိပါဘူး။ ဘုံပန်းတိုင် တူနေကြတာပါပဲ ဟုတ်။
RAIN – ဟုတ်ကဲ့ပါ၊ ဆိုတော့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့အတွက် ဒီတော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘယ်လို ပေါင်းစပ်ညှိနှိုင်းမှု ပုံစံတွေနဲ့ ထိုးစစ်တွေကို ဆင်နွှဲသင့်တယ်လို့ ဆရာ့အနေနဲ့ အကြံပြုလိုပါလဲရှင်။
Shin Thant – ဟုတ်။ အဲ့ဒါလည်း အခု ဖြစ်နေတဲ့ ပြဿနာပေါ့နော်။ နည်းနည်း ပြောရဆိုရ ခက်တယ်။ ဆိုတော့ အဓိကတော့ ကျွန်တော်တို့ မြင်တာကတော့ အားလုံးတူညီတဲ့ အသံထွက်ဖို့လိုတယ်။ တချို့ နိုင်ငံတကာမှာရော ပြောတဲ့အခါမှာလည်း One Voice ဖြစ်ဖို့လိုတယ်။ တစ်ဖွဲ့က ဒီစကားပြောတယ်၊ နောက်တစ်ဖွဲ့က ဒီစကားပြောတယ်ဆို ဖြစ်လို့မရဘူး။ ဆိုတော့ ကျွန်တော်တို့ အမြဲတမ်း ညှိနှိုင်းကြတယ်ဆိုတာကတော့ မရှိကြဘူးပေါ့နော်။ ဥပမာ ကျွန်တော်တို့ ပြည်တွင်းမှာဆိုလည်း လှုပ်ရှားမှုတွေပဲ လုပ်တာပဲဖြစ်ဖြစ်၊ နိုင်ငံရေးက လုပ်ငန်းစဉ်တွေပေါ့၊ တစ်ဖွဲ့က ဒီလိုပြောတယ်၊ တစ်ဖွဲ့ကတော့ ဒီလုပ်ငန်း၊ ဒီလိုလုပ်ကြမယ်ဆိုတာမျိုးတွေ ကွဲနေလို့ရှိရင် နောက်က လိုက်လုပ်တဲ့ ပြည်သူက လုပ်ရကိုင်ရတာ ခက်တယ်။ ဥပမာ လိုက်၊ လိုက်ပြီးတော့ အကောင်အထည်ဖော်ရတာ၊ ဥပမာ ကျွန်တော်တို့က ပြည်သူလူထုကို ပြောဆိုတဲ့အခါမှာ ဘာလုပ်ကြပါလို့ ပြောလို့ရှိရင် ကျွန်တော်တို့ ပြည်သူလူထုက တကယ်စိတ်တက်ကြွတဲ့ ပြည်သူလူထုက လိုက်လုပ်နေတုန်းပဲ ရှိသေးတယ်ပေါ့နော်။ ဥပမာ Boycott လုပ်ဆိုလည်း Boycott လုပ်ဆိုတာမျိုး ရှိကြသေး တယ်။ ဆိုတော့ အဲ့ဒီမှာလည်း ကျွန်တော်တို့က ခုနပြောသလိုပဲ ဘယ်ဟာကတော့ စစ်တပ်ကို ထိခိုက်စေမယ့်ဟာ ဖြစ်တယ်။ အဲ့တော့ ဒါကို ဦးစီးပြီး လုပ်ကြမယ်။ ဥပမာ Boycott ဆို ကျွန်တော်တို့ Boycott လှုပ်ရှားမှုတွေ မြှင့်တင်ပေးဖို့ လိုအပ်တယ်။ Boycott လုပ်ကြပါလို့ ပြည်သူလူထုကို အမြဲတမ်း ပြောနေဖို့ သတိပေးနေဖို့ လိုအပ်တယ်။ ဒါမှ ပြည်သူက ပိုပြီးတော့ ကျတော့ တိတိကျကျ သေသေချာချာ လုပ်နိုင်မှာ ဖြစ်တယ်ပေါ့နော်။ အများကြီး ဟို တစ်ဖွဲ့က ဒီဟာလုပ်မယ်၊ နောက်တစ်ဖွဲ့က ဒါလုပ်မယ်ဆိုတာမျိုးတွေလည်း အဆင်မပြေဘူးလို့လည်း မြင်တယ်ပေါ့နော်။ အဓိကကတော့ Uniform Voice ဖြစ်ဖို့ လိုအပ်တယ်။ လှုပ်ရှားမှုတွေမှာ လည်း ဟန်ချက်ညီညီ ဖြစ်ဖို့ လိုအပ်တယ်။ အဓိက စစ်ရေးနဲ့ လူထုလှုပ်ရှားမှု။ တချို့သပိတ် တွေ၊ တချို့တွေက ပြောတယ်ပေါ့နော်၊ သပိတ်တွေ လိုအပ်လို့လား၊ လိုအပ်သေးလို့လား၊ ဒီကာလမှာ လက်နက်ကိုင်တိုက်ပွဲ ဝင်နေတာမျိုး ဆိုတာမျိုးတွေ ရှိတယ်ပေါ့နော်။ ဒီနေရာမှာ လည်း ကျွန်တော်တို့ အမြဲတမ်း ရှင်းပြတာ ရှိတယ်။ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်ကြီး အောက်မှာမှ စစ်ရေးနဲ့ လူထုလှုပ်ရှားမှုဆိုပြီး ကျွန်တော်တို့ နှစ်ခု ကဏ္ဍနှစ်ခု ခွဲပြီးတော့ လုပ်ရမှာ ဖြစ်တယ်။ စစ်ရေးက စစ်ရေးနည်းလမ်း သွားမယ်။ လူထုလှုပ်ရှားမှုကလည်း လူထုလှုပ်ရှားမှုနည်းလမ်း သွားမယ်။ အဲ့တော့ ပုံမှန်အားဖြင့်တော့ ဒါက အားလုံးလည်း သိကြတယ်လေ။ ပြည်သူအားလုံး လက်နက်ကိုင်လို့ အဆင်မပြေဘူး။ ပြည်သူအားလုံး သူတို့မှာ အကြောင်းပြချက် အမျိုးစုံ ရှိမယ်။ လက်နက်ကိုင်ဖို့ အဆင်မပြေတဲ့လူတွေ ရှိတယ်။ ဆိုတော့ ဒါမျိုးတွေကို ကျွန်တော်တို့က လက်နက်မကိုင်လို့ မင်း တော်လှန်ရေးထဲမှာ မပါဘူး ဆိုပြီးတော့ကျတော့ ပစ်ထားခဲ့လို့ မရဘူး။ အဲ့လိုမျိုး ပစ်ထားခဲ့လို့ရှိရင် ကျွန်တော်တို့ တော်လှန်ရေးနဲ့ ပြည်သူနဲ့က ဝေးသွားလိမ့်မယ်။ ပြည်သူက သပ်သပ်၊ တော်လှန်ရေးက သပ်သပ် ဖြစ်သွားလိမ့်မယ်။ အဲ့အတွက်ကြောင့် ကျွန်တော်တို့က လူထုလှုပ်ရှားမှုတွေ အားသွန်ခွန်စိုက် ကြိုးပမ်းနေရတာ ဖြစ်တယ်။ ဆိုတော့ ပြည်သူကလည်း ဒီတော်လှန်ရေးမှာ ပါဖို့ လိုအပ်တယ်။ ခင်ဗျားတို့လည်း တော်လှန်ရေး ရဲဘော်တွေ ဖြစ်တယ်။ ဒီတော်လှန်ရေးမှာ အားလုံးပါဝင်ကြမှ စစ်ရေးက တိုက်တဲ့အခါမှာ ကျွန်တော်တို့ ဒီဘက်က ပြည်သူတွေအနေနဲ့က အားပေးထောက်ခံနေမှ အဆင်ပြေမယ်ဆိုတဲ့ဟာမျိုး အမြဲတမ်း ဟန်ချက်ညီညီ သွားဖို့ပေါ့ နော်။ အဓိက အရေးကြီးဆုံးကတော့ ဒီ Uniform Voice ဖြစ်ဖို့ လိုတယ်။ ပြီးရင် နောက်တစ်ခု ကတော့ စစ်ရေးနဲ့ လူထုလှုပ်ရှားမှုနဲ့ ဟန်ချက်ညီညီ ယှဉ်တွဲသွားဖို့ လိုတယ်ဆိုတာပါပဲဗျ။ ဟုတ်။
RAIN – ဟုတ်ကဲ့ပါ၊ ဒီဆရာ့အနေနဲ့ ဒါ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ ပြီးတော့ ဒီ ဘုတလင်မြို့နယ် သပိတ်အင်အားစုပေါ့နော် စသည်၊ ပြီးတော့ ဒီ မုံရွာလူထုသပိတ် တိုက်ပွဲ ခေါင်းဆောင်ကော်မတီ စတဲ့ ဒီဒေသအဆင့် အဖွဲ့အစည်းတွေကနေပြီးတော့မှ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု၊ ဒါပြီးတော့ ဒီအထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု အထိကို ပါဝင်ပြီးတော့မှ ဆောင်ရွက်နေတဲ့အတွက် ဒီဒေသအခြေအနေတွေနဲ့ ချိတ်ဆက်ညှိနှိုင်းတဲ့အခါမှာ ဆရာ့အနေနဲ့ ကြုံတွေ့ရတဲ့ အဓိကစိန်ခေါ်မှုတွေနဲ့ အောင်မြင်မှု လေးတွေကိုလည်း မိဘပြည်သူတွေကို မျှဝေပေးပါဦးရှင်။
Shin Thant – နေရာတိုင်းမှာ ဒေသမှာရှိတဲ့ အခက်အခဲတွေ အကုန်လုံးနီးပါး တော်တော် များများ ဆင်တူကြတာ ဖြစ်ပါတယ်ဗျ။ ဥပမာ ဒီမြို့နယ်မှာရှိတဲ့ အခက်အခဲနဲ့ တစ်ဖက်မြို့နယ် မှာရှိတဲ့ အခက်အခဲက အတူတူကြီးပါပဲ။ လူထုကို စည်းရုံးရတဲ့ကိစ္စမျိုးတွေ ရှိတယ်။ စိန်ခေါ်မှုတွေကတော့ အတူတူတွေပဲ ဖြစ်တယ်ပေါ့နော်။ ဒီတစ်တိုင်းလုံး အနေအထားထဲ မှာလည်း အတူတူပဲ ဖြစ်တယ်ပေါ့နော်။ အောင်မြင်မှုတွေ ဆိုလို့ရှိရင်ကတော့ လူထုလှုပ်ရှားမှု အနေနဲ့ ဆိုလို့ရှိရင် ဒီ Boycott လှုပ်ရှားမှုတွေ အောင်မြင်ခဲ့တာမျိုးတွေ ရှိတယ်ပေါ့နော်။ ပြီးလို့ရှိရင် တခြားလုပ်ငန်းစဉ်တွေကတော့ အခုလက်ရှိ လူထုလှုပ်ရှားမှုတွေ မပျောက်ကွယ် သွားသေးဘဲနဲ့ လက်ရှိအချိန်ထိ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်။ ပြည်သူကလည်း ပူးပေါင်းပါဝင်နေဆဲ ဖြစ်တယ်ပေါ့နော်။ အခု ပြည်သူ ပူးပေါင်းပါဝင်အောင်လည်း ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေ အားလုံးကလည်း စည်းရုံးထားနိုင်ဆဲ ဖြစ်တယ် ဆိုတာပါပဲ။ ဟုတ်။
RAIN – ဟုတ်ကဲ့ပါ၊ ဆိုတော့ နောက်တစ်ခုကတော့ ဒီနွေဦးတော်လှန်ရေးဟာ ဆိုလို့ရှိရင် ပြည်သူ့တော်လှန်ရေးဖြစ်တဲ့အလျောက် ပြည်သူလူထုရဲ့ ပံ့ပိုးမှုဟာ အရေးကြီးဆုံးဖြစ်တယ် ပေါ့နော်။ ဆိုတော့ လက်ရှိအချိန်မှာ ပြည်သူလူထုအနေနဲ့ ဒီတော်လှန်ရေးကို ဘယ်လို နည်းလမ်းမျိုးတွေနဲ့ ဆက်လက်ပြီးတော့မှ ပံ့ပိုးကူညီနိုင်မလဲ၊ ဆရာ့အနေနဲ့ရော ဘာများ အထူးတလည်ပေါ့လေ၊ အကြံပြုတိုက်တွန်းလိုပါလဲရှင်။
Shin Thant – ပြည်သူလူထု ထောက်ပံ့ပေးမှု ဆိုတာကတော့ လက်ရှိအနေအထားမှာ ပြည်သူလူထုကတော့ ထောက်ပံ့ပေးနေတာပဲပေါ့နော်။ အများကြီး ထောက်ပံ့ပေးနေတယ်။ လိုအပ်တာမှန်သမျှ ထောက်ပံ့ပေးတယ်။ ဒီနေရာမှာ ထပ်ပြီးတော့ ထောက်ပံ့ပေးဖို့ဆိုတာ ထက်လေ၊ ဟို ပြည်သူကို ကျွန်တော်တို့ အမြဲတမ်းတောင်းဆိုတာ ရှိတယ်။ ကိုယ့်ဘက်က လိုအပ်ချက်တွေကို ပြည်သူအနေနဲ့ အမြဲတမ်းထောက်ပြ ဝေဖန်ပြောဆိုနေဖို့ လိုအပ်တယ်။ ဒါမှသာ ကျွန်တော်တို့က ပိုပြီးတော့ ကောင်းမွန်တဲ့ အစုအဖွဲ့တစ်ခုကို ရရှိမှာ ဖြစ်တယ်ပေါ့ နော်။ ပြီးရင် နောက်တစ်ခုက ဒီတော်လှန်ရေးရဲဘော်တွေ ဆိုလို့ရှိရင် အကုန်လုံးပေါ့နော်၊ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် လက်နက်ကိုင်တာ ဖြစ်စေ၊ လက်နက်မကိုင်သည် ဖြစ်စေ၊ ဥပမာ တချို့ပြည်သူတွေက ထင်တာပေါ့နော်၊ ထမင်းကျွေးမှ၊ ပိုက်ဆံလှူမှ၊ ထောက်ပံ့တယ်ဆိုတာ မျိုး ဟို ထင်ကြတယ်ပေါ့နော်။ ကျွန်တော်တို့ဆိုရင် အမြဲတမ်းပြောတာ ရှိတယ်။ ဆိုတော့ အဲ့ဒါတွေက ထောက်ပံ့တာ မှန်တယ်။ ဒါပေမဲ့ အဲ့ဒါတွေ မထောက်ပံ့နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး ကျွန်တော်တို့ တွေ့ရင် ပြုံးပြပါ။ ကျွန်တော်တို့နဲ့ လမ်းမှာတွေ့ရင် ကျွန်တော်တို့ကို ပြုံးပြလိုက်ပါ။ ဒါမှမဟုတ်ရင် လက်သုံးချောင်း ထောင်ပြပါ။ ဒါဆိုရင်ကို ကျွန်တော်တို့အတွက် ကြီးမားတဲ့အထောက်အပံ့ ဖြစ်တယ်။ ဘာလို့လဲဆိုရင် ပြည်သူရဲ့ အပြုံးကလည်း ကျွန်တော်တို့ အတွက် အင်အားတစ်ခုပဲ ဖြစ်တယ်။ အဲ့အတွက်ကြောင့် ကျွန်တော်က ဒါမျိုးတွေ အရေးကြီး ဆုံးလို့ပဲ၊ ပြည်သူရဲ့ ထောက်ခံမှုက ဘယ်လိုနေနေ ထောက်ခံမှုရှိဖို့က အရေးကြီးဆုံးပါပဲ ခင်ဗျာ။ ဟုတ်။
RAIN – ဟုတ်ကဲ့ပါ၊ နောက်ဆုံးအနေနဲ့ မိဘပြည်သူတွေကို ဘာများဖြည့်စွက်ပြီးတော့မှ ပြောကြားလိုပါလဲရှင်။
Shin Thant – ဟုတ်။ အဲ့ဒါတော့ ကျွန်တော်တို့ ပြောကြတယ်။ နောက်ဆုတ်လို့မရတော့ဘူး။ အခုလည်း ကျွန်တော်တို့က နောက်ဆုတ်လို့ မရတော့ဘူး။ ဒီ အာဏာရှင် ပြုတ်ကျမှပဲ ဖြစ်မယ်။ ပြုတ်မကျဘူးဆိုလို့ရှိရင် တိုင်းပြည်က ကောင်းလာနိုင်စရာ မရှိဘူး။ ကျွန်တော်တို့ လေးစားတဲ့ ခေါင်းဆောင်တွေ၊ ကျွန်တော်တို့ရဲ့ လူထုခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစု ကြည်၊ သမ္မတဦးဝင်းမြင့်၊ ဟို ဒါမျိုးတွေ ဆိုလို့ရှိရင်လည်း ဖမ်းဆီးခံထားရတုန်းပဲ ရှိသေးတယ်။ ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ခေါင်းဆောင် ကြီးဖြစ်တဲ့ ကိုဝေမိုးနိုင်၊ ပန်ဒါ၊ ပြည်သူတွေကတော့ အချစ်တော် နာမည်နဲ့ ပန်ဒါလေးလို့ ခေါ်တယ်ပေါ့နော်။ သူ့တို့ဆိုလည်း ထောင်ထဲမှာ နှစ်ရှည်ထောင်ဒဏ်တွေ ချခံထားရတုန်းပဲ ရှိသေးတယ်။ ဆိုတော့ ကျွန်တော်တို့ ကျွန်တော်တို့နိုင်မှ လွတ်မယ့်ပြည်သူတွေလည်း ရှိတယ်။ ကျွန်တော်တို့နိုင်မှ အမြှောက်ခံရမယ့် ပြည်သူတွေလည်း ရှိတယ်။ အဲ့တော့ ကျွန်တော်တို့ အဆုံးထိ သွားကြပါမယ်။ ရှေ့ကိုပဲ ဆက်ပြီးတော့ ချီတက်ကြပါမယ်ခင်ဗျာ။ ဟုတ်။
RAIN – အခုလို ဖြေကြားပေးတဲ့အတွက် ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်ရှင်။
Shin Thant – ဟုတ်ကဲ့ပါ၊ ဟုတ်။ ဆရာမတို့ကိုလည်း ကျေးဇူးတင်ပါတယ်ဗျ။ ဟုတ်။