မေးမြန်းသူ-  RAIN, Program Host

ဖြေဆိုသူ- ခင်ဖြူထွေး/  VOA အကြီးတန်းသတင်းထောက်

RAINအားလုံးပဲမင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affairs program လေးကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် ကျွန်မတို့ရဲ့ Youth and Women’s Affairs program လေးမှာ interview အစီအစဉ်မှာ ပါဝင်သွားမှာကတော့ VOA ရဲ့ သတင်းထောက်နဲ့ သတင်းတင်ဆက်သူ၊ မိဘပြည်သူများအားလုံးသိရှိပြီးသားဖြစ်တဲ့ ဆရာမခင်ဖြူထွေးနဲ့ တွေ့ဆုံမေးမြန်းသွားမှာပဲဖြစ်ပါတယ်ရှင်။ မင်္ဂလာပါဆရာမ။

ခင်ဖြူထွေး – မင်္ဂလာပါရှင်။

RAINဟုတ်ကဲ့ပါ The Kaladan Post မှာလာရောက်ပြီးတော့ အချိန်ပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ ပထမဆုံးအနေနဲ့ ဆရာမရဲ့နာမည်လေးရယ် ပြီးတော့ အခုလက်ရှိမှာ ဘာတွေလုပ်ကိုင်ဆောင်ရွက်နေလဲဆိုတာလေးကို ပရိတ်သတ်တွေကို အရင်ဆုံးမိတ်ဆက်ပေးပါဦးရှင်။

ခင်ဖြူထွေး – ဟုတ်ကဲ့ပါ၊ ကျွန်မနာမည် ခင်ဖြူထွေးပါ။ ကျွန်မက VOA သတင်းဌာနမှာ သတင်းထောက်တစ်ဦးဖြစ်ပါတယ်။ VOA မှာတော့ ဒီအမျိုးသမီးကဏ္ဍဆိုတာရှိတယ်။ အဲ့ဒီအမျိုးသမီးကဏ္ဍမှာလည်း ကျွန်မက တစ်ပတ်တစ်ခါပေါ့နော်၊ ပုံမှန် ဒီအမျိုးသမီးကဏ္ဍကို ထုတ်လွှင့်တဲ့သူလည်းဖြစ်ပါတယ်။ ဆိုတော့ လက်ရှိကတော့ အားလုံးလည်းသိကြမယ်ထင်ပါ တယ်။ ကျွန်မတို့ရဲ့ဒီ VOA အသံလွှင့်ဌာနတွေကတော့ ယာယီပေါ့နော်၊ လောလောဆယ်မှာ တော့ ရပ်နားထားရတဲ့အခြေအနေဖြစ်ပါတယ်။ ဆိုတော့ ဒီ VOA အသံလွှင့်နေတဲ့ အချိန်မှာတော့ ကျွန်မအနေနဲ့ သတင်းထောက်အနေနဲ့ လုပ်ရတဲ့အခါတွေလည်းရှိတယ်။ ဟို ကဏ္ဍမျိုးစုံမှာတော့ ပါဝင်ရတာပေါ့နော်။ ထုတ်လုပ်ရေးမှူးလုပ်တဲ့အခါ လုပ်ရတာရှိတယ်။ အယ်ဒီတာအခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်ရတာတွေရှိတယ်။ နောက် ပုံမှန်ကတော့ လုပ်ဖြစ်တာကတော့ ဒါ အမျိုးသမီးကဏ္ဍပေါ့နော်၊ တစ်ပတ်တစ်ခါပုံမှန် အဲ လုပ်တဲ့ သတင်းထောက်တစ်ယောက်ပါလို့ အားလုံးကိုလည်း မင်္ဂလာပါ။ ပြီးတော့ တစ်ဆက်တည်းပဲ ကျွန်မတစ်ခုလေးပြောချင်တာက အခုဒီအဲလိုမျိုး မေးမြန်းတဲ့အတွက်လည်း ကျေးဇူးတင်ပါ တယ်။ ဒါပေမဲ့ ဒီမေးမြန်းမှုမှာ ကျွန်မပါဝင်တာသည် ကျွန်မရဲ့ဒီ တသီးပုဂ္ဂလ အတွေ့အကြုံ ဖြတ်သန်းမှုတချို့ကို ပြန်လည်မျှဝေတဲ့ သဘောသာ ပိုပြီးတော့ဖြစ်ပါတယ်။ VOA ကိုယ်စားပြုပြီးတော့ VOA ဌာနအနေနဲ့ ပြောတာမျိုးတော့ မဟုတ်ပါဘူးလို့လည်း ပြောချင်ပါ တယ်ရှင်။

 

RAINဟုတ်ကဲ့ပါ။ အစ်မအနေနဲ့ ဒီလိုသတင်းမီဒီယာလောကထဲမှာ မဝင်ခင်မှာရော ဘာတွေလုပ်ကိုင်ခဲ့လဲပေါ့နော်။ ပြီးတော့ ဒီ VOA လိုမျိုး ဒီနိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ သတင်းမီဒီယာလောကထဲကိုရော ဘယ်လိုမျိုးစိတ်အားထက်သန်မှုတွေနဲ့ စတင်ပြီးတော့ ဝင်ရောက်ခဲ့လဲပေါ့နော်။ ပြီးတော့ အစောပိုင်းကာလမှာရော အစ်မအနေနဲ့ ဘယ်လိုမျိုးတွေ ဒီစိန်ခေါ်မှုတွေ၊ အတွေ့အကြုံလေးတွေကိုလည်း ပရိသတ်တွေကို မျှဝေပေးပါဦးရှင်။

 

ခင်ဖြူထွေး – ဟုတ်ကဲ့။ ကျွန်မက VOA နဲ့ပတ်သက်လို့ကတော့ ငယ်ငယ်ကတည်းက VOA ဆိုတာ ရင်းနှီးခဲ့တဲ့အရာတစ်ခုလို့ပြောရမလိုဖြစ်တာပေါ့နော်။ ကျွန်မတို့အနီကျတော့ ဒီမြန်မာနိုင်ငံမှာ ဒီအာဏာရှင်အဆက်ဆက်အုပ်စိုးမှုကာလမှာ သတင်းအမှောင်ချ ခံထားရတဲ့အခါကျတော့ ကိုယ့်နိုင်ငံနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ နိုင်ငံတကာက အခြေအနေတွေကိုပဲဖြစ်ဖြစ် သိချင်လို့ရှိရင် ကျွန်မတို့ငယ်ငယ်က ရေဒီယို နားထောင်ခဲ့ကြရတယ်။ ငယ်ငယ်တုန်းကတော့ ကျွန်မရဲ့အစ်ကိုပေါ့နော်၊ အိမ်မှာက အစ်ကိုက ရေဒီယိုမနက်မိုးလင်းလာပြီဆိုရင် VOA, RFA, BBC စသဖြင့်သတင်းတွေဖွင့်တော့ VOA ဆိုတာကို အမြဲတမ်းရင်းနှီးလာခဲ့တယ်။ ရင်းနှီးလာခဲ့တဲ့ဆိုတာအပြင်ကို ကိုယ့်တိုင်းပြည်ရဲ့အခြေအနေ၊ သတင်းတွေ၊ အချက်အလက်တွေ၊ ဗဟုသုတတွေ အများကြီးရခဲ့တယ်။ ဆိုတော့ အဲ့ဒီလိုအခါမျိုးမှာ ကျွန်မ ၂၀၀၂ ခုနှစ်မှာ ကျွန်မ အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ် အဲ လာပြီးတော့ internship သုံးလ လာလုပ်ခွင့်ရတဲ့အချိန်မှာလည်း ကျွန်မဒီသတင်းဌာနကြီးတွေကို လည်ပတ်ခွင့်ရခဲ့တယ်ပေါ့နော်။ အဲ့အချိန်မှာဪ တစ်ချိန်တုန်းက ကိုယ်နားထောင်ခဲ့တဲ့ သတင်းဌာန၊ ဒီကနေပြီးတော့မှ ကိုယ်ကိုယ်တိုင်လည်းအများကြီးဗဟုသုတတွေရခဲ့တာ၊ လေ့လာသိမြင်ခဲ့ရတာတွေရှိတဲ့အခါကျတော့ အဲဒီကိုယ်ရောက်သွားတဲ့အခါမှာလည်း အရမ်းသဘောကျတယ်။ ဒီလိုနေရာမျိုးမှာ လုပ်ခွင့်ရလိမ့်မယ်လို့တော့ အဲ့ဒီအချိန်က မထင်ခဲ့ဘူးပေါ့နော်။ ဒါပေမဲ့ နောက်တစ်ကြိမ် ကျွန်မဒီကျောင်းတက်ဖို့အတွက် အမေရိကန် ပြည်ထောင်စုကိုရောက်တဲ့အချိန်မှာ ကျွန်မကျောင်းစတက်တဲ့အချိန်မှာ part-time အလုပ်တစ်ခုကလည်းလုပ်ချင်ခဲ့တယ်။ လုပ်ချင်ခဲ့တော့ လုပ်တဲ့အခါမှာလည်း ကိုယ့်မြန်မာ နိုင်ငံနဲ့ဆက်စပ်တဲ့အလုပ်မျိုး ကိုယ်ကလုပ်ချင်ခဲ့တယ်။ အဲ့ဒီအချိန်မှာ VOA မှာကလည်း လူသစ်စုဆောင်းနေတဲ့အချိန်မျိုးဖြစ်တဲ့အခါကျတော့ ဒီမှာအလုပ်ခေါ်တယ်ဆို ကျွန်မအရမ်း ဝမ်းသာသွားတယ်။ ဒီလိုနေရာမျိုးမှာသာလုပ်ခွင့်ရမယ်ဆိုလို့ရှိရင် ဘာပဲဖြစ်ဖြစ် ကိုယ်မြန်မာ နိုင်ငံနဲ့လည်း အမြဲတမ်းဆက်စပ်နေမယ်၊ မြန်မာပြည်သူတွေအတွက် အကျိုးရှိတဲ့သတင်းတွေ ပြန်ပြီးတော့ လုပ်နိုင်တယ်ဆိုရင် ဒါတစ်စုံတစ်ရာ အကျိုးပြုနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက် ရှိခဲ့တာပေါ့နော်။ ဒီခံစားချက်ကလည်း ဘာကြောင့်ဖြစ်သလဲဆိုတော့ ကျွန်မစောစောက ပြောခဲ့သလို ကျွန်မတို့က ငယ်ငယ်ကတည်းက VOA တို့ BBC တို့ RFA တို့ စသဖြင့်ဒါတွေ ကိုနားထောင်ပြီးတော့ ကြီးပြင်းခဲ့ရတာဖြစ်တယ်။ ဆိုတော့ အဲ့လိုကြီးပြင်းခဲ့ရင်းနဲ့ပဲ ကျွန်မတို့နိုင်ငံမှာ ဘာတွေဖြစ်နေတာလဲ၊ တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ပြီးတော့ ဘာကြောင့်ဒီလို ဖြစ်ရတာလဲ၊ ဒါတွေကိုသိလာတဲ့အခါမှာ ကျွန်မတို့နိုင်ငံဟာ တစ်ခုခုလွဲချော်နေပြီဆိုတာကို ဒီလိုမျိုးသတင်းတွေကိုနားထောင်နေရင်းနဲ့ပေါ့နော်၊ သတိထားမိခဲ့ရတယ်။ ငါတို့ကျောင်း ပြီးတဲ့အချိန်မှာ ဘာဖြစ်လို့တက္ကသိုလ်တွေပိတ်နေရတာလဲ စသဖြင့်ပေါ့နော်၊ မေးခွန်းတွေ ထုတ်လာတယ်။ ကျွန်မအတွက်လည်း ကျွန်မကဒီသတင်းသမားတစ်ယောက်ဘဝ မရောက် ခင်မှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ပတ်သက်ပြီးတော့ လှုပ်ရှားသူတစ်ဦးဖြစ်ခဲ့တဲ့ အခြေခံအကြောင်းရင်းထဲမှာလည်း ဒီလိုသတင်းဌာနတွေကို နားထောင်ရင်းနဲ့ပဲ ကိုယ်က ကိုယ့်တိုင်းပြည်မှာဘာဖြစ်နေတယ်ဆိုတာကို သိခွင့်မြင်ခွင့်ရခဲ့ရတာမျိုးဖြစ်တယ်။ အားလုံး သိတဲ့အတိုင်းပဲ ကျွန်မတို့မြန်မာနိုင်ငံက ခေတ်အဆက်ဆက် အာဏာရှင် လက်အောက်မှာ ဆယ်စုနှစ်များစွာနေတဲ့အခါကျတော့ သတင်းလွတ်လပ်ခွင့်ကလည်း တစ်ချိန်လုံးအမှောင်ချခံ ထားရတယ်။ တစ်ခါတစ်လေ ကိုယ့်ရပ်ဒေသမှာတောင် ဘာဖြစ်နေလဲဆိုတာကို သေသေ ချာချာသိခွင့်မရဘူး။ ဆိုတော့အဲ့လိုသိချင်တယ်ဆိုလို့ရှိရင် ကျွန်မတို့က ရေဒီယိုတွေကို နားထောင်ကြရတယ်။ အဲ့ဒီလိုနားထောင်တဲ့နေရာမှာလည်း တကယ်တမ်းကျတော့ ရေဒီယိုနားထောင်လို့ အဖမ်းခံရနိုင်တဲ့အခြေအနေမျိုးတောင်ရှိတဲ့ အမှောင်ကာလတွေကို ဖြတ်ခဲ့ရတာပေါ့နော်။ ဒါပေမဲ့ ဒီသတင်းဌာနကြီးတွေရဲ့ အကျိုးဖြစ်ထွန်းမှုကို ငယ်ငယ်ကတည်းကကိုယ်ကသိလာခဲ့တယ်။ ဆိုတော့ ကျွန်မဒီတက်ကြွလှုပ်ရှားသူ တစ်ယောက်အဖြစ်နဲ့ ရပ်တည်ခဲ့တုန်းကလည်း အဓိကကတော့ ဒီသတင်းဌာနကြီးတွေက နေပြီးတော့ ရရှိခဲ့တဲ့သတင်းအချက်အလက်တွေပေါ်မှာမူတည်ပြီးတော့မှ ဪ ငါတို့ရဲ့ နိုင်ငံဟာ ဒီလိုမဖြစ်သင့်ပါလား၊ သူများနိုင်ငံတွေမှာ ဒီလိုတိုးတက်နေပြီ၊ ဘာကြောင့်မတိုး တက်ရတာလဲ၊ ငါတို့ကဘာကြောင့်ဖိနှိပ်ခံနေရတာလဲ၊ ဘာဖြစ်လို့တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေကပိတ်နေရတာလဲ၊ ဘာဖြစ်လို့လူငယ်တွေဟာ သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်မရတာလဲ စသဖြင့်မေးခွန်းတွေများစွာနဲ့ အဆင့်ဆင့်ပေါ့နော် ဒါတွေကိုတွေးရင်းနဲ့ပဲ ဒါတော့မှားယွင်းနေပြီ၊ တရားမျှတမှုရှိရမယ်၊ လွတ်လပ်မှုရှိရမယ်၊ ဒီမိုကရေစီဆိုတာအရေးကြီးတယ်၊ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်မှုအတွက် ဒါတွေလိုအပ်တယ် ဆိုတဲ့ အတွေးအခေါ်တွေဆိုလိုတာပေါ့နော်။ အဲ့ဒီကနေပြီးတော့မှတစ်ဆင့် ကျွန်မလည်းရခဲ့တဲ့ အခါမှာ ကျွန်မကိုယ်တိုင်လည်း တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ခဲ့တယ်။ အဲ့လိုဖြစ်ခဲ့တဲ့ အတွက်ကြောင့်မို့လို့လည်း ကျွန်မတို့မြန်မာနိုင်ငံမှာ ကျွန်မတို့မိသားစုအတွင်းမှာလည်း ကျွန်မရဲ့အစ်ကိုတွေအစ်မတွေဆိုလို့ရှိရင်လည်းပဲ ဖမ်းဆီးထိန်းသိမ်းခံရတာတွေရှိတယ်၊ နိုင်ငံရေးအကျဉ်းသားတွေဖြစ်ခဲ့ရတယ်ပေါ့နော်။ ဆိုတော့အဲ့ဒီအချိန်မှာ ကျွန်မကိုယ်တိုင် လည်း မြန်မာပြည်ထဲမှာနေလို့မရတဲ့အခြေအနေမျိုးမှာ ထိုင်း-မြန်မာနယ်စပ်မှာ ခိုလှုံခဲ့ရတာ တွေရှိတယ်။ အဲ့လိုခိုလှုံတဲ့ကာလမှာလည်း ကိုယ့်ရဲ့တိုင်းပြည်အတွင်းမှာ ဘာတွေဖြစ်နေသလဲ၊ နိုင်ငံတကာမှာဘာတွေဖြစ်နေသလဲဆိုတဲ့ သတင်းအချက်အလက်တွေကို ကျွန်မဒီလိုရေဒီယို တွေပဲနားထောင်ပြီးတော့ သိခဲ့ရတာပေါ့နော်။ ဆိုတော့ တစ်ချိန် ကျွန်မဒီစောစောက ပြောသလိုပဲ အမေရိကန်ပြည်ထောင်စုကိုရောက်လာတဲ့အခါမှာ ကျောင်းတက်နေတဲ့အချိန်မှာ အချိန်ပိုင်းအလုပ်တစ်ခုကလည်းလိုအပ်တယ်၊ တစ်ချိန်တည်းမှာလည်း ကိုယ်လေးစား အားကျတဲ့ဒီလိုသတင်းဌာနကြီးတွေမှာ လုပ်ခွင့်ရမယ့် အခွင့်အလမ်းကပေါ်လာတဲ့အခါမှာ တစ်ခါတည်းကျွန်မအလုပ်လျှောက်လိုက်တယ်၊ အလုပ်လည်းရတယ်၊ ဆိုတော့ကျောင်း တက်ရင်းနဲ့ကျွန်မအစပိုင်းမှာတော့ အချိန်ပိုင်းပေါ့နော် စပြီးတော့လုပ်ဖြစ်ခဲ့တာပါ။ ဆိုတော့ အခုအချိန်ပြန်တွက်ရင်တော့ အချိန်ပိုင်းလုပ်တာရော အချိန်ပြည့်လုပ်တာရောဆိုရင်တော့ ကျွန်မ VOA သတင်းဌာနမှာလုပ်တာ ၁၉ နှစ်တောင်မှ ရှိပြီလို့ပြောလို့ရတာပေါ့ အေး။

 

RAINဟုတ်ကဲ့ပါ။ ဆိုတော့ လက်ရှိမြန်မာ့တော်လှန်ရေးကာလအတွင်းလိုမျိုးမှာဆိုလို့ရှိရင် ဒီသတင်းထောက်တွေအနေနဲ့ သတင်းတွေရယူဖို့ ခက်ခဲတဲ့ကာလတွေလည်းရှိမယ်လို့ ယုံကြည်ပါတယ်။ ဆိုတော့အခါကျတော့ ဒီလိုမျိုးခက်ခဲတဲ့ကာလတွေ၊ ဒီမြန်မာ့တော်လှန်ရေး ကာလအတွင်းမှာ သတင်းတွေရယူဖို့ရန်အတွက်သော်လည်းကောင်း၊ ပြီးတော့ ဒီသတင်းတွေ ကိုအတည်ပြုနိုင်ဖို့ရယ်၊ ပြီးတော့မှ မိဘပြည်သူတွေဆီကို အချိန်နဲ့တစ်ပြေးညီပေါ့နော် သတင်းမှန်ရရှိရေး တင်ဆက်မှုအပိုင်းတွေမှာရော ဒီသတင်းထောက်တစ်ဦးအနေနဲ့ ဒီရင်ဆိုင်ရ တဲ့ ကြုံတွေ့ရတဲ့အခက်အခဲလေးတွေရှိရင်လည်း မျှဝေပေးပါဦးရှင်။

 

ခင်ဖြူထွေး – ဟုတ်ကဲ့။ ဆိုတော့ ကိုယ်တိုင်ကသတင်းသမားတစ်ယောက်ဖြစ်လာ ပြီဆိုတဲ့ အခါမှာတော့ သတင်းသမားတစ်ယောက်ဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားတွေ၊ ကျင့်ဝတ်တွေ၊ နော် သတင်းတစ်ပုဒ်ကိုတင်ဆက်တဲ့နေရာမှာလည်း ဘယ်လိုဘက်ပေါင်းစုံ၊ ရှုထောင့်စုံအောင်၊ နော် ဘက်လိုက်မှုကင်းအောင်လုပ်ရမယ်ဆိုတာတွေကိုတော့ လေ့လာရ တာပေါ့နော်။ တစ်ချိန်တည်းမှာလည်း ကိုယ်ကဘာအလုပ်ကိုပဲလုပ်လုပ် စေတနာလေးထည့် ပြီးတော့ လုပ်ဖို့လည်းအမြဲတမ်းကြိုးစားပါတယ်။ ဒီလိုလုပ်ရင်းလုပ်ရင်းနဲ့ပဲ အတွေ့အကြုံဆို တာကတော့ ရလာတယ်၊ သတင်းပညာနဲ့ပတ်သက်ပြီးတော့လည်း အများကြီးကိုယ်တိုင် လုပ်ရင်းနဲ့ လေ့လာသိရှိခဲ့ရတာတွေပေါ့နော် ရှိတယ်။ ဆိုတော့ ဒီနေရာမှာ စောစောက ဘယ်လိုအခက်အခဲတွေကြုံခဲ့ရသလဲဆိုတာပြောရရင်တော့လေ၊ ကျွန်မတို့မြန်မာနိုင်ငံမှာက သတင်းလွတ်လပ်ခွင့်ဆိုတာက လုံးဝမရှိတဲ့နှစ်များစွာကို ဖြတ်သန်းခဲ့ရတာဖြစ်တယ်။ သတင်းအမှောင်ချထားတဲ့အချိန်မှာ သတင်းမှန်တွေကိုဖော်ထုတ်ဖို့ဆိုတာ အင်မတန် ခက်တယ်။ ဘာလို့ဆိုတော့ သတင်းကိုရယူဖို့ကြိုးစားတဲ့သူရော၊ သတင်းပေးတဲ့သူရော အတွက်ပါ အင်မတန်အန္တရာယ်များတဲ့ကာလတွေပေါ့နော်။ ဆိုတော့ အဲ့လိုနေရာမျိုးမှာ ဥပမာ ရွာတစ်ခုမီးရှို့ခံရတယ်၊ ရွာလုံးကျွတ်ထွက်ပြေးရတယ်၊ နေရာမှာတိုက်ပွဲဖြစ်တယ် စသဖြင့်ပေါ့နော်၊ အခြေအနေမျိုးစုံပေါ့လေ။ ဒီလိုသတင်းတွေကိုရယူတဲ့အခါကျလို့ရှိရင် ကျွန်မတို့က ဒီသတင်းနဲ့ပတ်သက်ပြီးတော့ အချက်အလက် ဘက်ပေါင်းစုံကရဖို့အတွက် ကြိုးစားတဲ့အခါမှာ ကျွန်မတို့ကျတော့ ဒါ နိုင်ငံခြားတကာမှာအခြေစိုက်တာကိုး။ ဆိုတော့ ဒီသတင်းကိုရဖို့အတွက်ဆက်သွယ်တဲ့အခါမှာ ဆက်သွယ်ရေးအခက်အခဲတွေရှိတယ်၊ နော် အင်တာနက်လိုင်းမကောင်းတာတို့၊ တယ်လီဖုန်းလိုင်းမကောင်းတာတို့ ဒီလိုကြားထဲကမှ ကျွန်မတို့ကသတင်းတွေကိုရအောင်စိစစ်ရတယ်။ တစ်ယောက်တည်းကိုမေးလို့လည်းမရဘူး၊ နောက်တစ်ယောက်ကိုလည်းမေးရတယ်။ တစ်ဖက်မှာမေးရင် နောက်တစ်ဖက်ကိုလည်း မေးရတယ်။ သတင်းရဲ့ရှုထောင့်စုံ၊ ဒီဖြစ်ရပ်မှာသက်ဆိုင်တဲ့သူတွေအားလုံးပါအောင်လည်း မေးရတယ်။ နှစ်ဖက်ဆိုရင်နှစ်ဖက်စလုံးကိုမေးရတယ်၊ သုံးဘက်ဆိုသုံးဘက်လေးဘက် စသဖြင့်ပေါ့နော် ရှုထောင့်စုံကနေပြီးတော့ သတင်းတွေကိုပါအောင်မေးရတဲ့အခါမှာ ခက်ခက်ခဲခဲလုပ်ခဲ့ရတာတွေတော့ရှိတယ်။ အထူးသဖြင့်ကတော့ ဆက်သွယ်ရေးအခက်အခဲ ကြောင့်ပေါ့နော်။ အပြင်ကိုနောက်တစ်ခုက လုံခြုံရေးပေါ့။ ကိုယ်ကမေးလိုက်ပေမယ့် ဖြေချင်တဲ့တစ်ဖက်က ဒါပေမဲ့ သူဖြေလိုက်တဲ့အတွက်ကြောင့်မို့လို့ သူ့ကိုအန္တရာယ်ပြုမလား ပေါ့။ ဆိုတော့အဲ့ဒါကိုလည်း ကျွန်မတို့ဘက်ကလည်း စဉ်းစားပေးရသလို interview ကိုပေးတဲ့သူ့ရဲ့ဘက်ကလည်း ဒါကိုစဉ်းစားရတဲ့အခါမှာ ဟာ ကျွန်မကပြောပြချင်ပါတယ်၊ ကျွန်တော်ကတော့ပြောပြချင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်အသံကိုမသုံးပါနဲ့ဆိုတော့ ကျွန်မတို့က အသံလွှင့်ဌာန၊ အသံလွှင့်ဌာနမှာ အသံမသုံးပါနဲ့ဆိုတာ ကျွန်မတို့က ဘာကိုသုံးရမလဲပေါ့နော်။ ဆိုတော့အဲ့လိုမျိုးအခက်အခဲလေးတွေရှိတယ်။ နောက်တစ်ခု ကတော့ ကိုယ့်ကိုသတင်းပေးလိုက်တဲ့သူ ကိုယ်နဲ့ interview ပြီးသွားလို့ အဲ့လူကအဖမ်း ခံလိုက်ရတယ်တို့ တစ်ခုခုဖြစ်သွားတယ်တို့ဆိုတာကိုကြားရရင် ကျွန်မတို့အရမ်းရင်ကွဲ ပက်လက် ဖြစ်ရတယ်။ ဆိုတော့ အဲ့လိုတွေဖြစ်တဲ့ဟာမျိုးတွေလည်းရှိတယ်ဆိုတော့ ကိုယ်က သတင်းယူရတဲ့ဆိုတဲ့အခါမှာက သာမန်ဒီလွတ်လပ်တဲ့ဝန်းကျင်တစ်ခုပေါ့နော် ဒီမိုကရေစီ နိုင်ငံတိုးတက်တဲ့နေရာတွေမှာ သတင်းယူရတာမျိုးနဲ့ မြန်မာနိုင်ငံထဲကမတူဘူး။ ဖိနှိပ်မှုတွေ ကြားထဲမှာမှ ခက်ခက်ခဲခဲနဲ့ ဒီသတင်းတစ်ခုကိုထွက်လာအောင်၊ ထွက်လာတဲ့သတင်း ကလည်း မှန်ကန်မှုကလည်းရှိရမယ်၊ တစ်ဖက်တည်းရဲ့အသံကိုပြောပြီးတော့ နောက်တစ်ဖက် မပါတာလည်းမဖြစ်ရအောင် လုပ်ရတဲ့အခါမျိုးမှာ ကိုယ်ကပိုပြီးတော့ စိတ်နှစ်ပြီးတော့ အချိန်ပိုပေးရတယ်၊ ပိုပြီးတော့အပင်ပန်းခံရတယ် ပေါ့လေ။ ဆိုတော့အဲ့ဒါတစ်ခုရှိတယ်။ အပြင်ကို ကျွန်မတို့တွေသည် ဒီအမေရိကန်ပြည်ထောင်စုမှာအခြေစိုက်တဲ့အခါကျတော့ ကျွန်မတို့ရဲ့ဒီပရိသတ်၊ အဓိကနားထောင်နေတဲ့သူတွေက မြန်မာနိုင်ငံမှာဖြစ်တယ်၊ မြန်မာနိုင်ငံရဲ့အခြေအနေကိုတင်ပြရတာဖြစ်တဲ့အခါကျတော့ ကျွန်မတို့က မြန်မာစံတော် ချိန်နဲ့အလုပ်လုပ်ရတယ်။ ဆိုတော့ ဒီနိုင်ငံမှာအိပ်တဲ့အချိန်က မြန်မာနိုင်ငံမှာနေ့လယ် ဖြစ်တယ်။ ဒီမှာသူများတွေအိပ်လို့ကောင်းတဲ့အချိန်မှာ ကျွန်မတို့ကထရတယ်၊ မနက်ဆို လို့ရှိရင် နှစ်နာရီလောက်ထရတယ်။ ဆိုတော့ရုံးကိုသွားဖို့အတွက်က အနည်းဆုံးအဲ့အချိန် ဆိုလို့ရှိရင် မနက်နှစ်နာရီသုံးနာရီဆိုတာ ဒီမှာက ရထားတွေကားတွေမထွက်သေးဘူးဆိုတော့ ကိုယ့်ဘာကိုယ်ကားနဲ့မောင်းပြီးသွားရတယ်ဆိုတော့ တစ်နာရီလောက် နောက်ထပ်အချိန် ထပ်ယူရတယ်သွားမယ့်ခရီးအတွက်။ ဆိုတော့ရုံးချိန်က မနက်လေးနာရီစတယ်ဆိုလို့ရှိရင် ကျွန်မတို့ကနှစ်နာရီလောက်ကတည်းကထရတယ်။ ဒါပေမဲ့ ကျွန်မတို့သည် ကိုယ်လုပ်တဲ့ အလုပ်၊ အလုပ်မှာတကယ့်ကို ဟို စိတ်နှစ်ပြီးတော့ပဲလုပ်ခဲ့ကြတဲ့အခါကျတော့ အိပ်ရေး ပျက်တယ်တို့ဘာတို့တောင်မစဉ်းစားမိအောင်ပေါ့နော်၊ ဒီလိုလုပ်ရတဲ့အခက်အခဲလေး တွေတော့ရှိတယ်။ အဲ့လိုထပြီးသွားမှသာ ဖုန်းခေါ်လို့ရမယ်၊ အဲ့ဒီအချိန်မှာ၊ ဒီအချိန်မှာဒါသူတို့ အလုပ်လုပ်တဲ့အချိန်၊ တကယ့်အချိန်ကိုကျွန်မတို့လုပ်ကြတာပေါ့နော်။ အဲ့ဒါမျိုးလေးတွေ တော့ရှိတာပေါ့လေ၊ အခက်အခဲလေးတွေကတော့။ ဒါပေမဲ့လို့ ဒါကကြီးမားတဲ့အခက်အခဲ တော့မဟုတ်ပါဘူး။ ဒီနေ့မြန်မာပြည်သူတွေကြုံရတဲ့အခြေအနေနဲ့ကြည့်လို့ရှိရင် ကျွန်မတို့ကြုံ ရတယ်ဆိုတာကတော့ ဘာမှမပြောပလောက်ပါဘူး။

 

RAINဟုတ်ကဲ့ပါ။ ဆိုတော့ ဒီခုနကဆရာမပြောသလိုမျိုး ဒီသတင်းမှန်ရရှိရေးအတွက်က ဒီစိစစ်မှုအပိုင်းမှာသော်လည်းကောင်း ခက်ခဲမှုတွေအများကြီးနဲ့ ဒီအဆင့်ဆင့်ပေါ့နော် စစ်ဆေးပြီးတော့မှ မိဘပြည်သူတွေကို တင်ပြရတာပေါ့လေ။ ဆိုတော့ အဲ့ဒီတစ်ဆက် တည်းမှာပဲ သတင်းမီဒီယာလောကမှာလို့ပြောရမလား၊ လော်ဘီတွေအနေနဲ့ ဒီသတင်းမှား တွေ၊ သတင်းတုတွေက ဟိုပိုပြီးတော့မှ စောလင်စွာ ဒီသတင်းမှန်တွေထက် ဟိုပိုပြီးတော့ ဖုံးလွှမ်းတတ်တာတွေများနေတယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ ဒီတော်လှန်ရေးကာလမှာ ဆရာမအနေနဲ့ ဒီနိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ VOA လိုမျိုး သတင်းဌာနကြီးမှာ လုပ်ခဲ့တဲ့အတွေ့အကြုံအရသော်လည်းကောင်းပေါ့နော်၊ ဒီသတင်းတစ်ပုဒ်ရဲ့ မှန်ကန်တိကျမှု ကို ဘယ်လိုမျိုးစံနှုန်းတွေ၊ ဒီလုပ်ငန်းစဉ်တွေနဲ့ စိစစ်ပြုလုပ်သလဲပေါ့နော်။ ဆိုတော့ မိဘပြည်သူတွေအနေနဲ့ရော သတင်းမှားတွေကို ဘယ်လိုမျိုးအတည်ပြုနိုင်မလဲဆိုတာ လေးလည်း အကြံပေးပါဦးရှင်။

 

ခင်ဖြူထွေး – အထူးသဖြင့် ဒီပဋိပက္ခဒေသတွေမှာ သတင်းတစ်ပုဒ်ကိုမှန်မှန်ကန်ကန်နဲ့ ဘက်ရှုထောင့်စုံကနေတင်ပြနိုင်ဖို့ ကြိုးစားရတဲ့အခါမှာ တစ်ဖက်တည်းလည်းမေးလို့ မရဘူးပေါ့နော်။ ဥပမာ ကျွန်မတို့ဆို တချို့ဘာကြုံရတာရှိလဲဆိုလို့ရှိရင် တိုက်ပွဲဖြစ်လို့ရွာ လုံးကျွတ်ပြေးရတယ်ဆိုလို့ရှိရင် အဲ့ဒီရွာကအခြေအနေကိုတင်ပြချင်ရင် သတင်းဌာနကြီးတွေ ရဲ့စည်းမျဉ်းစည်းကမ်းအရဆိုလို့ရှိရင်တော့ ဒါသတင်းတစ်ခုကိုပြောတဲ့အခါမှာ အဲ့ဒီရွာသားကို မေးတယ်လားဆိုတော့ အဲ့ဒီရွာမှာ တစ်ရွာလုံးဘယ်သူမှမရှိတော့ဘူး ထွက်ပြေးသွားပြီပေါ့ နော်။ ဆိုတော့ပြောမယ့်သူတောင်မရှိတော့ဘူး။ ဆိုတော့အနီးစပ်ဆုံးရွာကိုမေးရတယ်။ အနီးစပ်ဆုံးရွာမှာ အဲ့ဒီကနေထွက်ပြေးလာတဲ့သူတွေရှိနေသလား၊ ထွက်ပြေးလာတဲ့သူတွေ ကိုယ်တိုင်က ပြောနိုင်တယ်ဆိုရင်လည်း ရအောင်လူလိုက်ရှာရတာပေါ့နော်။ ဒါကအဖြစ် အပျက်တစ်ခုပေါ့။ ဆိုတော့အဲ့လိုဖြစ်တာအခါမှာလည်း ဘက်စုံပြောကြတယ်။ ဒါက ဘယ်သူ့ဘက်ကစတိုက်တယ်တို့၊ ဒီဘက်ကစတိုက်တာတို့၊ ဟိုဘက်ကစတိုက်တာတို့ စသဖြင့်ပေါ့နော်။ ဆိုတော့ကျွန်မတို့ကအဲ့တော့ အဲ့လိုအခြေအနေမျိုးကြုံလာရပြီ ဆိုလို့ရှိရင်လည်း ဘက်ပေါင်းစုံပေါ့။ အဖြစ်အပျက်တစ်ခု ဆိုလိုတာကတော့ အဖြစ်အပျက် တစ်ခုအခြေအနေတစ်ခုဖြစ်လာပြီဆိုလို့ရှိရင် ဒီအဖြစ်အပျက်အခြေအနေမှာ ပါဝင်ပတ်သက် တဲ့ လူတွေအဖွဲ့အစည်းတွေကိုလည်း ကျွန်မတို့ကမေးရတယ်။ ဒီအဖြစ်အပျက်ကရော ဘယ်လောက်ထိ ဘယ်လိုပုံစံနဲ့စဖြစ်သလဲ၊ ဘယ်လောက်ထိကျယ်ကျယ်ပြန့်ပြန့် သူ့ရဲ့သက်ရောက်မှုက ဘာတွေဖြစ်သွားသလဲဆိုတာကိုလည်း ကျွန်မတို့ကခြုံငုံပြီးတော့ ဖော်ပြရတယ်။ ဘယ်နေရာမှာဘာဖြစ်တာလဲ၊ ဘယ်သူကလုပ်တာလဲ၊ ဘာကြောင့် ဖြစ်ရတာလဲ စသဖြင့်ပေါ့နော်၊ ဘာဘာဘာမေးခွန်းတွေလည်းအများကြီးရှိပါတယ်။ ဆိုတော့ ဒါသတင်းသမားတွေကတော့ ဒါအခြေခံအားလုံးသတင်းသမားတွေကတော့ တော်တော် များများသိကြတဲ့အရာတွေပါပဲ။ ဆိုတော့အဲ့ဒါတွေကိုအားလုံးပါအောင်လုပ်ရတယ်၊ တစ်ချိန်တည်းမှာမှ ကျွန်မတို့က ဘက်လိုက်မှုကင်းပြီးတော့ မှီခိုကင်းတဲ့လွတ်လပ်တဲ့ သတင်းမီဒီယာတွေအဖြစ်ရပ်တည်ဖို့ဆိုတဲ့နေရာမှာ တစ်သံတည်းကိုဖော်ပြလို့မရဘူး။ အနည်းဆုံး သတင်းရင်းမြစ်အနည်းဆုံးနှစ်ခုရှိရမယ်။ နှစ်ခုရဲ့အထက်ရှိရမယ်။ သုံးခု၊ လေးခုရနိုင်ရင်အကောင်းဆုံးပဲ။ ဆိုတော့ကျွန်မတို့က ဒီသတင်းတစ်ခုက သူကတော့ ဒီလိုပြောတယ်ဆို ကျွန်မတို့ချက်ချင်းလွှင့်လိုက်လို့မရဘူး။ ကျွန်မတို့နောက်ထပ်တစ်နေရာကို ထပ်မေးရတယ်။ ထပ်မေးပြီးတော့မှ ဟုတ်ရဲ့လားဆိုတာကို ကျွန်မတို့အတည်ပြုရတယ်။ အတည်ပြုပြီးတော့မှ ဪ ဒါကတော့ဟုတ်တယ် according to ဒီလိုဒီလို ပြောဆိုချက်အရတော့ ဒီလိုဒီလိုဖြစ်ကြောင်းသိရပါတယ်ပေါ့နော်။ ဆိုတော့အခုခေတ်မှာ ကျတော့ အခုနောက်ပိုင်းမှာက social media တွေကလည်း အရမ်းများလာပြီးတော့ လူတိုင်းက ကိုယ့်ဖုန်းလေးတစ်လုံးရှိတယ်ဆိုလို့ရှိရင်တောင်မှ ဟိုအသံလွှင့်သလို ဟိုပြောချင်တဲ့အကြောင်းအရာကိုပြောလို့ရနေတဲ့အခါမှာကျတော့ တစ်ခါတစ်ရံမှာဘာဖြစ် တတ်လဲ ဆိုလို့ရှိရင် လူတွေကဒါကအစစ်အမှန်လား၊ မဟုတ်ဘူးလား၊ ဟုတ်လားဆိုတာကို ဝေဖန်ပိုင်းခြားဖို့ခက်ခဲလာတာတွေရှိလာတယ်။ AI စနစ်ကကောင်းလာတာလည်း ပါတယ် ပေါ့နော်။ Artificial Intelligence ပေါ့လေပြောရလို့ရှိရင် ဓာတ်ပုံကနေတောင် စကားပြောတဲ့ ဟာမျိုးပေါ့လေ။ ဆိုတော့ အဲ့လိုတွေဖြစ်လာတဲ့အခါမှာ နောက်တစ်ခုက မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်မတို့မြန်မာလူမျိုးတွေက ဒါ ဒီလွတ်လပ်တဲ့သတင်းဝန်းကျင်မှာနေထိုင်ရတာမဟုတ်တဲ့ အခါကျတော့ သတင်းတွေနဲ့ပတ်သက်လာလို့ရှိရင် ဘယ်သတင်းကသတင်းအမှန်လဲ၊ သတင်းမှားလဲဆိုတာကို တစ်ခါတစ်လေကျရင် ဝေဖန်ပိုင်းခြားဖို့ခက်ခဲလှအောင်ကို နည်းပညာတွေ၊ စောစောကပြောတဲ့ social media တွေကလည်းအများကြီးရှိလာတဲ့အခါမှာ စိစစ်ရတာအင်မတန်ခက်ပါတယ်။ ဆိုတော့အကောင်းဆုံးကတော့ ဖြစ်နိုင်လို့ရှိရင်တော့ တကယ့်ယုံကြည်စိတ်ချတဲ့သတင်းဌာနကြီးတွေပေါ့နော်။ ယုံကြည်စိတ်ချတဲ့သတင်း ဌာနကြီး တွေလို့ပြောတဲ့နေရာမှာလည်း ဒီလိုဖြစ်လာဖို့က နှစ်တွေများစွာတည်ဆောက်ပြီးတော့မှ ဒီသတင်းဌာနကြီးတွေကတော့ သူတို့ထုတ်လွှင့်ချက်တွေကတော့ အမှန်ကန်ခဲ့တယ်ဆိုတာကို လူတွေရဲ့ဒီယုံကြည်လက်ခံမှုရဖို့ဆိုတာ တစ်ရက်နှစ်ရက်နဲ့ဖြစ်လာတာမဟုတ်ဘူး၊ နှစ်နဲ့ချီပြီးဖြစ်လာတာ။ ဆိုတော့ဒီလိုယုံကြည်ရတဲ့သတင်းဌာနကြီးတွေက ထုတ်လွှင့်တာတွေ ကိုပဲ အဓိကအလေးထားပြီးတော့ နားထောင်စေချင်တယ်။ အဲ ဒါတွေအပေါ်မှာမှ မှန်ဘယ်လောက်ထိမှန်ကန်မှုရှိမလဲဆိုတာကို ကိုယ်တိုင်ဆင်ခြင်၊ ဟိုစဉ်းစားပြီးတော့မှ လက်ခံစေချင်တာပေါ့နော်။ social media ပေါ်မှာ၊ Facebook ပေါ်မှာ၊ Youtube မှာတွေ့လိုက်ရတဲ့အကြောင်းအရာလေးတစ်ခုကိုကြည့်ပြီးတော့ ဒါသတင်းလို့တော့မယူလိုက် စေချင်ဘူး။ သတင်းမှာလည်းဒါ mainstream media ပေါ့နော်။ အဓိကဒီစောစောကပြောတဲ့ ယုံကြည်စိတ်ချရတဲ့သတင်းဌာနကြီးတွေရှိသလို social media ပေါ်မှာ ပြောချင်တိုင်းပြော၊ တင်ပြချင်တဲ့ပုံစံအတိုင်းနဲ့ ကိုယ်လိုရာကိုဆွဲပြီးတော့တင်ပြလို့ရတဲ့ အဲ့လိုသတင်းလုပ်နေတာ တွေလည်းရှိတယ်။ အဲ့ဒီမှာလည်း ဒီနေရာမှာလည်းအကျိုးရှိတာတွေအများကြီးပါ။ ကျွန်မပြောချင်တာ ဒါတွေကောင်းခြင်းမကောင်းခြင်းကိုပြောတာမဟုတ်ပါဘူး။ အကျိုးရှိတဲ့ အကြောင်းအရာတွေအများကြီးပဲ။ ကိုယ်သုံးတတ်ရင်ဆေးပေါ့နော်၊ မသုံးတတ်ရင် ဘေးဆိုတာမျိုးပေါ့။ ဒါလေးကိုသတိချပ်ပြီးတော့မှ ဟိုသတင်းတွေကိုလည်း ဝေဖန်ပိုင်းခြား ဖို့တော့ အရေးကြီးတယ်လို့တော့ထင်ပါတယ်။

 

RAINဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်။ ဆိုတော့ ဒီ ဆရာမအနေနဲ့ သတင်းတွေ တင်ဆက်တဲ့အပိုင်းတွေမှာ ပေါ့နော်။ ပုဂ္ဂိုလ်ရေးအရ ခံစားချက်တွေနဲ့ ဒီသတင်းသမား ကျင့်ဝတ်တွေရဲ့ အကြားမှာပေါ့လေ ဘယ်လိုမျိုး ထိန်းညှိပြီးတော့မှ ဟို လုပ်ဆောင်ခဲ့တာမျိုး ရှိလဲရှင့်။

 

ခင်ဖြူထွေး – ကျွန်မတို့ ပုံမှန်ပေါ့နော် သတင်းသမားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ကျင့်ဝတ်ကို မမေ့သွားအောင် ကိုယ်ဟာ သတင်းသမားတစ်ယောက်ဖြစ်တယ်ဆိုတာကို အမြဲတမ်း သတိရနေဖို့တော့ ကျွန်မတို့ဆို နှစ်စဉ်နှစ်တိုင်း သင်တန်းတွေကို ဒီမှာ မဖြစ်မနေတက် ရတာရှိတယ်။ Mandatory ခေါ်တာပေါ့နော်။ ဆိုတော့ အမြဲတမ်း ဒါ သတင်းသမား တစ်ယောက်ရဲ့ ကျင့်ဝတ်တွေက ဒါတွေဒါတွေ။ ကိုယ့်ရဲ့ခံစားချက်ကို မပါအောင်လုပ်ရတယ်။ ကျွန်မတို့အတွက် ဘာတွေကအခက်ခဲသလဲဆိုလို့ရှိရင် ကိုယ်က မြန်မာပြည်သား တစ်ယောက်ဖြစ်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း အာဏာရှင်လက်အောက်မှာ ကြီးပြင်းခဲ့ရတဲ့ အခါမှာ အာဏာရှင်ကို မကြိုက်တဲ့စိတ်က အပြည့်ရှိတယ်။ တစ်ချိန်တည်းမှာလည်း ကိုယ်ကိုယ်တိုင်က ဒီမိသားစုတွေအလိုက်ကော၊ ကိုယ့်ရဲ့မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေ အကုန်လုံးကအစ ဒီဖြတ်သန်းမှုထဲမှာ ခံစားကြုံတွေ့ရတဲ့ ခံစားချက်တွေကလည်း အများကြီးရှိတယ်။ ဒါပေမဲ့ သတင်းသမားဖြစ်လာတဲ့အခါမှာ ဒီခံစားချက်တွေကို ဘေးဖယ်ထားရတယ်။ ကျွန်မတို့မြန်မာပြည်မှာ လူတွေသေတဲ့သတင်းတွေပဲဖြစ်ဖြစ်၊ တိုက်ပွဲတွေဖြစ်လို့ ဒုက္ခရောက်ရတဲ့၊ နော် စာနာမှုအကူညီတွေ အကျပ်အတည်းတွေ ကြုံနေရတာတွေပဲဖြစ်ဖြစ် ဒါကဖြစ်တဲ့အခါမှာ ကိုယ့်နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ်ကခံစားရတာတွေရှိတယ်။ ဒါပေမဲ့ သတင်းလုပ်တဲ့အခါမှာ ဒီခံစားချက်ကို ဘေးဖယ်ထားရတယ်။ ငိုချင်တောင် ငိုလို့မရဘူးဆိုတာမျိုးပေါ့နော်။ ဆိုတော့ လူတစ်ယောက်ဖမ်းဆီးခံရတယ်၊ ရွာမီးရှို့ခံရတယ်၊ အဲ့ဒီထဲမှာ ကိုယ့်ရဲ့မိတ်ဆွေ၊ အသိ၊ ဆွေမျိုးပါသွားတယ်ဆိုရင်တောင်မှ ကိုယ့်ခံစားချက်ကို အဲ့ဒီထဲမှာ ထည့်ထားလို့ မရဘူးပေါ့နော်။ ဆိုတော့ ကိုယ်က ဒီသတင်းနဲ့ပတ်သက်ပြီးတော့ ဥပမာ ဒီအခြေအနေကို မေးမြန်းတဲ့အခါမှာ ကျွန်မတို့ဆိုလို့ရှိရင် စောစောကပြောသလို တိုက်ပွဲဖြစ်လို့ရှိရင် တစ်ဖက်က ဒါ စစ်တပ်ကလာပြီး မီးရှို့သွားတာပါပေါ့။ ဆိုလို့ရှိရင် ကျွန်မတို့က မီးရှို့သွားတဲ့စစ်တပ်ကိုလည်း ကျွန်မတို့ကမေးရတယ်၊ ဆက်သွယ်ရတယ်။ ဒီမှာကတော့ ပြည်သူလူထုကတော့ ပြောတယ် ဒါ စစ်တပ်ကမီးရှို့သွားတာ။ ဟုတ်သလား၊ ဆရာတို့အနေနဲ့ ဒါကိုအတည်ပြုနိုင်မလား။ ဆိုတော့ ဟုတ်သလား၊ မဟုတ်ဘူးလား စသဖြင့် ဆိုလိုတာကတော့ ကျွန်မတို့က ဒီစစ်တပ်အာဏာပိုင်တွေဘက်ကိုလည်း ကျွန်မတို့က ချိတ်ဆက်ပြီးတော့ မေးရတာတွေရှိတယ်။ ဆိုတော့ လူတစ်ယောက်ကို ကိုယ်ကြိုက်တာတွေ မကြိုက်တာတွေ၊ ခံစားရတာတွေ မခံစားရတာတွေကို ဘေးဖယ်ထား၊ သတင်းသမားသည် သတင်းသမားအလုပ်ကိုလုပ်ရမှာပဲ။ ကိုယ်မေးသင့်တဲ့ မေးထိုက်တဲ့သူအားလုံးကို မေးကိုမေးရမှာပဲ။ ဆိုတော့ ကိုယ့်ရဲ့ခံစားချက်ကို ဖယ်ပြီးတော့ အလုပ်လုပ်ကြရတယ်။ တစ်ခါတစ်လေမှာ အဖမ်းဆီးသတင်းတွေလုပ်တဲ့အခါမျိုးမှာဆိုလို့ရှိရင် ဖမ်းဆီးခံသွားတဲ့သူက ကိုယ့်ရဲ့အသိဖြစ်နေတယ်ဆိုပါစို့။ ဒါပေမဲ့ အဲ့ထဲမှာ ကျွန်မတို့က ကိုယ့် ငါ့အသိကိုတော့ ဖမ်းသွားတယ်ဆိုပြီးတော့ သူ့ဘက်ကိုဘက်လိုက်ပြီးတော့ ကျွန်မတို့တင်ပြလို့မရဘူး။ အကြောင်းအရာကို ဖြစ်တဲ့အတိုင်းပဲပေါ့နော် တင်ပြရတဲ့အခါမျိုးတွေလည်းရှိပါတယ်။ နောက် VOA မှာ ဆောင်ပုဒ်ရှိပါတယ်။ သတင်းတစ်ခုက ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ အမှန်အတိုင်းဖြစ်ရမယ်ပေါ့နော်။ ဆိုတော့အဲ့ဒီဆောင်ပုဒ်ကိုကိုင်ပြီးတော့ပဲ ကျွန်မတို့သည် ကိုယ်ခံစားရတဲ့ခံစားချက်တွေကို ဘေးဖယ်ပြီးတော့ တင်ပြရတဲ့အခြေအနေတွေ အများကြီး ရှိခဲ့ဖူးပါတယ် အဲ့ဒါကတော့။

 

 

 

RAINဟုတ်ကဲ့ပါ။ ဆိုတော့ ဒီနောက်တစ်ခုမေးချင်တာကတော့ ဒီမြန်မာ့တော်လှန်ရေး ကာလအတွင်းမှာဆိုလို့ရှိရင် ဒီအမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍတွေကို ပိုပြီးတော့မှ သိသိသာသာ အားကောင်းလာတာကိုတွေ့ရတယ်ပေါ့နော်။ ဆိုတော့ အဲ့ဒီအပိုင်းကိုရော သတင်းထောက်တစ်ဦးအနေနဲ့ပေါ့နော် ဘယ်လိုမျိုးသုံးသပ်မိလဲပေါ့လေ။ ပြီးတော့မှ ဒီကျွန်မတို့ရဲ့ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှာ ပိုပြီးတော့အမျိုးသမီးတွေရဲ့ ဒီကဏ္ဍစုံမှာ ပါဝင်မှုအားပိုပြီးတော့ ကောင်းလာဖို့အတွက်ရော ဘာတွေ ဟို လိုအပ်နေလဲဆိုတာလေးလည်း ပြောပြပေးပါဦးရှင်။

 

ခင်ဖြူထွေး – အခုနောက်ပိုင်းမှာတော့ အမျိုးသမီးတွေ၊ လူငယ်တွေ သတင်းမီဒီယာကဏ္ဍမှာ ပဲဖြစ်ဖြစ်၊ တခြားကဏ္ဍစုံမှာပေါ့နော်၊ အများကြီးတွေ့လာရတယ်၊ အင်မတန်ဝမ်းသာဖို့လည်း ကောင်းပါတယ်။ အထူးသဖြင့်ဒီ ၂၀၂၁ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ကြည့်လို့ရှိ ရင်လည်း ဒါ လူငယ်တွေဦးဆောင်တဲ့ ဂျမ်စီ(Gen Z)ပေါ့နော်၊ ဂျမ်စီ(Gen Z)တွေအဓိက ဦးဆောင်တဲ့လှုပ်ရှားမှုလို့ပြောလို့ရသလို ဒီထဲမှာအမျိုးသမီးတွေအများကြီးပါပါတယ်။ ဆိုတော့မြန်မာနိုင်ငံရဲ့လူဦးရေမှာလည်း အမျိုးသမီးက ထက်ဝက်ထက်မနည်းပေါ့နော် ရှိနေတာဖြစ်တယ်။ ဆိုတော့ ဒီအမျိုးသမီးတွေရဲ့အားကြောင့်လည်း ဒီလှုပ်ရှားမှုကြီးက အရှိန်ဟုန်ကောင်းခဲ့တယ်လို့တောင်ပြောလို့ရတာပေါ့လေ။ ဆိုတော့ ဒီအမျိုးသမီးတွေသည် အမြဲတမ်းရှေ့တန်းမှာပါခဲ့တယ်၊ လူငယ်တွေ အမျိုးသမီးတွေအားလုံးပေါ့လေ။ ဆိုတော့ ဦးဆောင်မှုကဏ္ဍမှာ ဘယ်လောက်ထိရပြီလဲဆိုတာကတော့ ဒါကတော့ ကျွန်မလည်း အများကြီးရှိလာတယ်လို့တော့ သိပ်မခံစားရသေးဘူး။ ဆိုလိုတာက ဒီလူငယ်တွေ အမျိုးသမီးတွေသည် အရည်အချင်းမရှိလို့ မလုပ်နိုင်မကိုင်နိုင်လို့မဟုတ်ဘူး။ အခြေအနေ အနေအထား တစ်ခုကြောင့် နေရာမရသေးဘူး။ ပိုပြီးတော့ ဒီအမျိုးသမီးတွေ၊ လူငယ်တွေကို နေရာပေးသင့်တယ်လို့လည်း ကျွန်မထင်တယ်။ ဘာလို့ဆိုတော့ ကျွန်မတို့ဒီလှုပ်ရှားမှု အတွင်းမှာ ဆိုလို့ရှိရင်လည်း လူထုအားလုံးပါဝင်တဲ့လှုပ်ရှားမှုလို့ပြောလို့ရှိရင် ဒီလူထုရဲ့ တစ်ဝက်ဟာ အမျိုးသမီးတွေဆိုတာကို မေ့ထားလို့မရဘူး။ လူထုရဲ့ပါဝင်မှုလို့ပြောလို့ရှိရင် ဒီအမျိုးသမီးတွေရဲ့ပါဝင်မှုကိုအသိအမှတ်ပြုကိုပြုသင့်တယ်။ ဆိုတော့ကျွန်မတို့ အမျိုးသမီး တွေက အခုအချိန်မှာ ဦးဆောင်မှုကဏ္ဍမှာ အရင်ကထက်ပိုပြီးတော့ရှိလာတယ်လို့ ပြောကောင်းပြောနိုင်မယ်။ ဒါပေမဲ့လည်းတစ်ချိန်တည်းမှာလည်း လုံလောက်တဲ့ဦးဆောင်မှု ကဏ္ဍရှိတယ်လို့တော့ ကျွန်မတော့မခံစားရသေးဘူး။ ဒီထက်ပိုပြီးတော့ နေရာပေးမယ် ဆိုလို့ရှိရင်တော့ လုပ်နိုင်တဲ့အမျိုးသမီးတွေအများကြီးရှိတယ်လို့ ကျွန်မထင်တယ်။

 

RAINဟုတ်ကဲ့ပါ။ တစ်ဆက်တည်းမှာပဲ ဒီအစ်မကိုယ်တိုင်ကလည်း အမျိုးသမီး ဖြစ်သည့်အားလျော်စွာ ဒီနိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ ဒီလို VOA လိုမျိုး သတင်းဌာနတွေမှာ လုပ်ကိုင်ခဲ့ရတဲ့အခါမှာပေါ့နော်။ အမျိုးသမီးအနေနဲ့ ဒီသီးခြားရင်ဆိုင်ရတဲ့ ဒီစိန်ခေါ်မှုမျိုး တွေရော ကြုံခဲ့ရတာတွေရှိခဲ့လားပေါ့နော်။ ဆိုတော့ ဒီလိုမျိုးကြုံခဲ့တာမျိုးရှိခဲ့ရင်ရော ဘယ်လိုမျိုးစိတ်ခွန်အားတွေနဲ့ ကိုယ့်ကိုယ်ကိုယ်အားပေးရင်းနဲ့ ဘယ်လိုမျိုးတွေ ဒီရင်ဆိုင် ကျော်ဖြတ်ခဲ့လဲဆိုတာလေးလည်း မျှဝေပေးပါဦးရှင်။

 

ခင်ဖြူထွေး – ဒီမြန်မာနိုင်ငံမှာလှုပ်ရှားနေရတဲ့ သတင်းထောက်အမျိုးသမီးတွေ ဆိုလို့ရှိရင်တော့ အခက်အခဲတွေပိုပြီးတော့ကြုံကြရမယ်လို့တော့ ကျွန်မထင်တယ်။ ဘာလို့ဆိုတော့ အမျိုးသမီးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီသွားလာလှုပ်ရှားရုန်းကန် ရတဲ့အခါမှာလဲ ဥပမာ သတင်းပဋိပက္ခဒေသတွေကိုသွားလာရတဲ့အခါမှာလည်း အမျိုးသမီးဖြစ်လို့ အကန့်အသတ် ကြုံရတာတွေရှိကောင်းရှိနိုင်တယ်။ အဲ့ဒါမျိုး နေရာမျိုးမှာတော့ ကျွန်မတို့က အများကြီးကြုံရ တာမရှိဘူး။ ဒါပေမဲ့ ကျွန်မအနေနဲ့ကျတော့ ဒါအမျိုးသမီးဖြစ်တဲ့အခါမှာ မိခင်တစ်ယောက် လည်းဖြစ်တဲ့အခါမှာ မိခင်တစ်ယောက်အနေနဲ့ ဒီသားသမီးကိုပြုစုပျိုးထောင်တဲ့နေရာမှာ ပိုပြီးတော့အချိန်ပေးရတဲ့အခါမျိုးတွေရှိတော့ သတင်းထောက်အလုပ်ကို အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင်တော့ ကိုယ်လုပ်ချင်သလောက်မလုပ်နိုင်တာတွေရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ ဒါက အကန့်အသတ်အချိန်ကာလအတိုတစ်ခုသာဖြစ်တယ်။ ဆိုတော့ ကိုယ့်အတွက် အမျိုးသမီးဖြစ်လို့ဆိုပြီးတော့ ကန့်သတ်ထားတာမျိုးကတော့ မြန်မာနိုင်ငံလိုနေရာမျိုးမှာ ပိုပြီးတော့များလိမ့်မယ်လို့ ကျွန်မထင်တယ်။ ဒီမှာကတော့ ကိုယ်လုပ်နိုင်ရင် လုပ်နိုင် သလောက်ပေါ့နော် လူတွေက အခွင့်အရေးပိုပြီးတော့ရတဲ့အခါကျတော့ ကိုယ့်ကိုအမျိုးသမီး ဖြစ်လို့ဆိုပြီးတော့ ချန်လှပ်ထားခဲ့တာမျိုးတော့ ဒီနိုင်ငံမှာတော့အများကြီးမကြုံရဘူးပေါ့လေ။ လုံးလုံးမကြုံရဘူးလို့တော့မဆိုလိုပါဘူး။ ဒီမှာလည်း တန်းတူအခွင့်အရေးမရှိတာတွေ အများကြီးပါပဲ။ ဥပမာ Editor အများစုကအမျိုးသားဖြစ်နေတာမျိုးတို့ပေါ့နော်။ ဆိုတော့ ဒါပေမဲ့ ကျွန်မတို့နောက်ပိုင်းမှာတော့ ကျွန်မတို့မြန်မာဌာနကတော့ တော်တော်လေး အမျိုးသမီးတွေရော အမျိုးသားတွေရောနေရာရတယ်လို့ပြောရမှာပေါ့လေ။ ကျွန်မအနေနဲ့ သီးသန့်ကြီးအဲ့လိုမျိုးကြီး ဆိုဆိုဝါးဝါးကြုံရတာတော့မရှိဘူးလို့ပဲပြောရမှာပါပဲ။

 

RAINဟုတ်ကဲ့ပါ။ ဆိုတော့ အဓိကအနေနဲ့ မိဘပြည်သူတွေကို သတင်းမှန်ရရှိရေးအတွက် ကိုယ့်ရဲ့အသက်ကိုပဓာနမထားဘဲနဲ့ မြေပြင်ကွင်းဆင်းပြီးတော့ သတင်းတင်ဆက်နေရတဲ့ ဒီသတင်းထောက်တွေလည်း များပြားရှိတယ်။ ဆိုတော့ သတင်းထောက်တွေရဲ့လုံခြုံရေးက အင်မတန်မှအရေးကြီးတာကိုတွေ့ရတယ်။ ဆိုတဲ့အခါကျတော့ ကွင်းဆင်းသတင်း ထောက်တွေရဲ့ ဒီစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဒီဒစ်ဂျစ်တယ်လုံခြုံရေးတွေကိုရော VOA လိုမျိုး သတင်းဌာနကြီးတွေအနေနဲ့ ဘယ်လိုမူဝါဒတွေနဲ့ ဒီအကာအကွယ်ပေးခဲ့တာမျိုး ရှိလဲရှင့်။

 

ခင်ဖြူထွေး – အဲ့ဒါကတော့ ပြောရရင်အင်မတန်ခက်တယ်။ မြန်မာနိုင်ငံမှာက သတင်းထောက်တွေ အတွက် လုံခြုံမှုဆိုတာ လုံးဝမရှိသလောက်ပဲ။ သတင်းထောက်မှမဟုတ်ဘူး၊ သာမန်ပြည်သူ ပြည်သားတွေ အတွက်လည်း လုံခြုံမှုမရှိတဲ့နေရာမျိုးဖြစ်နေတယ်ဆိုတဲ့အခါကျတော့လေ။ ဆိုတော့ ကျွန်မတို့အတွက်လည်း ကျွန်မတို့သတင်းထောက်တွေဆိုတာ ဒါ ပြည်တွင်းမှာ တကယ့်ကို ခက်ခက်ခဲခဲအလုပ်လုပ်ကြရတာ။ အန္တရာယ်ကအချိန်မရွေးကျရောက်နိုင်တယ် ဆိုတာသိသိနဲ့ပဲ အလုပ်လုပ်ကြရတယ်။ ဆိုတော့သူတို့အတွက်ကာကွယ်မှုပေးနိုင်သလား ဆိုတော့ မြန်မာနိုင်ငံလိုနေရာမျိုးမှာ လာဖမ်းသွားပြီဆို ကျွန်မတို့ ထောင်ဝင်စာတွေ့ ဖို့ကြိုးစား တာလွဲရင် ဘာမှလုပ်နိုင်မှာမဟုတ်ဘူးလို့တောင်ပြောလို့ရတာပေါ့နော်။ ဘာဖြစ်လို့ဆိုတော့ စစ်တပ်က သူတို့လုပ်ချင်တာလုပ်နေတဲ့နေရာမျိုးမှာ ကျွန်မတို့က အများကြီးသွားပြီးတော့ အကာအကွယ်ပေးနိုင်စွမ်းမရှိဘူး။ အင်မတန်ဝမ်းနည်းဖို့လည်းကောင်းပါတယ်။ အဲ့ဒါကတော့ လေ။ ဆိုတော့သတင်းထောက်တွေကိုယ်တိုင်က ဒါဒီလိုကြုံရမယ်ဆိုတာကြီးကို သိပါလျက် နဲ့ပဲ သူတို့အလုပ်ကိုသူတို့ကြိုးစားပြီးတော့လုပ်ကြရတယ်။ ဒီအတွက်လည်းအင်မတန် ချီးကျူးဂုဏ်ယူစရာကောင်းတယ်လို့ပဲပြောရမှာပေါ့နော်။ သူတို့အတွက်ဘာကာကွယ်မှ တကယ်တမ်းကျတော့ပေးထားတာမရှိဘူး။ ကျွန်မတို့မှမဟုတ်ပါဘူး သတင်းဌာန အတော်များများ၊ လက်ရှိမြန်မာပြည်တွင်းမှာ သတင်းထောက်တွေတော်တော်များများသည် အချိန်မရွေးဖမ်းဆီးမှုနဲ့ကြုံရနိုင်တယ်၊ အချိန်မရွေးခြိမ်းခြောက်ခံရနိုင်တယ်၊ အချိန်မရွေး ဒုက္ခပေးတာကိုကြုံရနိုင်တယ်။ ဒါပေမဲ့အဲ့ဒီလိုဖြစ်လာမှာကို ကြိုတင်ပြီးတော့ ကာကွယ်ဖို့ ဆိုတာ ကျွန်မတို့ဒီစစ်အာဏာရှင်စနစ်အောက်မှာတော့ ကျွန်မတို့ဘာမှကိုအများကြီး ကာကွယ်မပေးနိုင်ဘူး။ သူတို့လုပ်ချင်သလိုလုပ်နေတဲ့အခြေအနေမျိုးဆိုတဲ့အခါကျတော့လေ။ အဲ့လိုပဲပြောရမယ်ထင်တယ်။

 

RAINဟုတ်ကဲ့ပါ။ ဒီတော်လှန်ရေးကာလအလွန်မှာပေါ့နော်၊ သတင်းထောက်တစ်ဦးအနေနဲ့ ဒီမြန်မာ့သတင်းမီဒီယာအခင်းအကျင်းကို ဘယ်လိုမျိုးပုံစံနဲ့ မြင်ချင်တာမျိုးရှိလဲပေါ့နော်။ ဆိုတော့ ဘယ်လိုပုံစံဖြစ်လာမယ်လို့ရော မျှော်လင့်ထားတာမျိုးရှိလဲရှင့်။ ပြီးတော့ ဒီလွတ်လပ်ပြီးတော့မှ ဟို သတင်းကျင့်ဝတ်တွေနဲ့ လိုက်နာလေးစားတဲ့ သတင်းမီဒီယာတွေ ပြန်လည်ပြီးတော့မှ ရှင်သန်ခိုင်မာလာဖို့အတွက်ရော ဘာကအဓိကလိုအပ်ချက်ဖြစ်မယ်လို့ မြင်မိပါလဲရှင့်။

 

ခင်ဖြူထွေး – ကျွန်မတို့မြန်မာနိုင်ငံမှာကလေ လွတ်လပ်တဲ့သတင်းမီဒီယာတွေ အားကောင်းဖို့က အများကြီးကြိုးစားကြရဦးမှာပေါ့နော်။ ဘာလို့ဆိုတော့ ခေတ်အဆက်ဆက် သတင်း အမှောင်ချခံထားရတယ်။ သတင်းသမားတွေဆိုလို့ရှိရင် ခေါင်းမဖော်နိုင်အောင်ကို လုပ်ထားတယ်။ ဒီလိုလုပ်ထားတဲ့ကြားထဲမှာမှ တကယ့်တော်တဲ့ထက်မြက်တဲ့ သတင်းသမား တွေလည်း အများကြီးရှိခဲ့ပါတယ်။ ကျွန်မတို့မြန်မာလူမျိုးတွေက လူညံ့တွေတော့မဟုတ်ဘူး ပေါ့နော်။ ဆိုတော့ ဒီမြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း ဒီလွတ်လပ်တဲ့သတင်းမီဒီယာတွေ ပိုပြီးတော့များများပေါ်ထွက်လာအောင်တော့ လူ့အဖွဲ့အစည်းတစ်ခုလုံးကတော့ ဝိုင်းလုပ် ရမယ့်ပုံစံမျိုးဖြစ်တယ်။ မြန်မာနိုင်ငံရဲ့အနေအထားကျတော့လေ၊ ဒီလိုဖိနှိပ်မှုတွေကြားထဲမှာပဲ လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့အရေးပါမှုကို နားလည်လက်ခံပြီးတော့ ဒီသတင်းတွေ၊ နော် လွတ်လွတ်လပ်လပ်နဲ့ အမှီခိုကင်းကင်းနဲ့ ဘယ်အဖွဲ့အစည်း ဘယ်လူပုဂ္ဂိုလ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုမှာမရှိတဲ့ နော် မှန်ကန်တဲ့သတင်းတွေကိုတင်ပြနိုင်တဲ့သတင်းဌာနတွေ များများဖြစ်အောင်တော့ လူ့အဖွဲ့အစည်းကလည်းဒါကိုနားလည်ပြီးတော့ ပံ့ပိုးဖို့တော့ လိုအပ်တဲ့ အနေအထားမျိုးရှိတာပေါ့နော်။ ကျွန်မတို့မြန်မာနိုင်ငံမှာက နောက်ပိုင်းမှာ ဒီလွတ်လပ်တဲ့ ကာလမှာတောင် သတင်းမီဒီယာတွေအများကြီးပေါ်လာတယ်ဆိုပေမယ့် တကယ်တမ်းအရည်အသွေးပြည့်မီတဲ့သတင်းမီဒီယာအဆင့်ကိုရောက်ဖို့ကျတော့ ကြိုးစား ရမှာတွေအများကြီးရှိပါသေးတယ်။ ဒါကလည်း ကျွန်မတို့လူတွေညံ့လို့ဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်ဖိနှိပ်မှုတွေအောက်မှာနေရတဲ့အခါမှာ ပညာရေးစနစ် ချွတ်ခြုံကျသလိုပေါ့နော်။ ဆိုတော့ကျန်တဲ့ဒီဘက်ပေါင်းစုံက လူမှုတိုင်းဝိုင်းအတွင်းမှာရှိတဲ့ အခြေအနေပေါင်းစုံက လုံးဝကိုယိုယွင်းခဲ့တဲ့အခါကျတော့ ပြန်ပြီးတော့ပြုပြင်ရမယ့်၊ ပိုပြီးတော့တိုးတက်ကောင်းမွန်အောင်လုပ်ရမယ့်အခြေအနေတွေကအများကြီးရှိတဲ့အခါကျတော့ ဒီထဲမှာသတင်းလုပ်ငန်းလည်းပါပါတယ်။ ဆိုတော့သတင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဆိုလို့ရှိရင် ဒါလွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့အခန်းကဏ္ဍကိုပိုပြီးတော့ ပေးရမယ်၊ ပိုပြီးတော့တိုးတက်လာအောင်လုပ်ရမယ်။ ဆိုတော့ ကျွန်မထင်ပါတယ် တစ်ချိန် ကျွန်မတို့ပွင့်လင်းတဲ့ကာလတစ်ခုကိုရောက်လာပြီဆိုလို့ရှိရင်တော့ ဒါတွေကအများကြီး စွမ်းဆောင်နိုင်မှာပါ။ ကျွန်မတို့ ဟို မြန်မာနိုင်ငံမှာ တကယ့်တော်တဲ့တက်တဲ့ သတင်းပညာရှင်တွေလည်းအများကြီးရှိပါတယ်။ နောက်ပြီးတော့ ဒီတကယ်မြန်မာလူမျိုးတွေ က ညံ့တဲ့လူမျိုးတွေမဟုတ်ဘူး။ မြန်မာလူဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား၊ တိုင်းသူအားလုံးပေါ့နော်။ ကျွန်မတို့သွေးချင်းတွေအားလုံးက ညံ့တဲ့သူတွေမဟုတ်ဘူး။ ဒါ ဒီပြီးခဲ့တဲ့ပြုပြင်ပြောင်းလဲမှု ဆယ်နှစ်တာကာလကိုကြည့်လိုက်ရင်တောင် သိသာတယ်။ ဆယ်နှစ်အတွင်းမှာ တိုးတက်မှုတွေကို အများကြီးရအောင်လုပ်နိုင်ခဲ့တဲ့သူတွေဖြစ်တယ်။ လူတွေကတော်ပြီးသား၊ ကောင်းပြီးသား၊ အခွင့်အလမ်းလိုတယ်၊ အခွင့်အရေးလိုတယ်၊ နောက်တစ်ခုက စောစောကပြောသလို ဒီဖိနှိပ်မှုတွေမရှိဘဲနဲ့ တကယ့်ကို လွတ်လွတ်လပ်လပ်နဲ့ရှင်သန်ခွင့်ရမယ်ဆိုလို့ရှိရင်တော့ ကျွန်မထင်တယ် ဒီသတင်းမီဒီယာ လွတ်လပ်ခွင့်ကလည်း တစ်ချိန်ကျလို့ရှိရင်တော့ ကျွန်မတို့လိုချင်တဲ့ပုံစံအတိုင်း အားလုံးက ဝိုင်းရံပြီးတော့ ကြိုးပမ်းအားထုတ်မယ်ဆိုလို့ရှိရင်တော့ ဖြစ်လာမှာပါ။ ကျွန်မတော့အဲ့လိုပဲ ယုံကြည်ပါတယ်။

 

RAINဟုတ်ကဲ့ပါ။ နောက်ဆုံးအနေနဲ့ပေါ့နော် ဒီလိုမျိုးခက်ခဲတဲ့ကာလတွေကို ရင်ဆိုင်ဖြတ်သန်းနေကြတဲ့ မြန်မာပြည်သူလူထုတွေနဲ့အတူ အမှန်တရားဘက်မှာ ရပ်တည်နေကြတဲ့ မျိုးဆက်သစ်သတင်းသမားတွေကို ဒီ interview လေးကနေတစ်ဆင့် သတင်းစကားလေးပါးပေးပါဦးရှင်။

 

ခင်ဖြူထွေး – ကျွန်မတို့မြန်မာလူမျိုးတွေကလေ တကယ်တော့လေ အင်မတန်ကို ကြိုးစားအားထုတ်မှုလည်းရှိတယ်၊ အရည်အချင်းလည်းရှိတဲ့သူတွေပါ။ ဆိုတော့ အထူးသဖြင့် တစ်နောက်ပိုင်းလူငယ်တွေဆိုလို့ရှိရင်လည်း သိပ်တော်ကြတယ်။ ကျွန်မအသိအမှတ်ပြု တာဘာလဲဆိုလို့ရှိရင် ရတဲ့အခွင့်အရေးကိုဆုပ်ကိုင်ပြီးတော့မှ တိုးတက်အောင်လုပ်နိုင်တယ်။ မြန်မာနိုင်ငံကသွေးချင်းတွေသည် ဘယ်နေရာဘယ်ဒေသကိုပဲရောက်ရောက် ပစ်တိုင်း ထောင်လိုပဲ ထောင်နိုင်အောင်တော့နေနိုင်ကြတဲ့သူတွေပါ။ အရည်အချင်းရှိပြီးသားသူတွေပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒါ ကျွန်မတို့ဘယ်နေရာမှာကိုယ်ကိုယ်စိတ်ဝင်စားသလဲ၊ ကိုယ်ဘာဖြစ်ချင်သလဲပေါ့နော်၊ ကိုယ်ဖြစ်ချင်တဲ့အလုပ်တစ်ခု၊ မှာသတင်းသမားဆိုလည်း သတင်းသမားတစ်ယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင် သတင်းသမားတစ်ယောက် တကယ်ကို သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ကိုယ့်ကိုယ်ကိုယ်တော့ ဝမ်းစာဖြည့်ရတာတွေ တော့ရှိတာပေါ့နော်။ အဲ့ဒီအတွက် ကြိုးပမ်းအားထုတ်ရတာတွေရှိတယ်၊ လုပ်လည်းလုပ်နိုင် ကြမှာပါ။ လုပ်လည်းလုပ်နိုင်ပါတယ် ကျွန်မယုံကြည်တယ်။ အခုဆိုလို့ရှိရင် အခွင့်အလမ်းတွေ လည်းအများကြီးရှိတယ်လို့ပြောလို့ရတယ်။ အင်တာနက်တွေကောင်းလာတယ်၊ တယ်လီဖုန်း တွေရှိလာတဲ့အခါမှာ အလွယ်တကူလေ့လာလို့ရတဲ့အရာတွေလည်းရှိတယ် online ကနေပြီး တော့ လူကိုယ်တိုင်မှမဟုတ်ဘူး။ ဆိုတော့အဲ့ဒါတွေကိုလေ့လာပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ အရာကို တစ်စိုက်မတ်မတ်နဲ့ကြိုးစားမယ်၊ အချိန်ပေးမယ်၊ နောက်ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာစေတနာလေးထည့်ပြီးတော့လုပ်မယ်၊ သတင်းသမားတစ်ယောက်ဆိုလို့ ရှိရင်လည်း သတင်းသမားတစ်ယောက်ရှိသင့်ရှိထိုက်တဲ့ကျင့်ဝတ်တွေကို တစ်ခါတည်း လိုက်နာတဲ့တစ်ချိန်တည်းမှာလည်း ကိုယ်ထုတ်လွှင့်လိုက်တဲ့သတင်းတစ်ပုဒ်ကြောင့်မို့လို့ အများပြည်သူအတွက်အကျိုးဖြစ်ထွန်းမယ်ဆိုတဲ့စေတနာလေးပေါ့နော်။ အဲ့ဒါလေးကို ထည့်ပြီးတော့လည်းလုပ်နိုင်မယ်ဆိုလို့ရှိရင် လူတွေကတော့အရည်အချင်းရှိပြီးသားပဲ။ ဒါပေမဲ့ စိတ်လေးနှစ်ပြီးတော့ပေါ့နော် လုပ်ကြမယ်ဆိုလို့ရှိရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ နောက်တစ်ခုကတော့ စောစောကပြောသလို ကျွန်မတို့လူငယ်တွေကအရည်အချင်း ရှိပြီးသား ဖြစ်တယ်။ ဆိုတော့ဒီအရည်အချင်းတွေကို မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံးအကောင်အထည် ဖော်ဖို့ အတွက်ပဲ ကိုယ့်ကိုယ်ကိုယ်ပိုပြီးတော့ပေါ့နော် အားစိုက်ပြီးတော့လုပ်မယ်ဆိုလို့ ရှိရင်တော့ မြန်မာနိုင်ငံအတွက်လည်းအများကြီးအကျိုးရှိမှာပါလို့။

 

RAINဟုတ်ကဲ့ပါ။ အခုလိုမျိုး ဒီဆရာမရဲ့ VOA နဲ့ ကာလသက်တမ်းတစ်လျှောက် အမှတ်တရတွေရယ်၊ ပြီးတော့ဆရာမရဲ့သတင်းထောက်ကာလ အတွေ့အကြုံကောင်းလေး တွေကို ဒီ interview လေးမှာ အခုလိုမျိုးမျှဝေပေးတဲ့အတွက် အများကြီးကျေးဇူးတင် ပါတယ်ရှင်။

ခင်ဖြူထွေး – ဟုတ်ကဲ့ ကျွန်မလည်းကျေးဇူးတင်ပါတယ်။ အခုလိုမျိုးပြောပြရတဲ့အတွက်လေ။