ဖေဖေါ် ၁၆

The Kaladan Post

 

Ukraine တွင် စွမ်းအင်ဝန်ကြီးဟောင်းတစ်ဦးသည် နိုင်ငံပြင်ပသို့ ထွက်ခွာရန် ကြိုးပမ်းနေချိန်တွင် အဂတိတိုက်ဖျက်ရေး အရာရှိများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း တာဝန်ရှိသူများက အတည်ပြုခဲ့သည်။

ဖမ်းဆီးခံရသူမှာ ယခင် စွမ်းအင်ဝန်ကြီးဖြစ်သူ German Galushchenko ဖြစ်ကြောင်း ယူကရိန်း မီဒီယာများက ဖော်ပြထားသည်။ ၎င်းအား ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် နိုင်ငံမှ ထွက်ခွာမည့် ရထားတစ်စီးပေါ်တွင် ကြားဖြတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ သို့ရာတွင် ၎င်း၏ သွားရောက်ရန် ရည်ရွယ်ထားသည့် နိုင်ငံကိုတော့ တိတိကျကျ မသိရသေးပါ။

ဂါလူရှ်ချန်ကိုသည် ဒေါ်လာ သန်း ၁၀၀ ဝန်းကျင် အလွဲသုံးစားမှု စွပ်စွဲချက်များနှင့် ဆက်စပ်သည့် အဂတိ အရှုပ်တော်ပုံတစ်ခု ပေါ်ပေါက်လာခဲ့ပြီးနောက် ယခင်နှစ်တွင် အစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရသည်။ အဆိုပါ အရှုပ်အထွေးသည် သမ္မတ Volodymyr Zelenskyy ဦးဆောင်သည့် အစိုးရအဖွဲ့အတွင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်ပေါ်စေခဲ့သည်။

ဇီလန်စကီးသည် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိစဉ်က နိုင်ငံအတွင်းရှိ အဂတိ ပြဿနာများကို အမြစ်ဖြုတ် တိုက်ဖျက်မည်ဟု ကတိပြုထားခဲ့သူဖြစ်သည်။ ယခုအရှုပ်အထွေးနှင့် ပတ်သက်၍ သမ္မတကို တိုက်ရိုက် စွပ်စွဲထားခြင်း မရှိသော်လည်း ၎င်း၏ အနီးကပ် မဟာမိတ်တစ်ဦးဖြစ်သူ စစ်တပ်အကြီးအကဲ အန်ဒရီ ယာမက်ခ်သည် အဂတိတိုက်ဖျက်ရေး အရာရှိများ၏ စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခံရပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့သည်။

ယူကရိန်း၏ အမျိုးသား အဂတိ တိုက်ဖျက်ရေး ဗျူရို National Anti-Corruption Bureau of Ukraine (NABU) က ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကာ စုံထောက်များသည် ရထားပေါ်တွင် ယခင် စွမ်းအင်ဝန်ကြီးတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း အတည်ပြုခဲ့သည်။ NABU သည် ဖမ်းဆီးခံရသူ၏ အမည်ကို တိုက်ရိုက် မဖော်ပြခဲ့သော်လည်း ယူကရိန်း သတင်းမီဒီယာများက ဂါလူရှ်ချန်ကို ဖြစ်ကြောင်း အတည်ပြုဖော်ပြခဲ့ကြသည်။

NABU သည် “Operation Midas” ဟု အမည်ပေးထားသည့် အဂတိတိုက်ဖျက်ရေး လှုပ်ရှားမှုကို ၁၅ လကြာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ အစိုးရ အရာရှိကြီးများသည် စွမ်းအင်ကဏ္ဍနှင့် ဆက်စပ်၍ အကြီးအကျယ် ခြစားမှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားသည်။

တစ်ဖက်တွင်လည်း ၂၀၂၂ ခုနှစ်တွင် ရုရှား၏ ကျူးကျော်စစ် စတင်ပြီးနောက် ယူကရိန်း၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲများကို ဆိုင်းငံ့ထားခဲ့ရာမှ ပြန်လည်ကျင်းပရန် အမေရိကန်အစိုးရက ဖိအားပေးနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ယခုအချိန်အထိ NABU သည် ဖမ်းဆီးမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ထပ်မံ မထုတ်ပြန်သေးပါ။

 

Source: BBC

Photo: Reuters