ဒီပဲယင်းမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်ပျက်စီး

ဖေဖော် ၁၂
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ဘုတ်ထန်းကျေးရွာကို ဖေဖော်ဝါရီ ၁၁ ရက် ည ၉ နာရီ ၂၀ မိနစ်ခန့်က စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ်များ မီးလောင်ပျက်စီးပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်လေယာဉ်သည် တံတားဦးတက် ဂျက်ဖိုက်တာ ၂ စီးဖြစ်ပြီး တိုက်ပွဲမရှိဘဲ ဗုံးကျဲတိုက်ခိုက် ရာမှ ပြည်သူတွေရဲ့ အဆောက်အဦးတွေ မီးလောင်ထိခိုက် ပျက်စီးတယ် အရေအတွက်ကိုတော့ မသိရသေးကြောင်းနှင့် ပြည်သူတွေ အထိအခိုက်ရှိတယ်လို့ သိထားရပြီး ထိခိုက်ဒဏ်ရာရ အခြေအနေနဲ့ပက်သက်လို့ အတည်မပြုနိုင်သေးကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူများအနေဖြင့် လေကြောင်း အသိသတိ အမြဲရှိကြရန် နှိုးဆော်ထားသည်။ ထို့ပြင် မကွေးတိုင်း၊ စလင်းမြို့နယ် ဇီးဖြူပင်ကျေးရွာတွင်လည်း ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောကြားသည်။ အဆိုပါ ပစ်ခတ်မှုသည် စလင်းမြို့နယ်အခြေစိုက် ခမရ ၄၁၆ တပ်ရင်းမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မိုးကုတ်မြို့နယ် ချောင်းကြီးရွာဘက် တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၈၀ ဦးထက်မနည်း သေဆုံး

ဖေဖော် ၁၂
The Kaladan Post
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် ဖေဖော်ဝါရီ ၈ ရက်နေ့က ချောင်းကြီးရွာနှင့် ရှမ်းကုန်းစံရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြင်းထန်သော တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ အဆိုပါတိုက်ပွဲသည် ဖေဖော်ဝါရီ ၈ ရက်နေ့ က ဖြစ်ပွားခဲ့ပြီး ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး အထိနာသွားသည့် စစ်ကြောင်းသည် မိုးကုတ်မြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် မိုးကုတ်မြို့ပေါ်နှင့် အနီးဝန်းကျင်ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်က ဘော်ဗဒါန်းရွာဘက်သို့ ထပ်မံ စစ်ကြောင်းထိုးလာပါက တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း ခန့်မှန်းရသည်။ ထို့အပြင် မိုးကုတ်မြို့ပေါ်တွင် စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရန် ဌာနဆိုင်ရာ ရုံးများဖွင့်လှစ်ရေး ပြင်ဆင်နေကြောင်း သိရှိရသည်။ မိုးကုတ်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့က နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုး လုပ်ဆောင်နေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များက ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်နေသဖြင့် စစ်ကောင်စီက အပြီးသတ် နယ်မြေစိုးမိုးမှု မရရှိနိုင်ဘဲ အထိနာလျက်ရှိနေကြောင်း သိရသည်။

စစ်တပ် ရွေးကောက်ပွဲရလဒ်သည် စစ်အုပ်ချုပ်ရေး အထောက်အကူ ဟန်ပြသာဖြစ်ဟု CNF ပြော

ဖေဖော် ၁၂
The Kaladan Post
ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ် (၇၉) နှစ်မြောက် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ချင်းအမျိုးသားတပ်ဦး (CNF) က အာဏာသိမ်း စစ်ကောင်စီ ဦးဆောင်ကျင်းပခဲ့သော အတုအယောင် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာမည့် ပြည်ထောင်စုလွှတ်တော် (တိုင်း/ပြည်နယ်လွှတ်တော်များအပါ အဝင်) သည် စစ်တပ်အုပ်ချုပ်ရေး တည်မြဲစေရန် အထောက်အကူပေးမည့် ဟန်ပြလွှတ်တော်များသာ ဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြခဲ့သည်။ စစ်တပ်က ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပခဲ့ပြီး ရလဒ်များတွင် စစ်တပ်ကျောထောက်နောက်ခံ ပါတီက နေရာအများစု အနိုင်ရရှိခဲ့ကာ မတ်လမှ စတင်ကာ လွှတ်တော်အစည်းအဝေးများ ကျင်းပတော့မည်ဖြစ်ကြောင်း သိရ သည်။ ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော ကချင်၊ ချင်း၊ ရှမ်းနှင့် ဗမာပြည်မတို့၏ လွတ်လပ်သော ပြည်ထောင် စု တည်ဆောက်ရေး ရည်ရွယ်ချက်ကို အခြေခံ၍ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့် အဝ ပါဝင်သော ဖက်ဒရယ်စနစ်ကို တည်ဆောက်ရန် လိုအပ်ကြောင်း CNF က အလေးပေးဖော်ပြခဲ့ သည်။ သို့သော် ပင်လုံအနှစ်သာရ ပျက်ပြားခဲ့ပြီး စစ်တပ်က တစ်ပြည်ထောင်စနစ်သို့ ပြောင်းလဲကာ တိုင်းရင်းသားလူမျိုးများ၏ ဂုဏ်အင်လက္ခဏာများကို ဖျက်ဆီးခဲ့ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် စစ်တပ်လုပ်ပိုင်ခွင့်ကို ခိုင်မာစေသော ထောက်တိုင်ဖြစ်လာခဲ့ကြောင်း ဆိုသည်။ စစ်တပ် အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီနှင့် အရပ်သားအုပ်ချုပ်ရေး ပျက်စီးခဲ့ပြီး လူမှုစီးပွားကျန်းမာရေး ယိုယွင်းမှုများနှင့် နိုင်ငံရေးအကြပ်အတည်းများကို လက်နက်အင်အားဖြင့် ဖြေရှင်းနေခြင်းကြောင့် ပြည်သူများသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့်အတူ ခုခံတိုက်ပွဲဝင်နေရကြောင်း CNF က ပြောဆိုသည်။ စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု၊ ဖမ်းဆီးထောင်ချမှုများကို ဆက်လက်ပြုလုပ်နေရာ နိုင်ငံတကာကို လိမ်လည်ရန် အတုအယောင်ရွေးကောက်ပွဲ ကျင်းပခဲ့ကြောင်း၊ ထိုရလဒ်မှ ထွက်ပေါ်လာ မည့် လွှတ်တော်သည် စစ်အုပ်ချုပ်ရေးကို အထောက်အကူပြုမည့် ဟန်ပြလွှတ်တော်သာ ဖြစ်မည်ဟု CNF က ဆိုသည်။

ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရန် “တစ်ယောက်အားနဲ့ မရရင် တစ်သောင်း၊ တစ်သိန်းအားနဲ့ ယူရမယ်” ဟု ဒူဝါလရှီးလ ပြော

ဖေဖော် ၁၂
The Kaladan Post
ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော တောင်တန်းနှင့် ပြည်မတိုင်း ရင်းသားများ၏ လွတ်လပ်သော ပြည်ထောင်စု တည်ဆောက်ရေး ရည်ရွယ်ချက်ကို အခြေခံ၍ အမျိုးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့် အဝ ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မ တ ဒူဝါလရှီးလ အလေးအနက် တိုက်တွန်းထားသည်။ ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော အချိန်က တိုင်းရင်းသားများ စုစည်း၍ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်ခဲ့သော်လည်း ယနေ့အထိ ပြည်ထောင်စု အနှစ်သာရ ပြည့်ဝစွာ မရရှိခဲ့ကြောင်း ဝမ်းနည်းဖွယ် တွေ့မြင်ရကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒ၏ ဖိနှိပ်မှုအောက်တွင် တိုင်းရင်းသားများ၏ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု မျှော်လင့်ချက်များ ရိုက်ချိုးခံခဲ့ရပြီး တစ်ပြည်ထောင်စနစ်သာ ကျင့်သုံးခဲ့ကြောင်း ထောက်ပြခဲ့သည်။ အတိတ်သမိုင်းတွင် ရှေးရိုးစွဲ ပဒေသ ရာဇ်စနစ်၊ ကိုလိုနီနယ်ချဲ့စနစ်နှင့် ခေတ်သစ်စစ်အာဏာရှင်စနစ်အောက်တွင် တိုင်းရင်းသားများ နိုင်ငံရေး၊ လူမျိုးရေး၊ ယဉ်ကျေးမှုဆိုင်ရာ ဖိနှိပ်မှုများ ခံစားခဲ့ရကြောင်း ဖော်ပြရာ ယနေ့ နွေဦးတော်လှန် ရေးသည် ဒီမိုကရေစီအရေးသက်သက်မဟုတ်ဘဲ တိုင်းရင်းသားများ၏ အထွေထွေ အာဏာဖီဆန်ရေး လှုပ်ရှားမှုနှင့် ပေါင်းစပ်ထားကြောင်း ဆိုသည်။ တိုင်းရင်းသားခေါင်းဆောင်များ၏ ကြိုးပမ်းမှုများသည် အလကားမဖြစ်ခဲ့ဘဲ ယနေ့ ခုခံတိုက်ပွဲအောင်ပွဲများက သက်သေပြနေကြောင်း အလေးပေးထားသည်။ တိုင်းရင်းသားခေါင်းဆောင်များထံ အထူး မေတ္တာရပ်ခံရာ သဘောထားကြီးမှု၊ အမြော်အမြင်ကြီးမှုဖြင့် ပြည်ထောင်စုစစ်စစ် ဖော်ဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။ လူအများစုက လူနည်းစုကို ဖိနှိပ်မှုများ အဆုံးသတ်ရန်၊ ပြည်သူတစ်ရပ်လုံး၏ ဆင်းရဲဒုက္ခများကို လျစ်လျှူမရှုဘဲ အတူတကွ ချီတက်ရန် လိုအပ်ကြောင်း ဆိုသည်။“တစ်ယောက်အားနဲ့ ယူလို့ မရတဲ့ အရာတွေကို တစ်သောင်းအားနဲ့ ယူမှ ရလိမ့်မယ်၊ တစ်သောင်းအားနဲ့ မရရင် တစ်သိန်းအားနဲ့ ယူမှ ရလိမ့်မယ်” ဟု ယုံကြည်ကြောင်း ဖော်ပြရာ ယနေ့ သန်းနှင့်ချီသော ပြည်သူလူထုအင်အားဖြင့် စစ်အာဏာရှင်စနစ်ကို ချိုးဖျက်ပြီး လွတ်လပ်၊ တရားမျှတပြီး တန်းတူညီမျှသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးကို အတူ ဆက်လက်ချီတက်ကြရန် တိုက်တွန်းခဲ့သည်။ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး စစ်မှန်သော ပြည်ထောင်စုအစိုးရ၊ အမျိုးသားညီညွတ်ရေး၊ သွေးစည်းညီညွတ်ရေးကို လိုလားနေကြောင်း တွေ့ရှိရ၍ စစ်အာဏာရှင်စနစ်အမျိုးမျိုး၏ ဖိနှိပ်မှုမှ ရုန်းထွက်ကာ ပြည်ထောင်စုပေါင်းစည်းရေး အတွက် ပူးပေါင်းဆောင်ရွက်ကြရန် လေးနက်စွာ တိုက်တွန်းထားသည်။

တော်လှန်ရေးအင်အားစုများကို “အကြမ်းဖက်” ဟု စွပ်စွဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် မင်းအောင်လှိုင် ဖိတ်ခေါ်

ဖေဖော် ၁၂
The Kaladan Post
ပြည်ထောင်စုနေ့ (၇၉) နှစ်မြောက် အခမ်းအနားအတွက် အာဏာသိမ်း မင်းအောင်လှိုင်၏ ပေးပို့သော သဝဏ်လွှာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်းပရောဂကင်းရှင်းပြီး တိုင်းရင်းသားညီအစ်ကိုအချင်း ချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ ရင်ကြားစေ့ ဆွေးနွေးအဖြေရှာခြင်း ဖြင့်သာ အောင်မြင်နိုင်မည်ဟု ဆိုသည်။ သဝဏ်လွှာတွင် တိုင်းရင်းသားပြည်သူများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကြိုးပမ်းရန်နှင့် NCA ပါ ဘုံသဘောတူညီချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။ ထို့ပြင် တော်လှန် ရေးအင်အားစုများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကို “အကြမ်းဖက်” ဟု သုံးနှုန်းကာ ၎င်းတို့က ဒေသတည်ငြိမ်ရေး၊ လူမှုစီးပွားဘဝ ပျက်စီးမှုနှင့် အသက်ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနေသည် စွပ်စွဲထားသည်။ သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော နယ်မြေများတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ အရပ်သားပစ်မှတ်ထားမှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး နှစ်ဖက်တိုက်ပွဲများလည်း ပြင်းထန်စွာ ဖြစ်ပွားနေဆဲ ဖြစ်သည်။စစ်ခေါင်းဆောင်က လက်နက်စွန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ထပ်မံ ဖိတ်ခေါ်ထားသော်လည်း လက်တွေ့တွင် စစ်ရေးဖိအားများကို ဆက်လက်သုံးစွဲနေဆဲ ဖြစ်နေခြင်း ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုအလားအလာ လက်ရှိ မမြင်သာသေးကြောင်း လေ့လာသူအများစုက သုံးသပ်ကြသည်။

ဗန်းမောက်မြို့ကို စစ်တပ်နှင့် SNA ပူးပေါင်းတပ်များ ပြန်လည်ထိန်းချုပ်ပြီးနောာက် NUG တပ်များက မြို့ကိုပိတ်ဆို့ တိုက်ခိုက်နေ

ဖေဖော် ၁၂
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကသာခရိုင် ဗန်းမောက်မြို့ကို စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားတပ်မတော် (SNA) ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီက ကြေညာထားသည်။ ဗန်းမောက်မြို့ပေါ်ရှိ မြနန္နာ၊ လွှစင်ကုန်း၊ မြို့မ ရပ်ကွက်အပါအဝင် အဓိက ရပ်ကွက် ၄ ခုကို စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်များက ထိန်းချုပ်သော်လည်း မြို့ပတ်လည် နှင့် အနီးဝန်းကျင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များက ဆက်လက်ဝိုင်းရံ ပိတ်ဆို့ထားဆဲဖြစ် ကြောင်း ဗန်းမောက်မြို့နယ် ပအဖ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ စစ်တပ်ဘက်မှ လေယာဉ်နှင့် ဒရုန်းများကို အလွန်အကျွံ အသုံးပြု တိုက်ခိုက်ခဲ့ခြင်းကြောင့် NUG တပ်များက မြို့ပေါ်မှ ယာယီဆုတ်ခွာ ပေးခဲ့ရခြင်း ဖြစ်ကြောင်း အဆိုပါ ပအဖ အဖွဲ့ဝင်က ရှင်းပြခဲ့သည်။ ဗန်းမောက်မြို့ကို NUG လက်အောက်ခံ တပ်များက ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် PDF ပူးပေါင်းတပ်များက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် စက်တင်ဘာလ ၂၇ ရက်မှစတင်ကာ SNA နှင့် စစ်ကောင်စီ ပူးပေါင်းအင်အား ၅၀၀ ကျော်က မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ၆ လ နီးပါးကြာ တိုက်ပွဲများအပြီး ယခု ဖေဖော်ဝါရီ ၈ ရက်တွင် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ မြို့ပေါ်ကို စစ်ကောင်စီနှင့် SNA က ထိန်းချုပ်ထားသော်လည်း မြို့ပတ်လည်ကို NUG တပ်များက ဆက်လက်ပိတ်ဆို့ ထားနိုင်ဆဲဖြစ်ပြီး နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ကသာခရိုင်တပ်ရင်းတစ်ခုမှ တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း ဘိန်းခင်း လုံးဝ ပပျောက်ရေး KNDF စတင်လှုပ်ရှားပြီး တခင်းမကျန် ဖျက်ဆီးမည်ဟု သတိပေး

ဖေဖော် ၁၂
The Kaladan Post
ကရင်နီပြည် (ကယားပြည်နယ်) တွင် စစ်အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးဧက ဆက်လက်တိုးပွား လာမှုအပေါ် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ယခုလအတွင်း ပြင်းထန်စွာ သတိ ပေးလိုက်ကြောင်း သိရသည်။ ဘိန်းကို ပေါ်ပေါ်တင်တင် လမ်းမကြီးဘေး၊ အိမ်ဘေး၊ ရွာဘေးတွေထိ စည်းမရှိ ကမ်းမရှိ စိုက်နေကြပြီး ဒီနှစ်က နောက်ဆုံး နောက်နှစ်မှာ ထပ်စိုက်ရင် တခင်းမကျန် ချန်ထား မှာ မဟုတ်ဘူးဟု KNDF စစ်ဗျူဟာအမှတ် ၄ စစ်ဗျူဟာမှူး ကိုမိုးညိုက ပြောကြားသည်။ ဖေဖော်ဝါရီ ၉ ရက်နေ့က ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း ပြည်ထောင်စုလမ်းမကြီးဘေးတွင် စိုက်ပျိုး ထားသော တဧကနီးပါး ဘိန်းခင်းကို KNDF က ဖျက်ဆီးခဲ့ပြီး ဒီးမော့ဆိုမြို့နယ်အတွင်း ဘိန်းစိုက်ခင်း များ လုံးဝ ပပျောက်သွားသည်အထိ နှိမ်နင်းသွားမည်ဟု ဆိုသည်။ စစ်ရေး ပဋိပက္ခဒဏ်ကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရသော ဒေသခံများကြား ဘိန်းစိုက်ပျိုးမှု တိုးလာနေသော်လည်း ဘိန်းမှ ရရှိသော ငွေကြေးဖြင့် ဘဝမပြေလည်ဘဲ မူးယစ်ဆေးသုံးစွဲမှု၊ ခိုးဆိုးလုယက်မှု၊ ဓားပြမှု၊ လူသတ်မှု၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုများစသည့် ဆိုးကျိုးများ ပိုမိုတိုးပွားလာနေကြောင်း KNDF က ထောက်ပြသည်။ အထူးသဖြင့် ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို မြို့နယ်များတွင် စိုက်ပျိုးမှု တိုးချဲ့လာ နေကာ ရှမ်းပြည်နယ်တောင်ပိုင်းနယ်စပ်ဒေသများနှင့် ဆက်စပ်နေသည့် နေရာများတွင် ပိုမိုသိသာကြောင်း သိရသည်။ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားခွန်အောင်က ဘိန်းစိုက်ပျိုးမှုကို တရားဝင် ခွင့်ပြုထားခြင်း မရှိသော်လည်း ရှိရင်းစွဲ တောင်သူများအတွက် အချို့နားလည်မှု ပေးထားကြောင်း၊ သို့သော် ပေါ်ပေါ်တင်တင် စိုက်ပျိုးမှုများကို လိုအပ်သလို ထိန်းချုပ်နေရကြောင်း ရှင်းပြသည်။ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး မူဝါဒ မရှိသေးဘဲ သုံးစွဲမှုကိုသာ အဓိက ကန့်သတ်ထားကြောင်း သိရသည်။ ဒေသခံများက စစ်ရှောင်ဘဝ၊ စားဝတ်နေရေး အခက်အခဲကြောင့် ဘိန်းကို ရပ်တည်ရေး အရင်းအမြစ်အဖြစ် အားကိုးလာနေသော်လည်း ရေရှည်တွင် ဆိုးကျိုးများသာ ပိုမိုများပြားလာနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ကျောက်ဖြူတိုက်ပွဲတွင် စစ်တပ်အနိုင်ရဟု ဝါဒဖြန့် လေကြောင်းနှင့် ရေတပ်အင်အားဖြင့် ထိုးစစ်ဆင်

ဖေဖော် ၁၂
The Kaladan Post
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ စစ်တပ် ဝါဒဖြန့်စာ များနှင့် သတင်းဌာနအချို့က စစ်ကောင်စီတပ်က အနိုင်ရရှိနေပြီး ရှေ့တန်းပြန် တပ်သားများကို ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း ရေးသားဖော်ပြနေကြသည်။ စစ်ကောင်စီဘက်မှ ရေတပ်မှ တဆင့် တပ်သား အင်အား ၃၀၀ နီးပါး ပို့ဆောင်ထားပြီး အာရက္ခတပ်တော် (AA) ကို ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။ ဓညဝတီ ရေတပ်ဌာနချုပ်ပတ်ဝန်းကျင်တွင် အင်အား ၆၀ ကျော်ပါ စစ်ကြောင်းထိုးလျက် ရှိပြီး တောင်ရင်း၊ သရက်ပင်အောက်၊ တောင်မော် စသည့် ကျေးရွာများကို ဝင်ရောက် မီးရှို့နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၁၀ နာရီခန့်မှ စတင်ကာ စိုင်ခြုံဒွိန်ရွာအုပ်စုရှိ ကျေးရွာများကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက် မီးရှို့ခဲ့ပြီး နေအိမ်များစွာ မီးလောင်ပျက်စီးခဲ့ကာ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။ ဒိုးမတောင်ဖက် တွင် AA နှင့် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ အထိအခိုက် များပြားခဲ့သည့်အတွက် မကျေနပ်မှုကြောင့် အနီးဝန်းကျင်ကျေးရွာများကို မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း စစ်ရေးရင်းမြစ်များက ဆိုသည်။ဇင်ချောင်း၊ သိုင်းချောင်း၊ ဦးကင်း ကျေးရွာအနီးတွင် AA ၏ တိုက်စစ်အရှိန်မြင့်ခဲ့ရာ စစ်ကောင်စီက အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး AA က ယာယီ ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။ ထို့နောက် စစ်ကောင်စီ အထိုင်စခန်းများကို AA က ဒရုန်းဖြင့် တိုက်ခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိနေကြောင်း စစ်ရေးရင်းမြစ်များက ဆိုသည်။ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး ကိုယ်တိုင် ကျောက်ဖြူဒေသသို့ သွားရောက် အနီးကပ်ကြီးကြပ်နေရသည်မှာ စစ်ကောင်စီတပ်သားများ၏ စိတ်ဓာတ်ကျဆင်းမှု၊ လက်နက်ချရန် သို့မဟုတ် ထွက်ပြေးရန် စိုးရိမ်ရသည့် အခြေအနေ ရှိနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုသည်။


မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ

ဖေဖော် ၁၂
The Kaladan Post
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ မွန်းလွဲပိုင်းနှင့် ညပိုင်းတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျိုင်ရိုကော်ပတာ ၁ စီးနှင့် ပါရာမော်တာ ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြသည်။ အဆိုပါ တိုက်ခိုက်မှုတွင် အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၂၉ နှစ်အရွယ် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။ ထို့ပြင် နွားသေ ၃ ကောင်၊ ဝက်သေ ၃ ကောင်လည်း ပျက်စီးဆုံးရှုံးခဲ့ကာ ဗုံးသီး စုစုပေါင်း ၄ လုံး ကျဲချခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ အလားတူ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း ဇရပ်ကုန်းကျေးရွာကို တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံးသီး ၁ လုံး ကျဲချပြီး ရော့ကတ် ၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။