မြန်မာနိုင်ငံ ဘက်ပေါင်းစုံ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း ကာဒီနယ်ချားလ်စ်ဘို သတိပေး
ဖေဖော် ၁၃
The Kaladan Post
စစ်အာဏာသိမ်းပြီး ငါးနှစ်အကြာ မြန်မာနိုင်ငံတွင် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် လူမှုရေး အပါအဝင် ဘက်ပေါင်းစုံ အကျပ်အတည်းများ (Polycrisis) ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ဗာတီကန်မီဒီယာနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ပြည်တွင်းစစ်ဆက်လက်ဖြစ်ပွားနေမှုကြောင့် လူပေါင်း ၃ ဒသမ ၅ သန်းကျော် နေရပ်စွန့်ခွာနေရပြီး ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ဆုံးရှုံးမှု၊ အတင်းအကျပ် စစ်မှုထမ်းခိုင်းမှုများကြောင့် လူငယ်အများအပြား ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိုသည်။ ပညာရေးတွင် မျိုးဆက်တစ်ခုလုံး ငါးနှစ်စာ သင်ကြားချိန်ဆုံးရှုံးခဲ့ရပြီး ကျန်းမာရေးနှင့် လူမှုရေး အကျပ်အတည်းများက လူငယ်များကြားတွင် ကြောက်ရွံ့မှု၊ စိတ်ပင်ပန်းနွမ်းနယ်မှုနှင့် အနာဂတ်မရေရာမှုများကို ဖြစ်ပေါ်စေကြောင်း ရှင်းပြသည်။ ပြည်သူများက စိတ်ပျက်အားငယ်မှု၊ ဝမ်းနည်းမှုနှင့် အကူအညီမဲ့မှုတို့ကို ခံစားနေရပြီး ရွေးကောက်ပွဲများတွင်ပင် လူငယ်ပါဝင်မှု နည်းပါးခဲ့ကြောင်း မှတ်ချက်ပြုသည်။ ကမ္ဘာကြီးက မြန်မာ့အရေးကို မေ့လျော့ လျစ်လျူရှုနေကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ တိတ်ဆိတ်မှုက ပြည်သူများကို အထီးကျန်ခံစားရစေကြောင်း ဝန်ခံခဲ့သည်။ မြန်မာပြည်သူများမှာ ငြိမ်းချမ်းရေး၊ အသက်မွေးဝမ်းကြောင်းနှင့် တည်ငြိမ်မှုများ ဆုံးရှုံးခဲ့ရသော်လည်း မိသားစုများက ရှိသမျှကို မျှဝေကာ ဆုတောင်းနေဆဲ ဖြစ်ကြောင်း ချားလ်စ်ဘိုက ထည့်သွင်းပြောကြားခဲ့သည်။

စစ်ကိုင်းမြို့ပေါ်တွင် ဖမ်းဆီးခံရသော စစ်မှုထမ်းတပ်သားသစ် ၂ ဦး DSNDA ထံ အလင်းဝင်
ဖေဖော် ၁၃
The Kaladan Post
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် စစ်ကောင်စီ တပ်ဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စစ်မှုထမ်း တပ်သားသစ် ၂ ဦး ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA)က ထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့က အဆိုပါ တပ်သားသစ် ၂ ဦး (အသက် ၂၈ နှစ်ရှိ စစ်ကိုင်းမြို့ပေါ်နေသူများ) ကို လမ်းပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ဗထူး တပ်မ ၃၃ တွင် စစ်မှုထမ်း အပတ်စဉ် ၁၈ သင်တန်း တက်ရောက်ခဲ့ရကြောင်း၊ နောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်ရှိ တပ်မ ၅၅ သို့ ပို့ဆောင်တာဝန်ပေးခံရစဉ် အလင်းဝင်လာခြင်း ဖြစ်ကြောင်း DSNDA ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ပြောဆိုသည်။ လက်ရှိတွင် အဆိုပါ အလင်းဝင်လာသူ ၂ ဦးကို လုံခြုံရေးအရ အမည်နှင့် နေရပ်အသေးစိတ်မထုတ်ဖော်ဘဲ နွေးထွေးစွာ ကြိုဆိုလက်ခံထားပြီး လွတ်လပ်စွာ ထားရှိထားကာ ချုပ်နှောင်ခြင်း မရှိကြောင်း၊ ရဲဘော်များနှင့်အတူ ပေါ့ပါးစွာ ရှိနေကြောင်း သိရသည်။ လက်နက်ခဲယမ်း မပါလာခဲ့ကြောင်း ဖြည့်စွက်ပြောဆိုထားသည်။ “ကျန်တဲ့ စစ်သားတွေကိုလည်း မှားမှန်းသိသိနဲ့ ဆက်မမှားကြပါနဲ့” ဟု ကိုကျားပျံက တိုက်တွန်းခဲ့ပြီး အလင်းဝင်လာသူများကို ၎င်းတို့ ဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်ပေးမည်ဖြစ်ကာ ထပ်မံ အလင်းဝင်လာမည့်သူများကိုလည်း နွေးထွေးစွာ ကြိုဆိုထားကြောင်း၊ ပြည်သူ့ဘက်က ရပ်တည်ကြရန် DSNDA က ဆက်လက် တိုက်တွန်းထားသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်ကို FPV အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီး ခရီးစဉ်များ ဖျက်သိမ်းရ
ဖေဖော် ၁၃
The Kaladan Post
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပန်းမတီးရပ်ကွက်ရှိ မြစ်ကြီးနားလေဆိပ်ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDF) ပူးပေါင်း၍ FPV Suicide Drone များဖြင့် တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီ ဘက်က လေကြောင်းရန်ကာကွယ်ရေး စနစ်များဖြင့် ကြိုတင်ဟန့်တားနိုင်ခဲ့သဖြင့် လေယာဉ်ပြေးလမ်းနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း၊ ဒရုန်းများကို လေကြောင်းရန်ကာကွယ်ရေး စနစ်ဖြင့် ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆိုသည်။ သို့သော် လေဆိပ်အတွင်း ဒရုန်း ပျက်ကျမှုကြောင့် ယင်းနေ့ လေယာဉ်ခရီးစဉ်များ အားလုံး ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ ထို့ပြင် လေဆိပ်သွားရာလမ်းရှိ အောင်ဇေရမာန်ဘုရားကုန်း အနီး ဘိုးဘွားရိပ်သာ အပေါ်သို့လည်း ဒရုန်း တစ်စင်း ပျက်ကျခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်တွင်လည်း မြစ်ကြီးနားမြို့ နန့်ပေါင် လေတပ်ရေဒါစခန်းကို KIA က အသေခံ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ဖူးသည်။ စစ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားလေဆိပ်တွင် စစ်ရေးအခြေအနေ မြင့်တက်လာမှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းရခြင်း၊ လေဆိပ်ကို ခေတ္တပိတ်ရခြင်းများ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။

ပြည်ထောင်စုနေ့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်တွင် အရပ်သား ၇ ဦး သေဆုံး
ဖေဖော် ၁၃
The Kaladan Post
ပြည်ထောင်စုနေ့တွင် စစ်ကောင်စီ လေကြောင်းတပ်ဖွဲ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့နှင့် ကျောက်တော်မြို့ကို တစ်ပြိုင်နက် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၇ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ကျောက်တော်မြို့ ပိုက်သည်ရက်ကွက်တွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ စစ်ဘေးရှောင် အရပ်သား ၄ ဦး နေရာတွင် သေဆုံးခဲ့ပြီး ၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ မြောက်ဦးမြို့ ဝေသာလီဟိုတယ်တွင် ခြံစောင့်အလုပ်လုပ်ကိုင်နေသော စစ်တွေမြို့နယ်မှ စစ်ရှောင် မိသားစု သုံးဦး စလုံး သေဆုံးခဲ့ပြီး ထိုအထဲတွင် လသားအရွယ် ကလေးငယ်တစ်ဦး ပါဝင်ကြောင်း သိရသည်။ ပရဟိတ လုပ်ကိုင်နေသူ စာရေးဆရာ ဝေဟင်အောင်က “ပြည်ထောင်စုနေ့ကိုတောင် မရှောင်ဘဲ အကြမ်းဖက်စစ်တပ်က အရပ်သားတွေကို သတ်ဖြတ်နေတာ တကယ့်ကို ကမ်းကုန်သွားပြီ ဟု ပြောဆိုခဲ့သည်။

အခြေခံစစ်သင်တန်း အပတ်စဉ် (၆) ဆင်းပွဲ ကျင်းပ ထူးချွန်ရဲဘော်များကို ဂုဏ်ပြုချီးမြှင့်
ဖေဖော် ၁၃
The Kaladan Post
ရာမညမွန်တပ်တော် (RMA) မှ ဦးဆောင်ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အခြေခံစစ်သင်တန်း အပတ်စဉ် (၆) ဆင်းပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လွတ်မြောက်နယ်မြေ တစ်နေ ရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း RMA က အသိပေးထားသည်။ သင်တန်းကာလအတွင်း ရဲဘော်များ သည် အခက်အခဲများစွာကို ဇွဲ၊ လုံ့လနှင့် ဝီရိယဖြင့် ကျော်လွှားကာ ထူးချွန်သော စွမ်းဆောင်ရည်များ ပြသခဲ့သဖြင့် ရာမညမွန်တပ်တော် (RMA) မှ ဂုဏ်ပြုလွှာများ ချီးမြှင့် ဂုဏ်ပြုခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-(AD)/RMA) ဥက္ကဋ္ဌ နာဲဇေယျ၊ ဗိုလ်ချုပ် စလွန်းထော်၊ ဒုဗိုလ်မှူးကြီး နိုင်မာဃ နှင့် ဒုကျောင်းအုပ်ချမ်ထို တို့ တက်ရောက်ခဲ့ပြီး ရဲဘော်များအား ခွန်အားဖြည့်တင်းမည့် မိန့်ခွန်းများ ဟောပြောခဲ့ကြသည်။

ဟားခါးမြို့တွင် CDF-Hakha တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲတပ်ဖွဲ့မှ ၃ ဦး သေဆုံး
ဖေဖော် ၁၃
The Kaladan Post
ချင်းပြည်နယ် မြို့တော် ဟားခါးမြို့အတွင်း ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၇ နာရီခန့်က ဟားခါးမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF – Hakha) မှ ပစ်ခတ်တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း CDF-Hakha Support Team of North America က ထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ရဲအရာရှိအပါအဝင် ရဲတပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ CDF – Hakha ဘက်က ထုတ်ပြန်ချက်အရ ဟားခါးမြို့ရဲမင်းကြီးသည် လက်အောက်ခံရဲများကို အသုံးချ၍ တစ်နေ့ သိန်း ၃၀ ထက်မနည်း ငွေကြေးကို ပြည်သူများထံမှ မတရားလုယူစေပြီး တပ်ကုန်းရှိ ဗျူဟာမှူးထံ ကန်တော့လေ့ရှိသည့်အတွက် ဤ Operation ကို ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ ရဲမင်းကြီး၏ လူမဆန်ပြီး ကြမ်းကြုတ်သော ပြည်သူများအပေါ် ငွေညှစ်မှုများကို ရပ်တန့်ရန် လိုအပ်ခဲ့ကြောင်း ဆိုသည်။ ထို့ပြင် ဟားခါးမြို့အတွင်း ငွေကောက်ခံမှုများ ဆက်လက်ပြုလုပ်ပါက ယခုထက် ပိုမိုပြင်းထန်သော ပစ်ခတ်မှု၊ ဖောက်ခွဲမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု CDF – Hakha က အသိပေး သတိပေးထားသည်။

ပုတီးကုန်းမြို့နယ် ဘူးပြောရွာ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး
ဖေဖော် ၁၃
The Kaladan Post
ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်း ၆ နာရီခန့်က ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ ဘူးပြောရွာရှိ စစ်တပ်ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၂၁) မှ ကွပ်ကဲ၍ ပူးပေါင်းတိုက်ခိုက် ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ တိုက်ခိုက်မှုအတွင်း ဂိတ်စခန်းမှ စစ်သားများ ရွာအတွင်းသို့ ထွက်ပြေးသွားသဖြင့် လိုက်လံပစ်ခတ်ရာ အိမ်များအကြားနှင့် အိမ်သာထဲတွင် စစ်သား ၂ ဦး သေဆုံးခဲ့ပြီး ဆိုင်ကယ် ၂ စီး သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း-၁ စစ်ထောက်လှမ်းရေး တာဝန်ခံ ရဲဘော် Shadow သည်။ ဤစစ်ဆင်ရေးကို ဗျူဟာ (၂၁) တိုက်ခိုက်ရေးအဖွဲ့၊ ပြည်ခရိုင် တပ်ရင်း (၁) တပ်ရင်းရုံး တိုက်ခိုက်ရေးအဖွဲ့ တပ်ခွဲ (၁) နှင့် ပြည်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၄) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဆားလင်းကြီး ပကဖ စခန်း ဗုံးကြဲခံရပြီး တော်လှန်ရေးရဲဘော် ၁၃ ဦး ကျဆုံး ၂၀ ဦးကျော် ဒဏ်ရာရ
ဖေဖော် ၁၃
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖိုလ်ဝင်တောင်အနီး ရှိ NUG မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စခန်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် စစ်တပ်က ဂျိုင်ရိုကော်ပတာ (Gyrocopter) ၃ စီးဖြင့် ဗုံးကြဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၁၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း Monywa Revolution ပြောဆိုသည်။ တိုက်ခိုက်ခံရစဉ် စခန်းအတွင်း အစည်းအဝေး ပြုလုပ်နေချိန်ဖြစ်သဖြင့် ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရသည်။ စခန်းတွင် ဆားလင်းကြီးမြို့နယ်ပကဖ အပြင် ယင်းမာပင်ခရိုင်ပကဖ၊ စစ်ကိုင်းတိုင်းပကဖ နှင့် KIA တပ်ဖွဲ့ဝင်များ ပါ ပါဝင်နေခဲ့ပြီး စစ်တပ်၏ ယုတ်မာရက်စက်သော လေကြောင်းတိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချ ကြောင်း Monywa Revolution အဖွဲ့က ထုတ်ပြန်သည်။ အဆိုပါ စခန်းကို စစ်ကိုင်းတိုင်း ဝန်ကြီး တစ်ဦးက ပျိုးထောင်ပေးခဲ့သည့် စခန်းဖြစ်ကြောင်း ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ အလားတူ ဖေဖော်ဝါရီ ၆ ရက်က ပဲခူးတိုင်း နတ်တလင်းမြို့နယ် သူယာဝတီခရိုင် အမှတ် ၃၈၀၁ တပ်ရင်း တပ်ခွဲ ၄ ကာကင်းစခန်းကို စစ်ကောင်စီက ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အောင်လံမြို့နယ်တွင် စစ်တပ် သံပြားကာကား တိုက်ခိုက်ခံရပြီး ကပစ ၈ ဗိုလ်မှူး အပါအဝင် ၃ ဦး သေဆုံး
ဖေဖော် ၁၃
The Kaladan Post
မကွေးတိုင်း၊ အောင်လံမြို့နယ် ရွှေရတုခန်းမမှ ထွက်လာသော စစ်ကောင်စီ အင်အား ၃၀ ဝန်းကျင်ပါ သံပြားကာကား ၁ စီးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် မိုးကောင်းကျေးရွာနှင့် တောင်ဗွေကျေးရွာ အကြားတွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကပစ ၈ မှ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သား ၃ ဦး သေဆုံးခဲ့ကာ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာန၊အမှတ်(၉၀၂)တပ်ရင်းက ထုတ်ပြန်သည်။ တိုက်ခိုက်မှုအပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းမရရှိခဲ့ ကြောင်း ပြည်လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သဖြင့် ချက်ချင်းဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာ (၁၇) အမှတ်(၉၀၂) တပ်ရင်း၊ တပ်ခွဲ-၃ တောင်တွင်းကြီးတပ်ခွဲ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဤစစ်ဆင်ရေးကို နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာ (၁၇) အမှတ်(၉၀၂) တပ်ရင်း၊ အမှတ်(၈၀၄) တပ်ရင်း၊ အောင်လံ ပကဖ နှင့် သရက်ခရိုင် အမှတ်(၁) တပ်ရင်း တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီ တပ်ဖွဲ့များအပေါ် ဆက်လက်ပြင်းထန်စွာ တိုက်ခိုက်နေဆဲ ဖြစ်သည်။
