အောက်တို ၄
The Kaladan Post
၂၀၂၅ အောက်တိုဘာ ၃ ရက်၊ ညနေ ၄ နာရီ ၂၆ မိနစ်တွင် သရက်မြို့နယ်၊ သရက်-မင်းတုန်းလမ်း၊ ပဲ့မခန်းရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ တပ်ချိန်းရန်ထွက်ခွါလာသူများကို ခြုံခိုပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့တယ်လို့ United States Of Burma Army တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ကိုသာချိုက The Kaladan Post သို့ပြောဆိုသည်။
အဆိုပါဖြစ်စဥ်သည် “မင်းတုန်းမြို့နယ်၊ ကျောက်တိုင်တိုက်နယ်ဆေးရုံ၌ တပ်စွဲထားသော စစ်အုပ်စု၏ ဂိတ်စခန်းမှ တပ်ချိန်းပြီး ပြန်လည်ထွက်ခွာလာသော အင်အား ၆၀ ဝန်းကျင်ပါ စစ်ကား ၂ စီး (ဖောကားအနီ ၁ စီးနှင့် စစ်စိမ်းရောင်ဖောကား ၁ စီး) အား” ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ အောက်တိုဘာလ ၃ရက်နေ့ နံနက်အစောပိုင်းတွင် တပ်ချိန်းရန် လာရောက်သော စစ်ကားများကို လွှတ်ပေးခဲ့ပြီး၊ ပြန်လည်ထွက်ခွာလာချိန်တွင် ကြိုတင်ပြင်ဆင်ထားသည့် နေရာများတွင် စောင့်ကြိုကာ ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည်။ စစ်အုပ်စုသည် လမ်းတစ်လျှောက် သံသယဖြစ်ဖွယ်နေရာများကို လက်ဦးမှုယူ၍ ပစ်ခတ်ရှင်းလင်းရင်း မောင်းလာခဲ့ပြီး၊ အချို့နေရာများတွင် ရှေ့မှ ခြေလျင်တပ်ဖွဲ့ များ ဆင်းလျှောက်ကာ ကားများကို နောက်မှ ဖြည်းဖြည်းချင်း မောင်းလာခဲ့ကြသည်။ တိုက်ပွဲ ဖြစ်ပွားချိန်တွင် စစ်သားအားလုံး ကားပေါ်တွင်ရှိနေပြီဖြစ်သည်။ တိုက်ခိုက်မှုအတွင်း စစ်စိမ်းရောင်ကားကို လွှတ်ပေးကာ နောက်မှလိုက်ပါလာသော ဖောကားအနီအား အဓိကထား၍ ခြေမှုန်းပစ်ခတ်ခဲ့ကြကြောင်းသိရသည်။ သို့သော် ရှေ့မှမောင်းသွားသော စစ်စိမ်းရောင်ကားမှ ရပ်တန့်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရပ်စပ် ပြန်လည်ပစ်ကူပေးခဲ့သဖြင့် အပြန်အလှန်တိုက်ပွဲမှာ ပြင်းထန်သွားခဲ့ခြင်းဖြစ်သည်။ ဖောကားအနီတွင် သဲအိတ်များဖြင့် အကာအကွယ်ယူထားသဖြင့် ထိခိုက်မှုနည်းပါးခဲ့သော်လည်း တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ တပ်သားအဆင့် ၂ ဦး သေဆုံးပြီး၊ ဗိုလ်တစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦးအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကပစ(၂) မှ ဖရဲသီးမှတစ်ဆင့် သိရပါတယ်ဟု တပ်ဖွဲ့ရဲ့တာဝန်ခံက ဆိုသည်။ ကိုယ့်ဘက်မှ ထိခိုက်မှုမရှိခဲ့ပေ။ တိုက်ပွဲမှာ ၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး၊ အကြမ်းဖက် စစ်ကောင်စီဖက်မှ သေဆုံးသူများ အလောင်းနှင့် ဒဏ်ရာရသူများအား ကပစ(၁၂) သို့ သယ်ဆောင်သွားကြသည်။